အေးချမ်းစွာယှဉ်တွဲနေထိုင်ခြင်းကိုအတားအဆီးဖြစ်စေသော အကြမ်းဖက်မှုများ😈

အကြမ်းဖက်မှုများနှင့်ပတ်သက်ပြီး လေ့လာရာမှာ သုတေသနပညာရှင် ဂျွန်ဂါလ်တန်ရဲ့ ပြုစုချက် များအပေါ်မှာ အခြေခံထားတဲ့ အကြမ်းဖက်မှုပုံစံများကို လေ့လာသိရှိသင့်ပါတယ်။ ၎င်းရဲ့ ပြုစုချက်များကတော့ တိုက်ရိုက်အကြမ်းဖက်မှု၊ လူ့ဘောင် အသိုင်းအဝိုင်း ဖွဲ့စည်းမှုပုံစံရဲ့ အားနည်းချက်ကြောင့် ဖြစ်ပေါ်လာတဲ့ အကြမ်းဖက်မှုနှင့် ယဉ်ကျေးမှုဆိုင်ရာ အကြမ်းဖက်မှုများအကြောင်းကို အောက်မှာ ဖော်ပြထားပါတယ်။

တိုက်ရိုက်အကြမ်းဖက်မှု(Direct Violence)

တိုက်ရိုက်အကြမ်းဖက်မှုဆိုတာကတော့ တစ်စုံတစ်ဦး (သို့မဟုတ်) တစ်စုံတစ်ခုအပေါ်တွင် ရုပ်ပိုင်းဆိုင် ရာအကြမ်းဖက်ခြင်းကို ဆိုလိုပါတယ်။ ဥပမာအားဖြင့် လူများကိုရိုက်နှက် ပစ်ခတ်ခြင်း၊ ပိုင်ဆိုင်မှုများကို ဖျက်ဆီးခြင်းများ ဖြစ်ပါတယ်။ အဆိုပါ အကြမ်းဖက်မှုပုံစံက မြင်သာပြီး တွေ့မြင်ရလွယ်တဲ့ ပုံစံဖြစ်ပါတယ်။ တိုက်ရိုက်အကြမ်းဖက်မှုများ ဖြစ်ပွါးရင် လူတို့အနေနဲ့ ဘယ်သူက ဘယ်သူ့ကို ရန်ပြုနေတယ် ဆိုတာကို တွေ့မြင်နိုင်ပါတယ်။ ဒါကြောင့် တိုက်ရိုက်အကြမ်းဖက်မှုများကတော့ တခြားအကြမ်းဖက်မှုပုံစံ နှစ်မျိုးနဲ့ မတူဘဲ ကျူးလွန်သူနှင့် ကျူးလွန်ခံရသူတို့အကြား ဆက်နွယ်မှုနေတယ်ဆိုတာကို ယေဘုယျအားဖြင့် ပေါ်လွင်နေပါတယ်။

လူ့ဘောင်အသိုင်းအဝိုင်းဖွဲ့စည်းမှုပုံစံ၏ အားနည်းချက်ကြောင့်ဖြစ်ပေါ်လာသောအကြမ်းဖက်မှု (Structural Violence)

လူ့ဘောင်အသိုင်းအဝိုင်းဖွဲ့စည်းမှုပုံစံရဲ့ အားနည်းချက်ကြောင့် ဖြစ်ပေါ်လာတဲ့ အကြမ်းဖက်မှုက သွယ်ဝိုက်တဲ့ပုံစံနဲ့ အကြမ်းဖက်မှုဖြစ်ပါတယ်။ လူတွေမှာ လူမှုရေးနောက်ခံ အခြေအနေအမျိုးမျိုးရှိ ကြပါတယ်။ အဲ့ဒီ အခြေအနေအမျိုးမျိုးတို့က ကျား-မ ကွဲပြားမှု၊ တိုင်းရင်းသား၊ လူမျိုး၊ ကိုးကွယ်တဲ့ ဘာသာ၊ နိုင်ငံသား၊ လူမှုစီးပွားအဆင့်အတန်း၊ နိုင်ငံရေးအတွေးအခေါ်၊ မွေးဖွားရာဒေသ နဲ့ တခြားသော ဓလေ့စရိုက်များ၊ အလေ့အကျင့်များနှင့် အယူအဆကွဲပြားမှုများ ဖြစ်ပါတယ်။

