၁။ Crisis Management (အကျပ်အတည်းကြားထဲ စီမံခန့်ခွဲမှု) ဆိုတာ ဘာလဲ?
Crisis Management (အကျပ်အတည်း ကြားထဲ စီမံခန့်ခွဲမှု) ဆိုတာ ရပ်ရွာအတွင်း၊ လုပ်ငန်းတစ်ခု၊ အဖွဲ့အစည်းတစ်ခု၊ တစ်ဦးတစ်ယောက်ရဲ့ ဂုဏ်သိက္ခာ၊ အသက်အန္တရာယ်၊ ဘဏ္ဍာရေးနဲ့ စီးပွားရေး လုပ်ငန်းတွေကို ထိခိုက်စေနိုင်တဲ့ မမျှော်လင့်ထားတဲ့ အရေးပေါ်အခြေအနေ ဒါမှမဟုတ် အကျပ်အတည်းတစ်ခု ဖြစ်ပေါ်လာတဲ့အခါမှာ ထိထိရောက်ရောက် တုံ့ပြန်ဖြေရှင်းနိုင်ဖို့ ကြိုတင် ပြင်ဆင်ထားတဲ့ အစီအစဉ်တွေ၊ နည်းဗျူဟာတွေနဲ့ လုပ်ငန်းစဉ်တွေပဲ ဖြစ်ပါတယ်။
၂။ Crisis Management (အကျပ်အတည်း ကြားထဲ စီမံခန့်ခွဲမှု) အကျပ်အတည်း ကြားထဲ စီမံခန့်ခွဲမှု ဘာကြောင့်လိုအပ်လဲ?
အကျပ်အတည်း ကြားထဲ စီမံခန့်ခွဲမှု လုပ်ဖို့လိုအပ်တဲ့ အဓိကအချက်တွေကတော့-
ဂုဏ်သိက္ခာကို ကာကွယ်ရန်
အကျပ်အတည်းတစ်ခု ဖြစ်လာတဲ့အခါမှာ ရပ်ရွာတစ်ခုအတွင်း ဂုဏ်သိက္ခာနဲ့ နာမည်ကို ထိခိုက်မှုမရှိအောင် ဒါမှမဟုတ် အနည်းဆုံးဖြစ်အောင် ထိန်းသိမ်းဖို့အတွက်ပါ။
စီးပွားရေး လုပ်ငန်းတွေ ဆက်လက်လည်ပတ်နိုင်ဖို့
အကျပ်အတည်းကြောင့် ရပ်ရွာတစ်ခုအတွင်း လုပ်ဆောင်ချက်များ ရပ်တန့်မသွားဘဲ ဆက်လက် လည်ပတ်နိုင်အောင်၊ ဝင်ငွေဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင် ကာကွယ်ဖို့ပါ။
ရပ်ရွာတစ်ခုအတွင်း နေထိုင်သူတွေရဲ့ ဘေးကင်းလုံခြုံရေး
အကျပ်အတည်းအတွင်း နေထိုင်သူတွေရဲ့ လုံခြုံရေးကို အဓိကထားပြီး စီမံခန့်ခွဲနိုင်ဖို့ လိုအပ်ပါတယ်။
ယုံကြည်မှုကို ထိန်းသိမ်းရန်
ရင်းနှီး မြှုပ်နှံသူများ သို့မဟုတ် အများပြည်သူတို့ရဲ့ ယုံကြည်မှုကို မပျက်စီးအောင် ထိန်းသိမ်းဖို့ လိုအပ်ပါတယ်။
ထိရောက်တဲ့ ဆက်သွယ်ပြောဆိုမှု
ရပ်ရွာတစ်ခုအတွင်း အကျပ်အတည်း ဖြစ်နေချိန်မှာ မိမိ၏ အနီးအနား ဝန်းကျင်နဲ့ ပြင်ပက အများပြည်သူကို အချိန်နဲ့ တပြေးညီ ပွင့်လင်း မြင်သာစွာ သတင်း အချက်အလက်တွေ ပေးနိုင်ဖို့ပါ။
ဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင်
ဘဏ္ဍာရေးဆိုင်ရာ၊ ဂုဏ်သိက္ခာဆိုင်ရာ၊ လုပ်ငန်းဆိုင်ရာ စတဲ့ ဆုံးရှုံးမှုတွေကို အကျပ်အတည်း ဖြစ်ပေါ် ချိန်မှာရော၊ ပြီးတဲ့နောက်မှာပါ အတတ်နိုင်ဆုံး လျှော့ချနိုင်ဖို့ပါ။
