Types of Community Organizing and (4) Requirements to Analysis

❓Community Organizing ပုံစံဘယ်နှစ်မျိုးရှိသလဲ။

Community organizing ကို ယေဘုယျအားဖြင့် –

  1. Direct Service
  2. Education
  3. People Direct Action
  4. Self Help
  5. Advocacy ဆိုပြီးတော့ (၅) မျိုးခွဲခြားသတ်မှတ်နိုင်ပါတယ်။

🪙Direct Service (တိုက်ရိုက်ထောက်ပံ့ခြင်း)

Direct Service (တိုက်ရိုက်ထောက်ပံ့ခြင်း) ဆိုတာ အစားအသောက်၊ ကျန်းမာရေး စောင့်ရှောက်မှု အစရှိတဲ့ အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ လိုအပ်သူတွေအတွက် အခြေခံဝန်ဆောင်မှုတွေ ထောက်ပံ့ပေးတာ ဖြစ်ပါတယ်။
ဥပမာ (၁) လူငယ်အဖွဲ့အစည်းတစ်ခုက ဆယ်ကျော်သက်တွေအတွက် အပန်းဖြေလှုပ်ရှားမှုတွေကို ပံ့ပိုးပေးပြီး ကုန်ကျစရိတ်တွေ ကာမိစေဖို့ အသင်းဝင်ကြေးကောက်ခံတာမျိုးဖြစ်တယ်။
ဥပမာ (၂) အရပ်ဘက်မှာ အတွေ့များတတ်တဲ့ ကလေးဂေဟာကို လှူဒါန်း‌တဲ့ အဖွဲ့အစည်းတွေလိုမျိုး၊ စစ်ဘေးရှောင်တွေလိုအပ်တဲ့ စားနပ်ရိက္ခာတွေကို ‌တိုက်ရိုက်ထောက်ပံ့တဲ့ပုံစံမျိုးကို ခေါ်ပါတယ်။

🗣️Education (ပညာပေးခြင်း)

Education (ပညာပေးခြင်း) ဆိုတာ ထိခိုက်ခံစားရသူတွေက ပြဿနာကို ပိုမိုနားလည်စေနိုင်ဖို့ အဲဒီပြဿနာအကြောင်း သိအောင်လုပ်ပေးတာမျိုးဖြစ်တယ်။ ပြဿနာပြေလည်ဖို့လိုအပ်နေတဲ့ အကြောင်းအရာ ကို ပေးအပ်တာ မဟုတ်ဘဲ ကိုယ်တိုင်ရရှိအောင် ဘယ်လိုမျိုးလုပ်ယူရမယ်ဆိုတာကို ပညာပေး သင်ကြားပေးတဲ့ ပုံစံမျိုးဖြစ်ပါတယ်။

ဥပမာ (၁) လူငယ်အုပ်စုတစ်စုက လူငယ်တွေအတွက် လှုပ်ရှားမှု (activities) တွေမရှိတဲ့အကြောင်း ဆယ်ကျော်သက်တွေကို စစ်တမ်းကောက်လိုက်တယ်။ အဲဒီပြဿနာကို အခြားဆယ်ကျော်သက်တွေနဲ့ မိဘတွေသိစေဖို့ ဆောင်းပါးတစ်ပုဒ်အနေနဲ့ သတင်းစာထဲမှာ ထည့်လိုက်တယ်။ ဆောင်းပါးမှာဆိုရင် သူတို့ရဲ့ အသိုင်းအဝိုင်းမှာလုပ်ဆောင်နေတဲ့ ဆယ်ကျော်သက်လှုပ်ရှားမှုအကြောင်း အနည်းငယ်ကိုဖော်ပြထားတဲ့ အရင်းအမြစ်တွေကိုလည်း ထည့်သွင်းပေးထားလိုက်တယ်။

ဥပမာ (၂) ဆန်စပါးလိုအပ်နေတဲ့ နေရာကို ‌ဆန်စပါးလှူဒါန်းတာမျိုးမဟုတ်ဘဲ ဆန်စိုက်ပျိုးရေး နည်းပညာ သင်ကြားပေးခြင်းမျိုးဖြစ်တယ်။

🤷People Direct Action (လူထုကိုတိုက်ရိုက်ပါဝင်စေခြင်း)

People Direct Action (လူထုကိုတိုက်ရိုက်ပါဝင်စေခြင်း) ဆိုတာ တစ်ဦးတစ်ယောက် သို့မဟုတ် တစ်‌ဖွဲ့ကဦးဆောင်ပြီး မိမိရဲ့ Community မှာဖြစ်နေတဲ့ အရာတွေကို community မှာရှိတဲ့ လူထုရှေ့ကနေ ဦးစီးဦးဆောင်လုပ်ပြီး လူထုကိုစည်းရုံးတဲ့ ပုံစံမျိုးပါ။ လူတွေရဲ့ ပူးပေါင်းစွမ်းအားကို အသုံးပြုပြီး လူမှုဘဝ တိုးတက်မှုအတွက် လုပ်ဆောင်ဖို့နဲ့ သက်ဆိုင်ရာ တာဝန်ရှိသူအဆင့်ဆင့်ကို လိုအပ်ချက်တွေ တောင်း ဆိုနိုင်ဖို့ လူတွေကို စုရုံးပြီး ဆောင်ရွက်တာမျိုးဖြစ်ပါတယ်။

