Storytelling ဆိုတာဘာလဲ?
Storytelling ဆိုတာ အသံ၊ ခန္ဓာကိုယ်လှုပ်ရှားမှုအပြုအမူတွေကိုသုံးပြီး မိမိဝေမျှလိုတဲ့အကြောင်းအရာတွေကို ပရိသတ်တွေဆီရောက်အောင် တင်ဆက်ပြသခြင်းပဲဖြစ်တယ်။ storytelling ရဲ့ အနှစ်သာရအနေနဲ့ ဇာတ်ကြောင်းတစ်ခု ဒါမှမဟုတ် ကာရိုက်တာတစ်ခုခုရဲ့အကြောင်းကို ပြန်လည်ပြောပြပြီး ပြောပြတဲ့ အကြောင်း အရာထဲက မိမိပေးလိုတဲ့ စကား (မက်ဆေ့ချ်) ကို ထုတ်နှုတ်ပြောပြခြင်းပဲဖြစ်တယ်။ storytelling က စကား ဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ ရုပ်ရှင်၊ သီချင်း၊ ဗီဒီယို၊ အက စသည်ဖြင့် မိမိမျှဝေလိုတဲ့ ဆက်သွယ်မှုပုံစံကို ရွေးချယ် ပြီး storytelling လုပ်လို့ရပါတယ်။
Storytelling ကဘာကြောင့်အရေးကြီးတာလဲ?
Storytelling က သင်ယူမှုကြားခံတစ်ခုအနေနဲ့အသုံးပြုလို့ရပါတယ်။ ကျောင်းတွေ၊ သင်တန်းတွေ၊ ဟောပြောပွဲ တွေမှာ ဆရာတွေ၊ ဟောပြောသူတွေက storytelling ကိုသုံးပြီး နားထောင်သူနဲ့ ဟောပြောသူကြားမှာ အချိတ် အဆက်မိမိနဲ့ ပေးလိုတဲ့ မက်ဆေ့ချ်တွေကို ပေးကြပါတယ်။ Storytelling က အပြုအမူတွေကိုလည်း ပြောင်းလဲစေပါတယ်။ ဘာကြောင့်လဲဆိုတော့ storyteller (ပုံပြောသူ) တွေက ပြောပြလိုက်တဲ့ အဖြစ်အပျက် သို့မဟုတ် ပုံပြင်တစ်ခုမှာ စီးမြောသွားပြီး ပေးလိုက်တဲ့ မက်ဆေ့ချ်ကိုရရှိသွားတယ်ဆိုရင် နားထောင်သူတွေရဲ့ အပြုအမူတွေကလည်း ပြောင်းလဲသွားပါတယ်။
Storytelling က ပုံပြောသူနဲ့ ပရိသတ်ကြား ချိတ်ဆက်မှုတစ်ခုပဲရှိတာမဟုတ်ပါဘူး။ နားထောင်သူရဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာမှုကိုလည်း ထင်ဟပ်စေပါတယ်။ ပုံပြောသူက မျှဝေပေးတဲ့ အကြောင်းအရာတွေ၊ ဇာတ်ကောင်တွေက မိမိနဲ့ကိုက်ညီမှုရှိခဲ့ရင် ပုံပြင်တွေထဲကလည်း အဖြေရှာနိုင်ပါတယ်။
Storyteller (ပုံပြောသူ) ကောင်းတစ်ယောက်ဖြစ်ဖို့ ဘာတွေလိုအပ်သလဲ?
စိတ်အားထက်သန်မှုနဲ့ ယုံကြည်မှု
Storyteller တစ်ယောက်က အခြားသူတွေကို ပြန်ပြီး မက်ဆေ့ချ်တွေပေးရတာဖြစ်တဲ့အတွက် မိမိမျှဝေတဲ့အကြောင်းအရာကို စိတ်အားထက်သန်စွာ မျှဝေဖို့လိုအပ်ပါတယ်။ နားထောင်နေတဲ့ ပရိသတ်တွေ စိတ်ဝင်စားလာအောင် အသံနေအသံထား၊ ဟန်ပန်အမူအရာ အပြောအအဆိုတွေ အသုံးပြုပြီး ပရိသတ်ပါ ပါဝင်လာအောင် ဆောင်ရွက်ရပါမယ်။
ပရိသတ်နှင့်လိုက်လျောညီထွေဖြစ်မှု
Storyteller တွေက ပရိသတ်ကို မက်ဆေ့ချ်ပေးရုံသာမက ပရိတ်သတ်ဆီကို မေးခွန်းတွေမေးရမယ်၊ ပရိသတ်ရဲ့ အဖြေတွေကို နားထောင်ပြီးတုံ့ပြန်ပေးရမယ်။ ထိုမှသာ ပရိတ်သတ်ကလည်း storyteller က ၎င်းတို့နဲ့တစ်သားတည်းဖြစ်တယ်ဆိုတဲ့ခံစားမှုကို ရရှိစေမှာဖြစ်တယ်။ storyteller တစ်ယောက်ကို ပရိသတ်က မေးခွန်းတွေလည်းမေးလာနိုင်သလို storyteller ကလည်း မေးခွန်းတွေမေးပြီး နားထောင်သူတွေကို ပါဝင်ဖြေကြားဖို့လည်း အခွင့်အရေးတွေပေးရပါမယ်။
ပရိသတ်ကိုအားပေးသူဖြစ်ရမယ်။
Storyteller ကိုယ်တိုင်က အခက်အခဲတွေကျော်လွှားခဲ့တဲ့သူ အတွေ့အကြုံတွေရှိတဲ့သူဖြစ်တဲ့ပုံစံအနေအထားနဲ့ ပရိသတ်ကို တွန်းအားပေးနိုင်သူဖြစ်ရပါမယ်။ storyteller အနေနဲ့ ပညာပေးတဲ့အကြောင်းအရာတွေ၊ ဦးဆောင်မှုအပိုင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေ၊ ဘဝအဖြစ်အပျက်တွေကို ဥပမာပေးပြီး ပရိသတ်တွေကို အားပေးတဲ့သူဖြစ်ရပါမယ်။
လိုက်လျောညီထွေဖြစ်မှု
Storyteller တစ်ယောက်အနေနဲ့ မိမိပြောမယ့် ပရိသတ်ရဲ့ အခြေအနေနဲ့ ကိုက်ညီမယ့် အကြောင်းအရာတွေကို ရွေးချယ်ဖို့လိုအပ်ပါလိမ့်မယ်။ ပရိသတ်ရဲ့ အခြေအနေကိုကြည့်ပြီး အသံနေအသံထားပြောင်းတာ ဒါမှမဟုတ် ပြောနေတဲ့အကြောင်းအရာကို အနည်းငယ်ပြောင်းပြီး ပရိသတ်ပိုစိတ်ဝင်စားအောင် သို့မဟုတ် ပရိသတ်ပါဝင်မှုပိုများအောင် ဆောင်ရွက်တာတို့ ပြုလုပ်သင့်ပါတယ်။
တီထွင်ဖန်တိးမှု
Storyteller တစ်ယောက်က မိမိပြောနေတဲ့အကြောင်းအရာကို ပရိသတ်တွေပိုမိုနားလည်အောင် ဥပမာတွေ၊ ဆိုရိုးစကားတွေ၊ အထောက်အကူဖြစ်မယ့်ဓာတ်ပုံတွေကို အသုံးပြုပြီး ပြောပြရမယ့်အပြင် ဟာသအကြောင်းအရာတွေပါ တစ်ခါတစ်ရံထည့်ပြောပြီး ပရိသတ်ကိုဆွဲဆောင်သင့်ပါတယ်။
ရှင်းလင်းမှု
