သင်ရိုးညွှန်းတမ်းအမျိုးအစားများ

သင်ရိုးညွှန်းတမ်းပြင်ဆင်ခြင်းက ကျောင်းသားတွေအတွက် အကောင်းဆုံး ဖွံ့ဖြိုးတိုးတက်စေဖို့နဲ့ သင်ယူမှုရလဒ်တွေပေါက်မြောက်နိုင်ဖို့ နည်းစနစ်ကျကျနဲ့ ဖွဲ့စည်းတည်ဆောက်ဖို့အတွက် အလေးထားပါတယ်။ ဆရာတွေက သင်ရိုးညွှန်းတမ်းပေါ်မူတည်ပြီး နေ့စဉ်သင်ခန်းစာအစီအစဉ်တွေ (lesson plans)၊ ကျောင်းသားတွေအတွက် လုပ်ငန်း (assignment)၊ သင့်တော်မျှတတဲ့ သင်ခန်းစာပမာဏ၊ သင်ကြားမယ့်အတန်း သို့မဟုတ် သင်တန်းတစ်ခုလုံးစာကို ပြင်ဆင်ရပါတယ်။ 

ဥပမာ – ဆရာက သင်ရိုးထဲကအကြောင်းအရာတစ်ခုကို သင်ခန်းစာအခွဲတွေအနေနဲ့ ခွဲလိုက်ပြီး ကျောင်းသားတွေ ဆောင်ရွက်ရမယ့် လုပ်ငန်းတွေကို သင်ခန်းစာခွဲတစ်ခုချင်းစီမှာ ရေးဆွဲနိုင်ပါတယ်။ ထို့နောက် လုပ်ငန်း တစ်ခုချင်းစီနောက်မှာ ပြန်လည်သုံးသပ်ခြင်း  (feedback) အခန်းကဏ္ဍကိုလည်း ထည့်သွင်းပြီး နောက်ထပ် သင်ခန်းစာခွဲတွေမှာလည်း ထပ်ထည့်လို့ရပါတယ်။ ဆရာတွေက အမျိုးမျိုးသော သင်ကြားမှုနည်းလမ်းများ ဥပမာ – lecture, လေ့ကျင့်တဲ့အပိုင်းများ၊ တစ်ဦးချင်းစီကို ညွှန်ကြားပြီး ဆောင်ရွက်ရတဲ့ လုပ်ငန်းများ၊ အုပ်စု လိုက်လုပ်ငန်းများ၊ နောက်ထပ်လေ့လာခဲ့ရ မယ့်အကြောင်းအရာများ စတဲ့ နည်းလမ်းတွေကို အသုံးပြု နိုင်ပါတယ်။ ဒါ့ပြင် ဆရာတွေက အချိန်စီမံခန့်ခွဲခြင်း၊ ပြဿနာ ဖြေရှင်းခြင်းစတဲ့ ကျောင်းသားတွေ လေ့လာသင်ယူတဲ့ နေရာမှာ လိုအပ်တဲ့   နည်းလမ်းတွေကို ရရှိသွားဖို့လည်း လမ်းညွှန်ပြသပေးပြီး အကူအညီ ပေးနိုင်ပါတယ်။ 

🧭 သင်ရိုးညွှန်းတမ်းဒီဇိုင်း 

သင်ရိုးညွှန်းတမ်းဒီဇိုင်းတစ်ခုဆိုတာ သင်ရိုးကိုအသုံးပြုမယ့် အဖွဲ့အစည်းကလိုအပ်တဲ့ အကြောင်းအရာတွေနဲ့ စာသင်ခန်းအတွင်း အကောင်အထည်ဖော်ဆောင်ရွက်စရာတွေပဲဖြစ်ပါတယ်။ သင်ရိုးညွှန်းတမ်းရေးဆွဲ တဲ့သူတွေအနေနဲ့ သင်ရိုးတစ်ခုဆွဲတဲ့အခါ ဆက်လက်ဖော်ပြမယ့်အချက်တွေကို ထည့်သွင်းစဉ်းစား သွားပေးရပါမယ်။ 

  • သင်ယူမှုပန်းတိုင်များ
  • သင်ကြားမည့်နည်းလမ်းများ
  • အချိန်
  • သင်ခန်းစာအကြောင်းအရာများ
  • စစ်ဆေးအကဲဖြတ်မှုများ (စစ်ဆေးအကဲဖြတ်မှုမှာ ၂ မျိုးရှိနိုင်ပါတယ်။ စာသင်ခန်းတွင်း စစ်ဆေးတဲ့ low stake assessment လည်းဖြစ်နိုင်သလို ပြည်နယ်အဆင့်၊ တိုင်းအဆင့်၊ ကျောင်းပေါင်းစုံအဆင့် စတဲ့ high stake assessment လည်းဖြစ်နိုင်ပါတယ်)