ဥပမာ (၁) လူတစ်ယောက်က ရွာနှစ်ရွာကူးလူးဖို့ခက်နေတဲ့လမ်းမှာ ပိတ်ဆို့နေတဲ့ ကျောက်တုံးတွေ ဖယ်ရှင်းဖို့ကြိုးစားရာကနေ ဘေးလူတွေကပါ ပူးပေါင်းပါဝင်လုပ်ဆောင်ပေးလာတာမျိုးပါ။

ဥပမာ (၂) မိမိတို့ရပ်ရွာက ကျောင်းမှာ စာသင်ဖို့ ဆရာအင်အားမလုံလောက်တဲ့အခါ သက်ဆိုင်ရာ တာဝန်ရှိသူအဆင့်ဆင့်ကို ဆရာအင်အားထပ်ဖြည့်ပေးဖို့ ရပ်ရွာလူထုက တောင်းဆိုတာမျိုးဖြစ်ပါတယ်။

🧑‍🔧Self Help (ကိုယ်ထူကိုယ်ထ ကူညီခြင်း)

Self Help(ကိုယ်ထူကိုယ်ထအကျိုးတူ) ဆိုတာ ယခုလူငယ်တွေကြားမှာ ခေတ်စားနေတဲ့ အတိုင်းပါဘဲ၊ ကျွန်တော်တို့တတ်ထားတဲ့ ပညာလေးနဲ့ community ကိုအကျိုးပြုတဲ့ပုံစံမျိုးပါ။ ပြဿနာတစ်ခုကြောင့် ထိခိုက်ခံစားရသူတွေကလည်း အချင်းချင်းကူညီဖို့ တစ်ခုခု ပြုလုပ်လေ့ရှိကြပါတယ်။

ဥပမာ (၁) ဆယ်ကျော်သက်တွေက အက၊ ပျော်ပွဲရွှင်ပွဲ၊ အားကစားပွဲတွေလိုမျိုး အပတ်စဉ် သို့မဟုတ် လစဉ် လှုပ်ရှားမှုတွေကို စီစဉ်ဆောင်ရွက်ပေးတာမျိူးဖြစ်ပါတယ်။

ဥပမာ (၂) ရပ်ရွာမှာ မိမိတတ်ထားတဲ့ ဟင်းချက်ပညာ၊ လက်သမားပညာ၊ စိုက်ပျိုးရေးပညာတွေကို ရပ်ရွာလူထုကို သင်ကြားပေးပြီး ကူညီပေးတာမျိုးဖြစ်ပါတယ်။

🧑‍🎤Advocacy (လူထုကိုယ်တိုင်ပါဝင်ခြင်း)

Advocacy (လူထုကိုယ်တိုင်ပါဝင်ခြင်း) ဆိုတာ ကိုယ့် Community မှာရှိတဲ့ လူတွေကို Community Development ဖြစ်စေဖို့၊ လုပ်ငန်းတွေမှာ ပါ‌ဝင်လာစေဖို့ လူတစ်စု‌သော်လည်းကောင်း၊ အဖွဲ့အစည်း တစ်ခုကသော်လည်းကောင်း စည်းရုံးလှုံ့ဆော်တဲ့ပုံစံပါ။ ဖြစ်နေတဲ့ ပြဿနာတစ်ခုကို ဖြေရှင်းဖို့အတွက် ထိခိုက်ခံစားရသူတွေ ကိုယ်စားပြောပေးတာမျိုး တောင်းဆိုပေးတာမျိုးတွေလည်း ပါပါတယ်။

ဥပမာ (၁) ရွာထိပ်က အမှိုက်ပုံကနေ ဝမ်းရောဂါမဖြစ်စေဖို့အတွက် အကုန်လုံးဝိုင်းဝန်းရှင်းလင်းကြဖို့ တိုက်တွန်းတဲ့ပုံစံမျိုးဖြစ်ပါတယ်။

ဥပမာ (၂) ကျောင်းပြီးသွားတဲ့ လူငယ်တွေ လှုပ်ရှားမှု (Activities) တွေလုပ်ဆောင်တဲ့အခါမှာ သက်ဆိုင်ရာတာဝန်ရှိသူတွေက ငွေကြေးထောက်ပံ့သင့်တယ်ဆိုတာကို လူငယ်တွေကိုယ်စား ရပ်မိရပ်ဖတွေ စုပေါင်းပြီး တောင်းဆိုပေးတာမျိုးဖြစ်ပါတယ်။

(4) Requirements to Analysis

ဒါဆိုရင်တော့ Analysis (ခွဲခြမ်းစိတ်ဖြာခြင်း) ကောင်းမွန်အောင်ဘယ်လိုလုပ်ကြမလဲ လေ့လာကြရအောင်။ 🧐

