သင်ရိုးညွှန်းတမ်းရေးဆွဲတယ်ဆိုတာက ကျောင်းတွေ၊ တက္ကသိုလ်တွေနဲ့ ပညာရေးဆိုင်ရာ အဖွဲ့အစည်းတွေမှာ သင်ကြားပြသပို့ချမယ့် အကြောင်းအရာတွေကို ဖန်တီးရေးဆွဲဖို့အတွက် သတ်မှတ်ထားတဲ့ အဆင့်ဆင့်အတိုင်း ချဉ်းကပ်ရေးသားရတဲ့ နည်းလမ်း (multi-level approach) ဖြစ်ပါတယ်။ သင်ရိုးညွှန်းတမ်းရေးဆွဲ တဲ့အစီအစဉ်တွေက တစ်နေရာနဲ့တစ်နေရာ မတူညီကြပါဘူး။ သို့သော် အခြေခံကျတဲ့မူ ဘောင်ထဲမှာတော့ ခွဲခြမ်းစိတ်ဖြာပုံတွေ၊ သင်ရိုးတည်ဆောက်ပုံတွေ၊ အကောင်အထည်ဖော်ဆောင်ရွက်ပုံနဲ့ ပြန်လည်အကဲဖြတ် ကြတဲ့ပုံစံတွေ ပါဝင်မှာဖြစ်ပါတယ်။
KG+12 သင်ရိုးညွှန်းတမ်းမှာဆိုရင် သင်ရိုးညွှန်းတမ်းကို ဗဟိုအဆင့်မှာ စံသင်ယူမှုရလဒ်တွေနဲ့အတူ ရေးဆွဲကြပါတယ်။ အခြားပညာရေးဆိုင်ရာအဖွဲ့အစည်း (ဥပမာ international ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်းအချို့) တွေမှာတော့ ကျောင်းရဲ့ ချမှတ်ထားတဲ့သတ်မှတ်ချက်တွေနဲ့ ကိုက်ညီတဲ့ သင်ရိုးညွှန်းတမ်းတွေကို ကိုယ်တိုင်ရေးဆွဲကြပါတယ်။ ဆရာတွေအနေနဲ့ lesson plan၊ အသေးစိတ်သင်ယူမှုရလဒ်တွေ၊ သင်ကြားမှုဆိုင်ရာရင်းမြစ်တွေကိုတော့ ချမှတ်ထားတဲ့ပန်းတိုင်တွေနဲ့ ကျောင်းသားတွေရဲ့ လိုအပ်ချက်တွေကို ကိုက်ညီအောင် ပြန်လည်ပြုပြင်ပြီး ပြင်ဆင်ရပါတယ်။
📔 သင်ရိုးညွှန်းတမ်းဆိုတာ ဘာလဲ။
သင်ရိုးညွှန်းတမ်းဆိုတာ ကျောင်းသားတွေ သင်ရိုးထဲမှာပါတဲ့အကြောင်းအရာတွေကို ကျွမ်းကျင်တတ်မြောက်ပြီး ပြန်လည်အသုံးချသင်ယူနိုင်တဲ့စွမ်းရည်တွေရရှိဖို့အတွက် စံသတ်မှတ်ချက်တွေပေါ်မူတည်ပြီး အစီအစဉ်ကျကျ၊ အချိတ်ဆက်မိမိ ရေးဆွဲထားခြင်းတာပဲဖြစ်ပါတယ်။ သင်ရိုးညွှန်းတမ်းက သင်ကြားသင်ယူမှုလုပ်ငန်းစဉ်အတွက် အလွန်အသုံးဝင်တဲ့ အရာတစ်ခုဖြစ်ပြီး ဆရာတွေအတွက်လည်း အဓိကလမ်းညွှန်မှုပေးတဲ့ အရာတစ်ခုဖြစ်ပါတယ်။ ဒါမှသာ ကျောင်းသားတိုင်းက ပညာရပ်ဆိုင်ရာ အတွေ့အကြုံတွေကို အသေးစိတ်ရရှိနိုင်မှာဖြစ်ပါတယ်။ သင်ရိုးညွှန်းတမ်းတစ်ခုရဲ့ တည်ဆောက်ပုံ၊ အကြောင်းအရာတွေရဲ့ ဖွဲ့စည်းပုံ၊ စဉ်းစားတွေးခေါ်ထာားပုံတွေက