Storyteller တစ်ယောက်က မိမိရှေ့က ပရိသတ်များစွာကို မက်ဆေ့ချ်တွေပေးရတဲ့သူဖြစ်တဲ့အတွက် သူကိုယ်တိုင်ပြောမယ့်အကြောင်းအရာပေါ် ရှင်းလင်းနားလည်ထားဖို့လိုအပ်ပါလိမ့်မယ်။ လာနားထောင်တဲ့ ပရိသတ်မှာလည်း နားထောင်နေတဲ့အကြောင်းအရာက ၎င်းတို့ရင်းနှီးကျွမ်းဝင်တဲ့နယ်ပယ်ဖြစ်ခဲ့လျှင် မေးခွန်း တွေ၊ အကြံဉာဏ်တွေတောင်းလာနိုင်ပါတယ်။ ဒါကြောင့် မိမိက မိမိပြောမယ့်အကြောင်းအရာကို ပိုမိုရှင်းလင်း အောင်နဲ့ ပိုမိုနက်နက်နဲနဲ နားလည်အောင် လေ့လာထားသင့်ပါတယ်။
Storytelling techniques
ဇာတ်လမ်းပြောပြတဲ့ နည်းလမ်း (Storytelling techniques) ဆိုတာ အချက်အလက်တွေနဲ့ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေကို ပရိသတ်တွေ စိတ်ဝင်စားပြီး မှတ်မိလွယ်အောင် ပြောင်းလဲပြောပြတဲ့ စနစ်တကျ ပုံစံခွက်တွေနဲ့ နည်းစနစ်တွေကို ခေါ်တာ ဖြစ်ပါတယ်။ အကြောင်းအရာတစ်ခုကို သာမန်အတိုင်း စီကာပတ်ကုံး ပြောမနေဘဲ ဇာတ်လမ်းကို စိတ်ဝင်စားစရာ ဖြစ်အောင် ပုံဖော်တာ၊ အချိန်ကာလ အစီအစဉ်ကို ကစားတာ၊ စိတ်လှုပ်ရှားမှု အတက်အကျကို ထိန်းချုပ်တာနဲ့ နားထောင်သူတွေရဲ့ စိတ်ခံစားချက်ကို ထိတွေ့နိုင်အောင် လုပ်ဆောင်ပေးတာတွေဟာ ဒီနည်းလမ်းတွေရဲ့ အဓိက အလုပ်ပဲ ဖြစ်ပါတယ်။
ရှေးခေတ် ပုံပြင်ပြောတဲ့ အချိန်ကစလို့ ဒီနေ့ခေတ် ရုပ်ရှင်တွေနဲ့ လုပ်ငန်းခွင် Presentation တင်ပြချက်တွေအထိ ဇာတ်လမ်းပြောပြခြင်း ရည်ရွယ်ချက်ကတော့ တစ်ခုတည်းပါပဲ။ အဲဒါကတော့ နားထောင်သူတွေရဲ့ အာရုံကို ဖမ်းစားဖို့၊ ခက်ခဲတဲ့ အကြောင်းအရာတွေကို လွယ်လွယ်ကူကူ နားလည်စေဖို့နဲ့ ရင်ထဲမှာ စွဲကျန်ရစ်စေဖို့ ဖြစ်ပါတယ်။ မိမိပြောချင်တဲ့ သတင်းစကားကို လူတွေ သဘောကျသွားအောင် Nested Loops နည်းလမ်းကို သုံးပြီး အကြောင်းအရာတွေကို အလွှာလိုက် ဆင့်ကဲပြောပြတာမျိုး၊ In Medias Res ကို သုံးပြီး စိတ်လှုပ်ရှားစရာ အခန်းကနေ ချက်ချင်း စတင်လိုက်တာမျိုး၊ ဒါမှမဟုတ် Sparklines ကို သုံးပြီး လက်ရှိအခြေအနေနဲ့ အနာဂတ်ကို နှိုင်းယှဉ်ပြကာ စည်းရုံးတာမျိုး စတဲ့ မှန်ကန်တဲ့ နည်းလမ်းကို ရွေးချယ်အသုံးပြုခြင်းဟာ ကောင်းမွန်တဲ့ တင်ဆက်မှုတစ်ခုရဲ့ မရှိမဖြစ် အခြေခံအုတ်မြစ် ဖြစ်ပါတယ်။
(၁) Nested Loops နည်းလမ်း
Nested loops ဆိုတာက storytelling technique တစ်ခုဖြစ်ပြီး ရှင်းပြ၊ ပြောပြချင်တဲ့ အကြောင်းအရာ အပေါ်မှာ အကြောင်းအရာ နှစ်ခု သုံးခုထက်ပိုပြီး စကားခံကာ ရှင်းပြတဲ့ ပုံစံမျိုးဖြစ်ပါတယ်။
မိမိပြောပြမယ့်ပုံပြင်ရဲ့အရေးကြီးတဲ့ မက်ဆေ့ချ်ကို အလယ်မှာထားပြီး အဲ့ဒီမက်ဆေ့ချ်ကို ရောက်နိုင်ဖို့ အထောက်အပံ့ပေးနိုင်တဲ့ အခြားအကြောင်းအရာတွေကို တစ်ခုပြီးတစ်ခုဆွဲထုတ်သွားပါတယ်။ ဥပမာ – သင်ပထမဆုံးစတင်ပြောလိုက်တဲ့အကြောင်းအရာက သင်နောက်ဆုံးပေးချင်တဲ့မက်ဆေ့ချ်ရဲ့ အကြောင်းအရာ ဖြစ်နိုင်ပါတယ်။
Nested loops ပုံစံက First loop မှာ သူငယ်ချင်းရဲ့ ဘဝအကြောင်းကို စပြောပါတယ်။ အဲ့ဒီကနေတဆင့် second loop မှာ အတွေ့အကြုံရှိတဲ့ပညာရှိလူတစ်ယောက်အကြောင်းကို ဆက်ပြောပါတယ်။ နောက်ဆုံးမှာ တော့ storyteller ပေးချင်တဲ့ မက်ဆေ့ချ်ကို သယ်သွားပါတယ်။ nested loops မှာ loop တွေက ၂ ခုထက် မကရှိနိုင်ပါတယ်။

Nested Loop က
- အဆုံးသတ်မှာ နားထောင်သူပရိသတ်တွေရဲ့ စိတ်ထဲရောက်အောင် ရှင်းပြတဲ့အခါ အားသာချက် ရှိပါ တယ်။
- Key concept ကိုပေးဖို့ အခြားဥပမာတွေ၊ ဆိုရိုးစကားတွေနဲ့ အရင် ဦးတည်ထားလို့ရတယ်။
- နားထောင်သူပရိသတ်ကို အကြောင်းအရာတွေ တစ်ခါတည်းထည့်ပေးတာမျိုးမဟုတ်ဘဲ တစ်ခုပြီးတစ်ခု ဖြေးဖြေးချင်း ပေးသွားလို့ရတယ်။
ဒီ technique ကို နိုင်ဂျီးရီးယားစာရေးဆရာမတစ်ယောက်ဖြစ်တဲ့ Chimamanda Ngozi Adichie ရဲ့ ဟောပြောပွဲတစ်ခုက အကြောင်းအရာလေးနဲ့ ရှင်းပြပေးပါမယ်။ Chimamanda Ngozi Adichie က နိုင်ဂျီးရီးယား စာရေးဆရာမ၊ ဟောပြောသူ၊ feminist တစ်ယောက်ဖြစ်ပြီး feminism, colonism နဲ့ လူသားတွေအကြောင်းကို အခိုင်အမာထုတ်ဖော်ပြသပြောကြားတဲ့သူဖြစ်ပါတယ်။ သူမက အရမ်းတော်တဲ့ storyteller တစ်ယောက်ဖြစ်ပြီး storytelling နဲ့ပတ်သက်ပြီးနာမည်ကြီးသူလည်းဖြစ်တယ်။ ဆရာမက လူ့အဖွဲ့ အစည်းမှာရှိတဲ့ပြဿနာတွေ၊ ပုံသေကားချပ် (stereotype) အကြောင်းတွေနဲ့ နိုင်ငံတကာမှာ အာဖရိကလူမျိုး အနေနဲ့ တွေ့ကြုံခဲ့ရတဲ့အတွေ့အကြုံတွေကို storytelling လုပ်ပြီးပြောပြခဲ့သူဖြစ်ပါတယ်။
