နေ့စဉ်ဘဝမှာအလုပ်လုပ်ကိုင်နေရတဲ့သူတွေအတွက် အဖွဲ့အစည်းအတွင်း ဆက်သွယ်ပြောဆိုခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း၊ ဆုံးဖြတ်ချက်များချခြင်း စတဲ့ အလုပ်တွေဟာ လုပ်ငန်းခွင်မှာအလုပ်လုပ်နေသူတွေအတွက်  မလွဲမသေ ရင်ဆိုင်ရမယ့်အရာတွေပဲဖြစ် ပါတယ်။  အကယ်၍ သင်ဟာ စာသင်ကြားခြင်း၊ workshop များဆောင်ရွက်ခြင်း၊ အစည်းအဝေးများကိုဦးဆောင်ခြင်း စတဲ့ ပံ့ပိုးကူညီမှုတွေ ပေးရတဲ့သူတစ်ယောက်ဆိုရင် မှန်ကန်တဲ့ ပံ့ပိုးကူညီမှုနည်းလမ်းတွေကို သိရှိနားလည်ထားဖို့လိုပါလိမ့်မယ်။ 

ပံ့ပိုးကူညီတယ်ဆိုတာက ချမှတ်ထားတဲ့ ရည်ရွယ်ချက်တွေကို အတူတကွပူးပေါင်းပြီး ထိရောက်မှုရှိအောင် ဆောင်ရွက်နိုင်ဖို့အတွက် ပါဝင်နေတဲ့သူတစ်ဦးတစ်ယောက်ချင်းစီကို လမ်းပြပေးပြီး အကြံဉာဏ်များပေးခြင်းဖြစ်ပါတယ်။ သင်ကြားရေးကို ဆောင်ရွက်နေတဲ့ ဆရာတစ်ယောက်အတွက် မိမိကျောင်းသားများကို ဦးဆောင်ရတဲ့အခါ ဘယ်လိုပံ့ပိုးကူညီမှုနည်းလမ်းတွေရှိတယ်ဆိုတာကို သိရှိ နားလည်ထားဖို့လိုအပ်ပါတယ်။

💠အော့ဖ်လိုင်း သင်ကြားရေးပံ့ပိုးကူညီမှု (Offline Facilitation) အတွက်နည်းလမ်းများ

Offline Facilitation မှာ ဆရာ က အုပ်စုလိုက်လုပ်ငန်းတွေကို လူကိုယ်တိုင် သင်ကြားရေးပံ့ပိုးကူညီမှု နည်းလမ်းတွေဖြစ်တဲ့ ဆွေးနွေးမှုတွေ၊ group work တွေသုံးပြီး လိုရာပန်းတိုင်ကိုရောက်အောင် ဦးဆောင်ပေးခြင်းဖြစ်တယ်။ ဆက်လက်ပြီး ပံ့ပိုးကူညီမှုနည်းလမ်းများထဲမှ အချို့ကို ‌ဖော်ပြထားပါတယ်။

1️⃣ ပူးပေါင်းပါဝင်မှုကို အမြင့်ဆုံးဖြစ်အောင် ဆောင်ရွက်ခြင်း

ဆရာအနေနဲ့ ကျောင်းသားတွေ သင်ယူမှုမှာ အမြင့်ဆုံး ပူးပေါင်းပါဝင်ပြီး တက်ကြွလာအောင် activities များ (icebreaking/energizers) သုံးပါ။  ဥပမာ –  ဆရာနှင့်အတူတူ အကြောလျော့ခြင်း၊ လှုပ်ရှားရသည့် game တစ်ခုကစားခြင်း။

2️⃣ပုံများ၊ ဒီဇိုင်းများသုံး၍ သင်ကြားခြင်း

အိုင်ဒီယာတစ်ခု သို့မဟုတ် အကြောင်းအရာတစ်ခုကို စာများဖြင့် ရှင်းပြခြင်းထက် ပုံများ၊ ဒီဇိုင်းများသုံးပြီး အလွယ်တကူရှင်းပြခြင်းအားဖြင့် ကျောင်းသားတွေရဲ့ စိတ်ဝင်စားမှု၊ အာရုံစူးစိုက်မှုကို ပိုမိုရရှိစေနိုင်ပါတယ်။

ဥပမာ – ဖားတစ်ကောင်မျိုးပွားခြင်းအကြောင်းကို စာများဖတ်ပြီး ရှင်းပြမည့်အစား သိသာမြင်သာသော ပုံများသုံး၍ တစ်ဆင့်ချင်းစီကို ရှင်းပြခြင်းက ပိုမိုလွယ်ကူစေပါတယ်။

3️⃣ပုံပြင်ပြော၍ သင်ကြားခြင်း (Story telling) နှင့် သရုပ်ဆောင်ခြင်း (Role play)

သင်ခန်းစာတစ်ခု သို့မဟုတ် အကြောင်းအရာတစ်ခုကို ပိုမိုနားလည်စေရန်နဲ့ ‌ကျောင်းသားများတက်ကြွစွာပါဝင်နိုင်ဖို့ ဖော်ပြပါ သင်ကြားခြင်းနည်းလမ်းများကလည်း အလွန်ကောင်းမွန်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။။ ဥပမာ – သမိုင်းအကြောင်းအရာတစ်ခုကိုသင်ကြားတဲ့အခါ အကြောင်းအရာမှာပါဝင်တဲ့ ဇာတ်ကောင်နေရာမှာ ကျောင်းသားတွေကို အစားထိုးပြီး ပြောပြလို့ရသလို ဇာတ်ကောင်နေရာမှာ ကျောင်းသားတွေကို သရုပ်ဆောင်ပြီး အကြောင်းအရာကို ပိုနားလည်အောင် လုပ်လို့ရပါတယ်။