📝 သင်ရိုးရေးဆွဲခြင်းပုံစံ ၃ မျိုး 

သင်ရိုးရေးဆွဲခြင်းပုံစံ ၃ မျိုးကတော့ ကျောင်းသားဗဟိုပြုသင်ရိုးပုံစံ၊ ပြဿနာဖြေရှင်းမှုပုံစံဗဟိုပြုသင်ရိုးပုံစံနဲ့ ဘာသာရပ်ဗဟိုပြုသင်ရိုးပုံစံတို့ပဲဖြစ်ပါတယ်။ တစ်ခုချင်းစီရဲ့အကြောင်းတွေကိုတော့ ဆက်လက်ဖော်ပြ သွားပါမယ်။ 

👦 ကျောင်းသားဗဟိုပြုသင်ရိုးပုံစံ

ကျောင်းသားဗဟိုပြုသင်ရိုးပုံစံက သင်ယူသူတိုင်းရဲ့ မတူညီမှုနဲ့ မတူညီတဲ့ စရိုက်လက္ခဏာတွေပေါ် အလေးပေးတဲ့ သင်ရိုးပုံစံဖြစ်ပါတယ်။ ဆရာများက ကျောင်းသားတွေ ကိုယ်တိုင် ပရောဂျက်တွေ၊ သင်ခန်းစာနဲ့ပတ်သက်တဲ့လုပ်ငန်းတွေ လုပ်ဖို့ သင်ယူမှုအခွင့်အရေးတွေကို ထောက်ပံ့ပေးနေရပါမယ်။ ဆရာတွေက ကျောင်းသားတွေ အမှီအခိုအကင်းကင်းနဲ့ လွတ်လပ်စွာသင်ယူနိုင်ဖို့ အခွင့်အလမ်းတွေ ဖန်တီး ပေးရပါမယ်။ ဆိုလိုချင်တာကတော့ ကျောင်းသားတွေက အတန်းထဲမှာ ပိုမိုတက်ကြွပြီး ဆရာရဲ့ လမ်းညွှန်မှုအောက်မှာ လုပ်ငန်းတွေကို တာဝန်ယူဆောင်ရွက်တတ်တဲ့အလေ့ကျင့်တွေကို ပြုစုပျိုးထောင် ဖို့အတွက်ပဲဖြစ်ပါတယ်။ ကျောင်းသားဗဟိုပြုသင်ရိုးပုံစံဥပမာအချို့ကတော့ experiential learning, inquiry-based learing, experiemental design နဲ့ အတန်းတွင်း ကစားရင်းသင်ယူခြင်း (play – games) တို့ပဲဖြစ်ပါတယ်။

ကျောင်းသားဗဟိုပြုသင်ရိုးပုံစံရဲ့ ထင်ရှားတဲ့လက္ခဏာလေးခုရှိပါတယ်။ 

🔗 တည်ဆောက်ခြင်း – ကျောင်းသားတွေက သူတို့ရဲ့ ရှိပြီးသားအတွေ့အကြုံတွေနဲ့ အရင်က သင်ယူခဲ့တဲ့အရာတွေကို နောက်ထပ် သင်ယူမယ့်အကြောင်းအရာတွေနဲ့ ချိတ်ဆက်လေ့လာနိုင်ရမယ်။

🖇️ ပူးပေါင်းဆောင်ရွက်ခြင်း – ကျောင်းသားတွေက အတန်းဖော်တွေနဲ့ အုပ်စုလိုက်လုပ်ငန်းတွေ၊ ပူးပေါင်းဆောင်ရွက်ရတဲ့လုပ်ငန်းတွေကို ဆောင်ရွက်နိုင်ဖို့ အခွင့်အလမ်းတွေနဲ့ သက်တောင့်သက်သာဖြစ်စေမယ့် သင်ယူမှုဝန်းကျင်တစ်ခု တည်ဆောက်ပေးရပါမယ်။ အုပ်စုလိုက်လုပ်ငန်းတွေ၊ အုပ်စုလိုက်ဆွေးနွေးမှုတွေ စတဲ့ လုပ်ငန်းတွေကို ပေးခြင်းအားဖြင့် ကျောင်းသားတစ်ဦးတစ်ယောက်ချင်းစီရဲ့ အရည်အသွေးတွေကို တိုးတက်စေနိုင်ပြီး အခြားသူတွေရဲ့ အမြင်တွေကိုလည်း သိရှိခွင့်ရမှာဖြစ်ပါတယ်။

📚 အကြောင်းအရာ – စာသင်ခန်းတွင်းသင်ကြားမယ့် အကြောင်းအရာတွေ၊ ဆောင်ရွက်ရမယ့်လုပ်ငန်းတွေက တကယ့်ပြင်ပလက်တွေ့ဘဝနဲ့ချိတ်ဆက်အသုံးချနိုင်ရပါမယ်။ ဒါမှသာ ကျောင်းသားတွေသင်ယူမှုက လက်တွေ့နဲ့ကွာဟမနေဘဲ သင်ယူမှုနဲ့ လက်တွေ့ဘဝချိတ်ဆက်နေမှာဖြစ်ပါတယ်။