ဆရာမရဲ့ The Danger of a Single Story TED Talk ကနာမည်ကြီးပြီး သူမရဲ့ အာဖရိကလူမျိုး တစ်ယောက်အနေနဲ့ လူတွေအကြောင်း၊ ယဉ်ကျေးမှုတွေအကြောင်းနဲ့ပတ်သက်ပြီး ကမ္ဘာက အထူးသဖြင့် အနောက်နိုင်ငံကလူတွေက ပုံသေကားချပ် (stereotype) သတ်မှတ်ထားပုံကို storytelling လုပ်ပြီး ပြောပြခဲ့ ပါတယ်။
ဒီ storytelling မှာတော့ ဆရာမက first loop အနေနဲ့ သူမရဲ့ ဘဝအတွေ့အကြုံနဲ့စပြောခဲ့ပါတယ်။ ဆရာမက “ကျွန်မ The Danger of a single story အကြောင်းကို ကျွန်မရဲ့ ဘဝအတွေ့အကြုံအချို့နဲ့ပြောပြချင်ပါတယ်။ ကျွန်မအသက် ၇ နှစ်အရွယ်ကတည်းက စာရေးစာဖတ်တဲ့သူ၊ ပုံဆွဲတဲ့သူဖြစ်ပြီး ကျွန်မရဲ့ပုံတွေမှာ အသားဖြူဖြူ၊ မျက်လုံးပြာပြာကာရိုက်တာတွေ၊ နှင်းထဲမှာကစားတာတွေ၊ ပန်းသီးစားတာတွေကိုဆွဲခဲ့သူဖြစ်သော်လည်း ကျွန်မတို့နေရာမှာ သရက်သီးသာစားပြီး နှင်းမကျပါ။ ကျွန်မ နိုင်ဂျီးရီးယားမှာပဲနေပြီး တခြားနေရာတွေ မရောက် ဖူးပါဘူး။ ကျွန်မဆွဲတဲ့ပုံတွေရဲ့ကာရိုက်တာတွေမှာ ginger ဘီယာသောက်တဲ့ပုံတွေဖြစ်သော်လည်း ကျွန်မက ginger ဘီယာဆိုတာဘာမှန်းမသိပါ။ ginger ဘီယာကဘာလည်းသိအောင် ကျွန်မလုပ်ချင်ခဲ့တယ်။ ဒါဟာ ဘာကြောင့်လဲဆိုရင် ကျွန်မက british စာအုပ်တွေသာဖတ်ဖူးတာဖြစ်တယ်။ ဒါကြောင့် ကျွန်မက ဒီလိုအကြောင်းတွေနဲ့သာ ရင်းနှီးခဲ့သူဖြစ်ပြီး ကျွန်မတို့က ဘယ်လိုလူမျိုးပါဆိုတာကို ဖော်ပြဖို့ မေ့နေခဲ့တယ်။ အာဖရိကစာရေးဆရာအချို့ကြောင့် ကျွန်မတို့လို ချောကလက်ရောင်အသားရေရှိပြီး ကျစ်ဆံမြီးဆံပင်မျိုးမရှိတဲ့ လူမျိုးတွေက စာပေထဲမှာရှိပါလားဆိုပြီး ကျွန်မသိလာခဲ့ရတယ်၊ အဲ့ဒီစာပေတွေကနေ Single story တွေရဲ့ အန္တရာယ်ကို သိလိုက်ရတယ်။ အဲ့အချိန်မှာ ကျွန်မ ကျွန်မတို့လူမျိုးအကြောင်းကို စာစရေးခဲ့တယ်”
ဆရာမက second loop အနေနဲ့ Fide အကြောင်းကို ဆက်လက်ပြောကြားခဲ့တယ်။ “ကျွန်မအဖေက ပရော်ဖက်စာဖြစ်ပြီးအမေကတော့ စီမံခန့်ခွဲသူပါ။ တစ်ရက်ကျွန်မ ထမင်းတွေအကုန်မစားတာကို အမေက အိမ်မှာအလုပ်လုပ်တဲ့ Fide တို့ဆိုဘာမှစားစရာမရှိဘူး။ သူတို့ကဆင်းရဲတယ်။ နင်ထမင်းကုန်အောင်စားလို့ပြောခဲ့တယ်။ တစ်ရက် ကျွန်မရွာထဲသွားတော့ Fide တို့အိမ်မှာ ထန်းလျှော်ကိုအရောင်ဆိုးပြီး ယက်ထားတဲ့ ခြင်းတောင်းလေးကိုတွေ့လိုက်တာ့ Fide အမေကပြောတယ် ဒါ Fide အကိုလုပ်ထားတာလို့ပြောတဲ့အခါ ကျွန်မအံ့ဩရတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်မတို့သိထားတာ Fide တို့ကဆင်းရဲတယ်ဆိုတာပဲ။ Fide တို့ဒါမျိုးတွေလုပ်တတ်တယ်ဆိုတာကျွန်မတို့မသိခဲ့ဘူး။ သူတို့ဆင်းရဲတယ်ဆိုတာ ကျွန်မသိခဲ့တဲ့ သူတို့ရဲ့ single story ပါပဲ။
Third loop အနေနဲ့ သူမ နိုင်ငံရပ်ခြားမှာကျောင်းသွားတက်ရင်း တွေ့ကြံခဲ့တဲ့အကြောင်းကို ရှင်းပြပါတယ်။ “ကျွန်မ အသက် ၁၉ နှစ်မှာ U.S ကိုကျောင်းသွားတက်ခဲ့တယ်။ ကျွန်မရဲ့ အမေရိကန်သူငယ်ချင်းအခန်းဖော်က အံ့ဩနေခဲ့တယ်။ သူကျွန်မကိုမေးတယ် ကျွန်မဘယ်မှာ အင်္ဂလိပ်စာလေ့လာခဲ့တာလဲတဲ့။ ကျွန်မ စိတ်ရှုပ်သွားပြီး ငါတို့ နိုင်ဂျီးရီးယားမှာ အင်္ဂလိပ်စာက officail languae ဖြစ်တယ်လို့ သူ့ကိုပြန်ပြောခဲ့တယ်။ သူမက သီချင်းတွေကိုလည်း နားထောင်တတ်လား။ ကျွန်မက လျှပ်စစ်မီးဖိုကိုလည်း မသုံးတတ်ဘူးမလားလို့ ထင်ထားတယ်။ သူမက ကျွန်မကိုသနားနေတာဖြစ်နိုင်ပြီး ကျွန်မနဲ့မသိခင်ကတည်းက အာဖရိကန်လူမျိုးတွေရဲ့အကြောင်းကို သိထားတာဖြစ်နိုင်တယ်။ ဒီပုံစံက အထက်စီးဆန်ပြီး နှိမ်ချင်တဲ့ပုံစံဖြစ်နေတယ်။ ကျွန်မရဲ့ အတန်းဖော်က အာဖရိကနဲ့ပတ်သက်ပြီး single story ပဲသိထားပုံပေါ်ပါတယ်။ အာဖရိကရဲ့ငတ်မွတ်တဲ့ကပ်ဘေးကိုပဲ သိထားပုံပေါ်ပါတယ်။ သူ့ရဲ့ single story မှာ ကျွန်မတို့အာဖရိကလူမျိုးတွေရဲ့ သူတို့လူမျိုးတွေနဲ့ တစ်ခုမှမတူနိုင်ဘူးလို့ လက်ခံထားပုံပေါ်တယ်။ လူလူချင်းအတူတူပဲဆိုတာတွေမရှိနိုင်ဘူးလို့ သိထားပုံပေါ်ပါတယ်။ ကျွန်မအရင်က ကျွန်မကိုယ်ကျွန်မ အာဖရိကလို့ ထုတ်ဖော်မပြောရဲဘူး။ အဲ့လိုကိစ္စတွေဖြစ်ပျက်ပြီးတဲ့အခါ အာဖရိကပါလို့ ရဲရဲဝံ့ဝံ့ပြောနိုင်ခဲ့တယ်။ ဒီလိုအကြောင်းအရာတွေက အနောက်တိုင်းစာရေးဆရာတွေက အာဖရိကတွေအကြောင်းကို ဆင်းရဲတယ်။ AIDS ဖြစ်နေတဲ့သူတွေ။ အသားဖြူတဲ့လူဖြူတွေဆီက အလှူတွေကိုမျှော်လင့်နေတဲ့သူတွေလို့ဖော်ပြခဲ့တယ်။ အမေရိကန်စာရေးဆရာက အိမ်မရှိတဲ့တိရိစ္ဆာန်တွေ၊ ဦးနှောက်မရှိတဲ့လူတွေလို့ ရေးခဲ့တယ်။ ဒါတွေဟာ အနောက်နိုင်ငံရဲ့စာတွေမှာ မှားယွင်းဖော်ပြထားတဲ့ single story တွေပဲဖြစ်ပါတယ်။