ကျောင်းသားတွေရဲ့ သင်ယူမှု တိုးတက်ဖို့နဲ့ သင်ကြားမှုကို လမ်းညွှန်ပေးနိုင်ဖို့ ရည်ရွယ်ပြီး ဖန်တီးရေးဆွဲထားတာဖြစ်ပါတယ်၊ သင်ရိုးညွှန်းတမ်းမှာ သင်ကြားသင်ယူမှုကို ထိရောက်စွာ ပံ့ပိုးပေးနိုင်ဖို့ လိုအပ်တဲ့ သင်ယူမှုပန်းတိုင်၊ သင်ကြားမှုနည်းလမ်း၊ သင်ကြားသင်ယူမှုရင်းမြစ်၊ စစ်ဆေးအကဲဖြတ်မှုတွေ ပါဝင်ရပါမယ်။
သင်ရိုးညွှန်းတမ်းတစ်ခုမှာ ချမှတ်ထားတဲ့သင်ယူမှုရည်ရွယ်ချက်အသေးစိတ်ကို ရရှိဖို့ရည်ရွယ်ပြီး သင်ကြားသင်ယူမှု အစီအစဉ်တွေကို ပြင်ဆင်ဖွဲ့စည်းထားပါတဘ်။ ချမှတ်ထာတဲ့သင်ယူမှုရည်ရွယ်ချက်တွေ ပေါက်မြောက်မှု ရှိ၊ မရှိကိုလည်း အမြဲအကဲဖြတ်နေရပါမယ်။ သင်ရိုးညွှန်းတမ်းရေးဆွဲရခြင်းရဲ့ အဓိကရည်ရွယ်ချက်ကတော့ သင်ကြားသင်ယူမှုဖြစ်စဉ်တစ်ခုလုံးရဲ့ အရေးပါမှုနဲ့ အဆင့်အတန်းကို မြှင့်တင်ပေးနိုင်ဖို့ပဲဖြစ်တယ်။ အခြားထည့်သွင်းစဉ်းစားရမယ့်အကြောင်းအရာတွေကို သင်တန်းတစ်ခု သို့မဟုတ် ပရိုဂရမ်တစ်ခုရေးဆွဲတဲ့အခါ သင်ယူမှုအတွေ့အကြုံတွေပေးနိုင်ဖို့အတွက် ထည့်စဉ်းစားရပါမယ်။
📝 သင်ရိုးညွှန်းတမ်းတစ်ခု ရေးဆွဲတဲ့အခါ ထည့်သွင်းစဉ်းစားသင့်တဲ့ အချက်များ
သင်ရိုးညွှန်းတမ်းတစ်ခုရေးဆွဲတော့မယ်ဆိုရင် အကြောင်းအရာကိုဗဟိုထားပြီးရေးဆွဲတဲ့ ချဉ်းကပ်မှုနဲ့ပဲ ရေးဆွဲလို့မရပါဘူး။ ရေးဆွဲမယ့် ပရိုဂရမ်တစ်ခုရဲ့ သင်ယူမှုရလဒ်တွေ၊ ဒီရလဒ်တွေကို ဘယ်လို စစ်ဆေး အကဲဖြတ်မလဲဆိုတဲ့အကြောင်းအရာတွေ၊ ထည့်သွင်းမယ့် အစီအစဉ်တွေ၊ ရရှိလာမဲ့အခွင့်အလမ်းတွေက ကျောင်းသားတွေရဲ့ လေ့လာမှုကို အထောက်အပံ့ပေးနိုင်လား စတဲ့အရာတွေကိုပါ ထည့်သွင်းစဉ်းစား တဲ့ပုံစံနဲ့ ရေးဆွဲရပါမယ်။ အကြောင်းအရာတစ်ခု သို့မဟုတ် ပရိုဂရမ်တစ်ခုကို ရေးဆွဲတဲ့အခါ သင်ရိုးညွှန်းတမ်းရေးဆွဲမယ့် သူတွေက ခုဖော်ပြမယ့်အချက်တွေကို ထည့်သွင်းစဉ်းစားရပါမယ်။
- Performance – သင်တန်းတစ်ခု သို့မဟုတ် ပရိုဂရမ်တစ်ခုရဲ့အဆုံးမှာ ကျောင်းသားတွေ ဘာတွေသိသွားသင့်လဲ။ ဘာတွေလုပ်သွားနိုင်မလဲ။
