
Service Learning ဆိုတာဘာလဲ
၁။ Service Learning ရဲ့ အဓိပ္ပါယ်
Service Learning ဆိုတာ သင်ယူမှု (Learning) နဲ့ လူ့အဖွဲ့အစည်းကိုဝန်ဆောင်မှုပေးခြင်း (Service) ကို ပေါင်းစည်း ထားတဲ့ သင်ယူနည်းတစ်မျိုးဖြစ်ပါတယ်။ ဒီနည်းလမ်းမှာဆိုရင်ကျောင်းသား/လူငယ်တွေဟာ သင်ခန်းစာအတွင်း သင်ယူထား တဲ့ အကြောင်းအရာတွေကို လူမှုအသိုင်းအဝိုင်းအတွက် အကျိုးရှိစွာ အသုံးချပြီး၊ အဲ့ဒီလိုလုပ်ဆောင်မှုတွေကနေ ပြန်လည်သင်ယူရတာဖြစ်ပါတယ်။
ဥပမာ –
- သင်တန်းသားတစ်ဦးက စာဖတ်နည်းသင်တန်းပို့ချခြင်း အစီအစဉ်တစ်ခုကို ကျေးရွာစာကြည့် တိုက်မှာ လုပ်ဆောင်ခြင်း။
- ပတ်ဝန်းကျင်ထိန်းသိမ်းရေးသင်ခန်းစာကို သင်ယူပြီးနောက် မြစ်ကမ်းနားသန့်ရှင်းရေး အစီအစဉ် တစ်ခု ပြုလုပ်ခြင်း။
- စီးပွားရေးစီမံခန့်ခွဲမှုသင်ခန်းစာကို လေ့လာပြီးနောက် ဒေသတွင်းစီးပွားရေးလုပ်ငန်းငယ်တစ်ခု အတွက် စျေးကွက်ရှာဖွေရေးဗျူဟာများ ရေးဆွဲပေးခြင်း။

၂။ Service Learning ရဲ့ ဖွံ့ဖြိုးလာမှု
Service Learning ကို ၁၉၇၀ ပြည့်နှစ် ဝန်းကျင်က အမေရိကန်ပြည်ထောင်စုတွင် စတင်အသုံးပြုခဲ့ပြီး နောက်ပိုင်းတွင် အရှေ့အာရှနိုင်ငံများအပါအဝင် ကမ္ဘာ့နိုင်ငံများစွာသို့ ပျံ့နှံ့ခဲ့သော ပညာရေးချဉ်းကပ်မှုတစ်ခုဖြစ်ပါတယ်။ ဒီချဉ်းကပ်မှုရဲ့ အဓိကရည်ရွယ်ချက်ကတော့ ပညာရေးဆိုင်ရာ သင်ယူမှုနဲ့ လူမှုအသိုင်းအဝိုင်းဖွံ့ဖြိုးတိုးတက်မှုကို တစ်ပြိုင်နက်တည်း အကျိုးပြု တိုးတက်စေဖို့ ဖြစ်ပါတယ်။ သင်တန်းသားများအနေနဲ့ ၎င်းတို့ရဲ့ သင်ခန်းစာတွေကို လူမှုအသိုင်းအဝိုင်းအတွက် လက်တွေ့ကျကျ အသုံးချခြင်းဖြင့် ပိုမိုနက်ရှိုင်းတဲ့ သင်ယူမှုအတွေ့အကြုံတွေကို ရရှိနိုင်မယ့်အပြင် လူမှုအသိုင်းအဝိုင်းရဲ့ လိုအပ်ချက်တွေကိုပါ ဖြည့်ဆည်းပေးပြီး တာဝန်ယူမှုရှိတဲ့ နိုင်ငံသားကောင်းတွေ ဖြစ်လာစေဖို့ ရည်ရွယ်ပါတယ်။
၃။ Theories Related to Service Learning (သီအိုရီ အခြေခံများ)
၃.၁ John Dewey’s Experiential Learning Theory (John Dewey ရဲ့အတွေ့အကြုံမှ သင်ယူခြင်းသီအိုရီ)
(John Dewey) ရဲ့ အတွေ့အကြုံမှ သင်ယူခြင်းသီအိုရီ (Experiential Learning Theory) ဟာ “Learning by Doing” (လက်တွေ့လုပ်ဆောင်ခြင်းမှ သင်ယူခြင်း) ဟူသော အယူအဆကို အခြေခံထားပါတယ်။
ဒီသီအိုရီအရ သင်ယူသူတွေအနေနဲ့ စာတွေ့သဘောတရားများကို လေ့လာရုံသာမကဘဲ လက်တွေ့တွင် ကိုယ်တိုင်ပါဝင်လုပ်ဆောင်ခြင်းဖြင့် ဗဟုသုတနဲ့ ကျွမ်းကျင်မှုတွေကို ပိုမိုနက်ရှိုင်းစွာ တည်ဆောက်နိုင်ကြမှာဖြစ်တယ်လို့ဆိုပါတယ်။ အကြောင်းအရာတစ်ခုကို လက်တွေ့လုပ်ဆောင်ခြင်းက သင်ယူမှုရဲ့ အကျိုးသက်ရောက်မှုကို များစွာမြင့်တက်စေပြီး၊ သင်ယူသူတွေရဲ့ ပြဿနာဖြေရှင်းနိုင်စွမ်းနဲ့ဝေဖန်ပိုင်းခြားတွေးခေါ်နိုင်စွမ်းကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။ Service Learning ကဲ့သို့သော သင်ယူမှုပုံစံတွေဟာ ဒီသီအိုရီကို အခြေခံထားတာဖြစ်ပါတယ်။
ပုံ ၃.၁ John Dewey’s Experiential Learning Theory

၃.၂ Kolb’s Experiential Learning Cycle (Kolb ၏ အတွေ့အကြုံမှသင်ယူခြင်း စက်ဝန်း)
ဒေးဗစ် ကော့ဘ် (David Kolb) ရဲ့ အတွေ့အကြုံမှ သင်ယူခြင်းသီအိုရီအရ သင်ယူမှုဖြစ်စဉ်ကို အဆင့်လေးဆင့်ပါဝင်တဲ့ စက်ဝန်းတစ်ခုအဖြစ် ရှင်းပြထားပါတယ်။
✅ Concrete Experience (လက်တွေ့အတွေ့အကြုံရရှိခြင်း)
ဒီအဆင့်မှာတော့ သင်ယူသူအနေနဲ့ လက်တွေ့ အတွေ့အကြုံတစ်ခုကို တိုက်ရိုက်ရင်ဆိုင်ကြုံတွေ့ရတာမျိုး ဖြစ်ပါတယ်။ ဥပမာအားဖြင့်၊ Service Learning ပရိုဂရမ်တစ်ခုအတွက် ကျေးရွာတစ်ရွာကို သွားရောက်ပြီး စာသင်ကြားပေးခြင်းမျိုး ဖြစ်ပါတယ်။
✅ Reflective Observation (ပြန်လည်စဉ်းစားသုံးသပ်ခြင်း)
လက်တွေ့အတွေ့အကြုံရရှိပြီးတဲ့နောက်မှာတော့ သင်ယူသူအနေနဲ့ ၎င်းရဲ့ အတွေ့အကြုံတွေကို ပြန်လည်စဉ်းစားသုံးသပ်မှာဖြစ်ပါတယ်။ “ငါဘာလုပ်ခဲ့သလဲ?၊ ဘာတွေဖြစ်ပျက်ခဲ့သလဲ?၊ ဘာကြောင့် ဖြစ်တာလဲ? ” စတဲ့ မေးခွန်းတွေကို မေးမြန်းပြီး ဆန်းစစ်သုံးသပ်တာဖြစ်ပါတယ်။
✅ Abstract Conceptualization (သဘောတရားအနှစ်ချုပ်ချမှတ်ခြင်း)
ဒီအဆင့်မှာတော့ သင်ယူသူအနေနဲ့ ပြန်လည်စဉ်းစားထားတဲ့အချက်တွေထဲကနေ သင်ခန်းစာတွေကို ထုတ်နှုတ်ပြီး သီအိုရီတစ်ခု ဒါမှမဟုတ် သဘောတရားတစ်ခု အဖြစ် အနှစ်ချုပ် ချမှတ် တာဖြစ်ပါတယ်။ ဆိုလိုတာကတော့ ရရှိထားတဲ့ အတွေ့အကြုံတွေကို ယေဘုယျနိယာမတစ်ခုအဖြစ် ဖော်ဆောင်ခြင်း ဖြစ် ပါတယ်။ ဥပမာအားဖြင့်၊ “ပညာရေးမှာ အမြင်အာရုံ အထောက်အကူ (Visual Aids) တွေဟာ သင်ယူမှုအတွက် အလွန်အရေးပါသည်” ဟု သဘောတရားတစ်ခု ရရှိခြင်းမျိုးဖြစ်ပါတယ်။
✅ Active Experimentation (လက်တွေ့စမ်းသပ်အသုံးချခြင်း)
ဒီအဆင့်ကတော့ အနှစ်ချုပ်ချမှတ်ထားတဲ့ သီအိုရီ ဒါမှမဟုတ် သဘောတရားကို အခြေခံပြီးတော့ သင်ယူသူအနေနဲ့ အခြားအခြေအနေတစ်ခုမှာ လက်တွေ့စမ်းသပ်လုပ်ဆောင်ကြည့်ခြင်းဖြစ်ပါတယ်။ ဥပမာအားဖြင့်၊ သင်ခန်းစာအသစ်တစ်ခုကို စီစဉ်တဲ့အခါ အမြင်အာရုံ အထောက်အကူပြု ပစ္စည်းတွေကို အသုံးပြုခြင်းမျိုး ဖြစ်ပါတယ်။
ဒီအဆင့်လေးဆင့်ဟာ တစ်ခု နဲ့ တစ်ခု ဆက်စပ်ပြီး လည်ပတ်နေကာ သင်ယူသူတွေကို အတွေ့အကြုံတွေက တစ်ဆင့် စဉ်ဆက်မပြတ် သင်ယူခြင်းဖြင့် တိုးတက်လာစေမှာဖြစ်ပါတယ်။