4️⃣ ဆွေးနွေးပွဲများ၊ စကားရည်လုပွဲများကျင်းပပေးခြင်း

ဆရာက သင်ခန်းစာတစ်ခုသင်ကြားပြီး လုပ်ငန်းပေးရမယ့်အချိန်မှာ ဆွေးနွေးပွဲတွေ စကားရည်လုပွဲတွေ ကျင်းပပေးပြီး ကျောင်းသားတွေရဲ့ တီထွင်ဖန်တီးမှု၊ ကြောင်းကျိုးဆက်စပ်စဉ်းစားတတ်မှုတို့ကို ပျိုးထောင်ပေးလို့ရပါတယ်။ ဥပမာ –  “တောင်တန်းတွေက ပင်လယ်ထက်ပိုကောင်းတယ်” ဆိုတဲ့ ခေါင်းစဉ်မျိုးကို ဆွေးနွေးပွဲ သို့မဟုတ် စကားရည်လုပွဲကျင်းပပေးလိုက်လျှင် တောင်တန်းနှင့် ပင်လယ်တို့နှင့်ပတ်သက်သော ဗဟုသုတများ၊ အတွေ့အကြုံများကို ရရှိသွားနိုင်ပါတယ်။

နည်းပညာ တိုးတက်လာမှုနဲ့အတူ  သမာရိုးကျ သင်ကြားမှုပုံစံတွေကလည်း မြန်မြန်ဆန်ဆန် ပြောင်းလဲနေပါတယ်။ အခုခေတ်မှာဆိုရင် သမာရိုးကျ  စာသင်ခန်းအတွင်းမှာတောင် ကျောင်းသားတွေရဲ့ သင်ယူလက်ခံမှုပုံစံတွေကို  နည်းပညာအကူအညီနဲ့  ပြောင်းလဲပြီး သင်ကြားပို့ချ လာကြပါတယ်။

💠အွန်လိုင်း သင်ကြားရေး ပံ့ပိုးကူညီမှု-(Online Facilitation ) အတွက် နည်းလမ်းများ

အွန်လိုင်းသင်ကြားသူတစ်ယောက်အနေနဲ့ မိမိရဲ့သင်တန်းကို အဆင်ပြေချောမွေ့စေဖို့အတွက် စဉ်းစားရမယ့်အရာတွေရှိပါတယ်။ သင်တန်းသား/သူတွေအတွက် အဆင်မပြေမှု မရှိစေဖို့အတွက်လည်း အသုံးပြုလွယ်တဲ့ နည်းလမ်းတွေကို ကြိုတင်ပြင်ဆင်ထားဖို့အရေးကြီးပါတယ်။ 

အွန်လိုင်းသင်ကြားရေးအတွက် လုပ်ဆောင်ရမယ့် အရာတွေကတော့ 

  • ရှင်းလင်းပြီး တိကျတဲ့ ညွှန်ကြားချက်တွေ။ (ဥပမာ- zoom စာသင်ခန်းဝင်ရန်လုပ်ဆောင်ရမည့်အဆင့်များ၊ အွန်လိုင်းဆွေးနွေးစဉ်လိုက်နာမည့် အချက်များ)
  • ရှင်းလင်းတဲ့ အကြံပြုချက်တွေနဲ့ ဖွဲ့စည်းထားတဲ့ လုပ်ဆောင်ချက်တွေ ဖြစ်ပါတယ်။ (ဥပမာ- zoom စာသင်ခန်းဝင်ရန် ကျောင်းသား ID ဖြင့်ဝင်ရန်၊ မိမိ ID မည်ကဲ့သို့ရရှိနိုင်မည်)

အွန်လိုင်းသင်ကြားမှုအတွက် ပံ့ပိုးကူညီသူ (Online Facilitator)တွေ စဉ်းစားသင့်တဲ့ အချက်တွေကတော့

  • ကောင်းမွန်တဲ့ ညွှန်ကြားချက်တွေ
  • ပြီးခဲ့တဲ့ အတန်းတစ်ခုက အကြံပြုချက်တွေကို ပြန်လည်သုံးသပ်ပြီး အောက်ကမေးခွန်းတွေနဲ့ ပြင်ဆင်နိုင်ပါတယ်။
    1. ဘယ်အချက်တွေက သင်တန်းသားတွေအတွက် ဖိအား ဖြစ်စေခဲ့လဲ။
    2. သင်တန်းသား နားလည်နိုင်မယ့် လုပ်ဆောင်ချက်တွေ ရှိခဲ့လား။
    3. ဒီသင်တန်းကို သင်တန်းသားတွေ စိတ်ဝင်စားအောင် ဘယ်လိုဆွဲဆောင်မလဲ။
    4. သင်ကြားရေး အရင်းအမြစ်တွေနဲ့ အချက်အလက်တွေက ရှာဖွေဖို့ လွယ်ကူလား။
💠အွန်လိုင်းသင်ကြားမှုရဲ့ အထိရောက်ဆုံးနည်းလမ်းများ