- Assessment – ချမှတ်ထားတဲ့ သင်ယူမှုရလဒ်တွေကို ကျောင်းသားတွေရရှိသွားဖို့ ဆရာနဲ့ ကျောင်းသားတွေ ဘယ်လိုစစ်ဆေးအကဲဖြတ်ကြမလဲ။
- Activities – သင်ယူမှုရည်ရွယ်ချက်တွေ ပေါက်မြောက်ဖို့ဆိုရင် ဘာတွေလုပ်ဆောင်ရမလဲ။
သင်ရိုးညွှန်းတမ်းရေးဆွဲတဲ့ဖြစ်စဉ်တစ်ခုလုံးကို ခြုံငုံကြည့်ပြီး ဆရာနဲ့ကျောင်းသားတွေက သင်ရိုးညွှန်းတမ်း ကို လမ်းညွှန်ချက်တစ်ခုအနေနဲ့အသုံးပြုပြီး သင်ကြားသင်ယူမှုဖြစ်စဉ်တစ်ခုလုံးအတွက် ဘာတွေက အရေး ကြီးတယ်ဆိုတာကို ထုတ်နုတ်စဉ်းစားဖို့ လိုအပ်ပါတယ်။
ဆက်လက်ပြီးတော့ သင်ရိုးညွှန်းတမ်းရေးဆွဲတဲ့ဖြစ်စဉ်မှာပါဝင်တဲ့ အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုချင်းစီ အကြောင်းကို အသေးစိတ် ပြောပြသွားမှာဖြစ်ပါတယ်။
📌 သင်ယူမှုရည်ရွယ်ချက်များ (Objectives)
သင်ရိုးတစ်ခုမှာ သင်ကြားသင်ယူမှုမျှော်မှန်းချက်တွေက ရေးဆွဲလိုက်တဲ့ သင်ရိုးတွေရဲ့ စံသတ်မှတ်ချက် တွေအပေါ်မှာ မူတည်နေပါတယ်။ ချမှတ်ထားတဲ့ သင်ယူမှုရည်ရွယ်ချက်တစ်ခု ပေါက်မြောက်ဖို့အတွက် ကျောင်းသားတွေက လိုအပ်တဲ့ အရည်အချင်းတွေနဲ့ ဗဟုသုတတွေကို သင်ယူနေရပါတယ်။ ဆရာတွေကလည်း ချမှတ်ထားတဲ့ ရည်ရွယ်ချက်တွေ ပေါက်မြောက်အောင်မြင်အောင် လုံလောက်တဲ့ ဗဟုသုတတွေ အကြောင်းအရာတွေကို သင်ကြားပေးရမှာဖြစ်ပါတယ်။
📃သင်ကြားနည်းဗျူဟာများ (Strategies)
သင်ကြားနည်းဗျူဟာတွေက ကျောင်းစာသင်ခန်းအပြင်ရော အတွင်းမှာပါ ဆရာတွေလုပ်ဆောင်သင့်တဲ့ အလေ့အကျင့်နဲ့ သင်ကြားမှုအစီအစဉ်တွေပဲဖြစ်ပါတယ်။ သင်ကြားနည်းဗျူဟာတွေကို ရွေးချယ်အသုံးချဖို့ ဆုံးဖြတ်ခြင်းက ကျောင်းသားတွေရဲ့ သင်ယူမှုကို ကူညီထောက်ပံ့ပေးတဲ့နေရာမှာ အထောက် အကူဖြစ်ပါတယ်။ ဒါ့ပြင် ကျောင်းသားတွေက ရှိနေပြီးသား ဗဟုသုတတွေ၊ အရည်အချင်းတွေကို နားလည်ပြီး ပိုမိုတိုးတက်ကောင်းမွန်အောင်လည်း လုပ်ပေးနိုင်ပါတယ်။ ချဉ်းကပ်ပုံတွေကတော့ ကျောင်းသားတစ်ဦးတစ်ယောက်ချင်းစီရဲ့ လိုအပ်ချက်၊ စိတ်ဝင်စားမှု၊ သင်ယူမှုလုပ်ငန်းတွေလုပ်ဖို့ လိုအပ်ချက်နဲ့ သင်ယူမှုဝန်းကျင်တို့ အပေါ် မူတည်ပါတယ်။ နည်းဗျူဟာတွေက သင်ယူမှုရည်ရွယ်ချက်တွေကို ကျောင်းသားတွေ ဘယ်လောက်ပေါက်မြောက်လဲ၊ ဘယ်လောက် တိုးတက်မှုရှိလဲအပေါ်မှာ အကဲဖြတ်ပြီး ပြောင်းလဲသွားနိုင်ပါတယ်။
