ပံ့ပိုးကူညီခြင်း (Facilitation) ဆိုတာဘာလဲ။
ပံ့ပိုးကူညီခြင်းဆိုတာ အဖွဲ့တစ်ခုကို ရည်မှန်းချက်ပန်းတိုင်တစ်ခု ရောက်ရှိဖို့အတွက် ကူညီလမ်းညွှန်ပေးခြင်းပဲ ဖြစ်ပါတယ်။ ပံ့ပိုးကူညီခြင်းက ၊ ဆွေးနွေးပွဲတွေ၊ သင်တန်းတွေ၊ လေ့လာသင်ယူခြင်းလုပ်ငန်းတွေမှာ ပါဝင်သူများအချင်းချင်း အပြန်အလှန်ဆက်သွယ်ပြီး တက်ကြွစွာ ပါဝင်ဆောင်ရွက်နိုင်ဖို့၊ လေ့လာသင်ယူမှု လွယ်ကူ အဆင်ပြေစေဖို့ ကောင်းမွန်တဲ့ သင်ယူမှုဝန်းကျင်တစ်ခု တည်ဆောက်ပြီး ထိရောက်တဲ့ နည်းလမ်းတွေ သုံးကာ ပံ့ပိုးပေးခြင်း၊ လမ်းညွှန်ပေးခြင်း ဖြစ်စဉ်ပဲဖြစ်ပါတယ်။
ကောင်းမွန်သောကူညီပံ့ပိုးသူတစ်ဦးဖြစ်ဖို့ ဘာတွေလုပ်ဆောင်ရမလဲ
➡️မိမိ ပံ့ပိုးကူညီရမယ့် အကြောင်းအရင်း၊ ရည်ရွယ်ချက်နဲ့ ဘယ်အကြောင်းအရာအတွက် ပံ့ပိုးကူညီရမလဲ ဆိုတာကို ဦးစွာသိအောင်ပြုလုပ်ပြီး ကြိုတင်ပြင်ဆင်ပါ။ ဥပမာ – မိမိပံ့ပိုးကူညီရမှာက အမှိုက်ကို စနစ်တကျ ဘယ်လိုပစ်မလဲဆိုတာနဲ့ပတ်သက်တဲ့ ဟောပြောပွဲတစ်ခုဆိုရင် ဟောပြောပွဲလုပ်ရတဲ့အကြောင်းအရင်း၊ ရည်ရွယ် ချက်နဲ့ ဘယ်လိုအကြောင်းအရာတွေကို ပေးရမလဲဆိုတာ သေချာအောင် အရင်လုပ်ပါ။
➡️ပံ့ပိုးကူညီတဲ့အခါ မတူကွဲပြားမှုတွေ၊ မိမိမျှော်လင့်မထားတဲ့အခြေအနေတွေ၊ အစီအစဉ်အပြောင်းအလဲရှိမှု တွေ ကြုံတွေ့နိုင်တဲ့အတွက် လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲတတ်ဖို့လိုအပ်ပါလိမ့်မယ်။ ဥပမာ – မိမိက ဆွေးနွေးရန် အုပ်စု ၅ စုဖွဲ့ရန်စီစဉ်ထားသော်လည်း လူအရေအတွက်များလာတဲ့အခါ အုပ်စုတွင်းလူ အရေအ တွက်ကိုတိုးမလား။ အုပ်စုအရေအတွက်ကိုတိုးမလားဆိုတာကို ဆုံးဖြတ်ရပါမယ်။
➡️ပံ့ပိုးကူညီသူတစ်ယောက်ဟာ စကားမပြောလို့မရပါဘူး။ မိမိဦးဆောင်ရတဲ့ အဖွဲ့ကို ဆွေးနွေးမှုတွေ ပြုလုပ်အောင်၊ မေးခွန်းတွေမေးအောင် ပံ့ပိုးသူကိုယ်တိုင်က ရှင်းရှင်းလင်းလင်းပြောဆိုဆွေးနွေးပြီး ဆွေးနွေးမှု တွေကို ဖိတ်ခေါ်ဖို့အတွက် အဖွဲ့နဲ့ မိမိကြားမှာ ဆက်သွယ်ပြောဆိုမှုတွေ အမြဲရှိဖို့လိုအပ်ပါတယ်။ ဥပမာ – အတန်းတွင်းမှာ တိတ်ဆိတ်နေတာထက် မေးခွန်းတွေမေးခြင်း သို့မဟုတ် အတွေ့အကြုံတွေဝေမျှခြင်းဖြင့် တက်တက်ကြွကြွဖြစ်အောင် လုပ်ဖို့လိုအပ်ပါလိမ့်မယ်။