ပုံ ၃.၂ Kolb’s Experiential Learning Cycle

၃.၃ Constructivist Learning Theory (တည်ဆောက်မှုအခြေခံ သင်ယူခြင်းသီအိုရီ)
တည်ဆောက်မှုအခြေခံ သင်ယူခြင်းသီအိုရီက သင်ယူသူတွေဟာ ဗဟုသုတတွေကို ကိုယ်တိုင်တက်ကြွစွာ တည်ဆောက်သူတွေဖြစ်တယ်လို့ အခိုင်အမာဆိုပါတယ်။ ဒီသီအိုရီအရ သင်ယူသူတစ်ဦးဟာ စာသင်ခန်းထဲမှာ ဆရာပေးတဲ့ အချက်အလက်တွေကို လက်ခံရုံမသာမက လက်တွေ့မှာ ကိုယ်တိုင် ပါဝင် ဆောင်ရွက်ခြင်း၊ ပတ်ဝန်းကျင်နဲ့အပြန်အလှန်ဆက်သွယ်လုပ်ဆောင်ခြင်း တို့ဖြင့် ရှိထားပြီးသား အတွေ့အကြုံတွေကို အခြေခံပြီး အသိပညာအသစ်တွေကို တည်ဆောက်သွားခြင်းဖြစ်ပါတယ်။
သင်ယူမှုဆိုတာ လူမှုရေးလုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး၊ သင်ယူသူတွေအနေနဲ့ အချင်းချင်း ဆွေးနွေးတိုင်ပင်ခြင်းနဲ့ ပူးပေါင်းလုပ်ဆောင်ခြင်းတို့ကတစ်ဆင့် အသိဉာဏ်ကို တည်ဆောက်ကြပါတယ်။ ဒီချဉ်းကပ်မှုမှာ ဆရာရဲ့အခန်းကဏ္ဍဟာ အချက်အလက်တွေကို ဝေမျှသူ မဟုတ်ဘဲ၊ သင်ယူသူတွေကို အသိပညာတည်ဆောက်နိုင်ရန် လမ်းညွှန်ပေးသူ (facilitator) အဖြစ် ဆောင်ရွက်ရပါတယ်။ Service Learning ကဲ့သို့ သင်ယူမှုနည်းလမ်းတွေဟာ ဒီသီအိုရီကို လက်တွေ့ကျင့်သုံးထားတဲ့ အကောင်းဆုံး ဥပမာတွေပဲ ဖြစ်ပါတယ်။
ပုံ ၃.၃ Constructivist Learning Theory

၃.၄ Social Learning Theory (Bandura) လူမှုအပြန်အလှန်ဆက်ဆံမှုမှ သင်ယူခြင်းဆိုင်ရာ သီအိုရီ
လူမှုအပြန်အလှန်ဆက်ဆံမှုမှ သင်ယူခြင်းဆိုတာ ပညာရေးဆိုင်ရာ သီအိုရီတစ်ခုဖြစ်ပြီး သင်ယူမှုဟာ လူတစ်ဦးချင်းစီရဲ့ အတွင်းစိတ်လုပ်ငန်းစဉ်တစ်ခုတည်းမဟုတ်ဘဲ၊ အခြားသူများနဲ့ ပြောဆိုဆက်ဆံ ခြင်းမှတစ်ဆင့် ဗဟုသုတများ တည်ဆောက်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
ဒီသီအိုရီအရ သင်ယူသူတွေဟာ ဆရာ ဆရာမတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ မိမိတို့ပတ်ဝန်းကျင်က လူတွေနဲ့ ဆွေးနွေးပြီး ပူးပေါင်းလုပ်ဆောင်ခြင်း၊ အတွေ့အကြုံများ ဖလှယ်ခြင်းတို့မှတစ်ဆင့် အသိပညာ အသစ်များကို ရရှိကြပါတယ်။ ဥပမာအားဖြင့် အုပ်စုလိုက် စီမံကိန်းတစ်ခု လုပ်ဆောင်ခြင်း၊ အချင်းချင်း အပြန်အလှန်မေးမြန်းခြင်း ဒါမှမဟုတ် လူမှုအသိုင်းအဝိုင်းအကျိုးပြုလုပ်ဆောင်နေစဉ်အတွင်း ရရှိလာတဲ့ အတွေ့အကြုံတွေကို ဆွေးနွေးခြင်း စတာတွေဟာ လူမှုအပြန်အလှန်ဆက်ဆံမှုမှတစ်ဆင့် သင်ယူခြင်းရဲ့ အဓိကနည်းလမ်းတွေဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ သင်ယူသူတွေကို ပိုမိုနက်ရှိုင်းပြီး ရေရှည်တည်တံ့တဲ့ ဗဟုသုတတွေကို ရရှိစေဖို့ အထောက်အကူပြုပါတယ်။
ပုံ ၃.၄ Social Learning Theory (Bandura)

၃.၅ Transformative Learning Theory (Mezirow) အသွင်ပြောင်းလဲသင်ယူခြင်းသီအိုရီ
ဂျက်ခ် မီဇရို (Jack Mezirow) ရဲ့ အသွင်ပြောင်းလဲသင်ယူခြင်းသီအိုရီအရ သင်ယူမှုဆိုတာ ရှိရင်းစွဲ အသိပညာ ဒါမှမဟုတ် စိတ်ကူးသဘောထားတွေကို ပြုပြင်ပြောင်းလဲခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ ဒီသီအိုရီအရ သင်ယူသူတွေဟာ လက်တွေ့အတွေ့အကြုံတွေ၊ ဝေဖန်ပိုင်းခြားမှုရှိသော စဉ်းစား တွေးခေါ်မှုတွေ နဲ့ ဆွေးနွေးမှုတွေကနေတစ်ဆင့် မိမိတို့ရဲ့ အမြင်ရှုထောင့်ကို ပြောင်းလဲနိုင်ကြပါတယ်။
ဒီဖြစ်စဉ်မှာ တစ်ခါတစ်ရံ စိန်ခေါ်မှုတွေရှိနိုင်ပေမယ့်လည်း၊ ပိုမိုပြည့်စုံတဲ့ နားလည်မှုနှင့် ပွင့်လင်းတဲ့ အမြင်ကို ရရှိစေပါတယ်။ Service Learning ကဲ့သို့ သင်ယူမှုပုံစံတွေမှာ သင်ယူသူတစ်ဦးအနေနဲ့ လူမှုအသိုင်းအဝိုင်းရဲ့ စိန်ခေါ်မှုတွေကို ကိုယ်တိုင်ပါဝင်ဖြေရှင်းခြင်းမှတစ်ဆင့် လူမှုရေးတရားမျှတမှု ဒါမှမဟုတ် ယဉ်ကျေးမှုကွဲပြားမှုအပေါ် အမြင်တွေကို ပြောင်းလဲစေနိုင်ပါတယ်။ ဒါက အသွင်ပြောင်းလဲ သင်ယူခြင်းရဲ့ အဓိကရည်ရွယ်ချက် ဖြစ်ပါတယ်။
၄။ Service Learning ရဲ့ အဓိကအစိတ်အပိုင်းများ
Service Learning ကို ထိရောက်စွာ အကောင်အထည်ဖော်ရန်အတွက် မရှိမဖြစ်လိုအပ်သော အဓိကအစိတ်အပိုင်း (၅) ခု ရှိပါတယ်။
(၁) Academic Learning Objectives (သင်ခန်းစာနဲ့ ဆက်စပ်မှုရှိသော ရည်ရွယ်ချက်များ)
Service Learning မှာပါတဲ့ လုပ်ဆောင်မှုတွေဟာ ကျောင်းသင်ခန်းစာတွေရဲ့ ပညာရပ်ဆိုင်ရာ ရည်ရွယ်ချက်တွေနဲ့ တိုက်ရိုက်ချိတ်ဆက်မှုရှိရပါမယ်။ ကျောင်းသားတွေအနေနဲ့ မိမိတို့ရဲ့ ဗဟုသုတနဲ့ ကျွမ်းကျင်မှုတွေကို လက်တွေ့လုပ်ငန်းခွင်မှာ အသုံးချခြင်းဖြင့် ပညာရပ်ပိုင်းဆိုင်ရာ သင်ယူမှုရလဒ်တွေ ပိုမိုခိုင်မာလာစေမှာဖြစ်ပါတယ်။
(၂) Meaningful Community Service (အဓိပ္ပာယ်ရှိသော လူမှုဝန်ဆောင်မှု)
လုပ်ဆောင်ရတဲ့ဝန်ဆောင်မှုတွေဟာ လူမှုအသိုင်းအဝိုင်းရဲ့ တကယ့်လိုအပ်ချက်တွေကို ဖြည့်ဆည်း ပေးနိုင်တဲ့ အကျိုးရှိတဲ့ လုပ်ငန်းတွေဖြစ်ရပါမယ်။ ရိုးရှင်းတဲ့ အကူအညီပေးခြင်းမျိုးထက် ပိုမိုနက်ရှိုင်းပြီး ရေရှည်အကျိုးပြုမယ့် အလုပ်တွေကို အာရုံစိုက်လုပ်ဆောင်ခြင်းဖြင့် ကျောင်းသားရော လူမှု အသိုင်းအဝိုင်းပါ အကျိုးရှိစေပါတယ်။
(၃) Structured Reflection (စနစ်တကျ ပြန်လည်သုံးသပ်ခြင်း)