ကွဲပြားမှုများအပေါ် အခြေခံပြီး အရင်းမြစ်များ၊ အခွင့်အလမ်းများ ရယူသုံးစွဲမှုကို မရရှိအောင်ဖယ်ထုတ်ပြီး ခွဲခြားဆက်ဆံထားကာ လူတွေကို အန္တရာယ် ဖြစ်စေနိုင်တဲ့ လူ့ဘောင်အသိုင်းအဝိုင်း ဖွဲ့စည်းမှုပုံစံရဲ့ အားနည်းချက်အပေါ် ဖြစ်လာတဲ့ အကြမ်းဖက်မှု ဖြစ်ပါတယ်။ အဲ့ဒီ အကြမ်းဖက်မှု ဥပမာများက စီးပွားရေးခေါင်းပုံဖြတ်မှု (အလုပ်များများခိုင်းပြီး လုပ်ခလစာနည်းပါးစွာပေးခြင်း) နှင့်ကိုလိုနီစနစ်၊ ကျွန်စနစ်၊ လူမျိုးရေး ခွဲခြားမှုစနစ်များမှာ  ကြုံတွေ့ရတတ်တဲ့ နိုင်ငံရေး ဖိနှိပ်ချုပ်ချယ်မှု တို့ဖြစ်ပါတယ်။

အဆိုပါအကြမ်းဖက်မှုပုံစံများက လူမှုရေးအရ လွှမ်းမိုးမှုရှိနေသူများ ကိုယ်တိုင်က သူတို့ကြောင့် တခြားသူတွေ ထိခိုက် ခံစားနေကြရတာကို သတိမပြုမိကြပါဘူး။ ဒါကြောင့် လူ့ဘောင်အသိုင်းအဝိုင်း ဖွဲ့စည်းမှုပုံစံရဲ့ အားနည်းချက်ကြောင့် ဖြစ်ပေါ်လာတဲ့ အကြမ်း ဖက်မှုများက ကျူးလွန်သူနှင့် ကျူးလွန်ခံရသူဆိုပြီး အလွယ်တကူ ဖော်ထုတ်သတ်မှတ်ဖို့ ခက်ခဲတတ်ပါတယ်။ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးစနစ်များ မျှတမှုမရှိခြင်း၊ ခေါင်းပုံဖြတ် အမြတ်ထုတ်ခြင်းတို့ကြောင့် စိတ်ပိုင်းဆိုင်ရာ နဲ့ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားမှုများ  ဖြစ်ပေါ်လာရခြင်းကိုလည်း လူ့ဘောင်အသိုင်းအဝိုင်း ဖွဲ့စည်းမှုပုံစံရဲ့ အားနည်းချက်ကြောင့် အကြမ်းဖက်မှု အမျိုးအစားတစ်ခုအဖြစ်  ထည့်သွင်းထားပါတယ်။ အဲ့လို အကြမ်းဖက်မှုများက သိမ်မွေ့လွန်းပြီး မြင်တွေ့သိရှိရန်ခက်ခဲပါတယ်။

စာမဖတ်တတ်တာကြောင့် အစိုးရကပေး​တဲ့ အထောက်အပံ့များကို ရယူနိုင်မယ့် လျှောက်လွှာကို မဖြည့်နိုင်ခြင်း၊ ဆင်းရဲ-ချမ်းသာ ကွာခြားသဖြင့် ရောဂါရှာဖွေကုသနိုင်မှု အခြေအနေကွာခြားခြင်း အစရှိတဲ့ အခြေအနေများကို လူ့ဘောင် အသိုင်းအဝိုင်းဖွဲ့စည်းမှုပုံစံရဲ့ အားနည်းချက်ကြောင့် ဖြစ်ပေါ်လာတဲ့ အကြမ်းဖက်မှုများအဖြစ် သတ်မှတ်ကြပါတယ်။ လူမှုဖူလုံရေး၊ ကျန်းမာရေး၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး စတဲ့ နိုင်ငံတွင်းရှိ အဖွဲ့အစည်းများရဲ့ ဖွဲ့စည်းမှုစနစ်နဲ့ စွမ်းဆောင်ရည်များ ကောင်းမွန်ရင် မိခင်များနှင့်တကွ မွေးစ ကလေးသေဆုံးနှုန်းများမှာ လျော့ကျမှာ ဖြစ်ပါတယ်။ ဒါကြောင့် မွေးစကလေး သေဆုံးနှုန်းမြင့်မားခြင်းကို လည်း လူ့ဘောင် အသိုင်းအဝိုင်းဖွဲ့စည်းမှုပုံစံရဲ့ အားနည်းချက်ကြောင့် ဖြစ်ပေါ်လာတဲ့ အကြမ်းဖက်မှုအဖြစ် ထည့်သွင်းပြောဆိုကြပါတယ်။

