Collaborative Approach

Collaborative Approach

💠Jigsaw ဆိုတာ ဘာလဲ။

Jigsaw ဆိုတာ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ သင်ယူရတဲ့ နည်းဗျူဟာတစ်ခု ဖြစ်ပြီး ကျောင်းသားတစ်ဦးချင်းစီတိုင်းအတွက် သင်ယူမှုအကြောင်းအရာတွေကို အုပ်စုဖွဲ့ပြီး အထူးပြု သင်ယူရတဲ့ သင်ကြားနည်းတစ်ခု ဖြစ်ပါတယ်။ 

📌ဥပမာ – တိရစ္ဆာန်အကြောင်းလေ့လာတဲ့အခါ အခန်းတွင်းအုပ်စု နှစ်ဖွဲ့ ဖွဲ့ပြီး အုပ်စုတစ်ခုက မိုးသစ်တောတိရစ္ဆာန်တွေရဲ့ အကြောင်းအရာကို လေ့လာသလို၊ ကျန်အုပ်စုတစ်ခုကတော့ သစ်တောတိရစ္ဆာန်တွေအကြောင်းကို အဖွဲ့ခွဲလေ့လာရတာ ဖြစ်ပါတယ်။ တူညီတဲ့ သင်ခန်းစာတစ်ခုကို အခြေခံပြီး ကျောင်းသားအုပ်စု တစ်စုနဲ့တစ်စုက သက်ဆိုင်ရာ အကြောင်းအရာတွေကို နားလည်အောင် အချင်းချင်း မျှ‌ဝေဖလှယ်ရပါတယ်။ အဲ့ဒီနောက် ကိုယ့်ရဲ့သက်ဆိုင်ရာ အဖွဲ့က တခြားအဖွဲ့တစ်ခုစီဆီမှ လေ့လာခဲ့တဲ့ အရာတွေကို အချင်းချင်း နားလည်အောင် လေ့လာသင်ယူခြင်း ဖြစ်ပါတယ်။ ဒီနည်းလမ်းနဲ့အတူ အဖွဲ့အတွင်းရှိ ကျောင်းသားတိုင်းက ‌လေ့လာခဲ့တဲ့ ခေါင်းစဥ်နဲ့ ပတ်သက်ပြီး ပဟေဋ္ဌိမေးခွန်းတွေကို အတူတကွ ပူးပေါင်း ဖန်တီးကြရပါတယ်။ 

💠Jigsaw သင်ကြားနည်း ဗျူဟာ

Jigsaw သင်ကြားနည်း ဗျူဟာကို ၁၉၇၀ ခုနှစ်အစောပိုင်းမှာ Elliot Aronson နဲ့ သူရဲ့ ကျောင်းသားတွေက ပူပေါင်းသင်ယူမှုနည်းလမ်းတစ်ခုကို Texas တက္ကသိုလ် နဲ့ ကယ်လီဖိုးနီးယား တက္ကသိုလ်တို့မှာ ပထမဦးဆုံး စတင် ထီထွင်ခဲ့ပါတယ်။ Jigsawမှာ ကျောင်းသားတွေက လေ့လာထားတဲ့ သင်ခန်းစာတစ်ခုကို တာဝန်ယူပြီး အခြားအဖွဲ့ဝင်တွေစီမှာ ပြန်လည် သင်ကြားပေးရပါတယ်။ Jigsawရဲ့ အစိတ်အပိုင်းများနဲ့ ဖွဲ့စည်းထားတဲ့ ပဟေဋ္ဌိမေးခွန်းတွေကို ကျောင်းသားတိုင်း ဖြေရှင်းပြီး အဲ့ဒီအစိတ်အပိုင်းတွေကို တစ်ခုချင်းအလိုက်ပေါင်းစပ်ကာ သင်ခန်းစာတစ်ခုလုံးရဲ့ အသိပညာတွေကို နားလည်သိရှိအောင် ​ဆောင်ရွက် ရပါတယ်။ 