🗣️ ပြောဆိုဆက်သွယ်ခြင်း – ကျောင်းသားတွေရဲ့ ပြောဆိုဆက်သွယ်တဲ့ ကျွမ်းကျင်မှုတိုးတက်စေဖို့ ပြုစုပျိုး‌ထောင်ပေးဖို့လိုအပ်ပါတယ်။ ဒါမှသာ ဆရာတွေက အတန်းတွင်း အမျိုးမျိုးသော လုပ်ငန်းတွေဆောင်ရွက်တဲ့အခါ ဒီကျွမ်းကျင်မှုကို အသုံးချနိုင်မှာဖြစ်ပါတယ်။ 

📋 ပြဿနာဖြေရှင်းမှုဗဟိုပြုသင်ရိုးပုံစံ

ပြဿနာဖြေရှင်းမှုဗဟိုပြုသင်ရိုးပုံစံက ကျောင်းသားတွေ ဖြေရှင်းရမယ့်အကြောင်းအရာတွေနဲ့ အဲ့ဒီအကြောင်းအရာတွေအတွက် အဖြေတွေရှာဖွေနိုင်ဖို့ လမ်းညွှန်ထားတဲ့ ပုံစံဖြစ်ပါတယ်။ ဒီသင်ရိုးပုံစံက လက်တွေ့ဘဝနဲ့ဆက်စပ်နေတဲ့ ပြဿနာတွေကို အလေးပေးထားတဲ့အတွက် ကျောင်းသားတွေက စစ်မှန်တဲ့သင်ယူမှုတွေကို ရရှိမှာဖြစ်ပါတယ်။ ဒီသင်ရိုးပုံစံက ကျောင်းသားတွေနဲ့ ကိုက်ညီမှုရှိနိုင်ပြီး စာသင်ခန်းတွင်း တီထွင်ဖန်တီးမှုနဲ့ အုပ်စုလိုက်လုပ်ငန်းတွေကို ပိုမိုအားကောင်းစေပါတယ်။ ဒီသင်ရိုးရဲ့အားနည်းချက်ကတော့ ကျောင်းသားတွေရဲ့ လိုအပ်ချက်တွေကို အမြဲထည့်သွင်းမစဉ်းစား ထားတဲ့အချက်ပဲဖြစ်ပါတယ်။

📓 ဘာသာရပ်အခြေပြုသင်ရိုးပုံစံ

ဘာသာရပ်အခြေပြုသင်ရိုးပုံစံမှာ သက်ဆိုင်ရာဘာသာရပ်တွေ ဥပမာ စာပေ၊ သင်္ချာ၊ ဓာတုဗေဒ စတဲ့ ဘာသာရပ်တွေနဲ့ ဖွဲ့စည်းထားပါတယ်။ ဒီသင်ရိုးပုံစံက ကျောင်းသားထက် ဘာသာရပ်ကို ပိုမိုခြုံကြည့်တဲ့ပုံစံကို ဦးစားပေးထားပါတယ်။ ဒီသင်ရိုးပုံစံက KG + 12 ပညာရေးကို ဦးစားပေးတဲ့ သင်ရိုးတွေမှာ စံထားတဲ့ပုံစံတစ်ခုအဖြစ်တွေ့ရပါတယ်။ သင်ရိုးရေးဆွဲသူတွေက ကျောင်းသားတွေကို သင်ပေးရမယ့် ဘာသာရပ်တွေနဲ့ ဘာသာရပ်ထဲပါဝင်မယ့် အကြောင်းအရာတွေကို ရေးသားရမှာ ဖြစ်ပါတယ်။ တက္ကသိုလ်တွေ၊ ကောလိပ်တွေမှာတော့ သင်ကြားမယ့်ဘာသာရပ်တွေကို ပါမောက္ခနဲ့ ဆရာတွေကဆုံးဖြတ်ပြီး ရေးသားကြပါတယ်။ ဘာသာရပ်အခြေပြုသင်ရိုးပုံစံမှာ ကျောင်းသားတစ်ဦးတစ်ယောက်ချင်းစီရဲ့ သင်ယူမှုပုံစံတွေကို ထည့်သွင်းဖို့ အားနည်းတာကို တွေ့ရပါတယ်။ ဒီသင်ရိုးပုံစံက ကျောင်းသားတွေရဲ့ ပါဝင်မှုနဲ့ စိတ်ဝင်စားမှုကို ရနိုင်ဖို့အားနည်းသလို ဘာသာရပ်အကုန်လုံးကို မလိုက်နိုင်တဲ့ကျောင်းသားတွေအတွက်တော့  အားနည်းစေနိုင်ပါတယ်။ 

ဒါကြောင့် သင်ရိုးရေးဆွဲသူနဲ့ ဆရာတွေက သင်ရိုးတစ်ခုကို ရေးဆွဲတော့မယ်ဆိုရင် အပေါ်မှာဖော်ပြခဲ့တဲ့ သင်ရိုးပုံစံ ၃ ခုလုံးကို ထည့်သွင်းစဉ်းစားပြီး  ကျောင်းသား‌တွေအတွက် သင့်တော်မယ့် သင်ရိုးတစ်ခုကို ပေါင်းစပ်ရေးသားဖို့လိုအပ်ပါလိမ့်မယ်။

Leave a Comment

Your email address will not be published. Required fields are marked *