➡️အွန်လိုင်းကဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ ပံ့ပိုးကူညီတဲ့အခါမှာ မိမိအလုပ်ပတ်ဝန်းကျင်ကို သေချာပြင်ဆင်ဖို့ လိုအပ်ပါလိမ်မယ်။ ဥပမာ – လိုအပ်တဲ့စာရွက်စာတမ်းတွေကို အလုပ်မစခင်ပြင်ဆင်ထားပါ။ အွန်လိုင်းကနေ ပံ့ပိုးကူညီတဲ့အခါ ကွန်ပျူတာ၊ အင်တာနက် စတာတွေကို ကြိုတင်စစ်ဆေးထားပါ။
ကောင်းမွန်သော ပံ့ပိုးကူညီသူတစ်ဦး၏ အရည်အချင်းများ
💠ဘက်လိုက်မှုမရှိဘဲ ပါဝင်သူတွေကို လှုံ့ဆော်နိုင်စွမ်းရှိရပါမယ်။ (No Discrimination)
💠ဆွေးနွေးမှုမှာ ပါဝင်သူအားလုံးအတွက် ဘေးကင်းလုံခြုံသော ပတ်ဝန်းကျင်ကို ဖန်တီးထိန်းသိမ်းနိုင်ရပါမယ်။ ဥပမာ – စာသင်မယ့်ဆရာတစ်ယောက်အတွက်ဆိုလျှင် အရက်ဆိုင်များး၊ ကာရာအိုကေဆိုင်များနှင့်နီးသောနေရာ မှာ စာသင်ခန်းကို မဖွင့်ရပါဘူး။ (Safety)
💠နားထောင်မှု အလေ့အကျင့်ကောင်းများ။ (Good Listening)
💠ဆွေးနွေးမှုကို ဦးဆောင်ခြင်း သို့မဟုတ် ထင်မြင်ချက်ပေးခြင်းကို မလုပ်ဆောင်ဘဲ တွေးခေါ်မှုကို စိန်ခေါ်ရန်နှင့် ဖြစ်နိုင်ခြေအသစ်များကို ဖန်တီးရန် မကြောက်မရွံ့မေးခွန်းထုတ်ခြင်း။ (Questioning)
💠အုပ်စုတွင်း တုံ့ပြန်မှုကို ပိုမိုတက်ကြွအောင် ဆောင်ရွက်နိုင်ခြင်း (Motivation)
💠ဆွေးနွေးသည့်အခါ တင်းကျပ်မှုမရှိသည့်အပြင် တိုးတက်မှုအတွက် လိုအပ်သော စကားပြောဆိုမှုများ ပြုလုပ်နိုင်ခြင်း (Freedom of speech)
💠အဖွဲ့နှင့်ချိတ်ဆက်နိုင်ခြင်း (Team work)
💠သတ်မှတ်ထားသော အချိန်အကန့်အသတ်အတွင်း ပါဝင်သူများကို ဆွေးနွေးပေးနိုင်ခြင်း (Time management)
💠လူမှုဆက်ဆံရေး ဉာဏ်ရည်မြင့်မားခြင်း (Social Development)
ပံ့ပိုးကူညီသူတစ်ယောက်ဖြစ်ချင်သူများအတွက် ယခုဖော်ပြခဲ့တဲ့အချက်တွေကို လိုက်နာကျင့်သုံးပြီး ပံ့ပိုးကူညီ သူကောင်းတစ်ယောက် (Good Facilitator) ဖြစ်အောင် ဆောင်ရွက်နိုင်ပါတယ်။
ဒါဆို ပံ့ပိုးကူညီသူကောင်းတစ်ယောက်ဖြစ်ဖို့ ဘယ်လိုတွေဆောင်ရွက်လို့ရသလဲဆိုတာကို ဒီဥပမာလေးကို ကြည့်ပြီး သင်ယူရအောင်။