Jigsaw ရဲ့ နည်းဗျူဟာက ကျောင်းသားတွေကြား သင်ယူမှုကို တာဝန်ယူတတ်ရန်၊ ကူညီပေးတတ်ရန်၊ ရွယ်တူတွေကြား အပြန်အလှန် သင်ကြားပေးရန်၊ ပြောဆိုဆက်သွယ်‌ရေး ကောင်းမွန်စေရန် နဲ့ သင်ခန်းစာရဲ့ ဆိုလိုရင်းကို နားလည်အောင် ထုတ်ဖော်နိုင်ရန် စတဲ့အရာတွေကို မြှင့်တင်ပေးပါတယ်။ Jigsaw ကို သမာရိုးကျ သင်ကြားမှုနဲ့ နှိုင်းယှဥ်လိုက်ရင် Jigsaw သင်ကြားရေး နည်းလမ်းဟာ ကျောင်းသားတွေကို လွတ်လပ်ခွင့်တွေ၊ အရည်အချင်းတွေ နဲ့ ပင်ကိုယ် စိတ်အားထက်သန်မှုတွေကို တိုးတက်လာအောင် ပြုလုပ်ပေးပါတယ်။ 

📌ဥပမာ – Jigsaw နည်းလမ်းကို အသုံးပြုပြီး ဆရာတစ်ဦးက အစိုးရအမျိုးအစားတွေကို ခြုံငုံသုံးသပ်လိုတဲ့ သင်ခန်းစာကို သင်ကြားမယ်လို့ စိတ်ကူးကြည်ပါ။ အစိုးရအမျိုးအစားတွေကို ဒီမိုကရေစီ၊ အာဏာရှင်စနစ်၊ ဘုရင်စနစ် နဲ့ သမ္မတနိုင်ငံတွေအဖြစ် ခွဲခြမ်းစိတ်ဖြာလိုက်ပါ။ အဲ့ဒီနောက် ပုံ(၁)မှာ ပြထားတဲ့တိုင်း ခွဲထားတဲ့ အမျိုးအစားတွေကို လေ့လာဖို့အတွက် အဖွဲ့(၄)ဖွဲ့ လိုအပ်ပါလိမ့်မယ်။ အဖွဲ့ခွဲပြီးနောက် အမျိုးအစား တစ်ခုစီကို အဖွဲ့တိုင်းအတွက် သတ်မှတ်ပေးပါ။ ကိုယ့်အဖွဲ့နဲ့ သက်ဆိုင်တဲ့ အမျိုးအစားတစ်ခုကို သိရှိနားလည်‌အောင် လေ့လာပြီး ကျန်အဖွဲ့တွေကို ပြန်လည် သင်ကြား မျှဝေနိုင်ဖို့အတွက် တာဝန်ယူရမှာ ဖြစ်ပါတယ်။ 

💠အစီအစဥ်ချခြင်းနဲ့ ပြင်ဆင်ခြင်း

Jigsaw သင်ကြားမှုက အချိန်တိုအတွင်း သင်ခန်းစာပြီးမြောက်မှု၊ သင်ခန်းစာအပေါ်နားလည်မှု၊ ကျောင်းသားကိုယ်တိုင် အားထုတ်ပါဝင်မှုတွေ တိုးတက်စေမှာဖြစ်ပေမဲ့ အောက်ပါ ကြိုတင်ပြင်ဆင်မှုတွေ အနည်းဆုံး လိုအပ်ပါတယ်။

🟠ဆရာက သင်ခန်းစာတစ်ခုကို သင်ကြားဖို့အတွက် သင်ခန်းစာအကြောင်းအရာတွေကို ရွေးချယ်ပါ။ 

🟠ကျောင်းသားတွေအတွက် (ဖွဲ့ထားတဲ့ အဖွဲ့အလိုက်) သင်ခန်းစာခေါင်းစဥ်ခွဲတွေကို ခွဲခြမ်းထားပါ။ 

🟠ဆရာက ရှင်းလင်းပြတ်သားတဲ့ ညွှန်ကြားချက်တွေပေးပါ။ (ဥပမာ- သင်ခန်းစာထဲက အဓိက ဘာအချက်တွေဆွဲထုတ်မှာလဲ၊ Home Group မှာ အချိန်ဘယ်လောက်ပေးမှာလဲ၊ Expert Group မှာအချိန်ဘယ်လောက်ပေးမှာလဲ ဘာတွေဘယ်လိုပြန်ဝေမျှရမှာလဲ စတဲ့ ညွှန်ကြားချက်တွေကို စာရွက်နဲ့ ပြင်ဆင်ထားပြီး Group စာပွဲတွေပေါ်မှာ တင်ထားပေးဖို့လိုအပ်ပါတယ်။)