(အပြည့်အစုံကို အောက်က Youtube video မှာဆက်လက်ကြည့်ရှုနိုင်ပါတယ်)
ဆရာမက နောက်ဆုံး key concept ကို သူမရဲ့အတွေ့အကြုံတွေ၊ သူမကိုယ်တိုင် single story ကိုယုံကြည်ခဲ့ပုံ တွေ၊ အနောက်တိုင်းက စာပေတွေ၊ လူမျိုးတွေက အာဖရိကလူမျိုးတွေရဲ့ တစ်ခုတည်းသောပုံပြင်ကိုရေးပြီး အကြောင်းအရာအမှားတွေကို လူတွေသိအောင်လုပ်ခဲ့တာဖြစ်တဲ့အတွက် single story က တကယ်ကို ကြောက်ဖို့ကောင်းကြောင်း storytelling လုပ်ပြီး ပြောပြသွားခဲ့တယ်။
Youtube Link:Chimamanda Ngozi Adichie: The danger of a single story | TED
ဒါကြောင့် storytelling က တကယ်ကိုအားကောင်းတဲ့ communication tool တစ်ခုဖြစ်ပြီးတော့ ပေးချင်တဲ့မက်ဆေ့ချ်ကိုထိထိရောက်ရောက်နဲ့ ပေးနိုင်တဲ့ နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။
(၂) In Medias Res နည်းလမ်း
ဒါကြောင့် storytelling က တကယ်ကိုအားကောင်းတဲ့ communication tool တစ်ခုဖြစ်ပြီးတော့ ပေးချင်တဲ့မက်ဆေ့ချ်ကိုထိထိရောက်ရောက်နဲ့ ပေးနိုင်တဲ့ နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။
In Medias Res ဆိုတာ လက်တင်ဘာသာစကားဖြစ်ပြီး အဓိပ္ပာယ်ကတော့ “Into the middle of things” (အကြောင်းအရာတွေရဲ့ အလယ်ကောင်ထဲသို့) လို့ ရရှိပါတယ်။ ဇာတ်လမ်းပြောပြခြင်း နည်းပညာရပ် (Storytelling technique) တစ်ခုအနေနဲ့ ပြောရရင် ဇာတ်ကောင်တွေရဲ့ နောက်ခံသမိုင်းကြောင်း ဒါမှမဟုတ် နိဒါန်းအစကို အေးအေးဆေးဆေး ရှင်းပြမနေတော့ဘဲ ပရိသတ်ကို စိတ်လှုပ်ရှားစရာ အကောင်းဆုံး၊ အရေးကြီးဆုံး သို့မဟုတ် အကျပ်အတည်း အဖြစ်ဆုံး အခန်းအလယ်ကောင်ထဲကို ဒိုင်းခနဲ တိုက်ရိုက်ပစ်ထည့်လိုက်တဲ့ အဖွင့်နည်းလမ်း ဖြစ်ပါတယ်။
ရိုးရိုးဇာတ်လမ်းတွေက “အစ – အလယ် – အဆုံး” အစီအစဉ်အတိုင်း သွားတတ်ကြပေမဲ့ ဒီနည်းလမ်းကတော့ “အလယ် (အကျပ်အတည်း) – အစ (နောက်ခံအကြောင်းရင်း) – အဆုံး” ဆိုတဲ့ Timeline အစီအစဉ်ကို အသုံးပြုပါတယ်။ ပရိသတ်တွေအနေနဲ့ ဇာတ်လမ်းအဖွင့်မှာတင် “ဒါကြီးက ဘာဖြစ်လို့ ဒီလိုဖြစ်သွားတာလဲ” ဆိုပြီး သိချင်စိတ် ပြင်းပြလာအောင် (Hook မိသွားအောင်) အာရုံဖမ်းစားလိုက်ပြီးမှ၊ Flashbacks (အတိတ်ပြန်ကောက်ခြင်း) ဒါမှမဟုတ် ဇာတ်ကောင်တွေရဲ့ စကားပြောခန်းတွေကတစ်ဆင့် အစက ဘာတွေဖြစ်ခဲ့လဲဆိုတာကို တဖြည်းဖြည်းချင်း ပြန်လည်ရှင်းပြ သွားတဲ့ပုံစံ ဖြစ်ပါတယ်။

လက်တွေ့အသုံးချမှုဥပမာ ( နမူနာဖြစ်ရပ် )
အခြေအနေ – လုပ်ငန်းခွင်အတွင်း Application အသစ်တစ်ခု တီထွင်အောင်မြင်ခဲ့ပုံကို အသင်းသားများ အား တင်ပြခြင်း (Business Presentation)
ပုံမှန်ပြောလေ့ရှိသော ပုံစံ (Traditional Way):
“ကျွန်တော်တို့ လွန်ခဲ့တဲ့ ခြောက်လက Customer တွေ သုံးရတာ ပိုအဆင်ပြေမယ့် App အသစ်တစ်ခု လုပ်ဖို့ စဉ်းစားခဲ့ကြပါတယ်။ အစပိုင်းမှာတော့ UI/UX Design ဆွဲပါတယ်။ ပြီးတော့ Code စရေးပါတယ်။ အဲဒီလိုနဲ့…” ( နားထောင်သူများ ပျင်းရိ ငိုက်မြည်းသွားနိုင်ပါတယ် )
In Medias Res နည်းလမ်းဖြင့် ပြောင်းလဲတင်ပြပုံ (In Medias Res Way):
“လွန်ခဲ့တဲ့ သုံးလက သန်းခေါင်ယံအချိန် ကျွန်တော့်ဖုန်းမှာ Server ကွန်ရက်တစ်ခုလုံး ဒေါင်းသွားပြီဆိုတဲ့ အရေးပေါ် Alarm သံ အဆက်မပြတ် မြည်ခဲ့ပါတယ်။ App ထဲမှာ User ပေါင်း တစ်သိန်းကျော် ပိတ်မိနေပြီး စက္ကန့်တိုင်းမှာ ကုမ္ပဏီရဲ့ ဝင်ငွေ ဒေါ်လာသောင်းချီ ဆုံးရှုံးနေတဲ့ အချိန်ပဲ။ ကျွန်တော်တို့ Team တစ်ခုလုံး ကွန်ပျူတာကိုယ်စီနဲ့ အသက်ရှူဖို့တောင် မေ့လုနီးပါး အဖြေရှာခဲ့ရတယ်။… အဲဒီလို အကြီးအကျယ် ကျရှုံးခဲ့ရတဲ့ ညကနေ သင်ခန်းစာယူပြီး ကျွန်တော်တို့ ဒီနေ့ တင်ပြမယ့် ပိုမိုကောင်းမွန်တဲ့ App အသစ်ကို ဘယ်လို ပြန်လည်တည်ဆောက်ခဲ့လဲဆိုတာ အစကနေ ပြန်ပြောပြပါရစေ။”
(ဒီပုံစံက နားထောင်သူတွေကို အစကတည်းက စိတ်လှုပ်ရှားမှု ပေးစွမ်းနိုင်ပြီး တင်ပြချက်ကို ဆွဲဆောင်မှုအပြည့် ရှိစေပါတယ်။)