1️⃣တင်ဆက်ပြသမှုပုံစံ (Presentation )

အွန်လိုင်းသင်ကြားမှုအတွက် Presentaionက မရှိမဖြစ်လိုအပ်တဲ့အရာတစ်ခု ဖြစ်ပါတယ်။ သမားရိုးကျ သင်ကြားမှုတွေမှာတောင် အများကြီး လိုအပ်တာမို့  Presentation Skills က မရှိမဖြစ် ပြင်ဆင်ထားရမယ့် အရာတစ်ခုဖြစ်ပါတယ်။ Presentation တင်ဆက်တဲ့အခါ ကျောင်းသား အများစုက virtual တင်ဆက်မှုတွေကို ပိုပြီး နှစ်သက်တာမို့ ဗီဒီယိုတွေ ပုံတွေ  အသံဖိုင်တွေ ပြင်ဆင်ထားတာအပြင် ကျောင်းသားတွေအတွက် ရှင်းလင်းပြတ်သားပြီး ပိုမို ထိရောက်တဲ့ သင်ကြားမှုတွေကို ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။

2️⃣အွန်လိုင်းဝှိုက်ဘုတ် (Online Whiteboard)

Online Whiteboard လို့ခေါ်တဲ့ အွန်လိုင်းကျောက်သင်ပုန်းတွေကို ကျောင်းသားနဲ့ ဆရာကြား   In-Person Classroom  သင်ကြားမှု ဖြစ်စေရန် အသုံးပြုပြီး ယနေ့ခေတ်မှာ အရမ်းကို ကျော်ကြားလာတဲ့ techniques တစ်ခုဖြစ်ပါတယ်။

  • ဘာကြောင့် အွန်လိုင်းဝှိုက်ဘုတ်ကို  အသုံးပြုခြင်းက အရေးကြီးတာလဲ။

အွန်လိုင်းဝိုက်ဘုတ် အသုံးပြုခြင်းကသမားရိုးကျ စာသင်ခန်းမှာလိုပဲ စာသင်ခန်းအတွင်း သင်ကြားသူနဲ့ သင်ယူသူ အပြန်အလှန် ချိတ်ဆက်မှု ရှိစေဖို့အပြင် ကျောင်းသား အချင်းချင်းလည်း အပြန်အလှန် ဆွေးနွေးစေနိုင်ဖို့ ဖြစ်တာကြောင့်

၁။ အွန်လိုင်း သင်ခန်းစာများကို ( Online Lessons) ပိုပြီးတော့ ချိတ်ဆက်မှု ရှိအောင်ပြင်မှုရှိခြင်း

၂။ သင်ကြားနေစဥ်အတွင်း ကျောင်းသားများ ပိုမို နားလည်အောင် သင်ပုန်းတွင် ရုပ်ပုံဆွဲတာတွေ၊ စာရေးတာတွေကို ကျောင်းသားတွေ ပိုပြီး မြင်သာအောင် ပြသနိုင်ခြင်း။

၃။ ကျောင်းသားတွေကို တက်ကြွစွာ ပါဝင်အောင် ပူးပေါင်းဆောင်ရွက်မှုတွေကို ဖန်တီးပြီး ထိရောက် သင်ကြားမှု တစ်ခုကို ဖန်တီးနိုင်ခြင်း။

၄။ အွန်လိုင်းသင်ခန်းစာ များအတွက် PowerPoint , Poster တွေနဲ့ အခြားသော သင်ကြားရေး အထောက်ကူပြုပစ္စည်းများကိုလည်း ပြင်ဆင်ထားပြီး ဝိုက်ဘုတ်ပေါ်မှာ ကျောင်းသားကို ပိုမိုနားလည်အောင် သင်ကြားမှုတွေ လုပ်နိုင်ခြင်း။

💠အွန်လိုင်းမှ တိုက်ရိုက်သင်ကြားမှု ( Live Online Class)

အကယ်၍ သင်ကြားမှုတစ်ခုအတွက် သင်ကိုယ်တိုင် ကျောင်းသားတွေနဲ့ စာသင်ခန်းထဲ အတူမရှိနေရင်တောင်မှ နည်းပညာက စာသင်ခန်းထဲမှာ သင်နေရတဲ့ ခံစားချက်မျိုးကို ဖန်တီးပေးနိုင်ပါတယ်။

ဗီဒီယိုကွန်ဖရင့် (Video Conference Tools) ကိရိယာတွေကို အသုံးချပြီး ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ကျောင်းသားတွေကို အွန်လိုင်းတိုက်ရိုက်သင်ကြားမှုများကို ပြုလုပ်နိုင်ပါတယ်။  အွန်လိုင်းဝှိုက်ဘုတ်တွေနဲ့ ပေါင်းစည်း သင်ကြားမယ်ဆိုရင် ပိုပြီးထိရောက်တဲ့ သင်ကြားမှုတစ်ခု ဖြစ်စေပြီး ကျောင်းသားများကို ပိုမို ဆွဲဆောင်နိုင်မှာဖြစ်ပါတယ်။

အွန်လိုင်းသင်ကြားမှု ဖြစ်တာကြောင့် သင်ခန်းစာ ပို့ချချက်တစ်ခုပဲ အာရုံစိုက်ပြီး သင်ကြားနေခြင်းက ကျောင်းသားတွေကို ငြီးငွေ့စေနိုင်ပါတယ်။ ဒါကြောင့် အွန်းလိုင်းအတန်းတစ်ခုလုံးမှာ  ကျောင်းသားတွေနဲ့ ပိုပြီး ချိတ်ဆက်နေနိုင်ပြီး ကျောင်းသားတွေ တက်ကြွစွာ ပါဝင်လာအောင်