၃။ Crisis Management (အကျပ်အတည်း ကြားထဲ စီမံ ခန့်ခွဲမှု)
(၁) ကြိုတင်ပြင်ဆင်ခြင်း (Preparation)
- အကျပ်အတည်းစီမံခန့်ခွဲမှုအဖွဲ့ ဖွဲ့စည်းခြင်း
အကျပ်အတည်း ဖြစ်လာတဲ့အခါမှာ ဦးဆောင်တုံ့ပြန် ဖြေရှင်းနိုင်မယ့်အဖွဲ့ကို ကြိုတင် ဖွဲ့စည်းထားရပါမယ်။ အဖွဲ့ဝင်တွေရဲ့ တာဝန်နဲ့ အခန်းကဏ္ဍကိုလည်း ရှင်းရှင်းလင်းလင်း သတ်မှတ် ထားရပါမယ်။
- ဖြစ်နိုင်ခြေရှိတဲ့ အကျပ်အတည်းတွေကို ခန့်မှန်းခြင်း
ရပ်ရွာ သို့မဟုတ် လုပ်ငန်းနဲ့ ပတ်သက်ပြီး ဘယ်လို အကျပ်အတည်း မျိုးတွေ ဖြစ်လာနိုင်လဲ ဆိုတာကို ကြိုတင်စဉ်း စားပြီး စာရင်း ပြုစုထားရပါမယ်။ ဥပမာ – ဘဏ္ဍာရေးပြဿနာ၊ ကုန်ပစ္စည်း ပြဿနာ၊ လူမှု ကွန်ရက်ပေါ်က ဝေဖန်မှု၊ သဘာဝ ဘေးအန္တရာယ် စတာတွေပေါ့။
- ဆက်သွယ်ရေး အစီအစဉ် ရေးဆွဲခြင်း
အကျပ်အတည်း ဖြစ်လာရင် ဘယ်သူကနေ ဘယ်သူ့ကို ဘယ်လိုဆက်သွယ်မလဲ၊ ပြင်ပ အဖွဲ့အစည်းတွေကို ဘယ်လို သတင်း ထုတ်ပြန်မလဲ၊ ဘယ်သူက တရားဝင် ပြောရေးဆိုခွင့် ရှိသူဖြစ်မလဲ ဆိုတာတွေကို အသေးစိတ် ရေးဆွဲ ထားရပါမယ်။
(၂) တုံ့ပြန်ခြင်း (Response)
- လျင်မြန်စွာ တုံ့ပြန်ခြင်း
အကျပ်အတည်း ဖြစ်ပေါ်လာတာ နဲ့တစ်ပြိုင်နက် လျင်မြန်စွာ တုံ့ပြန် နိုင်ရပါမယ်။ တုံ့ပြန်မှု နှေးကွေးရင် ဆုံးရှုံးမှု ပိုများနိုင်ပါတယ်။
- အချက်အလက် စုဆောင်းခြင်း
အကျပ်အတည်းရဲ့ အကြောင်းရင်း၊ အခြေအနေ၊ ထိခိုက်မှုပမာဏ စတာတွေကို တတ်နိုင်သမျှ မြန်မြန် ဆန်ဆန် စုဆောင်းရပါမယ်။
- ပွင့်လင်းမြင်သာစွာ ဆက်သွယ်ခြင်း
သတင်းအချက်အလက်ကို ပွင့်ပွင့်လင်းလင်း၊ ရိုးရိုးသားသား ဖော်ပြခြင်းက ယုံကြည်မှုကို တည်ဆောက် ပေးနိုင်ပါတယ်။ မှားယွင်းတဲ့ အချက်အလက်တွေနဲ့ ကောလဟာလ တွေကို ရှောင်ရှားဖို့လိုပါတယ်။
၃။ ပြန်လည်နာလန်ထူခြင်း (Recovery)
- အကျပ်အတည်းကို ပြန်လည်သုံးသပ်ခြင်း
အကျပ်အတည်း ပြီးတဲ့နောက်မှာ ဘာတွေမှားယွင်းခဲ့လဲ၊ ဘာတွေ မှန်ကန်ခဲ့လဲဆိုတာကို ပြန်လည် သုံးသပ်ပြီး သင်ခန်းစာ ယူရပါမယ်။
- ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိအောင် လုပ်ဆောင်ခြင်း