ကမ္ဘာကျော် ရုပ်ရှင်နှင့် စာပေထဲက လက်တွေ့ဥပမာ

▶️Breaking Bad (တီဗီစီးရီး)
အပိုင်း (၁) ရဲ့ အဖွင့်မှာတင် ဘာနိဒါန်းမှ ပျိုးမနေဘဲ အောက်ခံဘောင်းဘီတစ်ထည်တည်း ဝတ်ထားတဲ့အမျိုးသားတစ်ဦး (Walter White) က ကန္တာရထဲမှာ ဓာတ်ငွေ့ကာမျက်နှာဖုံးကြီးနဲ့၊ ကားတစ်စီးကို အရှိန်ပြင်းပြင်း မောင်းပြေးပြီး လမ်းဘေးထိုးရပ်ကာ သေနတ်တစ်လက်ကိုင်ပြီး ရဲကားဆီ အသေခံပစ်ခတ်ရန် စောင့်ဆိုင်းနေတဲ့ အခန်းနဲ့ ရုတ်တရက် စတင်ထားပါတယ်။ ပြီးမှသာ သူက ဓာတုဗေဒဆရာတစ်ယောက် ဖြစ်ခဲ့ပုံ၊ ကင်ဆာဖြစ်ခဲ့ပုံ စတဲ့ အစပိုင်း နောက်ခံအကြောင်းအရာတွေကို Flashback နဲ့ ပြန်ပြခဲ့တာဖြစ်ပါတယ်။
▶️Titanic (တိုက်တန်းနစ် ရုပ်ရှင်)
ရုပ်ရှင်ကို သင်္ဘောကြီး စတင်ထွက်ခွာပုံကနေ မစဘဲ၊ နစ်မြုပ်သွားခဲ့ပြီး နှစ်ပေါင်းများစွာ ကြာပြီးနောက် ပင်လယ်ရေအောက်ထဲကနေ တိုက်တန်းနစ်သင်္ဘောပျက်ကြီးကို ရှာဖွေနေတယ်ဆိုတဲ့ ခေတ်သစ် အခြေအနေ (အလယ်) လောက်ကနေ စတင်ခဲ့ပြီး အတိတ်က ဇာတ်လမ်းဆီကို ပြန်လည်ခေါ်ဆောင်သွား ခဲ့တာဖြစ်ပါတယ်။
▶️The Odyssey (ဂရိမော်ကွန်းကဗျာ)
ဟိုးရှေးရှေးကဟုမစဘဲ စစ်ပွဲကြီးပြီးဆုံး၍ Odysseus တစ်ယောက် ကျွန်းတစ်ကျွန်းတွင် အကျဉ်းကျခံနေရသည့် (၁၀) နှစ်မြောက် အချိန်မှ ဇာတ်လမ်းကို စထားပြီး ယခင်က ဖြစ်ပျက်ခဲ့တဲ့ စစ်ပွဲအကြောင်းတွေကို နောက်ပိုင်းမှ ဇာတ်ကြောင်းပြန်ပြခဲ့တာဖြစ်ပါတယ်။
အကျဉ်းချုပ်ရလျှင် In Medias Res နည်းလမ်းမှာ ပရိသတ်ရဲ့ အာရုံစိုက်မှုကို ချက်ချင်း “ဖမ်းစား” လိုတဲ့အခါ၊ ပျင်းစရာကောင်းတဲ့ နိဒါန်းတွေကို ကျော်ဖြတ်လိုတဲ့အခါ အသုံးပြုရမယ့် အလွန်ထိရောက်တဲ့ Storytelling technique တစ်ခု ဖြစ်ပါတယ်။
(၃) Sparklines နည်းလမ်း
Sparklines ဆိုတာ လူတွေကို ဆွဲဆောင်စည်းရုံးရတဲ့ မိန့်ခွန်းတွေ၊ ဟောပြောပွဲတွေနဲ့ စီးပွားရေးလုပ်ငန်းဆိုင်ရာ တင်ပြချက် (Business Presentation) တွေမှာ အသုံးပြုတဲ့ အလွန်အစွမ်းထက်တဲ့ ဇာတ်လမ်းပြောပြနည်း မူဘောင် (Storytelling framework) တစ်ခု ဖြစ်ပါတယ်။ ဒီနည်းလမ်းကို ဆက်သွယ်ရေးနဲ့ တင်ဆက်မှုဆိုင်ရာ ကျွမ်းကျင်သူ Nancy Duarte က စတင်ဖော်ထုတ်ခဲ့ခြင်း ဖြစ်ပါတယ်။
ဒီနည်းလမ်းရဲ့ အဓိက အလုပ်လုပ်ပုံကတော့ တင်ဆက်သူက ပရိသတ်ကို ငြိမ်သက်မနေစေဘဲ အောက်ပါ အခြေအနေ နှစ်ခုကြားထဲမှာ လွှဲစင် (Pendulum) တစ်ခုလိုမျိုး အဆက်မပြတ် ရှေ့နောက် နှိုင်းယှဉ်ပြပြီး စိတ်ပိုင်းဆိုင်ရာ လှုံ့ဆော်ပေးခြင်း ဖြစ်ပါတယ် –
- လက်ရှိအခြေအနေ (What Is) – လက်ရှိ ကြုံတွေ့နေရတဲ့ ပြဿနာ၊ နာကျင်မှု၊ အခက်အခဲနဲ့ စိန်ခေါ်မှုတွေ (လက်ရှိ အမှန်တရား)။
- ဖြစ်သင့်တဲ့အခြေအနေ (What Could Be) – အကယ်၍ အပြောင်းအလဲတစ်ခု လုပ်လိုက်ရင် ရရှိလာမယ့် အကျိုးကျေးဇူး နဲ့ အဖြေရှာမှု။
ဇာတ်လမ်းတစ်လျှောက်လုံးမှာ ( “ပြဿနာ – အဖြေ – ပြဿနာ – အဖြေ” ) အပြန်အလှန် လှည့်ပတ်ပြသွားပြီး ဇာတ်လမ်းအဆုံးမှာတော့ ထိုအဖြေကို ရရှိအောင် ပရိသတ်ကိုယ်တိုင် မဖြစ်မနေ ပါဝင်လုပ်ဆောင်ရမယ့်အချက် (Call to Action – ကြိုးပမ်းရန် တိုက်တွန်းချက်) ကို ချပြကာ အားတက်သရော အဆုံးသတ်တဲ့ပုံစံမျိုး ဖြစ်ပါတယ်။

လက်တွေ့အသုံးချမှု နမူနာဖြစ်ရပ်
အခြေအနေ – ကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်ရတာ လက်ဝင်ပြီး အချိန်ကုန်စေတဲ့ စက္ကူသုံးစနစ်ကနေ Digital စနစ်ကို ပြောင်းလဲရန်အတွက် ဝန်ထမ်းတွေနဲ့ အကြီးအကဲတွေကို စည်းရုံး တင်ပြခြင်း။
- What Is (လက်ရှိအခြေအနေ) – “ဒီနေ့ခေတ်မှာ ကျွန်တော်တို့ အဖွဲ့ဟာ ဖောက်သည်တစ်ယောက်ရဲ့ စာရွက်စာတမ်းကို ရှာဖို့အတွက်တင် ပျမ်းမျှ မိနစ် ၄၀ လောက် အချိန်ဖြုန်းနေရပါတယ်။ နေ့တိုင်း စက္ကူတွေ ပုံနေတာကြောင့် အလုပ်ခွင်မှာ စိတ်ရှုပ်ထွေးစရာတွေ ဖြစ်နေရပါတယ်”
- What Could Be (ဖြစ်သင့်သောအခြေအနေ) – “ဒါပေမဲ့ တကယ်လို့ ကျွန်တော်တို့သာ cloud-based digital စနစ်ကို သုံးလိုက်ရင် ဖောက်သည်ရဲ့ အချက်အလက်ကို ဘယ်နေရာကနေမဆို ၃ စက္ကန့်အတွင်း ရှာတွေ့နိုင်မှာ ဖြစ်ပါတယ်။ စက္ကူတွေ ကင်းစင်ပြီး သန့်ရှင်းတဲ့ အလုပ်ခွင်ကို ရလာပါလိမ့်မယ်”
