
Leadership: Teamwork & Collaboration Basics
ခေါင်းဆောင်မှု- အဖွဲ့လိုက်လုပ်ဆောင်မှု နဲ့ ပူးပေါင်းဆောင်ရွက်မှု အခြေခံများ
၁။ အဖွဲ့လိုက်လုပ်ဆောင်မှု နဲ့ ပူးပေါင်းဆောင်ရွက်မှု
ယနေ့ခေတ် လုပ်ငန်းခွင်တွေဟာ အရင်ကထက် ပိုမိုရှုပ်ထွေးပြီး လျင်မြန်စွာ ပြောင်းလဲနေပါတယ်။ဒါကြောင့် ယနေ့ခေတ်လုပ်ငန်းခွင်မှာ အောင်မြင်ဖို့အတွက် တစ်ဦးချင်းစီရဲ့ စွမ်း ဆောင်ရည်အပြင် အဖွဲ့လိုက်လုပ်ဆောင်မှု (Teamwork) နဲ့ ပူးပေါင်းဆောင်ရွက်မှု (Collaboration) ကလည်း အလွန်အရေးကြီးလာပါတယ်။ ခေါင်းဆောင်မှုဆိုရာမှာလည်း တစ်ဦးတည်းကို မှီခိုခြင်း မဟုတ်တော့ဘဲ၊ အဖွဲ့အစည်းရဲ့ ရည်မှန်းချက်တွေကို ပြည့်မီအောင် အဖွဲ့လိုက် ထိရောက်စွာ ဆောင်ရွက်ခြင်း နဲ့ စွမ်းရည်မြှင့်တင်ခြင်းတို့ ပါဝင်လာပါတယ်။
- အဖွဲ့လိုက်လုပ်ဆောင်မှု ဆိုတာ ဘုံရည်မှန်းချက်တစ်ခု အောင်မြင်ဖို့အတွက် လူတွေ တစ်ဦးနဲ့ တစ်ဦး ပူးပေါင်းလုပ်ဆောင်ခြင်းကို ဆိုလိုသည်။
- ပူးပေါင်းဆောင်ရွက်မှု ဆိုတာကတော့ ပိုမိုကျယ်ပြန့်တဲ့ သဘောတရားဖြစ်ပြီးတော့ ကျွမ်းကျင်မှုမတူ၊ အမြင်မတူတဲ့သူတွေ အတူတကွ လုပ်ဆောင်ပြီး ပြဿနာတွေကို ဖြေရှင်းတာ ဒါမှမဟုတ် အကြောင်းအရာအသစ်တွေ ဖန်တီးတာကို ရည်ညွှန်းပါတယ်။
ဒီလိုအဖွဲ့လိုက်လုပ်ဆောင်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတို့ဟာ Synergy (အဖွဲ့လိုက်လုပ်ဆောင်မှုရဲ့ရလဒ်) ကို ဖြစ်ပေါ်စေပါတယ်။ Synergy ဆိုတာ အဖွဲ့လိုက်ပေါင်းစပ်လုပ်ဆောင်ခြင်းဖြင့် တစ်ဦးချင်းစီရဲ့ စွမ်းဆောင်နိုင်မှုထက် ပိုမိုထိရောက်ပြီးကောင်းမွန်တဲ့ ရလဒ်တွေ ရရှိလာတာကိုဆိုလိုတာဖြစ်ပါတယ်။ ခေါင်းဆောင်မှုစွမ်းရည်ဆိုတာ ဒီလိုအဖွဲ့လိုက်လုပ်ဆောင်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရာမှာ အရေးပါတဲ့ အခန်းကဏ္ဍမှ ပါဝင်ပါတယ်။
ဒီသင်ခန်းစာမှာတော့ ထိရောက်တဲ့ အဖွဲ့လိုက်လုပ်ဆောင်မှုရဲ့ အခြေခံမူတွေ၊ ပူးပေါင်းဆောင်ရွက်မှုရဲ့ အကျိုးကျေးဇူးတွေနဲ့ ခေါင်းဆောင်တစ်ဦးအနေဲ့ ၎င်းတို့ကို ဘယ်လိုမြှင့်တင်ရမလဲဆိုတာကို လေ့လာရမှာ ဖြစ်ပါတယ်။
၂။ ထိရောက်တဲ့ အဖွဲ့လိုက်လုပ်ဆောင်မှုရဲ့ အခြေခံမူများ