ယဉ်ကျေးမှုဆိုင်ရာအကြမ်းဖက်မှု(Cultural Violence)

ယဉ်ကျေးမှုဆိုင်ရာအကြမ်းဖက်မှုများမှာ ယဉ်ကျေးမှုဆိုင်ရာ လွှမ်းမိုးမှုများ ရှိနေတတ်ပါတယ်။ အဲ့ဒီ အကြမ်းဖက်မှုများက အများအားဖြင့် တခြားသူများကို ထိခိုက်မှုဖြစ်စေရန် တက် ကြွစွာအားပေးခြင်း၊ တခြားသူများရဲ့ ထိခိုက်မှုအတွက် မိမိတို့မှာ အပြစ်မရှိဘူးလို့ ထင်မြင်လာအောင် တွန်းအားပေးခြင်းတို့ ပါဝင်နေတတ်ပါတယ်။ ဥပမာအားဖြင့် ကျား-မ အခြေပြု ခွဲခြားဆက်ဆံမှု ပုံစံတစ်မျိုးဖြစ်တဲ့ မိန်းကလေးငယ်များရဲ့ လိင်အင်္ဂါကို ဖျက်ဆီးခြင်း၊ သမိုင်းတစ်လျှောက်မှာ ရန်ဘက်ဖြစ်ခဲ့ဖူးသူများကို ခွဲခြားဆက်ဆံတဲ့ အစဉ် အလာအလေ့အထများကို ကျင့်သုံးခြင်း စသည်တို့က ယဉ်ကျေးမှုဆိုင်ရာ အကြမ်းဖက်မှုပုံစံများ ဖြစ်ပါတယ်။

ယဉ်ကျေးမှုဆိုင်ရာ အကြမ်းဖက်မှုများကို ကျူးလွန်သူများက ယဉ်ကျေးမှုပုံစံများ အမြစ်တွယ်နေတဲ့ အတွေးအခေါ်များ၊ ခံစားချက်များရှိနေတတ်ပါတယ်။ အဲ့ဒီ အတွေးအခေါ်များနဲ့ ခံစားချက်များက သူတို့ရဲ့ အပြုအမူများကို ထိန်းကျောင်းလွှမ်းမိုးနေပါတယ်။ ဒီအချက်ကို ကျူးလွန်သူများ ကိုယ်တိုင် သတိမပြုမိကြပါဘူး။ ဒါကြောင့် ယဉ်ကျေးမှုဆိုင်ရာ အကြမ်းဖက်မှုများကို အလေ့အကျင့်အနေနဲ့ ကျူးလွန်မိသူများက အဲ့ဒီအပြစ်တွေကို ကျူးလွန်နေသည်ကိုလည်းကောင်း၊ တခြားသူများကို ထိခိုက်နစ်နာမှု ဖြစ်စေသည်ကိုလည်းကောင်း ဂရုစိုက်သတိမူမိခြင်း မရှိကြတော့ပါဘူး။ တစ်နည်းအားဖြင့် တိုက်ရိုက်အကြမ်းဖက်မှုနဲ့ လူ့ဘောင်အသိုင်းအဝိုင်းဖွဲ့စည်းမှုပုံစံရဲ့ အားနည်းချက်ကြောင့် ဖြစ်ပေါ်လာသော အကြမ်းဖက်မှုများကို သင့်လျော်တယ်၊ မျှတတယ်လို့ မြင်လာစေနိုင်တဲ့ ယဉ်ကျေးမှုဆိုင်ရာ အယူအဆများကို ယဉ်ကျေးမှုဆိုင်ရာအကြမ်းဖက်မှုများလို့ ခေါ်ဆိုနိုင်ပါတယ်။