လုပ်ငန်းကို ပုံမှန်အတိုင်း ပြန်လည် လည်ပတ်နိုင်အောင် ဆောင်ရွက်ပြီး ဆုံးရှုံးမှုတွေကို ပြန်လည် ဖြည့်တင်းဖို့ ကြိုးစားရပါမယ်။
- အနာဂတ်အတွက် ပြင်ဆင်ခြင်း
ဒီအတွေ့အကြုံ ကနေရတဲ့ သင်ခန်းစာတွေနဲ့အညီ နောက်ထပ် အလားတူ အကျပ်အတည်းတွေ မဖြစ်ပွားအောင် ကြိုတင် ကာကွယ်မှုတွေနဲ့ အစီအစဉ်တွေကို ပိုမို ကောင်းမွန်အောင် ပြင်ဆင်ရပါမယ်။
➹ Crisis Management (အကျပ်အတည်း ကြားထဲ စီမံခန့်ခွဲမှု) ၏ အားသာချက်နဲ့ အားနည်းချက်
အကျပ်အတည်းကြားထဲ စီမံခန့်ခွဲမှုကို ကောင်းကောင်း အသုံးချနိုင်ရင် အခွင့်အလမ်းတွေ ရရှိနိုင်ပေမဲ့၊ မှားယွင်းစွာ ကိုင်တွယ်ရင်တော့ ပိုပြီးဆိုးရွားတဲ့ အခြေအနေတွေကို ကြုံတွေ့ ရနိုင်ပါတယ်။
အားသာချက်များ (Strengths)
- ဆုံးရှုံးမှုကို လျှော့ချနိုင်ခြင်း
အကျပ်အတည်းကို ကြိုတင်စီမံ ခန့်ခွဲထားတဲ့ အတွက်ကြောင့် ဘဏ္ဍာရေးဆုံးရှုံးမှု၊ ဂုဏ်သိက္ခာ ကျဆင်းမှုနဲ့ လူမှုရေးအရ ထိခိုက်မှု တွေကို အများကြီး လျှော့ချနိုင်ပါတယ်။
- လျင်မြန်စွာ တုံ့ပြန်နိုင်ခြင်း
အကျပ်အတည်း ဖြစ်လာတာနဲ့တစ်ပြိုင်နက် ဘယ်သူက ဘာလုပ်ရမယ်ဆိုတာ စီမံခန့်ခွဲမှု အစီအစဉ်တွေ ရှင်းရှင်းလင်းလင်း သတ်မှတ်ထားပါက တုံ့ပြန်မှုတွေ ပိုပြီး မြန်ဆန် ထိရောက်ပါတယ်။
- ယုံကြည်မှု တည်ဆောက်နိုင်ခြင်း
အကျပ်အတည်းကို ပွင့်လင်းမြင်သာစွာနဲ့ ထိထိရောက်ရောက် ကိုင်တွယ် ဖြေရှင်း ပြနိုင်မှာဖြစ်တဲ့အတွက် အများပြည်သူနဲ့ ဝန်ထမ်းတွေရဲ့ ယုံကြည်မှုကို ပိုမို ခိုင်မာစေနိုင်ပါတယ်။
- ပုံမှန် အခြေအနေသို့ မြန်မြန် ပြန်ရောက်နိုင်ခြင်း
အကျပ်အတည်း ပြီးတဲ့နောက်မှာ ကြိုတင်ပြင်ဆင်မှုတွေ ရှိထားတဲ့ အတွက်ကြောင့် လုပ်ငန်းတွေ၊ အဖွဲ့အစည်းတွေရဲ့ ပုံမှန်အခြေအနေကို လျင်မြန်စွာ ပြန်လည် ရောက်ရှိအောင် လုပ်ဆောင် နိုင်ပါတယ်။
အားနည်းချက်များ (Weaknesses)
- ကြိုတင်ခန့်မှန်းရန် ခက်ခဲခြင်း
အကျပ်အတည်းတိုင်းကို ကြိုတင်ခန့်မှန်းဖို့နဲ့ အစီအစဉ်ဆွဲဖို့က မဖြစ်နိုင်ပါဘူး။ မမျှော်လင့်ထားတဲ့ အကျပ်အတည်းတွေ အမြဲတမ်း ပေါ်လာ နိုင်ပါတယ်။
- ကုန်ကျစရိတ်များခြင်း