Reflection (ပြန်လည်သုံးသပ်ခြင်း) ဟာ Service Learning ရဲ့ အရေးအပါဆုံး အစိတ်အပိုင်းတစ်ခုဖြစ် ပြီး အတွေ့အကြုံကတစ်ဆင့် သင်ယူတဲ့နေရာမှာ မရှိမဖြစ်လိုအပ်ပါတယ်။ ကျောင်းသားတွေအနေနဲ့ ၎င်းတို့ရဲ့ အတွေ့အကြုံတွေ၊ စိတ်ခံစားမှုတွေနဲ့ သင်ယူခဲ့ရတဲ့သင်ခန်းစာတွေကို စနစ်တကျ ပြန်လည် သုံးသပ်ဆွေးနွေးခြင်းဖြင့် ပိုမိုနက်ရှိုင်းတဲ့ နားလည်မှုကို ရရှိလာမှာဖြစ်ပါတယ်။
(၄) Reciprocity (နှစ်ဦးနှစ်ဖက် အကျိုးရှိခြင်း)
Service Learning မှာ သင်ယူသူ ကျောင်းသား/လူငယ်နဲ့ လူမှုအသိုင်းအဝိုင်းနှစ်ဖက်လုံး အပြန်အလှန် အကျိုးရှိဖို့ လိုပါတယ်။ ကျောင်းသားက ၎င်းရဲ့ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုကို အသုံးချပေးသလို၊ လူမှုအသိုင်းအဝိုင်းဘက်ကလည်း သင်ယူသူ ကျောင်းသားကို လက်တွေ့အတွေ့အကြုံတွေနဲ့ အမြင်သစ်တွေ ပေးနိုင်မှာဖြစ်ပါတယ်။
(၅) Civic Responsibility (လူထုအပေါ် တာဝန်ယူမှု တိုးတက်စေခြင်း)
Service Learning က လူငယ်တွေကို လူမှုပြဿနာများအပေါ် ပိုမိုနားလည်စေပြီး လူထုအကျိုးပြု လုပ်ငန်းတွေမှာ တက်ကြွစွာ ပါဝင်လိုစိတ်ရှိတဲ့၊ တာဝန်ယူမှုရှိတဲ့ နိုင်ငံသားကောင်းများအဖြစ် ကြီးပြင်းလာစေရန် ရည်ရွယ်ပါတယ်။ ၎င်းက လူငယ်အတွေအတွက် ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်လူ့အဖွဲ့အစည်းကို ကိုယ်ပိုင်ဆိုင်တယ်၊ ကိုယ်နဲ့သက်ဆိုင်တယ် ဆိုတဲ့ တာဝန်ယူမှု ရှိတဲ့ ခံယူချက်ကို မွေးမြူပေးပါတယ်။
၅။ Service Learning နဲ့ အခြားနည်းလမ်းများ၏ ကွာခြားချက်
Service Learning ကို အခြားဆင်တူသည့် နည်းလမ်းများဖြစ်သော စေတနာ့ဝန်ထမ်းလုပ်ငန်း၊ အလုပ်သင်၊ သို့မဟုတ် လူမှုအသိုက်အဝန်းအခြေပြု သင်ယူမှုတို့နှင့် ရောထွေးလေ့ရှိပါတယ်။ ဒီနည်းလမ်းတွေရဲ့ အဓိကကွာခြားချက်တွေကို အောက်မှာ ဖော်ပြထားပါတယ်။
(၁) Volunteerism (စေတနာ့ဝန်ထမ်းလုပ်ငန်း)
- Volunteerism ဆိုတာက မိမိရဲ့ ကိုယ်ပိုင်အချိန်နဲ့ ကျွမ်းကျင်မှုကို လူမှုအသိုင်းအဝိုင်းအတွက် အခကြေးငွေမယူဘဲ ပေးအပ်ခြင်းဖြစ်ပါတယ်။
- အဓိကကွာခြားချက်: Volunteerism က လူမှုအသိုင်းအဝိုင်းအတွက် ဝန်ဆောင်မှုပေးခြင်းကိုသာ အဓိကထားပြီး၊ ပညာရေးဆိုင်ရာ သင်ယူမှုရည်ရွယ်ချက်တွေနဲ့ချိတ်ဆက်ခြင်း ဒါမှမဟုတ် စနစ်တကျ ပြန်လည်သုံးသပ်ခြင်း (Structured Reflection) များ မပါဝင်ပါ။ Service Learning ကတော့ ဝန်ဆောင်မှုနဲ့ သင်ယူမှုနှစ်ခုစလုံးကို အဓိကထားတာ ဖြစ်ပါတယ်။
(၂) Internship (အလုပ်သင်)
- Internship ဆိုတာ ကျောင်းသား/လူငယ်တစ်ဦးအနေနဲ့ မိမိရဲ့ပညာရပ်ဆိုင်ရာနယ်ပယ်က အဖွဲ့အစည်းတစ်ခုမှာ လုပ်ငန်းအတွေ့အကြုံရရှိဖို့ အလုပ်သင်ဆင်း ခြင်းဖြစ်ပါတယ်။
- အဓိကကွာခြားချက်: Internship က ကျောင်းသားတွေရဲ့ ပရော်ဖက်ရှင်နယ် ဖွံ့ဖြိုးတိုးတက်မှုကို အဓိကရည်ရွယ်ပြီး၊ လူမှုအကျိုးပြုဝန်ဆောင်မှု ဒါမှမဟုတ် လူမှုအသိုင်းအဝိုင်းရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးခြင်းမျိုးအတွက် ရည်ရွယ်ချက်မရှိပါ။ Service Learning ကတော့ လူမှုအသိုင်းအဝိုင်းကို အဓိကထားတာဖြစ်ပါတယ်။
(၃) Community-based Learning (အသိုက်အဝန်းအခြေပြု သင်ယူခြင်း)
- Community-based Learning မှာတော့ သင်ယူသူတွေကို လူမှုအသိုင်းအဝိုင်း ပတ်ဝန်းကျင် အကြောင်းသင်ယူစေရန် စီစဉ်ခြင်းဖြစ်ပါတယ်။ ဥပမာအားဖြင့်၊ သမိုင်းဝင်နေရာများသို့ သွားရောက်လေ့လာခြင်းမျိုး ဖြစ်ပါတယ်။
- အဓိကကွာခြားချက်: Community-based Learning မှာ သင်ယူမှုသာ ပါဝင်ပြီး လူမှုအသိုင်းအဝိုင်းအတွက် လက်တွေ့ကျတဲ့ ဝန်ဆောင်မှုပေးခြင်း ပါဝင်မည်မဟုတ်ပါ။ Service Learning မှာတော့ လက်တွေ့ဝန်ဆောင်မှုပေးခြင်းနဲ့ သင်ယူမှုနှစ်ခုစလုံးကို တပြိုင်နက်တည်း ပေါင်းစပ်ထားတာဖြစ်ပါတယ်။
၆။ Service Learning Models များ
Service Learning ကို ဝန်ဆောင်မှုပုံစံအမျိုးမျိုး အသုံးပြုပြီး သင်ယူမှုနဲ့ပေါင်းစပ်နိုင်ပါတယ်။ အဓိကအားဖြင့် အောက်ပါအတိုင်း အမျိုးအစား (၄) မျိုး ခွဲခြားနိုင်ပါတယ်။
(၁) Direct Service (တိုက်ရိုက်ဝန်ဆောင်မှု)
ဒီဝန်ဆောင်မှုပုံစံကတော့ လူမှုအသိုင်းအဝိုင်းမှာရှိတဲ့ လူပုဂ္ဂိုလ်တစ်ဦးချင်း ဒါမှမဟုတ် အဖွဲ့အစည်းတွေကို ကိုယ်တိုင်ကိုယ်ကျ တိုက်ရိုက်ကူညီပေးခြင်းဖြစ်ပါတယ်။ ဥပမာအားဖြင့်၊ ကျောင်းသားတွေက ဆေးရုံတစ်ခုမှာ လူနာတွေကို ပြုစုစောင့်ရှောက်ပေးခြင်း၊ အိမ်ရာမဲ့များအတွက် အစားအသောက်လှူဒါန်းခြင်း သို့မဟုတ် စာကြည့်တိုက်တစ်ခုတွင် စာဖတ်ခြင်းသင်တန်းများ ပို့ချပေးခြင်းတို့ ဖြစ်ပါတယ်။
(၂) Indirect Service (သွယ်ဝိုက်သော ဝန်ဆောင်မှု)
ဒီဝန်ဆောင်မှုပုံစံက လူမှုအသိုင်းအဝိုင်းအပေါ် သွယ်ဝိုက်သောနည်းဖြင့် အကျိုးသက်ရောက်မှု ရှိစေရန်အတွက် လုပ်ဆောင်ခြင်းဖြစ်ပါတယ်။ ကျောင်းသားတွေဟာ အစီအစဉ်တစ်ခုကို တိုက်ရိုက်လုပ်ဆောင်ခြင်းမဟုတ်ဘဲ၊ ထိုအစီအစဉ်အတွက် အထောက်အကူဖြစ်စေမယ့် အလုပ်တွေကို နောက်ကွယ်မှ ပံ့ပိုးပေးခြင်းဖြစ်ပါတယ်။ ဥပမာအားဖြင့်၊ သဘာဝဘေးအန္တရာယ်ခံစားရသူများအတွက် အလှူငွေ သို့မဟုတ် အရင်းအမြစ်များ စုဆောင်းပေးခြင်း၊ အစားအသောက်ဘဏ်တစ်ခုအတွက် အစားအစာများကို စီစဉ်ထုပ်ပိုးပေးခြင်း သို့မဟုတ် ဝက်ဘ်ဆိုဒ်တစ်ခု တည်ဆောက်ပေးခြင်းတို့ ဖြစ်ပါတယ်။
(၃) Research-based Service (သုတေသနအခြေပြု ဝန်ဆောင်မှု)