၁။ သင်ခန်းစားတွေရဲ့ အကြောင်းအရာတွေကို Outline ထုတ်ပြီး ပြင်ဆင်ထားပါ။

၂။ သင်ခန်းစာ ပို့ချနေစဥ်မှာရော ပို့ချပြီးအချိန်မှာပါ ကျောင်းသားတွေကို မေးခွန်းမေးပါ။ ဖြေဆိုရန် အချိန်ကို သတ်မှတ်ထားပေးပါ။ ဥပမာ မေးခွန်းတစ်ခုကို ၅မိနစ်ဖြစ်စေ ၃မိနစ်ဖြစ်စေ ဖြေဆိုစေမယ့်‌ အကြောင်းအရာပေါ် မူတည်ပြီး ပြင်ဆင်ထားခြင်း။)

၃။ သင်ခန်းစာ ခေါင်းစဥ်တိုင်းကို ဆွေးနွေးမှု ( Discussion )တွေဖန်တီးပြီး ကျောင်းသားတွေ တက်တက်ကြွကြွ ပါဝင်ဆွေးနွေးနိုင်တဲ့ ဆွေးနွေးမှု ဖြစ်ပါစေ။

၄။ Graphics တွေ ဖြစ်တဲ့ ၊ ရုပ်ပုံများ၊ ပိုစတာများ၊ ဗီဒီယိုများ ကို အသုံးပြုပါ။

၅။ အဓိက အကြောင်းအရာများကို အပိုင်းခွဲပြီး (Subtopics) ကျောင်းသားများ ပိုပြီး အာရုံစိုက်စေနိုင်မယ့် သင်ခန်းစားတွေကို ဖန်တီးပါ။

၆။ အွန်လိုင်းသင်တန်းရဲ့ လမ်းညွှန်ချက်တွေအပြင် ကျောင်းသားတွေလိုက်နာရမယ့် ကျင့်ဝတ်တွေကို ချမှတ်ပါ။

💠ကြိုတင်ရိုက်ကူးထားသော သင်ခန်းစာဗီဒီယိုများဖြင့် သင်ကြားခြင်း ( Pre-Recorded Video Lectures )

သင်ခန်းစာတွေကို ကြိုတင်ရိုက်ကူးထားခြင်းရဲ့ အကျိုးကျေးဇူးကတော့ ကျောင်းသားများအနေနဲ့ ဆရာမရှိပဲ သင်ခန်းစားများကို သင်ယူနိုင်တာအပြင် စာသင်ချိန်ပြင်ပမှာလည်း စာသင်ခန်းထဲမှာ နားမလည်လိုက်တဲ့ သင်ခန်းစာတွေကို ပြန်လည်လေ့လာနိုင်ပါတယ်။ ဆရာတွေအတွက်လည်း မတူညီတဲ့အတန်းများအတွက် တူညီတဲ့  သင်ခန်းစာတွေ ထပ်တလဲလဲ သင်ကြားရတဲ့ အချိန်တွေကိုလည်း လျော့နည်းစေပါတယ်။

💠ထိရောက်ပြီးကြိုတင်ရိုက်ကူးထားတဲ့ သင်ခန်းစာ ဗီဒီယိုများ ကို ဘယ်လို ဖန်တီးမလဲ။

၁။ ကိုယ်ရှင်းပြမယ့် အကြောင်းအရာကို ရှင်းလင်းစွာ ပြောဆိုနိုင်ဖို့အတွက် Script (မူကြမ်းချရေးခြင်း)ကို သေချာရေးသားပြင်ဆင်ပါ။

၂။ ဗီဒီယို ရိုက်ကူးတဲ့ အခါ  ကင်မရာရှေ့  ယုံကြည်မှုရှိနိုင်ဖို့ လေ့ကျင့်မှုပြုလုပ်ပါ။ ဥပမာ ကိုယ်တစ်ဦးတည်း ဖုန်းနဲ့ သို့မဟုတ် မှန်ရှေ့မှာ ဗီဒီယို ရိုက်ကူးမှု မစခင် ကြိုတင်ပြင်ဆင် လေ့ကျင့်တာမျိုး ပြုလုပ်ပါ။

၃။ ဗီဒီယိုတွေကို အနည်းဆုံး ၅ မိနစ်များဆုံး ၁၀ မိနစ်သာ ဖြစ်ပါစေ။ အကယ်၍ ရှင်းပြရမယ့် သင်ခန်းစာက မိနစ် ၂၀ ထက် ကျော်နေပါက  အပိုင်းအလိုက်ခွဲပြီး ရိုက်ကူးပါ။ ပုံမှန်စာသင်ခန်း သိုမဟုတ် Online Live စာသင်ခန်းမှာတောင် ၄၅ မိနစ် သင်ပြီးတိုင်း ကျောင်းသားများအား အနားယူချိန် ( Break Time ) ပေးရတာမို့ ဆရာနဲ့ တိုက်ရိုက်သင်ကြားမှု မဟုတ်တဲ့ ဗီဒီယို သင်ကြားမှုတွေအတွက် အပိုင်းလိုက်ခွဲပြီး ဖန်တီးဖို့ လိုအပ်ပါတယ်။