🟠ကျောင်းသားတွေ သင်ခန်းစာအပေါ် လွယ်ကူစွာ နားလည်နိုင်ဖို့ ရှင်းလင်းတိကျတဲ့ စကားလုံးတွေနဲ့ ညွှန်ကြားပါ။ 

💠Jigsaw နည်းဗျူဟာကို ဘယ်လိုအသုံးပြုမလဲ။ 

Jigsaw သင်ကြားနည်းနဲ့ သင်ကြားတဲ့ စာသင်ခန်းတိုင်းက လူမှု-စိတ်ခံစားမှုဆိုင်ရာ စွမ်းအားတွေပေးတဲ့ အရင်းအမြစ်ဖြစ်လို့ ကျောင်းသားအချင်းအချင်း အပြန်အလှန် သင်ယူလေ့လာတာ၊ စိတ်ရှည်စွာနားထောင်ပေးတာ၊ အတွေးအမြင်တွေကိုထုတ်ဖော်ပေးတာ နဲ့ စေ့စပ်ညှိနှိုင်းမှုတွေဆောင်ရွက်တာ စတဲ့ အလေ့အထတွေကို ဖြစ်ထွန်းစေပါတယ်။ အဲ့ဒီအတွက်ကြောင့် ကျောင်းသားတွေအနေနဲ့ အကောင်းဆုံး ပူးပေါင်းပါဝင်လာနိုင်သလို သက်သောင့်သက်သာ မရှိဘူးဆိုရင်လည်း သင်ကြားသင်ယူမှုက အောင်မြင်မှာ မဟုတ်ပါဘူး။ 

Jigsaw စာသင်ခန်းတစ်ခုကို ဖန်တီးပြီး ကျောင်းသားတစ်ဦးချင်းစီကို တန်းတူညီမျှစွာ ကူညီနိုင်ဖို့အတွက် အောက်ပါ အဆင့် (၁၂)ဆင့်ကို လိုက်နာနိုင်ဖို့ လိုအပ်ပါတယ်။ 

1️⃣သင်ခန်းစာကို လေ့လာဖို့အတွက် လိုအပ်တဲ့ နည်းဗျူဟာနဲ့ သင်ခန်းစာကို Jigsaw သုံးပြီးသင်မယ့်ရက်မှာ လေ့လာရမယ့် သင်ခန်းစာ နဲ့ ဂျစ်စောနည်းဗျူဟာကို ကလေးတွေသိအောင် ကြိုမိတ်ဆက်ပေးဖို့ လိုအပ်ပါတယ်။

2️⃣စာသင်ခန်းအတွင်း ကျောင်းသားများကို ၄ ယောက်ကနေ ၆ ယောက်အထိပါဝင်တဲ့ Jigsaw အုပ်စုများ ခွဲပါ။ 

3️⃣စာဖတ်စွမ်းရည် ( စာဖတ်ရာမှာ တိကျမှု အနည်းဆုံး ၉၀ မှ ၉၅ ရာခိုင်နှုန်း) ကောင်းမွန်တဲ့ ကျောင်းသားတစ်ဦးကို ခေါင်းဆောင်အဖြစ် ခန့်အပ်ပါ။

4️⃣စာဖတ်ရာမှာ ကျောင်းသားတစ်ဦးချင်းအလိုက် ကဏ္ဍတခုစီ (ဥပမာ- reader, note taker, manager, time keeper etc) စုံအောင် ရွေးချယ်သတ်မှတ်ပါ။ 

5️⃣တူညီတဲ့  Expert Group က တစ်ဦးချင်စီပါဝင်စေပြီး Home Groupအတွက် ကဏ္ဍတခုစီမှ ကောက်နုတ်ချက်တွေကို ဖတ်ရှုဖို့ ကျောင်းသားများပါဝင်တဲ့ အဖွဲ့တစ်ခုကို ဖန်တီးပါ။