ဒီဝန်ဆောင်မှုပုံစံကတော့ လူမှုအသိုင်းအဝိုင်းရဲ့ တကယ့်လိုအပ်ချက်နဲ့ ပြဿနာတွေကို နက်နက်နဲနဲ နားလည်စေရန်အတွက် သုတေသနလုပ်ငန်းများကို လုပ်ဆောင်ခြင်းဖြစ်ပါတယ်။ ဥပမာအားဖြင့်၊ ကျောင်းသားတွေက ဒေသတစ်ခုမှာရှိတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်များကို လေ့လာခြင်း၊ လူမှုရေးပြဿနာတစ်ခုရဲ့ အကြောင်းရင်းများကို စစ်တမ်းကောက်ယူခြင်း သို့မဟုတ် ဒေသတွင်းကျောင်းများ၏ သင်ရိုးညွှန်းတမ်းကို ခွဲခြမ်းစိတ်ဖြာခြင်းတို့ ဖြစ်ပါတယ်။
(၄) Advocacy-based Service (ထောက်ခံလှုံ့ဆော်မှုအခြေပြု ဝန်ဆောင်မှု)
ဒီဝန်ဆောင်မှုပုံစံက အသိုင်းအဝိုင်းအတွက် အရေးပါတဲ့ ကိစ္စရပ်တွေကို လူအများသိရှိလာစေဖို့နဲ့ အရေးယူဆောင်ရွက်စေရန် ရည်ရွယ်ပါတယ်။ ဥပမာအားဖြင့်၊ ကျောင်းသားတွေက သဘာဝ ပတ်ဝန်း ကျင် ထိန်းသိမ်းရေးအကြောင်းကို ဗီဒီယိုများ ရိုက်ကူးခြင်း၊ လူမှုပြဿနာတစ်ခုအကြောင်း ပိုစတာများ ရေးဆွဲဖြန့်ဝေခြင်း၊ သို့မဟုတ် ဒေသအစိုးရအဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်ခြင်းတို့ ဖြစ်ပါတယ်။

၇။ အကျိုးကျေးဇူးများ (သုတေသနအခြေခံ)
သုတေသနများအရ Service Learning သည် ကျောင်းသားများအတွက် ပညာရေးဆိုင်ရာ၊ လူမှုရေးဆိုင်ရာနှင့် အလုပ်အကိုင်ဆိုင်ရာ အကျိုးကျေးဇူးများစွာကို ဖြစ်ပေါ်စေကြောင်း တွေ့ရှိရပါတယ်။ အဓိကအကျိုးကျေးဇူးများမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။
(၁) ပညာရေး အဆင့်တိုးတက်မှု
Service Learning က စာသင်ခန်းထဲက သီအိုရီတွေကို လက်တွေ့ကမ္ဘာမှာ အသုံးချနိုင်ဖို့ ကူညီပေးပါတယ်။ ဒါကြောင့် ကျောင်းသားများအနေနဲ့ သင်ခန်းစာတွေကို ပိုမိုနက်ရှိုင်းစွာ နားလည်နိုင်ပြီး သင်ယူမှုအပေါ် စိတ်ဝင်စားမှုနဲ့ လှုံ့ဆော်မှုတွေ ပိုမိုမြင့်တက်လာစေပါတယ်။ လက်တွေ့ လုပ်ဆောင်မှု များမှတစ်ဆင့် ရရှိလာသော အသိပညာများသည် ပိုမိုခိုင်မာပြီး မှတ်မိလွယ်သောကြောင့် ပညာရေးရလဒ်များကိုပါ တိုးတက်စေပါတယ်။
(၂) လူမှုဆက်ဆံရေးနှင့် အထူးကျွမ်းကျင်မှု တိုးတက်မှု
လူမှုအသိုင်းအဝိုင်းအတွင်း မတူညီသော လူများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည် ကျောင်းသားများ၏ ဆက်သွယ်ပြောဆိုနိုင်စွမ်း၊ အဖွဲ့လိုက်လုပ်ဆောင်နိုင်စွမ်းနှင့် ခေါင်းဆောင်မှု အရည်အချင်းများကို မြှင့်တင်ပေးပါတယ်။ ဒါ့အပြင် ပြဿနာများကို လက်တွေ့ကျကျ ဖြေရှင်းရခြင်းက ဝေဖန်ပိုင်းခြား တွေးခေါ်နိုင်စွမ်းနှင့် ဆုံးဖြတ်ချက်ချနိုင်စွမ်းကို တိုးတက်စေပါတယ်။ ဒီကျွမ်းကျင်မှုတွေက ပညာရေးသာမက နေ့စဉ်ဘဝနဲ့ အလုပ်ခွင်မှာပါ အရေးပါပါတယ်။
(၃) လူထုနှင့် ပြည်သူ့တာဝန်ယူမှု တိုးတက်မှု
Service Learning က ကျောင်းသားတွေကို လူမှုရေးပြဿနာတွေနဲ့ပတ်သက်ပြီး နက်ရှိုင်းတဲ့ နားလည်မှုနဲ့ စာနာထောက်ထားမှုကို ပေးစွမ်းနိုင်ပါတယ်။ မိမိတို့ပတ်ဝန်းကျင်ရဲ့ လိုအပ်ချက်များကို သိရှိလာပြီး ထိုလိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် တာဝန်ယူလိုစိတ် ပိုမိုမြင့်တက်လာစေပါတယ်။ ၎င်းက တာဝန်ယူမှုရှိသော၊ တက်ကြွသော နိုင်ငံသားကောင်းများအဖြစ် ကြီးပြင်းလာစေရန် အခြေခံအုတ်မြစ် တစ်ခုကို တည်ဆောက်ပေးပါတယ်။
(၄) အလုပ်အကိုင်နှင့် Career Skills တိုးတက်မှု
လက်တွေ့လုပ်ဆောင်မှု အတွေ့အကြုံတွေကြောင့် ကျောင်းသားတွေဟာ မိမိတို့ရဲ့ လုပ်ငန်းခွင်နဲ့ပတ်သက်တဲ့ ကျွမ်းကျင်မှုတွေကို တိုးမြှင့်နိုင်ပြီး CV (ကိုယ်ရေးအကျဉ်း) မှာ ထည့်သွင်းဖို့ အတွက် လိုအပ်တဲ့ အတွေ့အကြုံတွေကို ရရှိစေပါတယ်။ ပရော်ဖက်ရှင်နယ် အဖွဲ့အစည်းများနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းက ကွန်ရက်ချိတ်ဆက်မှု အခွင့်အလမ်းများကိုလည်း ဖန်တီးပေးပါတယ်။ ဒီအရာတွေက အနာဂတ်အလုပ်အကိုင်အတွက် ပိုမိုကောင်းမွန်စွာ ပြင်ဆင်နိုင်ဖို့ အထောက်အကူပြုပါ တယ်။
၈။ လုပ်ဆောင်နည်းမျာ
Service Learning ကို အကောင်အထည်ဖော်ခြင်း အဆင့်များ
Service Learning ပရိုဂရမ်တစ်ခုကို အောင်မြင်စွာ အကောင်အထည်ဖော်ရန်အတွက် အဓိကအဆင့်များစွာကို စနစ်တကျ လိုက်နာရန် လိုအပ်ပါတယ်။ ဒီအဆင့်တွေက သင်ယူမှုနဲ့ ဝန်ဆောင်မှုကို ထိရောက်စွာ ပေါင်းစပ်ပေးနိုင်ပါတယ်။
(၁) အသိုင်းအဝိုင်းလိုအပ်ချက် သတ်မှတ်ခြင်း
ပထမဦးစွာ၊ လုပ်ဆောင်ရမယ့် အစီအစဉ်ကတော့ အမှန်တကယ်လိုအပ်နေတဲ့ အသိုင်းအဝိုင်းရဲ့ ပြဿနာတွေ ဒါမှမဟုတ် လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် သုတေသနပြုလုပ်ရပါမယ်။ လူမှုအသိုင်းအဝိုင်းထဲမှာရှိတဲ့ခေါင်းဆောင်တွေ၊ အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံဆွေးနွေးခြင်းဖြင့် လက်တွေ့ကျပြီး၊ အဓိပ္ပာယ်ရှိတဲ့ ဝန်ဆောင်မှု ပန်းတိုင်တွေကို သတ်မှတ်နိုင်ပါတယ်။
(၂) သင်ရိုးအတွင်း အခြေအနေနှင့် ချိတ်ဆက်ခြင်း
သတ်မှတ်ထားတဲ့ ဝန်ဆောင်မှုပန်းတိုင်တွေကို သင်ရိုးညွှန်းတမ်းမှ ပညာရပ်ဆိုင်ရာ ရည်ရွယ်ချက်များနှင့် ချိတ်ဆက်ပေးရပါမယ်။ ဒီအဆင့်ကတော့ ကျောင်းသားများအနေနဲ့ ၎င်းတို့ သင်ယူထားတဲ့ သီအိုရီတွေကို လက်တွေ့မှာ ဘယ်လိုအသုံးချရမယ်ဆိုတာကို နားလည်စေဖို့နဲ့ သင်ယူမှုအတွေ့အကြုံကို ပိုမိုခိုင်မာစေဖို့ အရေးကြီးပါတယ်။
(၃) အဖွဲ့လိုက် အစီအစဉ်ပြုလုပ်ခြင်း