၄။ ဗီဒီယို ရိုက်ကူးရေး မစခင်မှာလည်း အားလုံး အဆင်သင့်ဖြစ်စေဖို့ သေချာပြင်ဆင်ပါ။ ဘေးပတ်ဝန်းကျင်က ဆူညံသံတွေကိုသတိထားဖယ်ရှားပြီး ကိုယ်ပြောမယ့် အကြောင်းအရာကို ရှင်းလင်းတိကျစွာပြောဆိုနိုင်ဖို့ ပြင်ဆင်ပါ။ (ဆိုလိုတာက ပြောဆိုမယ့် အကြောင်းအရာရဲ့ အဖြတ်အတောက်ကို ပြင်ဆင်ပါ)။

၅။ အကယ်၍ ကိုယ့်ရဲ့ ကွန်ပျူတာ သို့မဟုတ် ဖုန်းတွေ နဲ့ Screen Record လုပ်မယ်ဆိုရင် မလိုအပ်တဲ့ အယ်လ်ပလီကေးရှင်း (Application) တွေကို Screen Bar မှ ဖယ်ရှားဖို့၊ recording လုပ်နေစဉ်အတွင်း မလိုလားအပ်တဲ့ အချက်ပေးအသံတွေ မဝင်အောင်  Notification တွေကို ပိတ်ထားဖို့ စတဲ့ အရာတွေကို သေချာ စနစ်တကျ စီမံထားဖို့ လိုအပ်ပါတယ်။

၆။ ရိုက်ကူးရေး လုပ်နေတဲ့ အခါမှာ ကင်မရာရှေ့ ကိုယ့်ရဲ့  မျက်လုံးအကြည့်  (Eye Contact)က ကြည်လင်ပြီး အသံအနေအထား ( Voice Tone) တွေကို ရှင်းလင်းပြတ်သားစွာနဲ့ ရှင်းပြဖို့ လိုအပ်ပါတယ်။

💠 Flipped Classroom

Flipped Classroom ဆိုတာကတော့  ပုံမှန်သမာရိုးကျ စာသင်ခန်းနဲ့ ဆန့်ကျင်ဘက်ဖြစ်ပြီးတော့ ကျောင်းသားတွေက  သင်ကြားမှု မစခင် သင်ခန်းစာတွေကို ကြိုတင်လေ့လာမှုလိုအပ်ပြီး တကယ့် စာသင်ချိန်ရောက်မှသာ ဆရာက လမ်းညွှန်ပေးတဲ့ အရာတွေကို လုပ်ဆောင်ခိုင်းပြီး သင်ယူစေတာဖြစ်ပါတယ်။ ဥပမာ ပြဿနာဖြေရှင်းခိုင်းခြင်း၊ ဆွေးနွေးခြင်း၊ အဖွဲ့လိုက် စကားရည်လု ပွဲများ လုပ်ပေးခြင်း၊ မေးခွန်းများ ကြိုတင်ပြင်ဆင်လာစေခြင်းပဲဖြစ်ပါတယ်။

ဗီဒီယိုကတော့ Flipped Classroomမှာ မရှိမဖြစ် ပါဝင်ရမယ် အရာတစ်ခုဖြစ်တယ်။ ဆရာအများစုက ကိုယ်ပိုင်ဖန်တီးထားတဲ့ ဗီဒီယိုများကို အသုံးပြုသော်လည်း အချို့ဆရာများ ဖန်တီးပြီးသားဖြစ်တဲ့ ဗီဒီယိုတွေကို အသုံးပြုကြပါတယ်။ ဥပမာ YouTube လိုမျိုး ဗီဒီယိုမျှဝေတဲ့ ပလပ်ဖောင်းတွေကိုသုံးပြီး သင်ခန်းစာဗီဒီယိုတွေကို ကျောင်းသားတွေဆီ မျှဝေဖို့အတွက်လည်း အသုံးပြုနိုင်ပါတယ်။

Flipped Classroom အတွက် ထိရောက်မှုရှိတဲ့ သင်ကြားမှုတွေကတော့

၁။  အွန်လိုင်းပဟေဠိများ (Online quizzes) – ကျောင်းသားတွေကို သူတို့ သင်ယူခဲ့တဲ့ အကြောင်းအရာတွေ ဘယ်လောက်ထိ နားလည်သွားလဲဆိုတာကို သိစေနိုင်ခြင်း။

၂။ စစ်တမ်းများ (Polls) – ကျောင်းသားတွေကို စစ်တမ်းကောက်ယူပြီး သူတို့သင်ယူခဲ့တဲ့ အရာတွေကို ပြန်လည်သုံးသပ်ပြီး သင်ခန်းစာအပေါ် ဘယ်လောက်ထိ နားလည်သွားလဲဆိုတာကို သိရှိနိုင်ခြင်း။

၃။  Infographics  – ကျောင်းသားများမှ သင်ခန်းစာအပေါ် ပိုမို မှတ်မိစေနိုင်ပြီး စိတ်ဝင်စားမှု ပိုရရှိခြင်း။

၄။ Mind maps or word clouds –  ကျောင်းသားများ စဥ်းစားမှုစွမ်းရည်တိုးတက်စေရန် အကြောင်းအရာများကို ကြိုတင်တွေးတောမှုများ ဖန်တီးခြင်း။