6️⃣ကျောင်းသားတွေအတွက် Jigsaw လုပ်ငန်းစဥ်ရဲ့ အစိတ်အပိုင်းတွေကို  အချိန်တိုအတွင်း စီမံခန်ခွဲနိုင်ဖို့ မူဘောင်တစ်ခု သတ်မှတ်ပါ။   

7️⃣အဖွဲ့အသီးသီးတိုင်းအတွက် သင်ခန်းစာ အကြောင်းအရာနဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေကို စုဆောင်းနိုင်ဖို့ အဓိက မေးခွန်းများကို ဖန်တီးပါ။ 

8️⃣ကျောင်းသားတွေအတွက် ပေးထားတဲ့ သင်ခန်းစာအကြောင်းအရာကို လေ့လာဖို့ နဲ့ သိရှိနားလည်စေဖို့ လိုအပ်တဲ့ သင်ကြားရေးဆိုင်ရာ ပစ္စည်းတွေကို ထောက်ပံ့ပေးပါ။ 

9️⃣သင်ခန်းစာ အကြောင်းအရာတွေနဲ့ အချက်အလက်တွေကို ပြန်လည် တင်ပြနိုင်အောင် အဖွဲ့အသီးသီးတိုင်းအတွက် စည်းမျဥ်းတွေ နဲ့ လမ်းညွှန်မှုတွေကို ရှင်းပြပေးပါ။

🔟အကြောင်းအရာ နဲ့ အချက်အလက်တွေကို တင်ပြနိုင်ဖို့ သတ်မှတ်ထားတဲ့ အကျဥ်းချုပ်ဇယားများ ဒါမှမဟုတ် ရှင်းလင်းပြီး လိုအပ်တဲ့ အချက်အလက်များကို စုစုစည်းစည်း ရေးသား နိုင်မဲ့ handouts များပြင်ဆင်ထားပေးပါ

1️⃣1️⃣ကျောင်းသားအချင်းချင်း သင်ခန်းစာ အကြောင်းအရာများကို မျှဝေ သင်ယူနိုင်ဖို့ တာဝန်ရှိကြောင်းအသိပေးပါ။ 

1️⃣2️⃣သင်ခန်းစာ ပြီးဆုံးတဲ့အခါ သင်ယူမှု ရလဒ်တွေကို တိုင်းတာနိုင်ဖို့ မေးခွန်းများ စီစဥ်ပါ။ 

အထက်မှာ Jigsaw Method ကို ပြင်ဆင်ရမဲ့ အဆင့်ဆင့်ကို ရှင်ပြပြီးပြီဆိုတော့ အသေးစိတ် ပြင်ဆင်ရန် လိုအပ်ချက်တွေကို အောက်မှာ ကြည့်ရအောင်-

🟠အခန်းတွင်း လှုပ်ရှားမှုများကို ပြင်ဆင်ခြင်း

ကျောင်းသားတွေအတွက် လေ့လာစေလိုတဲ့ အကြောင်းအရာများအလိုက် လိုအပ်တဲ့ သင်ကြားရေး ထောက်ပံ့ပစ္စည်းတွေကို ရွေးချယ်ပါ။ ဆိုလိုတာတွေကတော့ စာရွက်စာတမ်း စုစည်းမှုများ (ဥပမာ – စာအုပ်များ၊ ရုပ်ပုံများ၊ ဇယားများ) ဒါမှမဟုတ် မေးခွန်းများ ဖြစ်နိုင်ပါတယ်။ အဲ့ဒီနောက် အဖွဲ့တစ်ခုစီမှာ ပါဝင်တဲ့ ကျောင်းသားဦးရေကို ရေတွက်ဆုံးဖြတ်ပါ။ ကျောင်းသား ၄ ယောက်မှ ၆ အယောက်အထိ ပါဝင်နိုင်ရင်တော့ အခန်းတွင်း လှုပ်ရှားမှု လုပ်ငန်းစဥ်တွေကို အကောင်းဆုံးလုပ်နိုင်မှာ ဖြစ်ပါတယ်။ တခါတလေ အုပ်စုဖွဲ့တဲ့အခါ ကျပန်းနည်းနဲ့ ဖွဲ့လို့ရတဲ့အပြင် တခြားအချိန်တွေမှာတော့ ကျောင်းသားရဲ့ အားသာချက်၊ လိုအပ်ချက်၊ နဲ့ စိတ်ဝင်စားမှုတို့ကို ချိန်ညှိပြီး ကြိုတင် အဖွဲ့ခွဲထားလို့ ရပါတယ်။ တူညီတဲ့ သင်ခန်းစာ အကြောင်းအရာနဲ့ လမ်းညွှန်မှု ပုံစံတို့ကို အဖွဲ့အားလုံးအတွက် မျှဝေပေးဖို့ လိုအပ်ပါတယ်။ 