အောင်မြင်တဲ့အဖွဲ့တိုင်းမှာ ပူးပေါင်းဆောင်ရွက်မှုနဲ့ပတ်သက်ပြီး အခြေခံမူတွေ ရှိပါတယ်။ ၎င်းတို့မှာ-
- ရှင်းလင်းတဲ့ ရည်မှန်းချက် နဲ့ ပန်းတိုင်: အဖွဲ့ဝင်အားလုံးဟာ အဖွဲ့ရဲ့ ရည်မှန်းချက်တွေကို ရှင်းရှင်းလင်းလင်း နားလည်ပြီး ၎င်းတို့ကို အောင်မြင်ရန် အတူတကွ ဦးတည်လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ၎င်းက Shared Mental Models ခေါ်တဲ့ (အဖွဲ့ဝင်တွေအကြား တူညီတဲ့ နားလည်မှုနဲ့ မျှော်မှန်းချက်တွေ) တည်ဆောက်ခြင်းဖြင့် အဖွဲ့ရဲ့ ထိရောက်မှုကို တိုးမြှင့်စေပါ တယ်။
- ရှင်းလင်းတဲ့ အခန်းကဏ္ဍ နဲ့ တာဝန်များ: အဖွဲ့ဝင်တစ်ဦးစီရဲ့ အခန်းကဏ္ဍ၊ တာဝန်တွေနဲ့ လုပ်ပိုင်ခွင့်တွေကို ရှင်းလင်းစွာ သတ်မှတ်ပေးခြင်းဖြင့် လုပ်ငန်းစဉ်တွေကို ချောမွေ့စေပြီး တာဝန်တွေထပ်နေခြင်း (duplication) ဒါမှမဟုတ် တာဝန်လစ်ဟင်းခြင်း (gaps) တို့ကို ရှောင်ရှားနိုင်ပါတယ်။
- ပွင့်လင်းပြီး ထိရောက်တဲ့ ဆက်သွယ်ရေး: အဖွဲ့အတွင်း အချက်အလက်တွေ၊ အကြံပြုချက်တွေနဲ့ စိုးရိမ်ပူပန်မှုတွေ လွတ်လပ်စွာ ပြောဆိုနိုင်ဖို့လိုပါတယ်။ Psychological Safety (စိတ်ပိုင်းဆိုင်ရာ ဘေးကင်းလုံခြုံမှု) ရှိဖို့လိုပါတယ်။ အမှားတွေကို ထောက်ပြဖို့၊ မေးခွန်းတွေမေးဖို့နဲ့ အကြံဉာဏ်အသစ်တွေပေးဖို့ စိတ်ချရတဲ့ ပတ်ဝန်းကျင်ကို ဆိုလိုပြီး ၎င်းသည် ပွင့်လင်းသော ဆက်သွယ်ရေးအတွက် အရေးကြီးသည်။
- အပြန်အလှန်ယုံကြည်မှုနဲ့ လေးစားမှု: အဖွဲ့ဝင်အချင်းချင်းအပေါ် ယုံကြည်မှုနှင့် တန်ဖိုးထားမှုရှိမှသာ စိတ်ချလက်ချ အကြံဉာဏ်များ ဖလှယ်နိုင်ပြီး အားနည်းချက်များကို ထုတ်ဖော်နိုင်သည်။ ၎င်းသည် အဖွဲ့၏ Social Cohesion (လူမှုရေး ပူးပေါင်းဆောင်ရွက်မှု) ကို မြှင့်တင်ပေးသည်။
- ပဋိပက္ခများကို ဖြေရှင်းနိုင်စွမ်း: ပဋိပက္ခတွေဆိုတာ ဘယ်အဖွဲ့မှာမဆို ဖြစ်ပွားနိုင်ပေမယ့်လည်း ၎င်းတို့ကို Constructive Conflict (အပြုသဘောဆောင်တဲ့ပဋိပက္ခ) အဖြစ် ကိုင်တွယ်ဖြေရှင်း နိုင်ဖို့လိုပါတယ်။
- တာဝန်ခံမှု (Accountability): အဖွဲ့ဝင်တစ်ဦးချင်းစီဟာ မိမိတို့ယူထားတဲ့ တာဝန်တွေအတွက် တာဝန်ခံရမှာဖြစ်ပြီး၊ အဖွဲ့တစ်ခုလုံးအနေနဲ့ ဘုံရည်မှန်းချက်တွေ အောင်မြင်ဖို့အတွက်လည်း တာဝန်ခံရမှာဖြစ်ပါတယ်။