💠 ဂိမ်းများဖန်တီးပြီး သင်ကြားခြင်း( Game-Based Teaching)

အွန်လိုင်းသင်ကြားမှုမှာ ဂိမ်းများဖန်တီးသင်ကြားခြင်းက အွန်လိုင်သင်ကြားမှုနဲ့ သမရိုးကျသင်ကြားမှုကြား ကွာဟမှုတွေကို နီးစပ်လာစေဖို့ ကူညီပေးပါတယ်။

၁။ ကျောင်းသားတွေကို Chat Platform တွေဖြစ်တဲ့ Zoom Breakout room , Slack, Facebook Groupတွေ ကို အသုံးပြုစေပြီး အဖွဲ့အလိုက် ဆွေးနွေးမှုများ ပြုလုပ်ပါ။

၂။ ဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေကို အချိန်သတ်မှတ်ပြီး သတ်မှတ်ထားတဲ့ အချိန်အတွင်း တင်ဆက်ပြောနိုင်ခြင်း စတဲ့ ဂိမ်းများကို ဖန်းတီးပါ။

💠Class Blog

ဘလော့ဂ်(Blog) တစ်ခုသည် ကျောင်းသားတွေအတွက် သူတို့သင်ယူခဲ့တဲ့ အကြောင်းအရာတွေကို ဆောင်းပါးပုံစံနဲ့ မျှဝေဖို့ အကောင်းဆုံးနေရာတစ်ခုဖြစ်ပါတယ်။ Blog လုပ်တဲ့အခါမှာ အဖွဲ့လိုက် သို့မဟုတ် တစ်ဦးတည်း လုပ်ဆောင်နိုင်ပါတယ်။ ဒီလို လုပ်ခြင်းအားဖြင့် ကျောင်းသားတွေရဲ့  ကိုယ်တိုင်လေ့လာမှုစွမ်းရည်နဲ့  စူးစမ်းလေ့လာမှုစွမ်းရည်တွေကို တိုးတက်စေနိုင်ဖို့ တွန်းအားပေးတဲ့ ဗျူဟာတစ်ခုပဲဖြစ်ပါတယ်။ ဆရာကိုယ်တိုင်ကလည်း Blog ကို သင်ကြားရေး ပလက်ဖောင်း ( Platform) တစ်ခု အဖြစ် ပြုလုပ်နိုင်ပါတယ်။

💠Essential Remote Teaching Tools (အွန်လိုင်းသင်ကြားရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ toolsများ)

အွန်လိုင်း သင်ကြားရေးကို ရုတ်တရက် ကူးပြောင်းသွားတာကြောင့် ဆရာ၊ ဆရာမ အများအပြားအပြင် ကျောင်းသားတွေက အင်တာနက် သုံးစွဲခွင့်မရတာကအစ အွန်လိုင်း သင်ကြားရေးရဲ့ ကန့်သတ်ချက်တွေကို ကျော်လွှားဖို့ သင့်တော်တဲ့ ကိရိယာတွေကို ရှာဖွေရတဲ့အထိ စိန်ခေါ်မှုအမျိုးမျိုးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါကြောင့် အွန်လိုင်းသင်ကြားမှုတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ toolsတွေကို မျှဝေပေးချင်ပါတယ်။

  1. Remote Teaching Tools 

မိမိအသုံးပြုတဲ့ tools (သို့)platform က ဘယ်လိုအလုပ်လုပ်လဲဆိုတာကို ရင်းနှီးကျွမ်းဝင်နေဖို့ နဲ့ မှန်ကန်တဲ့ toolsကို ရွေးချယ်ရာဖို့က အရမ်းကို အရေးကြီးပါတယ်။ ပိုမိုကောင်းမွန်တဲ့ သင်ကြားရေးပုံစံတစ်ခု ဖြစ်စေဖို့ နဲ့ ဘယ်လောက်အထိအသုံးဝင်သလဲဆိုတာကို သိရှိဖို့ အတွက် toolsတစ်ခုချင်းစီကို ကိုယ်တိုင်လေ့လာပြီး စမ်းသုံးကြည့်သင့်ပါတယ်။ ဒီplatformကို ဘယ်လိုအသုံးပြုရမလဲဆိုတာကို ဆရာ/မက သေသေချာချာ ပြောပြနိုင်မှသာ ကျောင်းသားတွေက မိမိရဲ့ ညွှန်ကြားမှု(instruction)ကို ကောင်းကောင်း လိုက်လုပ်နိုင်မှာဖြစ်ပါတယ်။ 

  1. Online Communication Tools

ထိရောက်တဲ့ ဆက်သွယ်ပြောဆိုမှုဟာ သမားရိုးကျစာသင်ခန်းတွေအပြင် အွန်လိုင်းစာသင်ခန်းတွေမှာပါ အရေးကြီးပါတယ်။ ကျောင်းသား ၂၀ ကျော်ကို အွန်လိုင်းကနေ တစ်ဦးချင်းစီ ဆက်သွယ်ပြောဆိုဖို့ဆိုတာ သံသယဖြစ်စရာ စိန်ခေါ်မှု တစ်ခုပါပဲ။ ဒီစိန်ခေါ်မှုကို ကျော်လွှားနိုင်ဖို့အတွက် online communication toolsတွေက ကူညီပေးနိုင်ပါတယ်။ အဲဒီtoolsတွေမှာဆိုရင် ဗီဒီယိုကွန်ဖရင့်ပြုလုပ်တာ၊ ချက်ခြင်းစာတိုပေးပို့တာ အော်ဒီယိုခေါ်ဆိုမှုတွေလုပ်တာ၊ အွန်လိုင်းဆွေးနွေးခန်း စတာတွေကို  ပြုလုပ်နိုင်ပါတယ်။  ဥပမာ- Zoom, Microsoft Teams, Skype, Google Meet