🟠သက်ဆိုင်ရာ အုပ်စုအတွင်း ကျောင်းသားများ ပူးပေါင်း လုပ်ဆောင်ခြင်း

ဒီအဆင့်မှာ ကျွမ်းကျင်တဲ့ ကျောင်းသားအုပ်စု အဖွဲ့တွေက ဆရာက သတ်မှတ်ထားတဲ့ ကိုယ်တာဝန်ယူရမယ့် သင်ခန်းစာတွေကို ပြန်လည် သုံးသပ်ဖို့ တာဝန်ရှိပြီး သုံးသပ်ချက်တွေကို တခြားအဖွဲ့များစီသို့ ပြန်လည် ရှင်းပြ မျှဝေနိုင်ဖို့ တာဝန်ရှိပါတယ်။ သက်ဆိုင်ရာ အကြောင်းအရာတွေကို အုပ်စုလိုက် လုပ်ဆောင်ပြီး ပြန်လည်မျှဝေတဲ့အခါ အကြောင်းအရာအပေါ် ခိုင်မာတဲ့ အချက်အလက်နဲ့ ရှင်းလင်းတဲ့ ရည်မှန်းချက်တွေ ရှိရင်တော့ ကျောင်းသားအားလုံးက အကောင်းဆုံး လုပ်‌ေဆာင်နိုင်တယ်လို့ ပြောလို့ရပါတယ်။ အဲ့ဒီအတွက် စုစည်းထားတဲ့ အကျဥ်းချုပ်ဇယားများ ဒါမှမဟုတ် မေးခွန်းများ မေးမြန်းခြင်းက ကျောင်းသားတွေအတွက် အဖွဲ့အတွင်း အတူတကွ ဖြေဆိုနိုင်မှာ ဖြစ်ပါတယ်။ အဖွဲ့အားလုံးမှာ သက်ဆိုင်ရာအကြောင်းအရာတွေအလိုက် တင်ပြဖို့ တာဝန်ရှိကြောင်း နဲ့ နားလည်ဖို့ လိုအပ်ကြောင်း အသိပေးထားရပါမယ်။ တင်ပြတဲ့ အခါမှာလည်း မမှန်ကန်တဲ့ အကြောင်းအရာ ဒါမှမဟုတ် အထင်အမြင်လွဲစေနိုင်တဲ့ အချက်အလက်တွေကို တင်ပြဖို့ ရှောင်ကြဥ်ရမှာ ဖြစ်ပြီး အကြောင်းအရာတွေကို မတင်ပြခင် ဆရာက သက်ဆိုင်ရာအချက်အလက်များကို အရင်သုံးသပ် စစ်ဆေးပြီး အချက်အလက်တွေကို ပြန်လည်မျှဝေနိုင်ဖို့ အတည်ပြုနိုင်ပါတယ်။ 