လူတွေက ကျား-မ၊ ဆင်းရဲ-ချမ်းသာ၊ လူမျိုး၊ ဘာသာ၊ နိုင်ငံသား စတဲ့ အခြေအနေများပေါ် မူတည်ပြီး ဘဝင်စိတ်၊ သိမ်ငယ်စိတ်များ ဖြစ်ဖြစ်လာအောင် ငယ်ငယ်ကတည်းက မိဘ၊ ဆရာသမား၊ ဆွေမျိုးတွေဆီကနေ အကြိမ်ကြိမ်အထပ်ထပ်ကြား သိရ၊ ကြားရနေတာကြောင့် မသိလိုက်မသိဘာသာ သင်ကြားခံခဲ့ကြရပါတယ်။ အဲ့မှတစ်ဆင့် ကိုယ့်ကိုကိုဖြစ်စေ၊ တခြားသူကိုဖြစ် ဘယ်လို ယူဆသတ်မှတ်ရမယ်ဆိုတာကို ပုံစံသွင်းခံခဲ့ကြရပါတယ်။ ဒါကြောင့် ငယ်စဉ်ဘဝကတည်းက လက်ခံနားလည်ထားတဲ့ အရာများအပေါ် ဒါကြောင့်ဖြစ်နိုင်တယ်၊ ဒီအတိုင်းဖြစ်ရမယ်လို့ ယုံကြည်ထားကြပါတယ်။ ဥပမာအားဖြင့် လူအချို့က အဖွဲ့အစည်းအတွင်းထဲက ယောကျ်ားလေးကို ပိုမိုမြင့်မြတ်တယ်လို့ ယူဆတာကြောင့် မိန်းကလေးကိုယ်ဝန်ကို လွယ်ထားရတဲ့အခါ ကိုယ်ဝန်ဖျက်ချဖို့ ကြိုးစားခြင်း၊ မိန်းကလေးမွေးဖွားလာတဲ့အခါ စွန့်ပစ်ခြင်းမျိုးဖြစ်ကြပါတယ်။

ပတ်ဝန်းကျင်အသိုင်းအဝိုင်းရဲ့ အမြင်အရလည်းကောင်း၊ ယဉ်ကျေးမှုထုံးစံ များအရလည်းကောင်း မသင့်လျော်ဘူးလို့ ယူဆရင် မိန်းကလေးများ၊ အမျိုးသမီးများကို မိဘဆွေမျိုးအသိုင်းအဝိုင်းက ရိုက်နှက် ဆုံးမအပြစ်ပေးခြင်း၊ ခဲနှင့်ပေါက်သတ်ခြင်းများလည်း ရှိခဲ့ပါတယ်။ လူမျိုး၊ ဘာသာ၊ ဆင်းရဲ-ချမ်းသာ အစရှိတဲ့ ကွဲပြားမှုများနှင့် ပတ်သက်ရင်လည်း ခွဲခြားဆက်ဆံရမယ်၊ မိမိတို့နှင့်  မတူမတန်ဘူးဆိုတဲ့ အမြင်များကို ငယ်စဉ်ကတည်းက အရိုးစွဲလာကြတာကြောင့် ခွဲခြားတဲ့ အမြင်များ၊ ခွဲခြားတဲ့ အပြုအမူများကို သာမန် လုပ်ရိုးလုပ်စဉ်တစ်ခုအနေနဲ့သာ ယူဆလာကြပါတယ်။ ယဉ်ကျေးမှုဆိုင်ရာ အကြမ်းဖက်မှုများက အဆိုပါအနေအထားတွေကို ဆိုလိုခြင်းဖြစ်ပါတယ်။  

အကြမ်းဖက်မှုပုံစံသုံးမျိုး၏ဆက်စပ်မှု

ယဉ်ကျေးမှုဆိုသည်မှာ လူတို့ရဲ့ သဏ္ဍာန်အတွင်းမှာရှိတဲ့ အရာတွေဖြစ်ပြီး အတွေးအခေါ်၊ ခံစားချက်၊ အပြုအမူများကို ဝေမျှကြတဲ့ပုံစံ ဖြစ်ပါတယ်။ ယဉ်ကျေးမှုကို အလေ့အထများ၊ သင်္ကေတများ၊ သမိုင်းကြောင်းပုံပြင်များမှ တစ်ဆင့် လက်ဆင့်ကမ်း ဝေမျှကြပါတယ်။ ယဉ်ကျေးမှုက လူတွေကို နေထိုင်ရာ ကမ္ဘာကြီးအကြောင်း သိရှိဖို့နှင့် လူမှုအတွေ့အကြုံတွေကို အဓိပ္ပါယ်ဖွင့်ဆိုနိုင်ရန်အတွက် အသုံးပြုတဲ့ မျက်မှန်လို့လည်း ဆိုနိုင်ပါတယ်။