အစီအစဉ်ကို အကောင်အထည်မဖော်မီ၊ ဆရာနှင့် ကျောင်းသားများ ပူးပေါင်းကာ အစီအစဉ်၏ ရည်ရွယ်ချက်၊ လုပ်ဆောင်မယ့်အဆင့်ဆင့် နဲ့ လိုအပ်တဲ့အရင်းအမြစ်တွေကို သေချာစွာ စီစဉ်ရပါမယ်။ ဒီအဆင့်က ကျောင်းသားတွေကို စီမံခန့်ခွဲမှုစွမ်းရည်နဲ့ ပူးပေါင်းဆောင်ရွက်မှုစွမ်းရည်တွေကို မြှင့်တင်ပေးပါတယ်။
(၄) Reflection Activity များ ပြုလုပ်ခြင်း
Service Learning ရဲ့ အဓိက အစိတ်အပိုင်းတစ်ခုမှာ Reflection ဖြစ်ပြီး၊ ၎င်းက သင်ယူမှုလုပ်နေစဥ် နဲ့ သင်ယူမှု အပြီးမှာ ကျောင်းသားတွေကို မိမိရဲ့ အတွေ့အကြုံတွေ၊ စိတ်ခံစားမှုတွေ နဲ့ သင်ယူခဲ့တဲ့ ပညာရပ်တွေကို ပြန်လည်သုံးသပ်စေတဲ့ လုပ်ငန်းစဉ် ဖြစ်ပါတယ်။ Reflection လုပ်ခြင်းက သင်ယူမှု အပေါ် နားလည်မှုကို ပိုအဆင့်မြင့်လာစေပြီး သင်ခန်းစာတွေကို ကိုယ်ပိုင်အတွေ့အကြုံနဲ့ ချိတ်ဆက် နိုင်စေပါတယ်။
၄.၁ Reflection Activity အမျိုးအစားများ
✅ Individual Reflection
- Journal Writing – တစ်နေ့တာ သို့မဟုတ် လုပ်ငန်းတစ်ခုပြီးစီးသည့်နောက် မိမိ လေ့လာသင်ယူခဲ့သည့်အချက်များ၊ ခံစားချက်များကို စာအဖြစ် မှတ်တမ်းတင်ခြင်း။
- Personal Essays – Service Learning မှ သင်ယူခဲ့သည့် အကြောင်းအရာများကို ပိုမိုပြည့်စုံစွာ ရေးသားခြင်း။
- Reflective Prompts – ဥပမာ-
- “ဒီ လုပ်ငန်းကနေ ဘာတွေ သင်ယူနိုင်ခဲ့သလဲ?”
- “မိမိ အမြင်ကို ဘယ်လို ပြောင်းလဲစေသလဲ?”
✅ Group Reflection
- Group Discussion – သင်ခန်းစာပြီးနောက် အဖွဲ့လိုက် ဆွေးနွေးခြင်း
- Focus Group Sharing – အတွေ့အကြုံတူသူများအကြား အမြင်ဖလှယ်ခြင်း
- Storytelling Session – အဖွဲ့ဝင်တိုင်း သင်ယူမှုနှင့် စိတ်ခံစားမှုကို ဇာတ်ကြောင်းအဖြစ်ပြောခြင်း
✅ Creative Reflection
- Art-based Reflection – ပုံဆွဲခြင်း၊ ပုံဖော်ရေးဆွဲခြင်း၊ Poster တင်ခြင်း
- Drama/Role-play – အတွေ့အကြုံကို ပြန်လည်ဖော်ပြသော သရုပ်ပြ
- Digital Media Reflection – Video Diary, Blog Post, Podcast တင်ခြင်း
၄.၂ Reflection Models
Reflection Activity ကို အထိရောက်ဆုံး လုပ်ဆောင်ရန် အောက်ပါ models များကို အသုံးပြုနိုင်ပါတယ်။
✅၄.၂.၁ Gibbs’ Reflective Cycle
- Description – ဖြစ်စဥ်ကို ဖော်ပြခြင်း (ဘာတွေ လုပ်ခဲ့သလဲ)
- Feelings – စိတ်ခံစားမှုများကို မျှဝေခြင်း
- Evaluation – အဖြစ်အပျက်မှ အကောင်း/အနုတ်လက္ခဏာများ ခွဲခြားခြင်း
- Analysis – အကြောင်းရင်း၊ သက်ရောက်မှု အကဲဖြတ်ခြင်း
- Conclusion – သင်ယူခဲ့သည့်အချက်များ ကိုယ်ပိုင်အမြင်နဲ့ချုပ်ဆိုခြင်း
- Action Plan – နောက်ထပ်လေ့လာမှု သို့မဟုတ် လုပ်ဆောင်မှုအတွက် စီမံချက် ချခြင်း
ပုံ ၄.၂.၁ Gibbs’ Reflective Cycle

✅၄.၂.၂ The “What, So What, Now What” Model
- What (ဘာဖြစ်ခဲ့သလဲ): ဖြစ်ရပ် သို့မဟုတ် အတွေ့အကြုံကို ဖော်ပြပါ။
- So What (ဒါဆို ဘာလဲ): ဒီအတွေ့အကြုံကနေ ဘာသင်ခန်းစာယူနိုင်သလဲ၊ ဘာကြောင့် အရေးကြီးတာလဲ။
- Now What (နောက်ဘာဆက်လုပ်မလဲ): ရရှိထားတဲ့ သင်ခန်းစာကို အနာဂတ်မှာ ဘယ်လို အသုံးချသွားမလဲ။
ပုံ ၄.၂.၂ The “What, So What, Now What” Model

✅ ၄.၂.၃ The 3-2-1 Bridge
- 3 Things I learned (ငါသင်ယူခဲ့တဲ့ အချက် ၃ ချက်): သင်ခန်းစာ ၃ ခုကို စာရင်းပြုစုပါ။
- 2 Questions I still have (ငါသိချင်နေသေးတဲ့ မေးခွန်း ၂ ခု): မဖြေရှင်းနိုင်သေးတဲ့ မေးခွန်း ၂ ခုကို ဖော်ပြပါ။
- 1 Analogy (၁ ခု ဥပမာ): ဒီအတွေ့အကြုံကို ဘယ်လို ဥပမာတစ်ခုနဲ့ နှိုင်းယှဉ်ဖော်ပြနိုင်သလဲ။
ဒီနည်းလမ်းတွေက ကျောင်းသားတွေရဲ့ Reflection လုပ်ဆောင်ချက်များကို ပိုမိုတိကျစေပြီး၊ ၎င်းတို့ရဲ့ အတွေးအမြင်များကို နက်နဲစွာ ဆန်းစစ်နိုင်စေပါတယ်။

၄.၂.၄ Forms of Reflection in Service Learning
- Daily/Weekly Reflection Journals – အတွေ့အကြုံများကို ပုံမှန် စာနယ်ဇင်းပုံစံနဲ့ မှတ်တမ်းတင်ခြင်း
- Mid-term & Final Reflection Papers – သင်ယူမှုအဆင့်များကို အစ/အဆုံး သုံးသပ်ခြင်း
- Photo Essay – ပုံများနှင့်အတူ အတွေ့အကြုံကို ဖော်ပြခြင်း
- Community Presentation – ပြန်လည်သုံးသပ်မှုကို လူထုရှေ့တွင် တင်ပြခြင်း
- Portfolio – လုပ်ဆောင်ချက်များနှင့် သင်ယူမှုကို စုဆောင်းထားသော စုဆောင်းစာအုပ်
➡️Example Scenario for Online Curriculum
Example:
Online Service Learning Project တစ်ခုအနေနဲ့ ကျောင်းသားများကို “Local Environmental Awareness Campaign” လုပ်စေပြီး နောက်ပိုင်းတွင် –
- Individual Journal – မိမိလုပ်ဆောင်မှုအတွင်း တွေ့မြင်ခဲ့သည့် အခက်အခဲနှင့် အောင်မြင်မှုများကို ရေးသားခြင်း
- Group Discussion in Forum – အဖွဲ့လိုက် အမြင်လဲလှယ်ခြင်း
Creative Reflection Video – မိမိလုပ်ဆောင်မှုက အနာဂတ်မှာ ဘာသိသာစွာ သက်ရောက်မလဲဆိုတာကို Video အနေနဲ့ တင်ခြင်း
ပုံ ၄.၂.၄ Weekly Reflection Journal နမူနာပုံစံ

(၅) အကျိုးရလဒ်ကိုအကဲဖြတ်ခြင်း (Assessment)
သင်ယူမှုရလဒ်များကို အကဲဖြတ်ခြင်းက Service Learning ရဲ့ အရေးကြီးတဲ့ အဆင့်တစ်ခု ဖြစ်ပါတယ်။ Service Learning ရဲ့ အကျိုးရလဒ်များကို အကဲဖြတ်ရာတွင် အဓိကရှုထောင့်သုံးခုကို ထည့်သွင်း စဉ်းစားရန် လိုအပ်ပါတယ်။ ၎င်းတို့မှာ-
✅သင်ယူမှုအကျိုးရလဒ် (Learning Outcomes)