ပြည့်ပြည့်ဟာ online ကနေ လူငယ်တွေကို အင်္ဂလိပ်စာကို ပညာဒါနစာသင်ပေးနေသူတစ်ဦးဖြစ်တယ်။ ပြည့်ပြည့်က အင်္ဂလိပ်စာအတန်းသစ်ကို ပညာဒါနအနေနဲ့ စတင်ဖွင့်လှစ်လိုက်တယ်။ သင်တန်းမစခင် ပြည့်ပြည့်ဟာ သင်တန်းတက်မယ့်သူတွေကို group ထဲမှာ လေ့လာရမယ့်စာတွေကို ပို့ပေးထားတယ်။ သင်တန်းမစခင် သင်ရမယ့်အကြောင်းအရာတွေ၊ သင်ထောက်ကူတွေ၊ အတန်းထဲမှာလုပ်မယ့်ဂိမ်းတွေကို ပြင်ဆင်ထားခဲ့တယ်။ သင်တန်းစမယ့်ရက်မှာ zoom meeting နဲ့ စတင်ခဲ့တယ်။ သင်တန်းစမယ့်မနက်မှာမှ သင်တန်းသား ၇ ယောက်လောက် ထပ်တိုးလာခဲ့တယ်။ သင်တန်းသားတွေအကုန်လုံး အတန်းထဲရောက်တဲ့အခါ ၇ ယောက်ပိုလာတာတွေ့ခဲ့ရတယ်။ ပြည့်ပြည့် ပြင်ဆင်ထားတဲ့ဂိမ်းဟာ group ထဲမှာ ရှိနေတဲ့သင်တန်းသားအရေအတွက်အတိုင်းပြင်ဆင်ထားခဲ့တာဖြစ်တယ်။ ပိုနေတဲ့ သင်တန်းသား ၇ ယောက်အတွက် ပြည့်ပြည့်က အတန်းထဲရောက်မှ စီစဉ်လိုက်ရတော့တယ်။ ပြည့်ပြည့်ရဲ့ ဆုံးဖြတ်ချက်အရ လက်ရှိစီစဉ်ထားတဲ့အုပ်စုအရေအတွက်အတိုင်းသွားပြီး အုပ်စုထဲမှာရှိတဲ့ ကျောင်းသားအရေအတွက်ကိုပဲ တိုးပေးဖို့နဲ့ သင်တန်းသား ၇ ယောက်ကို ခုလက်ရှိရှိနေတဲ့အုပ်စုထဲကို ဖြန့်ကျက်ထည့်ပေးဖို့ ဆုံးဖြတ်ခဲ့တယ်။ အတန်းထဲရောက်တဲ့အခါ ဆွေးနွေးဖို့ ဖိတ်ခေါ်တဲ့အခါ အချို့သင်တန်းသားတွေက မိုက်ကရိုဖုန်းဖွင့်ပြောဖို့အဆင်မပြေခဲ့ပါဘူး။ အင်္ဂလိပ်စာသင်တန်းဖြစ်တဲ့အတွက် စကားပြောက ပြောမှရမှာဖြစ်တဲ့အတွက် အခက်တွေ့စေခဲ့ပါတယ်။ ပြည့်ပြည့်အနေနဲ့ သင်တန်းထဲက zoom meeting မှာ မိုက်ဖွင့်ပြောလို့မရရင် group ထဲမှာ အသံဖိုင်လေးပို့ပြီး ဆွေးနွေးပေးဖို့ တောင်းဆိုတဲ့အခါ မိုက်ဖွင့်ပြောလို့မရတဲ့ကျောင်းသားတွေက group ထဲမှာ အသံဖိုင်တွေပို့ပေးပြီးဆွေးနွေးကြတဲ့အခါ သင်တန်းပထမရက်က အဆင်ပြေချောမွေ့စွာနဲ့ ပြီးဆုံးသွားခဲ့ပါတယ်။
ဒီဥပမာလေးကိုကြည့်မယ်ဆိုရင် ပံ့ပိုးကူညီသူတစ်ယောက်အနေနဲ့ သင်တန်းကိုဦးဆောင်ရသူတစ်ယောက်အနေနဲ့ ကြိုတင်ပြင်ဆင်မှုများရှိသော်လည်း ဖြစ်လာတဲ့အခြေအနေပေါ်မူတည်ပြီး လိုက်လျောညီထွေဖြစ်အောင် ဆုံးဖြတ်ချက်တွေချရသလို ချမှတ်လိုက်တဲ့ဆုံးဖြတ်ချက်တွေပေါ်မူတည်ပြီး အဆင်ပြေခြင်း၊ အဆင်မပြေခြင်းတွေဖြစ်နိုင်တဲ့အတွက် ပံ့ပိုးကူညီသူရဲ့ လိုက်လျောညီထွေဖြစ်မှုနဲ့ ပြင်ဆင်မှု၊ ဆုံးဖြတ်ချက်တွေက အလွန်ပဲအရေးကြီးတယ်ဆိုတာကို တွေ့ရှိရမှာဖြစ်ပါတယ်။