- What Is (လက်ရှိအခြေအနေ) – “လက်ရှိမှာတော့ စာရွက်စာတမ်းတွေ မှားယွင်း ပျောက်ဆုံးတာကြောင့် ပြီးခဲ့တဲ့လကတင် ဖောက်သည် ၅ ယောက်ထံက ကန့်ကွက်တိုင်ကြားမှုတွေ ရခဲ့ပြီး ဝန်ထမ်းတွေလည်း အချိန်ပို (OT) ဆင်းရလို့ စိတ်ဖိစီးနေကြရပါတယ်”
- What Could Be (ဖြစ်သင့်သောအခြေအနေ) – “ဒါတွေကို digital စနစ်နဲ့ အလိုအလျောက် မှတ်တမ်းတင်လိုက်မယ်ဆိုရင် အမှားအယွင်း လုံးဝမရှိတော့ဘဲ ဖောက်သည်တွေ စိတ်ကျေနပ်မှု ရပါလိမ့်မယ်။ ဝန်ထမ်းတွေလည်း OT ဆင်းစရာမလိုဘဲ အိမ်ကို အချိန်မှန် ပြန်နိုင်ကြမှာပါ”
- Call to Action (နိဂုံးချုပ်တိုက်တွန်းချက်) – “ဒါကြောင့် ဒီနေ့ကစပြီး ဒီ Digital စနစ်သစ်ကို ပြောင်းလဲဖို့ အားလုံး ပူးပေါင်းပါဝင်ပေးကြပါလို့ တိုက်တွန်းချင်ပါတယ်”
လက်တွေ့ဥပမာ
▶️မာတင်လူသာကင်းရဲ့ “I Have a Dream” မိန့်ခွန်း

သမိုင်းမှာ အကျော်ကြားဆုံး Sparklines ပုံစံ မိန့်ခွန်း ဖြစ်ပါတယ်။ သူက လူမည်းတွေ လက်ရှိ ကြုံတွေ့နေရတဲ့ လူမျိုးရေး ခွဲခြားမှု၊ မတရားမှုနဲ့ ဆင်းရဲဒုက္ခတွေ (What Is) ကို တစ်ခန်းချင်း ချပြလိုက်၊ အဲ့ဒီနောက် အနာဂတ်မှာ လူမျိုးမရွေး၊ အသားရောင်မရွေး ညီတူညီမျှ လက်တွဲသွားကြမယ့် သူ့ရဲ့ အိပ်မက် ကမ္ဘာကြီး (What Could Be) ကို ချပြလိုက်ခြင်းဖြင့် ပရိသတ်တွေရဲ့ ရင်ထဲကို အဆက်မပြတ် ရိုက်ခတ်သွားအောင် စည်းရုံးသွားခဲ့ပါတယ်။
▶️Steve Jobs ရဲ့ ၂၀၀၇ ခုနှစ် iPhone မိတ်ဆက်ပွဲ

စတိဗ်ဂျော့စ်လည်း ဒီနည်းလမ်းကို အလွန်ကျွမ်းကျင်စွာ သုံးခဲ့ပါတယ်။ သူက အဲ့ဒီခေတ်က ရှိသမျှ စမတ်ဖုန်းတွေရဲ့ ကီးဘုတ်တွေက သုံးရတာ ဘယ်လောက် ခက်ခဲပြီး စိတ်ပျက်စရာ ကောင်းကြောင်း (What Is) အရင်ပြတယ်။ အဲ့ဒီနောက် iPhone ရဲ့ Multi-touch screen က ဘယ်လောက် လွယ်ကူ အဆင်ပြေကြောင်း (What Could Be) နှိုင်းယှဉ်ပြတယ်။ ဒီလို လက်ရှိဖုန်းတွေရဲ့ အားနည်းချက်နဲ့ iPhone ရဲ့ အားသာချက်ကို အပြန်အလှန် ဆွဲပြသွားခြင်းအားဖြင့် iPhone ကို မဝယ်ဘဲမနေနိုင်အောင် ဆွဲဆောင်နိုင်ခဲ့ပါတယ်။
အကျဉ်းချုပ်ရရင် Sparklines က ပရိသတ်တွေကို လက်ရှိအခြေအနေထက် ပိုမိုကောင်းမွန်တဲ့ အပြောင်းအလဲတစ်ခုဆီကို သွားချင်စိတ် ပေါ်ပေါက်လာအောင်၊ “ငါတို့ ပြောင်းလဲမှ ဖြစ်တော့မယ်” ဆိုတဲ့ စိတ်ဓာတ်မျိုး ရလာအောင် စည်းရုံးလှုံ့ဆော်ရာမှာ အလွန်ထိရောက်တဲ့ Storytelling technique တစ်ခုဖြစ်ပါတယ်။
(၄) False Start နည်းလမ်း
False Start ဆိုတာ Storytelling technique တစ်ခုဖြစ်ပြီး “မှားယွင်းသော အစပြုခြင်း” လို့ အဓိပ္ပာယ်ရပါတယ်။ ဇာတ်လမ်းကို စတင်ပြောပြတဲ့အခါ ပရိသတ်တွေ မျှော်လင့်ထားတဲ့အတိုင်း စတင်လိုက်ပေမဲ့၊ ရုတ်တရက် အဲ့ဒီအစပြုမှုရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ ပိုပြီး စိတ်လှုပ်ရှားစရာ ကောင်းတဲ့ ဇာတ်လမ်းဆီကို လမ်းကြောင်းပြောင်းပြီး ခေါ်ဆောင်သွားတဲ့ နည်းလမ်းဖြစ်ပါတယ်။
ဒီနည်းလမ်းရဲ့ အဓိကအလုပ်လုပ်ပုံက ပရိသတ်ကို “ငါ သိပြီးသား ရိုးရိုးပုံပြင်ပါပဲ” လို့ ထင်မှတ်သွားအောင် အရင်လှည့်စားလိုက်တာဖြစ်ပါတယ်။ အဲ့ဒီနောက်မှ အခြေအနေကို ရုတ်တရက် ပြောင်းလဲလိုက်ပြီး တကယ်ပြောချင်တဲ့ အကြောင်းအရာအစစ်ကို ချပြလိုက်တဲ့အခါ နားထောင်သူတွေအတွက် ပိုမို စိတ်လှုပ်ရှားသွားရပြီး ဇာတ်လမ်းထဲမှာ ပိုမို စီးမြောသွားစေပါတယ်။
False Start နည်းလမ်းရဲ့ အားသာချက်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
- ပရိသတ်ရဲ့ ပုံသေကားကျ (Stereotype) စဉ်းစားပုံတွေကို ရိုက်ချိုးပစ်နိုင်တယ်။
- ဇာတ်လမ်းကို ပိုမို ဆွဲဆောင်မှုရှိစေပြီး အံ့အားသင့်စရာ (Surprise element) ကို ပေးစွမ်းနိုင်တယ်။
- ‘ကျရှုံးမှု သို့မဟုတ် အမှားအယွင်း’ ကနေ ‘အောင်မြင်မှု’ ဆီကို ဦးတည်ပြသရာမှာ ဒီနည်းလမ်းက အလွန်ထိရောက်ပါတယ်။
နမူနာဖြစ်ရပ်
E-commerce (သို့မဟုတ်) Retail ကုမ္ပဏီတစ်ခုရဲ့ သီတင်းကျွတ် Promotion အစီအစဉ်အတွင်းမှာ ကုမ္ပဏီရဲ့ System Down သွားခဲ့တဲ့ အရေးပေါ် အကျပ်အတည်းကို Team အလိုက် ဘယ်လို ဖြေရှင်းကျော်ဖြတ်ခဲ့ကြသလဲဆိုတာကို ဘုတ်အဖွဲ့ဆီ တင်ပြတဲ့အခါ False Start နည်းလမ်းကို သုံးသွားတဲ့ ဥပမာလေးအကြောင်း လေ့လာကြည့်ကြရအောင်။
- မှားယွင်းသော အစပြုခြင်း (False Start)