ကျောင်းသားများ၏ သင်ယူမှုရည်ရွယ်ချက်များ ပြည့်မီခြင်းရှိမရှိကို အကဲဖြတ်ခြင်းဖြစ်သည်။ ဤအကဲဖြတ်မှုသည် ပရောဂျက်အပေါ် ကျောင်းသား၏ သုံးသပ်ချက်များ (Journal)၊ အစုလိုက်တင်ပြမှုများ (Project Presentations) သို့မဟုတ် စာမေးပွဲများမှတစ်ဆင့် ပြုလုပ်နိုင်ပါသည်။
Assessment Models
➡️Bloom’s Taxonomy Alignment
- Remember – သင်ခန်းစာအကြောင်းအရာ အမှန်/မှား မေးခွန်း (MCQ)
- Understand – အဓိပ္ပာယ်ဖွင့်ဆိုရေးသားခြင်း (Short Answer)
- Apply – အကြောင်းအရာ ဖြစ်စဥ်တစ်ခုနဲ့သက်ဆိုင်အောင် အသုံးချခြင်း (Scenario-based Tasks)
- Analyze – အကြောင်းအရာကို အစိတ်အပိုင်း ခွဲခြမ်းဖော်ပြခြင်း
- Evaluate – ဆုံးဖြတ်ချက်/အကြံဉာဏ်ပေးခြင်း
- Create – Project Plan / Campaign Design ပြုလုပ်ခြင်း
➡️Kirkpatrick’s Four Levels
☑️Reaction – သင်ခန်းစာအပေါ် မိမိခံစားချက် Survey
☑️Learning – Pre-test vs. Post-test Score Comparison
☑️Behavior – Project လုပ်ဆောင်မှုအတွင်း သုံးသပ်ခြင်း
☑️Results – Project သည် အသိုင်းအဝိုင်းအပေါ် မည်မျှသက်ရောက်မှုရှိသလဲဆိုတာ တိုင်းတာခြင်း
Service Learning Assessment Framework – Bloom’s Taxonomy Alignment
| Category | Criteria | Indicators | Assessment Tools |
| Knowledge (-Remember/Understand) | အဓိကအကြောင်းအရာ နားလည်မှု | Key Terms အမှန်/မှား အဖြေမှန်ရာခိုင်နှုန်း 80% | MCQ Quizzes |
| Application (Apply) | သင်ယူထားသည်များကို လက်တွေ့ အသုံးချနိုင်မှု | Scenario-based Task ကို တိကျမှန်ကန်စွာ ဖြေ ဆိုခြင်း | Practical Task Sheet |
| Analysis & Evaluation | အကြောင်းအရာ ခွဲခြမ်းစိစစ်နိုင်မှု | Problem-solving အတွင်း အကြောင်းရင်း/ဖြေရှင်းနည်း ဖော်ပြနိုင်ခြင်း | Case Study Analysis |
| Creation | အသစ်တီထွင်နိုင်မှု | Community Project Plan တင်ပြခြင်း | Rubric-based Project Evaluation |
| Reflection | မိမိအတွေ့အကြုံများ ပြန်လည်သုံးသပ်မှု | Problem-solving အတွင်း အကြောင်းရင်း/ဖြေရှင်းနည်း ဖော်ပြနိုင်ခြင်း | Case Study Analysis |
Service Learning Assessment Framework – Kirkpatrick’s Four Levels
| အဆင့် (Level) | အဓိပ္ပါယ် (Definition) | အကဲဖြတ်နည်း (Assessment Method) | နမူနာ Tools / Criteria |
| Level 1 – Reaction | သင်ခန်းစာ၊ လေ့လာမှု လုပ်ငန်းစဉ်အပေါ် ကျောင်းသားများ၏ ခံစားချက်နှင့် သဘောထားများ | Post-Session Survey / Feedback Form | Likert-scale rating (1-5) for satisfaction, interest, relevance; open-ended comments |
| Level 2 – Learning | Service Learning မှာ သင်ယူမှု အဆင့်တက်လာမှု | Pre-test vs. Post-test, Quiz, Short Essay | % improvement in scores, ability to explain key concepts, correct application of theories |
| Level 3 – Behavior | သင်ခန်းစာပြီးနောက် လုပ်ဆောင်မှုတွင် သင်ယူထားသည်များ အသုံးချနိုင်မှု | Observation Checklist, Peer Evaluation, Instructor Notes | Frequency of applying problem-solving skills, evidence of teamwork, communication quality |
| Level 4 – Results | Project/Service Learning သည် အသိုင်းအဝိုင်းအပေါ် သက်ရောက်မှု | Community Partner Interview, Impact Report, Surveys | community feedback score, measurable improvements in community issue |
✅အသိုင်းအဝိုင်းအကျိုးသက်ရောက်မှု (Community Impact)
ကျောင်းသားများ၏ ဝန်ဆောင်မှုပေးခြင်းသည် အသိုင်းအဝိုင်းအပေါ် မည်မျှ အကျိုးသက်ရောက်မှုရှိသည်ကို အကဲဖြတ်ခြင်းဖြစ်သည်။ ၎င်းကို အသိုင်းအဝိုင်းမှ ကိုယ်စားလှယ်များနှင့် ဆွေးနွေးခြင်း၊ စစ်တမ်းများ ကောက်ယူခြင်း သို့မဟုတ် ဝန်ဆောင်မှုပေးထားသော အဖွဲ့အစည်းများထံမှ တုံ့ပြန်ချက်များ ရယူခြင်းဖြင့် တိုင်းတာနိုင်ပါသည်။
✅Reflection Rubric များသုံးခြင်း (Using Reflection Rubrics)
ပြန်လည်သုံးသပ်မှု လုပ်ဆောင်ချက်များ (Reflection Activities) ကို အကဲဖြတ်ရန်အတွက် Rubric (အကဲဖြတ်စံနှုန်း) များ အသုံးပြုခြင်းဖြစ်သည်။ ၎င်းသည် ကျောင်းသားများ၏ ဝေဖန်ပိုင်းခြားတွေးခေါ်နိုင်စွမ်းနှင့် သင်ယူမှုကို နက်ရှိုင်းစွာ ဆန်းစစ်နိုင်စွမ်းကို တိုင်းတာရန်အတွက် ပိုမိုတိကျသော အထောက်အထားများကို ပေးပါသည်။
၁၀။ စိန်ခေါ်မှုများနှင့် သက်သာစေသည့်နည်းများ
Service Learning က အလွန်အကျိုးရှိတဲ့ သင်ယူမှုနည်းလမ်းဖြစ်ပေမယ့်လည်း အကောင်အထည်ဖော် ရာမှာ သတိထားရမယ့် စိန်ခေါ်မှုတွေလည်း ရှိပါတယ်။ ဒီစိန်ခေါ်မှုတွေကို ကြိုတင်သိရှိပြီး ဖြေရှင်းခြင်း ဖြင့် အတွေ့အကြုံကို ပိုမိုထိရောက်စေနိုင်ပါတယ်။
(၁) ကျောင်းသားနှင့် လူမှုအသိုင်းအဝိုင်းအကြား တန်းတူမှု ထိန်းသိမ်းခြင်း
စိန်ခေါ်မှု: တစ်ခါတစ်ရံမှာ ကျောင်းသာတွေအနေနဲ့ မိမိတို့က “ကူညီပေးသူ” အဖြစ် ရှုမြင်ပြီး လူမှုအသိုင်းအဝိုင်းကို “အကူအညီခံ” အဖြစ် သတ်မှတ်ထားနိုင်ပါတယ်။ ဒီလိုသဘောထားမျိုးက အပြန်အလှန်လေးစားမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုကို ထိခိုက်စေနိုင်ပါတယ်။