၃။ ပူးပေါင်းဆောင်ရွက်မှုရဲ့ အကျိုးကျေးဇူးများ
အဖွဲ့အစည်းတွေနဲ့ လူတစ်ဦးချင်းစီအတွက် ပူးပေါင်းဆောင်ရွက်မှုရဲ့ အဓိကအကျိုးကျေးဇူးတွေကတော့-
- ဆန်းသစ်တီထွင်မှုနဲ့ ဖန်တီးနိုင်စွမ်း မြှင့်တင်ခြင်း: Diversity of Thought (ကွဲပြားတဲ့ အတွေးအမြင်နဲ့ ရှုထောင့်များ) က ဆန်းသစ်တဲ့ စိတ်ကူးတွေ ပိုမိုပေါ်ထွက်လာစေဖို့ မောင်းနှင်ပေးပြီး ပိုမိုကောင်းမွန်တဲ့ ဖြေရှင်းနည်းတွေကို ဖန်တီးနိုင်ပါတယ်။
- ပြဿနာဖြေရှင်းမှုစွမ်းရည် မြှင့်တင်ခြင်း: ရှုပ်ထွေးတဲ့ ပြဿနာတွေကို ဖြေရှင်းရာမှာ Systems Thinking (ပြဿနာတွေကို သီးခြားခွဲမမြင်ဘဲ အစိတ်အပိုင်းတွေ ပေါင်းစပ်ထားတဲ့ စနစ်တစ်ခု အဖြစ်ရှုမြင်ခြင်း) ကဲ့သို့သော ချဉ်းကပ်ပုံများဖြင့် ပိုမိုပြည့်စုံသော ဖြေရှင်းနည်းများကို ဖော်ထုတ်နိုင်ပါတယ်။
- ထိရောက်မှုနဲ့ တိုးတက်မှုကို တိုးမြှင့်ခြင်း: လုပ်ငန်းတွေကို အဖွဲ့လိုက်ခွဲဝေ လုပ်ဆောင်ခြင်းဖြင့် အချိန်ကုန်သက်သာစေပြီး အလုပ်တွေကို ပိုမိုမြန်ဆန်တိကျစွာ ပြီးမြောက် စေနိုင်ပါတယ်။
- သင်ယူမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများ: အဖွဲ့ဝင်တွေအနေနဲ့ အချင်းချင်း ဗဟုသုတ၊ ကျွမ်းကျင်မှုနဲ့ အတွေ့အကြုံတွေကနေ သင်ယူနိုင်ပြီး ကိုယ်ပိုင်ဖွံ့ဖြိုးတိုးတက်မှုအတွက် အခွင့်အလမ်းတွေ ပိုမိုရရှိနိုင်မှာဖြစ်ပါတယ်။
- စိတ်ဓာတ်ခွန်အားနဲ့ ထိတွေ့ဆက်ဆံမှု တိုးမြှင့်ခြင်း: အောင်မြင်တဲ့ ပူးပေါင်းဆောင်ရွက်မှုက အဖွဲ့ဝင်တွေကို ယုံကြည်မှုနဲ့ စိတ်ကျေနပ်မှု တွေ ခံစားရစေပါတယ်။ ၎င်းက လုပ်ငန်းခွင် စိတ်ဓာတ်ခွန်အားကို မြှင့်တင်ပေးပြီး ထိတွေ့ဆက်ဆံမှုကို အားပေးသည်။
၄။ ခေါင်းဆောင်တစ်ဦးအနေဖြင့် အဖွဲ့လိုက်လုပ်ဆောင်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ခြင်း
ထိရောက်တဲ့ ခေါင်းဆောင်တွေဟာ ၎င်းတို့ရဲ့ ခေါင်းဆောင်မှုပုံစံ (Leadership Style) ကို အသုံးပြုပြီး အဖွဲ့လိုက်လုပ်ဆောင်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှု ယဉ်ကျေးမှုကို တည်ဆောက်ကြပါတယ်။ ခေါင်းဆောင်မှုပုံစံ အမျိုးမျိုးရှိတဲ့အနက် တချို့ပုံစံတွေဟာ အဖွဲ့လိုက် စွမ်းဆောင်ရည်နဲ့ ပူးပေါင်း ဆောင်ရွက်မှုကို အထောက်အကူပြုပြီး မြှင့်တင်ပေးနိုင်ပါတယ်။