အကြမ်းဖက်မှု ပုံစံသုံးမျိုးကြားရှိတဲ့ ဆက်စပ်မှုများကို နားလည်နိုင်မယ့် အလွယ်ဆုံးနည်းလမ်းကတော့ တြိဂံပုံစံနဲ့ ကြည့်ခြင်းဖြစ်ပါတယ်။ ပုံမှာ တြိဂံရဲ့ ထိပ်ဆုံးအပိုင်းက တိုက်ရိုက်အကြမ်းဖက်မှုကို ဖော်ပြပါတယ်။ အောက်ဖက်ထောင့်နှစ်ခုက လူ့ဘောင် အသိုင်းအဝိုင်းဖွဲ့စည်းမှုပုံစံရဲ့ အားနည်းချက်ကြောင့် ဖြစ်ပေါ်လာတဲ့ အကြမ်းဖက်မှုနှင့်  ယဉ်ကျေးမှုဆိုင်ရာ အကြမ်းဖက်မှုတို့ကို အသီးသီးဖော်ပြနေပါတယ်။ အလျားလိုက်ရှိနေတဲ့ လှိုင်းလုံးက တြိဂံရဲ့ ပေါ်ပိုင်းနှင့်အောက်ပိုင်းကို ပိုင်းခြားထားပြီး အပေါ်မှာရှိတဲ့ တိုက်ရိုက် အကြမ်းဖက်မှုက အောက်ခြေမှာရှိတဲ့ လူ့ဘောင် အသိုင်းအဝိုင်းဖွဲ့စည်းမှုပုံစံရဲ့ အားနည်းချက်ကြောင့် ဖြစ်ပေါ်လာ​တဲ့ အကြမ်းဖက်မှု နဲ့ ယဉ်ကျေးမှုဆိုင်ရာ အကြမ်းဖက်မှုတွေထက် ပိုမိုမြင်သာကြောင်းကို ဖော်ပြနေပါတယ်။

လူအချင်းချင်း ခွဲခြားဆက်ဆံခြင်းများ၊ ခေါင်းပုံဖြတ် အမြတ်ထုတ်ခြင်းများ ဖြစ်လာအောင် ရေရှည်အနေအထားတခုအဖြစ်ရှိနေပြီး နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေတဲ့  လူ့ဘောင် အသိုင်းအဝိုင်းဖွဲ့စည်းမှုပုံစံရဲ့ အားနည်းချက်ကြောင့် ဖြစ်ပေါ်လာ​တဲ့ အကြမ်းဖက်မှုနှင့် ယဉ်ကျေးမှုဆိုင်ရာ အကြမ်းဖက်မှုများက ဖန်တီးထားပါတယ်။ အဲ့ဒီအခြေအနေများမှာ လူတွေက စိတ်ရှုပ်ထွေးမှုတွေနဲ့ ဒေါသများကို တိုက်ရိုက်အကြမ်းဖက်မှုနည်းနဲ့အတူ ဖော်ပြကြပါတယ်။ အခုလို အကြောင်း-အကျိုး ဆက်စပ်မှုကိုလေ့လာခြင်းက လူ့ဘောင် အသိုင်းအဝိုင်း ဖွဲ့စည်းမှုပုံစံရဲ့ အားနည်းချက်ကြောင့် ဖြစ်ပေါ်လာတဲ့ အကြမ်းဖက်မှုနှင့် ယဉ်ကျေးမှုဆိုင်ရာ အကြမ်းဖက်မှုတွေကို လျှော့ချပြီး တိုက်ရိုက်အကြမ်းဖက်မှုများကိုလည်း လျှော့ချနိုင်မယ့် အချက်ဖြစ်ပါတယ်။ ဒါကြောင့် အကြမ်းဖက်မှု တြိဂံရှုထောင့်က ကြည့်ရင် ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်မှုကို ပုံဖော်ခြင်းက ရုပ်ပိုင်းဆိုင်ရာ တိုက်ရိုက် အကြမ်းဖက်မှုများကို ပပျောက်သွားအောင် လုပ်ဆောင်ရုံမျှသာမက အကြမ်းဖက်မှု ပုံစံသုံးမျိုးစလုံးကို ကျော်လွှားနိုင်အောင် လုပ်ဆောင်ရမယ့် ရေရှည်လုပ်ငန်းစဉ် ဖြစ်ပါတယ်။ လက်တွေ့အနေနဲ့ လူတိုင်းကိုလေးစားမှုရှိတဲ့ ယဉ်ကျေးမှု၊ ရင်းမြစ်များနဲ့ အခွင့်အလမ်းတွေကို တန်းတူညီမျှ ရရှိနိုင်ပြီး ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်နိုင်မယ့် စနစ်ကို ထူထောင်ကြရမှာဖြစ်ပါတယ်။