သက်သာစေသည့်နည်းလမ်း: အစီအစဉ်ကို စတင်ကတည်းက ကျောင်းသားနဲ့ လူမှုအသိုင်းအဝိုင်းကြား နှစ်ဖက်စလုံးရဲ့ အသိပညာ၊ ကျွမ်းကျင်မှုနဲ့ အတွေ့အကြုံတွေကို တန်းတူတန်ဖိုးထားဖို့ လိုပါတယ်။ ကျောင်းသားက လူမှုအသိုင်းအဝိုင်းရဲ့ လိုအပ်ချက်ကို နားလည်ဖို့ အချိန်ယူရမှာဖြစ်ပြီး၊ လူတွေရဲ့ အကြံဉာဏ်များကိုလည်း အလေးထားဆောင်ရွက်ရပါမယ်။ ထိုသို့လုပ်ဆောင်ခြင်းဖြင့် နှစ်ဖက်စလုံး အတူတကွ သင်ယူတိုးတက်နိုင်ပါတယ်။
(၂) Tokenism (ဟန်ဆောင်မှု) မဖြစ်စေရန် အစီအစဉ်တည်ဆောက်ခြင်း
စိန်ခေါ်မှု: Tokenism ဆိုတာကတော့ ကျောင်းသားများရဲ့ ပါဝင်မှုက အပေါ်ယံ သို့မဟုတ် ဟန်ပြသာဖြစ်ပြီး လူမှုအသိုင်းအဝိုင်းအတွက် တကယ်အကျိုးသက်ရောက်မှုမရှိတဲ့ အခြေအနေကို ဆိုလိုတာဖြစ်ပါတယ်။ ထိုသို့ဖြစ်ပါက သင်ယူသူရော အသိုင်းအဝိုင်းပါ စစ်မှန်သော အတွေ့အကြုံကို ရရှိမည်မဟုတ်ပါ။
သက်သာစေသည့်နည်းလမ်း: အစီအစဉ်တစ်ခုကို ဒီဇိုင်းဆွဲရာမှာ ရေတိုလှုပ်ရှားမှုမျိုးသာမကဘဲ အသိုင်းအဝိုင်းရဲ့ လိုအပ်ချက်ကို တကယ်တမ်း ဖြေရှင်းပေးနိုင်မယ့် ရေရှည်စီမံကိန်းများကိုပါ ရွေးချယ်သင့်ပါတယ်။ ကျောင်းသားများအား စီမံကိန်းရဲ့ အဓိကလုပ်ငန်းစဉ်တွေမှာ ပါဝင်ဆောင်ရွက်စေခြင်းဖြင့် ၎င်းတို့ရဲ့ ပါဝင်မှုကို ပိုမိုအဓိပ္ပာယ်ရှိစေပါတယ်။
(၃) စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရန် (Sustainability)
စိန်ခေါ်မှု: သင်ခန်းစာကာလ ပြီးဆုံးသွားတဲ့အခါ Service Learning အစီအစဉ်တွေလည်း ရပ်တန့်သွားတတ်ပါတယ်။ ထိုသို့ဖြစ်ပါက အသိုင်းအဝိုင်းတွင် လိုအပ်ချက်များ ဆက်လက်ရှိနေနိုင်ပြီး ရေရှည်ဖြေရှင်းချက်များ ရရှိမည်မဟုတ်ပါ။သက်သာစေသည့်နည်းလမ်း: ရေရှည်တည်တံ့သော အစီအစဉ်ဖြစ်စေရန်အတွက် ပရိုဂရမ်ကို လူမှူအသိုင်းအဝိုင်းထဲက လူတွေကိုယ်တိုင် ဆက်လက်လုပ်ဆောင်နိုင်ဖို့ လိုအပ်တဲ့ ကျွမ်းကျင်မှုတွေ၊ အရင်းအမြစ်တွေနဲ့ ဗဟုသုတတွေကို တည်ဆောက်ပေးရပါမယ်။ ကျောင်းသားတွေက အစီအစဉ်ပြီးဆုံးတဲ့အခါ လူမှုအသိုင်းအဝိုင်းက ဆက်လက်ထိန်းသိမ်းထားနိုင်မယ့် စနစ်တစ်ခုကို ဖန်တီးပေးခြင်းဖြင့် ရေရှည်အကျိုးကျေးဇူးကို သေချာစေနိုင်ပါတယ်။
၁၁။ နိုင်ငံတကာနဲ့ ပြည််််တွင်း လုပ်ဆောင်မှု နမူနာများ
(၁) Service Learning ၏ နိုင်ငံတကာနှင့် ပြည်တွင်း နမူနာများ
✅နိုင်ငံတကာ (ဥပမာ- အမေရိကန်၊ စင်ကာပူ၊ ဖိလစ်ပိုင်)
အမေရိကန်: တက္ကသိုလ်ကျောင်းသားများက မြို့ပြဒေသများရှိ အိမ်ရာမဲ့များအတွက် အစားအသောက် နှင့် အဝတ်အထည်များ စုဆောင်းပေးခြင်း။
စင်ကာပူ: ကျောင်းသားများက သက်ကြီးရွယ်အိုစောင့်ရှောက်ရေးစင်တာများသို့ သွားရောက်ပြီး သက်ကြီးရွယ်အိုများနှင့်အတူ အနုပညာနှင့် လက်မှုပညာများ ဖန်တီးခြင်း။
ဖိလစ်ပိုင်: သဘာဝဘေးအန္တရာယ်များ မကြာခဏကြုံတွေ့ရသော ဒေသများတွင် ကျောင်းသားများက ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အစီအစဉ်များကို ရေးဆွဲပေးခြင်း။
✅ပြည်တွင်း နမူနာများ (မြန်မာနိုင်ငံ)
ကျေးရွာကျောင်းများတွင် စာသင်ပေးခြင်း : တက္ကသိုလ်ကျောင်းသားများသည် နွေရာသီကျောင်းပိတ် ရက်များတွင် ကျေးရွာများသို့ သွားရောက်ကာ အခြေခံပညာရေးသင်ခန်းစာများ သင်ကြားပေးခြင်း။
သန့်ရှင်းရေးလုပ်ငန်းများ: မြစ်ကမ်းနားများ သို့မဟုတ် အများပြည်သူသုံး နေရာများတွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးလုပ်ငန်းများ လုပ်ဆောင်ခြင်း။
(၂) လေ့လာမှုများမှ ရရှိသော သင်ခန်းစာများ (Lessons Learned)
သင်ယူမှုနှင့် ဝန်ဆောင်မှုကို ပေါင်းစပ်ခြင်း။ ။ အကောင်းဆုံးရလဒ်များရရှိရန်အတွက် ကျောင်းသားများ ၏ ဝန်ဆောင်မှုလုပ်ငန်းများကို သင်ကြားရေးပညာရပ်နှင့် သေချာစွာ ချိတ်ဆက်ပေးရန် လိုအပ်ပါတယ်။
လူမှုအသိုင်းအဝိုင်းရဲ့ ပါဝင်ပတ်သက်မှု။ ။ ပရိုဂရမ်တစ်ခုကို စီစဉ်ရာတွင် လူမှုအသိုင်းအဝိုင်း၏ လိုအပ်ချက် များကို အခြေခံပြီး ၎င်းတို့ရဲ့ အကြံပြုချက်များကို လက်ခံခြင်းက အစီအစဉ်ရဲ့ အောင်မြင်မှုကို သေချာ စေပါတယ်။
ရေရှည်တည်တံ့သော အစီအစဉ်များ: ဝန်ဆောင်မှုပေးခြင်းသည် ရေတိုအကူအညီထက် လူမှုအသိုင်းအဝိုင်းအတွက် ရေရှည်အကျိုးကျေးဇူးရှိစေရန်နှင့် ကိုယ်တိုင်ဆက်လက်လုပ်ဆောင်နိုင်စေ ရန် ရည်ရွယ်သင့်ပါတယ်။
၁၂။ အနာဂတ်တိုးတက်မှု
Service Learning ဟာ ခေတ်နဲ့အညီ ပြောင်းလဲတိုးတက်နေပြီး၊ အနာဂတ်ပညာရေးအတွက် အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာပါတယ်။ အဓိကဦးတည်တဲ့ အနာဂတ်နယ်ပယ်တွေကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။
၁၂.၁ ။ Service Learning ရဲ့ အနာဂါတ်တိုးတက်မှုများ
✅Digital Service Learning (ဒစ်ဂျစ်တယ်ဆိုင်ရာ ဝန်ဆောင်မှုမှ သင်ယူခြင်း)
နည်းပညာတိုးတက်မှုနဲ့အတူ ကျောင်းသားတွေက လူမှုအသိုင်းအဝိုင်းကို အွန်လိုင်းမှတစ်ဆင့် ဝန်ဆောင်မှုပေးခြင်းဖြစ်ပါတယ်။
ဥပမာအားဖြင့် –
- ကျေးရွာတစ်ရွာရှိ ကျောင်းသားများအား အွန်လိုင်းမှ ကွန်ပျူတာသင်တန်းများ ပို့ချပေးခြင်း
- ဒေသတွင်းစီးပွားရေးလုပ်ငန်းငယ်များအတွက် လူမှုမီဒီယာ စီမံခန့်ခွဲမှုများကို ကူညီပေးခြင်း
✅Global Citizenship Education (ကမ္ဘာ့နိုင်ငံသား ပညာရေး)