အဖွဲ့လိုက်လုပ်ဆောင်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပံ့ပိုးပေးသော ခေါင်းဆောင်မှုပုံစံများ
(၁) ပြောင်းလဲမှုဖော်ဆောင်သော ခေါင်းဆောင်မှု (Transformational Leadership):
ဒီခေါင်းဆောင်မှုပုံစံမှာတော့ ခေါင်းဆောင်တွေဟာ မျှော်မှန်းချက်ကိုဖန်တီးပေးခြင်း၊ အဖွဲ့ဝင်တွေကို စိတ်ဓာတ်မြှင့်တင်ပေးခြင်းနဲ့ ၎င်းတို့ရဲ့စွမ်းရည်တွေကို အပြည့်အဝထုတ်ဖော်နိုင်ရန် လှုံ့ဆော်ပေးခြင်းတို့ ဖြင့် ပူးပေါင်းဆောင်ရွက်မှုကို အားပေးပါတယ်။ ၎င်းတို့က အဖွဲ့ဝင်တွေရဲ့ ကိုယ်ပိုင်စွမ်းရည်နဲ့ တန်ဖိုးတွေ ကို အသိအမှတ်ပြုပြီး အဖွဲ့ဝင်တစ်ဦးချင်းစီရဲ့ လုပ်ဆောင်နိုင်စွမ်းကို မြှင့်တင်ပေးခြင်းဖြင့် ဆန်းသစ်တီ ထွင်မှုနဲ့ စုပေါင်းလုပ်ဆောင်မှုကို တည်ဆောက်ပေးပါတယ်။
(၂) ပံ့ပိုးမှုပေးသော ခေါင်းဆောင်မှု (Servant Leadership):
ပံ့ပိုးမှုပေးတဲ့ခေါင်းဆောင်မှုပုံစံမှာတော့ ခေါင်းဆောင်တွေဟာ အဖွဲ့ဝင်တွေရဲ့ လိုအပ်ချက်ကို ဦးစား ပေးပြီး တိုးတက်မှုရရှိအောင် ပံ့ပိုးပေးပါတယ်။ နားထောင်ပေးခြင်း၊ နားလည်ပေးခြင်း၊ လူတိုင်းပါဝင် နိုင်အောင် ပံ့ပိုးပေးခြင်းနဲ့ အဖွဲ့ရဲ့ကောင်းကျိုးကို ဦးစားပေးခြင်းတို့ဖြင့် အဖွဲ့တွင်း ယုံကြည်မှုနဲ့ စိတ်ပိုင်း ဆိုင်ရာ ဘေးကင်းလုံခြုံမှုကို တည်ဆောက်ပေးပါတယ်။ ယုံကြည်မှုရှိတဲ့ ပတ်ဝန်းကျင်ဟာ ပွင့်လင်း မြင်သာတဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ တာဝန်ယူမှုကို အားပေးပါတယ်။
အဖွဲ့လိုက်လုပ်ဆောင်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် လက်တွေ့ နည်းလမ်းများ
ခေါင်းဆောင်တစ်ဦးအနေနဲ့ အထက်ပါခေါင်းဆောင်မှုပုံစံတွေကို လက်ခံကျင့်သုံးတဲ့အပြင် အောက်ပါ နည်းလမ်းတွေကိုလည်း အသုံးပြုနိုင်ပါတယ် –
- ရှင်းလင်းတဲ့မျှော်မှန်းချက်ချမှတ်ခြင်း: အဖွဲ့အနေနဲ့ ဘယ်လိုအောင်မြင်မှုမျိုးရအောင် လုပ်မယ် ဆိုတာကို ရှင်းလင်းတိကျတဲ့မျှော်မှန်းချက်ပေးခြင်းအားဖြင့် အဖွဲ့ဝင်အားလုံးကို ဘုံပန်းတိုင်ဆီ သို့ ဦးတည်စေပါတယ်။