“ကျွန်တော်တို့ ပြီးခဲ့တဲ့ သီတင်းကျွတ်မှာ တိုင်းနဲ့ပြည်နယ်အနှံ့က Customer တွေအတွက် Promotion ပွဲကြီးတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ ပွဲစတာနဲ့ ရောင်းအားတွေ စံချိန်တင် တက်လာပြီး တစ်နာရီအတွင်း မှာယူမှုပေါင်း ထောင်နဲ့ချီ ရရှိခဲ့ပါတယ်။ ပစ္စည်းတွေ စုံတာရော၊ အထူးလျှော့ဈေးတွေ ရှိတာရောကြောင့် Customer တွေက အရမ်း သဘောကျကြပြီး အားလုံး အဆင်ပြေ နေခဲ့တယ်…”
- ရုတ်တရက် လမ်းကြောင်းပြောင်းခြင်း (The Pivot)
“… လို့ ကျွန်တော်တို့ ထင်ခဲ့ကြတာပါ။ ဒါပေမဲ့ ပွဲစပြီး မွန်းလွဲပိုင်း ရောင်းအား အကောင်းဆုံးအချိန်မှာပဲ ကျွန်တော်တို့ ကုမ္ပဏီရဲ့ System တစ်ခုလုံး ရုတ်တရက် Down သွားခဲ့ပါတယ်။ စနစ်တစ်ခုလုံး ရပ်တန့်သွားပြီး အော်ဒါတင်လို့ မရတော့တဲ့ Customer ပေါင်း ထောင်ချီရဲ့ ဒေါသထွက်နေတဲ့ မက်ဆေ့ချ်တွေ၊ Hotline ဖုန်းခေါ်ဆိုမှုတွေ ဒလဟော ရောက်လာခဲ့ပါတယ်။”
- အစစ်အမှန် ဇာတ်လမ်း (The Real Story)
“ဒီနေ့ ကျွန်တော် ပြောပြချင်တာကတော့ ဒီ Promotion ပွဲက အရာရာ အဆင်ပြေချောမောခဲ့တာ မဟုတ်ပါဘူး။ အဲဒီလို System Down သွားတဲ့ အခြေအနေထဲကနေ ကျွန်တော်တို့ IT နဲ့ Customer Service Team က System ကို ၁ နာရီအတွင်း ဘယ်လို ပြန်လည် ပြင်ဆင်ခဲ့သလဲ၊ ရောင်းအား လျော့မသွားအောင် ဘယ်လိုကြိုးစားခဲ့လဲဆိုတဲ့ အကြောင်းအရာကို အဓိက ပြောချင်တာပဲ ဖြစ်ပါတယ်။”
ဒီဥပမာလေးကို ကြည့်လိုက်ရင် အစောပိုင်းမှာ သာမန် ပုံပြင်လေးအတိုင်း စတင် တင်ပြခဲ့ပေမဲ့ ရုတ်တရက် အကျပ်အတည်း တစ်ခုဆီကို လမ်းကြောင်းပြောင်းလိုက်တာကြောင့် နားထောင်သူ ဘုတ်အဖွဲ့ဝင်တွေအနေနဲ့ ဒီ Presentation ကို ပိုမို အာရုံစိုက်သွားရုံတင်မကဘဲ team ရဲ့ အရေးပေါ် ပြဿနာဖြေရှင်းနိုင်စွမ်း (Crisis Management) ကိုပါ ပိုမို လေးစား ယုံကြည်သွားစေခဲ့ပါတယ်။
ကမ္ဘာကျော် စာပေနှင့် ရုပ်ရှင်ထဲက လက်တွေ့ဥပမာ

False Start နည်းလမ်းကို အနုပညာမြောက်စွာ အသုံးပြုထားတဲ့ အထင်ရှားဆုံး ကမ္ဘာကျော် စာပေဥပမာတစ်ခုကတော့ Harry Potter ဇာတ်လမ်းထဲက Professor Severus Snape ရဲ့ ကာရိုက်တာပဲ ဖြစ်ပါတယ်။
စာအုပ် ၇ အုပ်လုံးရဲ့ ပထမပိုင်းအများစုမှာ စာရေးဆရာမ J.K. Rowling က Snape ကို “ဗီလိန်တစ်ယောက်၊ ဟယ်ရီပေါ်တာကို မုန်းတီးပြီး Philosopher’s stone ကို ခိုးယူဖို့ ကြိုးစားနေသူ၊ Voldemort ရဲ့ သစ္စာရှိ နောက်လိုက်” ဆိုတဲ့ ဗီလိန်ဇာတ်ကောင်အနေနဲ့ ပရိသတ်ကို စတင် မိတ်ဆက်ပေးခဲ့ပါတယ်။ ပရိသတ်တွေကလည်း Snape ဟာ ဗီလိန်အစစ်ပဲလို့ အခိုင်အမာ ယုံကြည်ထားခဲ့ကြပါတယ်။ ဒါပေမဲ့ ဇာတ်လမ်းအဆုံးသတ်ကို ရောက်တဲ့အခါ Snape သေဆုံးခါနီးမှာ သူ့ရဲ့ အတိတ်က မှတ်ညဏ်တွေကို ဟယ်ရီ့ဆီ လွှဲပြောင်းပေးလိုက်တဲ့ အခန်းမှာ ဇာတ်ကြောင်းတစ်ခုလုံး ရုတ်တရက် ပြောင်းလဲသွားခဲ့ပါတယ်။
Snape ဟာ ဗီလိန် မဟုတ်ဘဲ ဟယ်ရီ့ မိခင် Lily ပေါ်မှာ ထားရှိတဲ့ ချစ်ခြင်းမေတ္တာကြောင့် ဟယ်ရီ့ကို အသက်နဲ့ရင်းပြီး ကာကွယ်ပေးခဲ့သူ၊ Dumbledore ရဲ့ စေခိုင်းချက်အရ ကိုယ့်အသက်ကို စတေးပြီး အမှောင်ဘက်အခြမ်းမှာ စပိုင်အဖြစ် အနစ်နာခံ ပုန်းကွယ်ပေးခဲ့တဲ့ သူရဲကောင်းအစစ်အမှန် ဖြစ်တယ်ဆိုတဲ့ အမှန်တရားဟာ ဇာတ်လမ်းအဆုံးမှာ ပေါ်ထွက်လာခဲ့ပါတယ်။
Snape ကာရိုက်တာမှာ False Start နည်းလမ်းကို သုံးလိုက်တဲ့အတွက်ကြောင့် စာပေနဲ့ ရုပ်ရှင်သမိုင်းမှာ မမေ့နိုင်စရာ အံ့ဩတုန်လှုပ်မှုနဲ့ ထိခိုက်ဂရုဏာသက်မှုဆိုတဲ့ ခံစားချက်တွေကို ပရိသတ်ဆီ ပို့ဆောင်ပေးလိုက်နိုင်ပြီး ဇာတ်လမ်းကို ပိုပြီး အနှစ်သာရ ရှိသွားစေခဲ့ပါတယ်။
အကျဉ်းချုပ်ရရင် False Start ဆိုတာ ပရိသတ်ကို အစမှာ ‘အရာရာ အဆင်ပြေနေတာပါပဲ’ ဆိုပြီး မျှော်လင့်ထားအောင် လုပ်လိုက်တာမျိုး ဖြစ်ပါတယ်။ ပြီးမှ ရုတ်တရက် ဘရိတ်အုပ်ပြီး အမှန်တရားကို ချပြလိုက်တဲ့အခါ လူတွေက အံ့ဩပြီး အာရုံစိုက်လာကြပါတယ်။ ကိုယ့်ရဲ့ ကျရှုံးမှုတွေ၊ အခက်အခဲတွေကို အခြေခံပြီး ရရှိလာတဲ့ သင်ခန်းစာတွေကို ပိုပေါ်လွင်ချင်ရင်တော့ ဒီနည်းလမ်းက အထိရောက်ဆုံး Storytelling နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။
(၅) Petal structure နည်းလမ်း