Service Learning က ကျောင်းသားတွေအတွက် ကမ္ဘာ့အမြင် (global perspective) ကို တည်ဆောက်ပေးနိုင်ပါတယ်။ ၎င်းက နိုင်ငံတကာပြဿနာတွေ (ဥပမာ- ရာသီဥတုပြောင်းလဲမှု၊ ဆင်းရဲမွဲတေမှု) ကို နားလည်ပြီး၊ ကမ္ဘာ့နိုင်ငံသားတစ်ဦးအနေနဲ့ တာဝန်ယူမှုတွေကို သင်ယူသိရှိ လာစေပါ တယ်။
✅SDGs (Sustainable Development Goals) နှင့် ချိတ်ဆက်မှု
Service Learning ပရောဂျက်များကို ကုလသမဂ္ဂရဲ့ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်များ (SDGs) နှင့် တိုက်ရိုက်ချိတ်ဆက်ခြင်းဖြင့် ကျောင်းသားတွေဟာ ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်များအတွက် လက်တွေ့မှာ ဘယ်လိုပါဝင်ပံ့ပိုးနိုင်တယ်ဆိုတာကို နားလည် လာစေပါတယ်။ ဥပမာအားဖြင့်၊ ရေရှည်တည်တံ့မယ့် စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ စီမံကိန်းတစ်ခုကို လုပ်ဆောင်ခြင်းမျိုးဖြစ်ပါတယ်။
ပုံ ၁၂.၁ Digital Service Learning (ဒစ်ဂျစ်တယ်ဆိုင်ရာ ဝန်ဆောင်မှုမှ သင်ယူခြင်း)

၁၂. ၂ ။ Online Curriculum အတွက် နမူနာ Scenario
သင့်ရဲ့ သင်ယူမှုအတွေ့အကြုံတွေကို လက်တွေ့လုပ်ငန်းစဉ်အဖြစ် ဘယ်လိုအသုံးချရမယ်ဆိုတာကို ရှင်းပြထားပါတယ်။
Case: မြန်မာလူငယ် ၁၀ ဦးက ကျေးရွာစာကြည့်တိုက်တစ်ခုမှာ Reading Program (စာဖတ်ခြင်းအစီအစဉ်) လုပ်ခြင်း။
လုပ်ဆောင်ရမည့်အဆင့်များ:
(၁) Program Planning (အစီအစဉ်ရေးဆွဲခြင်း)
- သင်တန်းသားများသည် စာဖတ်ခြင်းအစီအစဉ်၏ ရည်ရွယ်ချက်၊ အချိန်ဇယားနှင့် သင်ကြားမည့် သင်ခန်းစာများကို အွန်လိုင်းမှတစ်ဆင့် အဖွဲ့လိုက် ပူးပေါင်းရေးဆွဲရမည်။
- ကျေးရွာစာကြည့်တိုက်နှင့် ဆက်သွယ်၍ လိုအပ်ချက်များ (ဥပမာ- စာအုပ်အမျိုးအစား၊ သင်ကြားမည့်အရွယ်) ကို သုတေသနပြုရမည်။
(၂) Teaching Sessions (စာသင်ကြားမှုအဆင့်)
- သင်တန်းသားများသည် မိမိတို့ ရေးဆွဲထားသော သင်ခန်းစာအစီအစဉ်အတိုင်း ကျေးရွာစာကြည့်တိုက်ရှိ ကလေးငယ်များကို စာဖတ်ခြင်းနည်းလမ်းများ၊ ပုံပြင်ပြောခြင်းများနှင့် စာအုပ်များမှ သင်ခန်းစာယူပုံများကို သင်ကြားပေးရမည်။
(၃) Reflection Journal (ပြန်လည်သုံးသပ်မှု ဂျာနယ်)
- သင်ကြားမှုအဆင့် ပြီးဆုံးပြီးနောက် သင်တန်းသားတစ်ဦးချင်းစီသည် ၎င်းတို့၏ အတွေ့အကြုံများ (ဥပမာ- ကြုံတွေ့ရသည့်အခက်အခဲများ၊ အောင်မြင်မှုများ၊ သင်ယူခဲ့ရသည့်အချက်များ) ကို ဂျာနယ်တွင် မှတ်တမ်းတင်ရမည်။
(၄) Online Presentation (အွန်လိုင်းမှ တင်ဆက်ခြင်း)
- အဖွဲ့လိုက် သို့မဟုတ် တစ်ဦးချင်းအနေဖြင့် စီမံကိန်းတစ်ခုလုံး၏ လုပ်ငန်းစဉ်၊ ရလဒ်များနှင့် သင်ယူခဲ့ရသည့်အချက်များကို အွန်လိုင်းမှတစ်ဆင့် တင်ဆက်မှု ပြုလုပ်ရမည်။ ၎င်းသည် မိမိတို့၏ အတွေ့အကြုံကို ပြန်လည်မျှဝေနိုင်ရန် အခွင့်အလမ်းပေးပါသည်။
(၅) အကဲဖြတ်ခြင်း
✅ Formative Assessment (စဉ်ဆက်မပြတ် သင်ယူမှုအဆင့်တင်သုံးသပ်ခြင်း)
- Program Planning အဆင့်မှာ
- Online collaboration notes, planning documents ကို သုံးပြီး အဖွဲ့လိုက် feedback ပေးနိုင်။
- Needs assessment (ကျေးရွာစာကြည့်တိုက်နဲ့ ဆက်သွယ်ပြီး ပကတိအခြေအနေ နဲ့သက်ဆိုင်တဲ့ အချက်အလက်တွေကို မေးမြန်းစစ်ဆေးပါ။
- Online collaboration notes, planning documents ကို သုံးပြီး အဖွဲ့လိုက် feedback ပေးနိုင်။
✅Performance Assessment (အပြုအမူ အကဲဖြတ်ခြင်း)
- Teaching Sessions အဆင့်မှာ
- ကျောင်းသားများ လက်တွေ့ စာဖတ်သင်ကြားတဲ့အခါ Observation Checklist နဲ့ အကဲဖြတ်နိုင်။
- ဥပမာ : Clarity of instruction, child engagement, use of reading strategies, storytelling creativity ( excellent – good – fair – need to improve)
- ကျောင်းသားများ လက်တွေ့ စာဖတ်သင်ကြားတဲ့အခါ Observation Checklist နဲ့ အကဲဖြတ်နိုင်။
✅ Reflective Assessment (အတွေ့အကြုံသုံးသပ်ခြင်း)
- Reflection Journal အဆင့်မှာ
- Students တစ်ဦးချင်းစီကို ကိုယ်ပိုင် reflection journal များရေးခိုင်းပြီး rubric အတိုင်း အကဲဖြတ်နိုင်။
- ဥပမာ Criteria: Depth of reflection, ability to identify challenges, lessons learned, connection to community needs
- Students တစ်ဦးချင်းစီကို ကိုယ်ပိုင် reflection journal များရေးခိုင်းပြီး rubric အတိုင်း အကဲဖြတ်နိုင်။
✅ Summative Assessment (အဆုံးသတ် အကဲဖြတ်ခြင်း)
- Online Presentation အဆင့်မှာ
- Final group/individual presentation ကို rubric ဖြင့် အကဲဖြတ်နိုင်။
- ဥပမာ Criteria: Content completeness, clarity, teamwork, communication skill, use of evidence (data/photos/stories)
- Final group/individual presentation ကို rubric ဖြင့် အကဲဖြတ်နိုင်။
နမူနာ Assessment Tools များ
- Rubrics (Program Plan, Teaching Sessions, Reflection Journal, Presentation အတွက်)
- Peer Assessment (အဖွဲ့တွင်းအချင်းချင်း အကဲဖြတ်)
- Community Feedback (ကျေးရွာစာကြည့်တိုက်မန်နေဂျာ/ကလေးများက ရေးပေးတဲ့ simple evaluation form)
Self-Assessment (သင်တန်းသားများကိုယ်တိုင် စာဖတ်အစီအစဉ်မှာ သူတို့အောင်မြင်မှု/ခက်ခဲမှု အကဲဖြတ်)