- စွမ်းရည်မြှင့်တင်ခြင်းနဲ့တာဝန်ခွဲဝေခြင်း (Empowerment and Delegation): အဖွဲ့ဝင်တွေကို လုပ်ပိုင်ခွင့်ပေးခြင်းနဲ့ ၎င်းတို့ရဲ့စွမ်းရည်ကို ယုံကြည်ခြင်းဖြင့် လုပ်နိုင်စွမ်းရည်ကိုမြှင့်တင်ပေးနိုင် ပါတယ်။ တာဝန်တွေကို စနစ်တကျ လွှဲအပ်ခြင်းဖြင့် အဖွဲ့ဝင်တွေရဲ့ စွမ်းရည်ကို အသုံးချနိုင်ပြီး ၎င်းတို့အား တာဝန်ယူမှုရှိစေပါတယ်။
- ပွင့်လင်းတဲ့ဆက်သွယ်ရေးပုံစံများဖန်တီးခြင်း: အဖွဲ့ဝင်တွေအနေနဲ့ ၎င်းတို့ရဲ့ အတွေးအမြင်တွေ၊ အကြံပြုချက်တွေနဲ့ စိုးရိမ်ပူပန်မှုတွေကို လွတ်လပ်စွာပြောဆိုနိုင်မယ့် လုံခြုံပြီးပွင့်လင်းတဲ့ ပတ်ဝန်းကျင်ကိုဖန်တီးပေးရပါမယ်။
- ဝေဖန်အကြံပြုမှုကိုလက်ခံသော ယဉ်ကျေးမှုကို တည်ဆောက်ခြင်း: အပြုသဘောဆောင်သော ဝေဖန်အကြံပြုချက်တွေပေးခြင်းနဲ့ လက်ခံခြင်းကို အားပေးပါ။ အကြံပြုချက်တွေဟာ တိုးတက်မှုအတွက် အခွင့်အလမ်းဖြစ်ကြောင်း ရှင်းပြပါ။
- အောင်မြင်မှုများကိုအသိအမှတ်ပြုပြီးဂုဏ်ပြုခြင်း: အဖွဲ့ရဲ့ ကြိုးပမ်းမှုတွေနဲ့ အောင်မြင်မှုတွေ ကို အသေးအမွှားကအစ အသိအမှတ်ပြုပြီး ဂုဏ်ပြုပါ။ ဒီလိုပြုလုပ်တာဟာ စိတ်ဓာတ်ခွန်အားကို တိုးစေပြီး အဖွဲ့လိုက် စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်ပါတယ်။
- ပဋိပက္ခဖြေရှင်းရာတွင်ကူညီပေးခြင်း: ပဋိပက္ခများဖြစ်ပွားပါက ခေါင်းဆောင်တစ်ဦးအနေနဲ့ ကြားဝင်ဖြန်ဖြေပေးခြင်း၊ ဆွေးနွေးမှုများလုပ်ပေးခြင်း၊ ပဋိပက္ခများကို မျှတပြီး အပြုသဘော ဆောင်သော နည်းလမ်းဖြင့် ဖြေရှင်းနိုင်ရန် ကူညီပေးခြင်းတို့ကို ပြုလုပ်ပါ။
- နည်းပညာ အသုံးချခြင်း: Google Workspace, Microsoft Teams, Slack ကဲ့သို့သော ပူးပေါင်းဆောင်ရွက်မှု ကိရိယာများကို ထိရောက်စွာ အသုံးပြုခြင်းဖြင့် အဖွဲ့ဝင်များအကြား ဆက်သွယ်မှု၊ ဖိုင်တွေကိုမျှဝေမှုနဲ့ ပရောဂျက်စီမံခန့်ခွဲမှုတွေကို မြှင့်တင်ပေးပါ။
၅။ အဖွဲ့ဖွဲ့ခြင်း အဆင့်များ (Tuckman’s Stages of Group Development)