🟠ကျောင်းသားများက သင်ကြားရေးအဖွဲ့များ နဲ့ တွေ့ဆုံခြင်း

Expert Groupကတင်ပြမယ့် သက်ဆိုင်ရာ အကြောင်းအရာတွေအပေါ် ခိုင်ခိုင်မာမာ နားလည်ထားကြပြီးနောက် Home Groupစီကို ပြန်လည် သင်ကြား မျှဝေဖို့ တာဝန်ယူရပါတယ်။ သင်ကြားမျှဝေတဲ့အခါ အုပ်စုတစ်ခုချင်းစီရဲ့ အဖွဲ့ဝင် တစ်ဦး ဒါမှမဟုတ် နှစ်ဦးက ဦးဆောင် သင်ကြားပေးရပါတယ်။ ဒါ့အပြင် သင်ကြားမယ့် ဦး‌ေဆာင်သူ နှစ်ဦးက အချက်အလက်တွေကို အလှည့်ကျ တင်ပြပေးရပါတယ်။ အဖွဲ့တစ်ခုမှ အကြောင်းအရာတွေကို တင်ပြနေချိန် ကျန်အဖွဲ့ထဲမှ ကျောင်းသားများကို မှတ်စုယူဖို့အတွက် ဆရာက တိုက်တွန်းပေးရပါတယ်။ အကြောင်းအရာတစ်ခုကို မတင်ပြခင် ဆွေးနွေးမှုတွေရဲ့ အစိတ်အပိုင်းအားလုံးကို တစ်ခုတည်းဖြစ်လာအောင် ပေါင်းစပ်ပေးဖို့ လိုအပ်ပါတယ်။ 

🟠ကျောင်းသားများက အကြောင်းအရာတွေအပေါ် ပေါင်းစပ် တွေးခေါ်ခြင်း 

ကျောင်းသားတွေ တင်ပြမယ့် အချက်အလက်တွေအပေါ် တစ်စုတည်းဖြစ်အောင် ပေါင်းစပ်ရခြင်း အကြောင်းအရင်းက သက်မှတ်ထားတဲ့ မေးခွန်းတွေကို ဖြေဆိုခြင်း၊ အကြောင်းအရာတွေကို နှိုင်းယှဥ်ခြင်း ဒါမှဟုတ်  တင်ပြဖို့အတွက် အချက်အလက်တွေကို အစီအစဥ်တကျ ဖန်တီးခြင်း စတဲ့အရာတွေကြောင့် ဖြစ်ပါတယ်။ ကျောင်းသားများက တင်ပြမယ့်အချက်အလက်တွေကို စုစည်းတဲ့အခါ တစ်ဦးချင်း လုပ်ဆောင်နိုင်သလို အဖွဲ့လိုက် လုပ်ဆောင်လို့ ရပါတယ်။ ဒီလို လုပ်‌ဆောင်ဖို့အတွက် ကျောင်းသားတွေက ဆရာရဲ့ ဆုံးဖြတ်ချက်တစ်ခုအပေါ် လိုက်နာဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ သင်ယူခဲ့တဲ့ အကြောင်းအရာတွေကို ယနေ့ခေတ် လူ့အဖွဲ့အစည်း နဲ့ သမိုင်းအကြောင်းအရာတွေအတွက် ပြန်လည် ချင့်ချိန် တွေးခေါ်မှုတွေ ပေးနိုင်တဲ့ အဖွဲ့တစ်ခုကို တည်ဆောက်ဖို့ လိုအပ်ပါတယ်။ 

💠Jigsaw သင်ကြားရေးနည်းလမ်းကို အသုံးခြင်းရဲ့ အကျိုးကျေးဇူးများ 

Jigsaw သင်ကြားရေးနည်းလမ်းက ၂၁ရာစုမှာ နေထိုင်နိုင်အောင် စွမ်းရည်တွေကို မြှင့်တင်ပေးပါတယ်။ အုပ်စုတစ်ခုအတွင်း အတူတကွ သင်ယူနေချိန် တယောက်နဲ့တယောက် ချစ်ခင်ရင်းနှီးမှု နဲ့ လေးစားမှုတို့ကိုပါ တခါတည်း သင်ယူကြရပါတယ်။ ဒီလို သင်ကြားရေးနည်းလမ်းကို အသုံးပြုခြင်းက လူမှုဆက်ဆံရေးကို ကောင်းစေရုံသာမက ကျောင်းသားတွေရဲ့ စကားပြောဆိုနိုင်စွမ်းကိုလည်း မြှင့်တင်ပေးပါတယ်။ 

သင်ခန်းစာကို ‌video နဲ့ လေ့လာကြရအောင်