Community organizing ပိုကောင်းအောင် အချက်အလက်တွေကို Analysis (ခွဲခြမ်းစိတ်ဖြာခြင်း) နိုင်ဖို့ ယေဘုယျအားဖြင့် အချက် (၄) ချက် ရှိပါတယ်။

  1. Data
  2. Information
  3. Experience
  4. Understand the effect

📌 Data (အချက်အလက်)

ဘယ်အရာပဲလုပ်လုပ် Data အချက်အလက်ဆိုတာ အရေးကြီးပါတယ်။ အချက်အလက်မရှိတာဟာ မျက်လုံးကန်းနေတဲ့ အတိုင်းပါပဲ။ ဒါကြောင့် Analysis‌ ကောင်းဖို့ဆိုရင် Data တွေကို ဂရုပြုရပါမယ်။ ဥပမာ – ကျေးရွာတစ်ရွာမှာ ကျောင်းတက်လူငယ်တွေ ၃၀% ကသာ အထက်တန်းအပြီးအထိ သွားနိုင်ကြောင်း စာရင်းအချက်အလက်များ။ ဒီအချက်အလက်ကို အသုံးပြုပြီး ကျောင်းမတက်နိုင်တဲ့ အကြောင်းရင်းကို ရှာဖွေရာမှာ အသုံးချနိုင်ပါတယ်။

📌 Information (သတင်းမှတ်တမ်း)

Analysis အားကောင်းဖို့ Information (သတင်းမှတ်တမ်း) တွေကိုလည်း လေ့လာရပါမယ်။ သတင်း‌ အကြောင်းအရာတွေကို သိမှသာလျင် ဘာတွေတွေ့ကြုံရမယ်ဆိုတာကို နားလည်ပြီး ကြိုတင်စဉ်းစားလို့ရမှာပါ။ ဥပမာ – အထက်တန်းမတက်နိုင်တဲ့ လူငယ်တွေထဲမှာ ၆၀% ဟာ မိဘတွေရဲ့ စီးပွားရေးအခက်အခဲကြောင့် စာသင်ကြားမှုရပ်တန့်ရသည်ဆိုတဲ့အချက်အလက်အလက်။ ဒီသတင်းအချက်အလက်ကို အသုံးပြုပြီး မိဘတွေရဲ့ စီးပွားရေးတိုးတက်မှုလုပ်ငန်းများပြုလုပ်နိုင်မလားစဉ်းစားနိုင်ပါတယ်။

📌 Experience (အတွေ့အကြုံ)

ဘယ်နေရာမှာမဆို Experience ဆိုတာ ရှိနေဖို့လိုပါတယ်။ အတွေ့အကြုံမရှိရင် လုပ်ကိုင်ရာမှာ နည်းလမ်းမကျတတ်ပါဘူး။ ဒါကြောင့် Analysis လုပ်ဖို့ဆိုရင် အတွေ့အကြုံမရှိရင်တောင် ၎င်းနယ်ပယ်မှာ အတွေ့အကြုံရှိတဲ့သူဆီက အကြံအဉာဏ်ယူသင့်ပါတယ်။ ဥပမာ – အထက်မှာဖော်ပြခဲ့တဲ့ ဥပမာတွေအတိုင်းအချက်အလက်တွေတော့ ရရှိခဲ့တယ်။ ဒီအချက်အလက်တွေကို ဘယ်လိုအသုံးပြုရမလဲ။ ဘယ်လိုကောက်ချက်ချရမလဲဆိုတာကို သိဖို့လည်း အတွေ့အကြုံလိုအပ်ပါတယ်။

📌 Understand the effect (သက်ရောက်မှု‌အပေါ်နားလည်ခြင်း)

ဘယ်အရာမဆို သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှုဆိုတာ ရှိပါတယ်။ ဒါကြောင့် မိမိတို့ လုပ်လိုက်တဲ့ အလုပ်က ဘယ်လိုမျိုးသက်ရောက်မှုနဲ့ အကျိုးကျေးဇူးတွေ ရှိမလဲဆိုတာကို နားလည် လေ့လာသုံးသပ်ရပါမယ်။ ဒါကြောင့် analysis ကောင်းမွန်ဖို့ Understand the effect (သက်ရောက်မှု‌အပေါ်နားလည်ခြင်း) ကိုလည်း သိရှိဖို့လိုပါတယ်။ – ရရှိလာတဲ့ အချက်အလက်တွေပေါ်ကနေ ဘယ်လိုသက်ရောက်မှုရှိလဲ၊ ဘာတွေပြုပြင်ပြောင်းလဲဖို့လိုမလဲဆိုတာလည်း နားလည်ဖို့လိုအပ်ပါတယ်။ ဥပမာ မိဘတွေပညာရေးအလေးမထားခြင်းကြောင့် သားသမီးတွေရဲ့ အနာဂတ်အလုပ်အကိုင်အခွင့်အလမ်းများ အဆင့်အနိမ့်ဖြစ်လာကြောင်း နားလည်ဖို့လိုအပ်ပါတယ်။ ဒီသက်ရောက်မှုကို သေချာနားလည်လျှင် မိဘတွေကို ပညာရေးအရေးကြီးမှု နားလည်စေဖို့ဆောင်ရွက်နိုင်ပါတယ်။