📖 သင်ကြားမယ့်အကြောင်းအရာများ
သင်ကြားရမယ့်အကြောင်းအရာတွေကတော့ သင်ရိုးညွှန်းတမ်းကချမှတ်ထားတဲ့ ရည်မှန်းချက်တွေကို ရရှိနိုင်ဖို့နဲ့ ကျောင်းသားတွေရဲ့ သင်ယူတိုးတက်မှုတို့ကို မြှင့်တင်ပေးနိုင်ဖို့ ရွေးချယ်ထားတဲ့ အရာတွေပဲ ဖြစ်ပါတယ်။ ဒီအကြောင်းအရာတွေက ကျောင်းသားတွေရဲ့ သင်ယူမှုကို ကူညီပေးနိုင်ဖို့ ရည်ရွယ်ချက်ရှိရှိရွေးချယ်သတ်မှတ်ထားတာဖြစ်ပါတယ်။ အကြောင်းအရာတွေရွေးချယ်တဲ့အခါ နိုင်ငံတကာရှုထောင့်များ၊ ကျောင်းသားတွေရဲ့ စိတ်ဝင်စားမှု၊ ယဉ်ကျေးမှုမတူညီမှုနဲ့ မတူညီတဲ့ သင်ယူမှုပုံစံ တွေအပေါ် မူတည်ပြီး ရွေးချယ်သင့်ပါတယ်။
✒️ စစ်ဆေးအကဲဖြတ်ခြင်း
သင်ရိုးတစ်ခုမှာ စစ်ဆေးအကဲဖြတ်ခြင်းက ကျောင်းသားတွေရဲ့ သင်ယူမှုနဲ့ပတ်သက်ပြီး အချက်အလက်တွေကို အချိန်နဲ့တပြေးညီ ရယူစုဆောင်းတဲ့ အခန်းကဏ္ဍတစ်ခုပဲဖြစ်ပါတယ်။ ဒီအပိုင်းမှာဆိုရင် ကျောင်းသားတွေ ဘာတွေနားလည်သိရှိသွားသလဲ၊ ဗဟုသုတတွေ၊ ကျွမ်းကျင်မှုတွေကိုရော ဘယ်လိုအသုံးချ ဆောင်ရွက်နိုင်သွားသလဲဆိုတာကို ဖော်ပြနိုင်မယ့် နည်းလမ်းအမျိုးမျိုးပါဝင်မှာဖြစ်ပါတယ်။ ရရှိလာတဲ့အချက်အလက်တွေပေါ်မူတည်ပြီး သင်ကြားမှုနည်းဗျူဟာများ၊ သင်ကြားရေးရင်းမြစ်များနဲ့ ပညာရပ်ပိုင်းဆိုင်ရာထောက်ပံ့မှုများ၊ ဆုံးဖြတ်မှုများကို ပြုလုပ်ကြရမှာဖြစ်ပါတယ်။ ထိုကဲ့သို့ဆောင်ရွက်ခြင်းက ကျောင်းသားတွေရဲ့ တက်လမ်းနဲ့ အနာဂတ်လမ်းညွှန်ချက်များပေးနိုင်ဖို့အတွက် အထောက်အကူဖြစ်ပါတယ်။
📶 သင်ရိုးညွှန်းတမ်းရေးဆွဲခြင်းအဆင့်များ
သင်ရိုးညွှန်းတမ်းရေးဆွဲခြင်းက အများအားဖြင့် သင်ကြားမှုဆိုင်ရာ ဒီဇိုင်းတွေ၊ ဗျူဟာတွေ နဲ့ဆင်တူတဲ့ ဘောင်တစ်ခုဖြစ်ပါတယ်။ လုပ်ငန်းစဉ်တစ်ခုချင်းစီကို ဆက်လက်ဖော်ပြပေးသွားပါမယ်။