Petal structure (ပန်းပွင့်ပုံစံ နည်းလမ်း) ဆိုတာ ပန်းပွင့်တစ်ပွင့်မှာ ပန်းပွင့်လွှာ (Petals) လေးတွေက ပန်းဝတ်ဆံ (Center) ကို ဗဟိုပြုပြီး ဝိုင်းရံတည်ရှိနေသလိုမျိုး၊ အကြောင်းအရာ သို့မဟုတ် ဇာတ်လမ်းတို ပမာဏများစွာကို ဗဟိုမက်ဆေ့ချ် (Central Core Message) တစ်ခုတည်းဆီသို့ ဦးတည်ပြီး ချိတ်ဆက်ပြောပြသွားတဲ့ နည်းလမ်းဖြစ်ပါတယ်။
ဒီနည်းလမ်းကို အသုံးပြုတဲ့အခါ Storyteller က မတူညီတဲ့ ဇာတ်လမ်းအကြောင်းအရာ (၃) ခုထက်မကကို တစ်ခုပြီးတစ်ခု အလှည့်ကျ ပြောပြသွားပါတယ်။ ထိုဇာတ်လမ်းတစ်ခုချင်းစီတိုင်းဟာ သီးခြားစီ ဖြစ်နေသလိုထင်ရသော်လည်း အားလုံးဟာ အလယ်ဗဟိုမှာရှိတဲ့ ပင်မမက်ဆေ့ချ် သို့မဟုတ် ရည်ရွယ်ချက် တစ်ခုတည်းဆီသို့ သွားရောက် ဆုံဆည်းကြတာ ဖြစ်ပါတယ်။
ဒီ technique ကို သတင်းအချက်အလက် ပမာဏများစွာကို တင်ပြလိုတဲ့အခါ သို့မဟုတ် ဗဟိုမက်ဆေ့ချ်တစ်ခုတည်းကို ရှုထောင့်ပေါင်းစုံ (Multiple perspectives) ကနေ သက်သေပြပြီး နားထောင်သူတွေရဲ့ ရင်ထဲ စွဲထင်သွားစေလိုသည့်အခါ အသုံးပြုရန် အလွန်သင့်တော်ပါတယ်။
လက်တွေ့ဥပမာ
Nike ဆိုတဲ့ ဖိနပ်ကုမ္ပဏီရဲ့ Find Your Greatness (မင်းရဲ့ထူးချွန်မှုကို ရှာဖွေပါ) Campaign ဟာ Storytelling နည်းလမ်းတစ်ခုဖြစ်တဲ့ Petal Structure ကို အသုံးချသွားတဲ့ စံပြနမူနာကောင်းတစ်ခု ဖြစ်ပါတယ်။
နောက်ခံအကြောင်းအရာကို အရင်ဆုံး လေ့လာကြည့်ရအောင်။ ၂၀၁၂ ခုနှစ် လန်ဒန် အိုလံပစ်ပြိုင်ပွဲ (London 2012 Olympic Games) မှာ Adidas က Official Sportswear Sponsor မူပိုင်ခွင့်ကို ရယူသွားခဲ့တဲ့အတွက် Nike ဟာ တင်းကြပ်တဲ့ ဥပဒေတွေကြောင့် သူတို့ရဲ့ Marketing Campaigns တွေမှာ အိုလံပစ်အမှတ်တံဆိပ်များ အပါအဝင် ‘လန်ဒန် ၂၀၁၂’ ဆိုတဲ့ စကားလုံးကိုပါ သုံးခွင့်မရခဲ့ပါဘူး။
အိုလံပစ်စပွန်ဆာ မဟုတ်တဲ့ Nike ကုမ္ပဏီဟာ ‘လန်ဒန်’ ‘အိုလံပစ်’ ဆိုတဲ့ စကားလုံးကို ရှောင်ဖယ်ပြီး ကမ္ဘာတစ်ဝန်းမှာရှိပြီး ‘လန်ဒန်’ (London) လို့ အမည်ရတဲ့ တခြားမြို့လေးတွေကို လိုက်ရှာပြီး ဇာတ်လမ်းခွဲ (Petals) တွေအဖြစ် ဖန်တီးခဲ့ပါတယ်။ အမေရိကန်နိုင်ငံ၊ အိုဟိုင်းယိုးပြည်နယ်က လန်ဒန်မြို့လေးမှာ အဝလွန်နေတဲ့ ကောင်လေးတစ်ယောက် လမ်းမထက်မှာ တစ်ယောက်တည်း ပြေးနေတဲ့ မြင်ကွင်း၊ Jamaica နိုင်ငံရှိ Little London မြို့မှ အားကစားလေ့ကျင့်နေသူများနဲ့ ကနေဒါနိုင်ငံက လန်ဒန်မြို့မှာ အပျော်တမ်းအပြေးသမားတစ်ယောက် ပန်းတိုင်ကို ဖြတ်ကျော်နေတဲ့ မြင်ကွင်းတွေကို ပေါင်းစည်းပြီး သူတို့ရဲ့ Find Your Greatness (မင်းရဲ့ထူးချွန်မှုကို ရှာဖွေပါ) Campaignကို ဖန်တီးခဲ့တာ ဖြစ်ပါတယ်။
ဒီ Campaignထဲ မှာပါတဲ့ မြို့လေးတွေထဲက လူသားတွေဟာ တစ်ယောက်နဲ့တစ်ယောက် လုံးဝမသိကြသလို၊ သူတို့ရဲ့ ဇာတ်လမ်းတွေကလည်း အချင်းချင်း ချိတ်ဆက်မှု မရှိပါဘူး။ မြင်ကွင်းတစ်ခုချင်းစီဟာ ကိုယ်ပိုင်ဇာတ်လမ်းနဲ့ကိုယ် သီးခြားစီ လည်ပတ်နေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီဇာတ်လမ်းတိုလေးတွေ အားလုံးကို တစ်သားတည်း ပေါင်းစည်းပေးလိုက်တဲ့ အရာကတော့ တစ်သမတ်တည်း တည်ငြိမ်လှတဲ့ နောက်ခံစကားပြောပဲ ဖြစ်ပါတယ်။ “ထူးချွန်မှုဆိုတာ လူနည်းစုမှာပဲ ရှိတဲ့ မွေးရာပါအရည်အချင်းမဟုတ်ပါဘူး။ အသက်ရှူနိုင်သလိုပဲ လူတိုင်းမှာ ထူးချွန်ဖို့ အစွမ်းအစရှိပါတယ်။” ဆိုတဲ့ စကားစုကို သုံးသွားပါတယ်။ ဒီလိုမျိုး အချင်းချင်း လုံးဝမပတ်သက်ဘဲ ကွဲပြားနေတဲ့ လူသားတွေရဲ့ ရုန်းကန်ကြိုးစားမှု ဇာတ်လမ်းခွဲ (Petals) လေးတွေအားလုံးကို တူညီတဲ့ နောက်ခံစကားပြောနဲ့ ချိတ်ဆက်ကာ အဓိကမက်ဆေ့ချ်ဆီကို တညီတညွတ်တည်း ဦးတည်စေခဲ့ပါတယ်။ ဒါဟာ အောင်မြင်မှုကို ထိပ်တန်းအားကစားသမားတွေနဲ့ပဲ ဆက်စပ်မြင်လေ့ရှိတဲ့ လူအများရဲ့ အမြင်ကို စိန်ခေါ်ပြီး “ထူးချွန်မှု (Greatness) ဆိုတာ ရွေးချယ်ခံထားရတဲ့ လူနည်းစုအတွက်ပဲ သီးသန့်မဟုတ်ဘူး” ဆိုတဲ့ Nike ရဲ့ အဓိကမက်ဆေ့ချ် (Core Message) ကို အရောက်ပို့ပေးခဲ့တာဖြစ်လို့ Petal Storytelling ရဲ့ စွမ်းပကားကို အကောင်းဆုံး ပြသနိုင်ခဲ့တဲ့ ဥပမာတစ်ခုပဲ ဖြစ်ပါတယ်။
(အပြည့်အစုံကို အောက်က Youtube video မှာဆက်လက်ကြည့်ရှုနိုင်ပါတယ်)
Youtube Link: Nike: Find Your Greatness