  1. Digital whiteboards

ဒစ်ဂျစ်တယ်ဝှိုက်ဘုတ်တွေက ကျောင်းသားတွေကို စာသင်ခန်းဝှိုက်ဘုတ်/ ကျောက်သင်ပုန်း အတွေ့အကြုံကို ပေးစွမ်းနိုင်ဖို့ ကူညီပေးပါတယ်။ မတူညီတဲ့ ပုံသဏ္ဍာန်များ(Diagram)၊ ဇယားကွက်များ(Charts)၊ ဂရပ်(Graphs)တွေနဲ့ အခြားအမြင်အာရုံထောက်ကူပြုပစ္စည်းတွေဖြစ်တဲ့ ပိုစတာ၊ ဂရပ်ဖစ် စတာတွေကို ဖန်တီးဖို့အတွက် ဒီtoolအများစုကို ရုပ်ပုံဘဏ်တိုက်တစ်ခုလို အသုံးပြုနိုင်ပါတယ်။

 ဥပမာ- Jamboard, Creatly, Miro, Zoom’s Whiteboard

  1. Work Planning Tools

အွန်လိုင်းကနေ စာသင်တော့မယ်ဆိုရင် အချိန်ဇယားက အရေးကြီးပါတယ်။ Google Calendar နဲ့ Calendly တို့လို အချိန်စီမံခန့်ခွဲမှုနဲ့ အချိန်ဇယားဆွဲတဲ့ အက်ပ်တွေကို အသုံးပြုပြီး-

  • အွန်လိုင်းအတန်းနဲ့ နေ့စဉ်လုပ်ရမဲ့လုပ်ငန်းတွေရေးဆွဲတာ သက်ဆိုင်သူတွေနဲ့မျှဝေတာ။
  • မိဘတွေ ကျောင်းသားတွေနဲ့ တွေဆုံရမဲ့အချိန်သတ်မှတ်တာ (slot ကို double-booking လုပ်တာကနေ ရှောင်ကြဉ်နိုင်ပါတယ်)
  • အွန်လိုင်းပွဲတွေအတွက် မိဘ၊ ကျောင်းသား ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်မျတွေကို  ဖိတ်ကြားခြင်း။ (ဥပမာ webinars)
  • သင်ခန်းစာအစီအစဥ်(Lesson Plan)တွေ ဖန်တီးပြီး ကျောင်းသားတွေ၊ စီမံခန့်ခွဲသူတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ မျှဝေထားခြင်း။။
  1. Social Media Channels

ဆိုရှယ်မီဒီယာတွေက ဆရာတွေ၊ ကျောင်းသားတွေနဲ့ မိဘတွေအကြား အဆက်အသွယ်မပြတ်စေဖို့အတွက် ကောင်းမွန်တဲ့ ပလက်ဖောင်းတစ်ခုဖြစ်ပါတယ်။ Facebook၊ LinkedIn၊ WhatsApp တို့လို ဆိုရှယ်မီဒီယာတွေမှာ သီးသန့်အသိုင်းအဝိုင်းတွေ ဒါမှမဟုတ် Groupတွေကို ဖန်းတီးထားလို့ရပါတယ်။ ဆိုရှယ်မီဒီယာချန်နယ်လ်တွေကိုတော့

  • သင်ခန်းစာတွေနဲ့ သက်ဆိုင်တဲ့ အရေးကြီးအချက်အလက်တွေ၊ ဆွေးနွေးတင်ပြမှုတွေနဲ့ အရင်းအမြစ်တွေကို မျှဝေတာ
  • အမေးအဖြေကဏ္ဍတွေကို လုပ်ဆောင်တာ
  • ကျောင်းသားအချင်းချင်း အပြန်အလှန် ဆက်သွယ်ပြောဆိုမှုရှိစေဖို့နဲ့ စာကျက်နေစဉ် ဒါမဟုတ် အိမ်စာလုပ်နေစဉ် အချင်းချင်း အကူအညီပေးတာ စတာတွေအတွက် အသုံးပြုကြပါတယ်
  1. Document Management Tools

အွန်လိုင်း သင်ကြားနေချိန်မှာ Documentတွေကို စနစ်တကျ သိမ်းဆည်းဖို့၊ စုစည်းဖို့နဲ့ စီမံခန့်ခွဲဖို့ အဓိကနေရာတစ်ခုထားရှိဖို့က အရေးကြီးပါတယ်။ GSuite၊ MS office၊ OneDrive၊ Dropbox နဲ့ Evernote လို toolsတွေက မိမိပိုင်ဆိုင်တဲ့ စာရွက်စာတမ်းတွေကို စနစ်တကျ စီစဉ်ထိန်းသိမ်းပေးနိုင်ပါတယ်။ ကျောင်းသားတွေက ဘယ်စက်ပစ္စည်းနဲ့မဆို သင်ခန်းစာတွေကို ဝင်ရောက်ကြည့်ရှုနိုင်စေတဲ့ စာရွက်စာတမ်းတွေ၊ ဖိုင်တွေ စတာတွေကို cloud တွင် သိမ်းဆည်းထားနိုင်တဲ့ toolsတွေကို ရွေးချယ်အသုံးပြုတာက အကောင်းဆုံးဖြစ်ပါတယ်။