🔎 ခွဲခြမ်းစိတ်ဖြာခြင်း (Analysis) – ခွဲခြမ်းစိတ်ဖြာခြင်းကို ကောင်းမွန်တိကျပြည့်စုံတဲ့ ရလဒ်တွေရဖို့အတွက် တစ်သတ်မတ်တည်းဆောင်ရွက်ရတာဖြစ်ပါတယ်။ (ဥပမာ – ကျောင်းသားတွေရဲ့ အသက်၊ အတန်း၊ အဆင့်နဲ့ ကိုက်ညီတဲ့အကြောင်းအရာများကို ခွဲခြမ်းစိတ်ဖြာခြင်း)
✉️ ဒီဇိုင်းရေးဆွဲခြင်း – ခွဲခြမ်းစိတ်ဖြာခြင်းကနေ ရလာတဲ့ ရလဒ်တွေကို ပြန်လည်ပြင်ဆင်နိုင်ဖို့ ဒီဇိုင်းရေးဆွဲခြင်းအစီအစဉ်ကိုလည်း ဂရုတစိုက် ဆောင်ရွက်သင့်ပါတယ်။ (ဥပမာ – သင်ရိုးထဲက အကြောင်းအရာတွေကို ကျောင်းသားတွေဆောင်ရွက်ရမယ့် လုပ်ငန်းတွေအနေနဲ့စီစဉ်မလား၊ ဆရာကပဲသင်ကြားတဲ့ပုံစံနဲ့စီစဉ်မလား)
💡 ရွေးချယ်ခြင်း – ဒီဇိုင်းရေးဆွဲပြီးတဲ့အခါ ဒီဇိုင်းထဲမှာထည့်မယ့် အစိတ်အပိုင်းတွေကို သေချာရွေးချယ်ခြင်းက အသုံးပြုသူတွေကို အဆင်ပြေချောမွေ့စေတဲ့ရလဒ်ရစေမှာဖြစ်ပါတယ်။ (ဥပမာ – လွယ်ကူရှင်းလင်း တိကျတဲ့ လမ်းညွှန်ချက်များ၊ အသုံးပြုထားတဲ့ icon များ၏ ရှင်းလင်းချက်များ)
📈 အကောင်အထည်ဖော်ခြင်း – ဒီဇိုင်းနဲ့ ပါဝင်မယ့်အစိတ်အပိုင်းတွေကို ရွေးချယ်ပြီးပြီဆိုရင် နောက်ထပ်တစ်ဆင့်အနေနဲ့ ကျောင်းသားတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်နိုင်ဖို့ အားလုံးပေါင်းစဉ်းလွှမ်းခြုံတဲ့ အဆင့်ဖြစ်တဲ့ အကောင်အထည်ဖော်ခြင်းအဆင့်ကို ဆောင်ရွက်ရမှာဖြစ်ပါတယ်။
⚙️ ပြန်လည်သုံးသပ်ခြင်း – သင်ယူသူတွေအတွက်ချမှတ်ထားတဲ့ ပန်းတိုင်ကို ထိရောက် ပေါက်မြောက် နိုင်တဲ့ဒီဇိုင်းတစ်ခုဖြစ် မဖြစ်ကို ပညာရှင်တွေနဲ့ နောက်ဆုံးအနေနဲ့ ပြန်လည်သုံးသပ်မွမ်းမံရပါမယ်။ (ဥပမာ – အသက် အဆင့်ထက် ကျော်လွန်နေတဲ့ အကြောင်းအရာတွေကို ပြန်လည် ညှိပေးခြင်း)
ရွေးချယ်လိုက်တဲ့ မူဘောင်တစ်ခုပိုမိုကောင်းမွန်တဲ့ ရလဒ်တွေထွက်ဖို့ဆိုရင် အဆင့်တွေ တစ်ခုပြီး တစ်ခုချိတ်ဆက်ပြီး စက်ဝိုင်းကဲ့သို့ ဖြစ်နေရပါမယ်။ အစီအစဉ်တစ်ခုလုံးကို လည်းပြန်လည်သုံးသပ်ဖို့လိုအပ်သလို အဆင့်တစ်ခုချင်းစီကိုလည်း ပြန်လည် သုံးသပ်ဖို့လိုအပ်ပါတယ်။
Reference: A Comprehensive Guide to Curriculum Development Process (acadecraft.com)
ဒါဆို သင်ခန်းစာကို video နဲ့ လေ့လာကြရအောင်