အဖွဲ့လိုက်လုပ်ဆောင်မှုတိုးတက်ဖို့အတွက် လိုအပ်တဲ့အခြေခံအဆင့်တွေကို Bruce Tuckman ကဖော်ထုတ်ထားပါတယ်။ဒီအဆင့်တွေကို နားလည်ခြင်းဖြင့် ခေါင်းဆောင်တွေအနေနဲ့ အဖွဲ့ရဲ့လိုအပ် ချက်တွေကို ပိုမိုနားလည်စေပြီး သင့်လျော်စွာ ပံ့ပိုးပေးနိုင်ပါတယ်။
- Forming (ဖွဲ့စည်းခြင်း): ဒီအဆင့်မှာတော့ အဖွဲ့ဝင်တွေအနေနဲ့ တစ်ဦးနဲ့တစ်ဦး စတင်သိကျွမ်းကြပြီး အဖွဲ့ရဲ့ ရည်ရွယ်ချက်နဲ့ အခန်းကဏ္ဍတွေကို စတင်နားလည် အောင်လုပ်ဆောင်ကြပါတယ်။ကိုယ်လုပ်ဆောင်ရမယ့်တာဝန်တွေကို စူးစမ်းလေ့လာကြပြီး အဖွဲ့ဝင်အချင်းချင်းအကြား ယဉ်ကျေးသိမ်မွေ့တဲ့ အပြန်အလှန်ဆက်ဆံမှုတွေကို တည်ဆောက် ကြပါတယ်။
- Storming (မုန်တိုင်းထန်ခြင်း): ဒီအဆင့်မှာတော့ ပဋိပက္ခတွေ စိတ်သဘောကွဲလွဲမှုတွေ ဖြစ်ပွားနိုင်ပါတယ်။ အဖွဲ့ဝင်တွေရဲ့ အတွေးအမြင်တွေ လုပ်ဆောင်ပုံတွေနဲ့ တာဝန်တွေအပေါ် စိန်ခေါ်မှုတွေ ရှိလာနိုင်ပါတယ်။ ခေါင်းဆောင်တစ်ဦးအနေနဲ့ ဒီလိုပဋိပက္ခတွေကို အပြုသဘော ဆောင်တဲ့ နည်းလမ်းတွေနဲ့ ဖြေရှင်းဖို့ ကူညီပေးရပါမယ်။
- Norming (စည်းမျဉ်းစည်းကမ်းချမှတ်ခြင်း): ပဋိပက္ခတွေကို ဖြေရှင်းပြီးရင်တော့ အဖွဲ့ကပိုပြီး စည်းလုံးလာနိုင်ပါတယ်။ အဖွဲ့ရဲ့လုပ်ဆောင်မှု စည်းမျဉ်းတွေ၊ တန်ဖိုးတွေနဲ့ အပြန်အလှန် လေးစားမှုတွေကို တည်ဆောက်ပြီး အဖွဲ့အတွင်းပူးပေါင်းဆောင်ရွက်မှု စတင်ပေါ်ပေါက်လာပါ တယ်။
- Performing (စွမ်းဆောင်ရည်ပြခြင်း): ဒါကတော့ အဖွဲ့ရဲ့ စွမ်းဆောင်ရည် အမြင့်ဆုံး အဆင့်ဖြစ်ပါတယ်။ အဖွဲ့ဝင်တွေဟာ တစ်ဦးကိုတစ်ဦးယုံကြည်ပြီး ထိရောက်စွာ ပူးပေါင်း လုပ်ဆောင်ကြပါတယ်။
- Adjourning (ဖျက်သိမ်းခြင်း/အပြီးသတ်ခြင်း): ပရောဂျက်တစ်ခု ပြီးဆုံးခြင်း သို့မဟုတ် အဖွဲ့ရဲ့ ရည်မှန်းချက်များ ပြည့်မီသွားခြင်းကြောင့် အဖွဲ့ကိုဖျက်သိမ်းတဲ့ အဆင့်ဖြစ်ပါတယ်။ ဒီအဆင့်မှာဆိုရင် အဖွဲ့ဝင်တွေက ၎င်းတို့ရဲ့ လုပ်ဆောင်မှုတွေကို ပြန်လည်သုံးသပ်ပြီး အဖွဲ့ဝင်အဖြစ်ကနေ နှုတ်ထွက်ကြပါတယ်။
ခေါင်းဆောင်တစ်ဦးအနေဖြင့် ဒီအဆင့်တွေကို နားလည်ခြင်းဖြင့် မိမိရဲ့အဖွဲ့က ဘယ်အဆင့်မှာ ရောက်နေတယ်ဆိုတာကို သိရှိစေပြီး၊ ထိုအဆင့်အတွက် သင့်တော်တဲ့ ပံ့ပိုးမှုနဲ့ လမ်းညွှန်မှုတွေကို ပေးနိုင် မှာဖြစ်ပါတယ်။
Reference:
SkillsYouNeed. (n.d.). Teamwork Skills: Working Effectively in a Team. Retrieved from https://www.skillsyouneed.com/ips/teamwork-skills.html
Indeed. (n.d.). Collaboration Skills: Definition and Examples. Retrieved from https://www.indeed.com/career-advice/starting-new-job/collaboration-skills
Harvard Business Review. (2018, February). The Science of Teamwork. Retrieved from https://hbr.org/2018/02/the-science-of-teamwork
Google re:Work. (n.d.). Understand team effectiveness. Retrieved from https://rework.withgoogle.com/guides/understanding-team-effectiveness/
SkillsYouNeed. (n.d.). Conflict Resolution Skills. Retrieved from https://www.skillsyouneed.com/ips/conflict-resolution.html
Deloitte Insights. (2018). Diversity and inclusion: The secret to better problem solving. Retrieved from https://www2.deloitte.com/us/en/insights/topics/talent/diversity-and-inclusion-how-it-drives-problem-solving.html
MIT Sloan Management Review. (n.d.). What Is Systems Thinking?. Retrieved from https://mitsloan.mit.edu/ideas-made-to-matter/what-systems-thinking
Indeed. (n.d.). What Is Transformational Leadership? (Plus Benefits and Tips). Retrieved from https://www.indeed.com/career-advice/career-development/transformational-leadership
Greenleaf.org (Robert K. Greenleaf Center for Servant Leadership). What is Servant Leadership?. Retrieved from https://greenleaf.org/what-is-servant-leadership/
MindTools. (n.d.). Delegation: How to Delegate Effectively. Retrieved from https://www.mindtools.com/pages/article/newLDR_78.htm
MindTools. (n.d.). Forming, Storming, Norming, and Performing: Understanding the Stages of Team Development. Retrieved from https://www.mindtools.com/pages/article/newLDR_86.htm