  1. Online Video Tools

YouTube နဲ့ Loom တွေက ကျောင်းသားတွေအတွက် ဖန်တီးတာတဲ့ သင်ခန်းစာဗွီဒီယိုတွေ၊ မှတ်တမ်းတင်ထားတဲ့ ဗွီဒီယိုတွေ  မျှဝေတာအတွက် အကောင်းဆုံးOnline Video Toolsတွေဖြစ်ပါတယ်။ ဒီtoolsတွေမှာ မျှဝေထားခြင်းဖြင့် ကျောင်းသား/သူတွေဟာ နားမလည်တဲ့ မရှင်းလင်းတဲ့ သင်ခန်းစာ ဗီဒီယိုတွေကို အပြန်ပြန်အလှန်လှန်ကြည့်နိုင်တာ၊ မတူညီတဲ့ အခြားဆရာ/ဆရာမတွေရဲ့ အာဘော်တွေကို လေ့လာနိုင်တာနဲ့ ဆရာ/ဆရာမတွေအနဲ့ တူညီတဲ့သင်ခန်းစာတွေအတွက် ဖန်တီးဖို့အချိန်ကုန်သက်သာပြီး တစ်ခြား သင်ကြားမှုအရည်​အသွေး တိုးတက်မှုတွေကို လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

  1. Online Quiz Makers

မိမိက အွန်လိုင်းမှာ သင်ကြားနေတာဖြစ်စေ သမားရိုးကျ စာသင်ခန်းမှာဖြစ်စေ၊ ဉာဏ်စမ်းမေးခွန်းတွေက ကျောင်းသားတစ်ဦးရဲ့ စွမ်းဆောင်ရည်ကို စစ်ဆေးဖို့ အကောင်းဆုံးနည်းလမ်း တစ်ခုဖြစ်ပါတယ်။ အွန်လိုင်း ပဟေဠိ(Quiz) Google Forms, Kahoot, Mentimeter, Quizzes တွေသုံးပြီးဖန်တီးနိုင်ပါတယ်။ 

  1. Online Homework Platforms

အိမ်ကနေ စာသင်တဲ့အခါ အခက်ခဲဆုံးအရာက ကျောင်းသားတွေရဲ့ အိမ်စာတွေကို ခြေရာခံကြည့်ရှုဖို့ပါပဲ။ အိမ်စာတွေက စာစီစာကုံး(Essay)၊ မိန့်ခွန်း(Speech)၊ စာမေးပွဲ(Test) စတဲ့ ပုံစံအမျိုးမျိုးနဲ့ ရောက်လာနိုင်ပါတယ်။ ကျောင်းသားတွေဟာ မတူညီတဲ့ အိမ်စာအမျိုးအစားတွေဖြစ်တဲ့ စာစီစာကုံး(Essay)နဲ့ အခြားရေးသားထားတဲ့ Assignmentတွေကို Google Docs အသုံးပြုတာ၊ နှုတ်နဲ့ဖြေဆိုရတဲ့ Assignmentsတွေအတွက် Zoom၊ Skype နဲ့ အခြားသော ဗီဒီယို ကွန်ဖရင့် အက်ပ်တွေသုံးတာ၊ ဗီဒီယိုနဲ့ တင်ဆက်ပြသမှုတွေအတွက် Loom၊ YouTube၊ Prezi၊ Google Slides သုံးတာ တွေနဲ့ Assignment ဖြန့်ဝေတာ၊ အဆင့်သတ်မှတ်ပြီး ပြန်လည် ပို့ပေးတာတွေအတွက် Google Classroom တွေသုံးနိုင်ပါတယ်။

အွန်လိုင်းသင်ကြားမှုက သင်ကြားသင်ယူမှုပုံစံသစ်တစ်ခုအဖြစ် သတ်မှတ်ထားလို့ရပါတယ်။ COVID-19 ကြောင့် ကမ္ဘာတစ်ဝှမ်းမှာ ကျောင်းတွေပိတ်ရခြင်းနဲ့အတူ အွန်လိုင်းသင်ကြားမှုလုပ်ငန်းစဉ်က အရှိန်အဟုန်နဲ့ တိုးတက်လာခဲ့ပါတယ်။ ကျောင်းသားတွေနဲ့ ဆရာတွေဟာ သင်ခန်းစာတွေ စာပေသင်ကြားပို့ချတာနဲ့ လက်ခံသင်ယူတာတွေအတွက် နည်းလမ်းအသစ်တွေကို စူးစမ်းလေ့လာနေကြမှာဖြစ်တဲ့အတွက်ကြောင့်၊ အခုမျှဝေခဲ့တဲ့ နည်းစနစ်တွေနဲ့ Toolsတွေကို အသုံးချပြီး အသစ်အဆန်းတစ်ခုခု ရှာဖွေဖော်ထုတ်တာအပြင် ပိုမိုထိထိရောက်ရောက် လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်ပါတယ်။

Video Link – https://www.youtube.com/watch?v=t9WnFw0JWxs 

References

https://creately.com/blog/education/online-teaching-methods/

https://creately.com/blog/education/online-teaching-tools/