အကျပ်အတည်း စီမံခန့်ခွဲမှု ကြားမှာ အဖွဲ့တွေဖွဲ့စည်းတာ၊ လေ့ကျင့်မှုတွေပြုလုပ်တာ၊ အစီအစဉ် တွေရေးဆွဲတာ စတာတွေဟာ ကုန်ကျစရိတ် များပါတယ်။ အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေ အတွက်တော့ ဒါက အခက်အခဲ ဖြစ်နိုင်ပါတယ်။
- လူ့အဖွဲ့အစည်းအပေါ် အမှီအခိုများခြင်း
အကျပ်အတည်း စီမံခန့်ခွဲမှုရဲ့ ထိရောက်မှုဟာ အဖွဲ့အစည်းအတွင်းက လူတွေရဲ့ တုံ့ပြန်ပုံနဲ့ ဆုံးဖြတ်ချက် တွေအပေါ် အများကြီးမူတည်ပါတယ်။ လူတစ်ဦး တစ်ယောက်ရဲ့ မှားယွင်းတဲ့ ဆုံးဖြတ်ချက် တစ်ခုက အစီအစဉ် တစ်ခုလုံးကို ပျက်စီး စေနိုင်ပါတယ်။
- အတိတ်ကိုသာ အာရုံစိုက်မိခြင်း
တချို့ အဖွဲ့အစည်းတွေဟာ အရင်ကဖြစ်ခဲ့ဖူးတဲ့ အကျပ်အတည်း တွေကိုသာ အာရုံစိုက်ပြီး အစီအစဉ်တွေ ဆွဲလေ့ရှိပါတယ်။ ဒါက အနာဂတ်မှာ ပေါ်ပေါက်လာနိုင်တဲ့ အကျပ်အတည်း အသစ်တွေကို လျစ်လျူ ရှုရာရောက်နိုင်ပါတယ်။
ဖြစ်ရပ်လေ့လာမှု
ဖြစ်ရပ် ။ ။ ၂၀၁၀ ခုနှစ် Toyota ရဲ့ မလိုလားဘဲ (increase acceleration) အရှိန်တက်သွားခြင်း အကျပ်အတည်း
အကျပ်အတည်း၏ အခြေအနေ:
၂၀၀၀ ပြည့်နှစ်လွန်နှစ်များမှာ Toyota ကားတွေဟာ ကားမောင်းနေရင်း ရုတ်တရက် အရှိန်တက်သွားတဲ့ ပြဿနာတွေ ရှိတယ်ဆိုပြီး သတင်းတွေ စတင်ထွက်ပေါ်လာပါတယ်။ အဲဒီပြဿနာကြောင့် မတော်တဆမှုတွေဖြစ်ပြီး လူတွေ သေဆုံးမှုတွေအထိ ဖြစ်ပေါ်လာတဲ့အခါမှာတော့ ဒါဟာ နိုင်ငံတကာမှာ သိသာထင်ရှားတဲ့ အကျပ်အတည်းတစ်ခု ဖြစ်လာပါတယ်။
အကျပ်အတည်းရဲ့ အဓိကအချက်
ကားထဲက Floor Mat (ကြမ်းခင်းဖျာ) က Accelerator Pedal (အရှိန်မြှင့်တင်တဲ့ ခြေနင်းခလုတ်) ကို ပိတ်ဆို့နေတာ၊ ဒါမှမဟုတ် Pedal မှာ ချို့ယွင်းချက်ရှိနေတာကြောင့် ကားတွေဟာ ရုတ်တရက် အရှိန်တက်သွားပါတယ်။
စတင်ဖြစ်ပေါ်လာပုံ
အစပိုင်းမှာတော့ Toyota ဟာ ဒီပြဿနာကို သေးငယ်တဲ့ကိစ္စတစ်ခုအနေနဲ့သာ ရှုမြင်ခဲ့ပြီး သုံးစွဲသူ (Customer) တွေရဲ့ Floor Mat တွေကို မှားယွင်းစွာတပ်ဆင်ထားလို့ ဖြစ်ရတာလို့ အပြစ်တင်ခဲ့ပါတယ်။
Toyota ၏ အစောပိုင်း တုံ့ပြန်မှု (အားနည်းချက်များ)
Toyota ရဲ့ အစောပိုင်းတုံ့ပြန်မှုတွေက အကျပ်အတည်းစီမံခန့်ခွဲမှုရဲ့ အားနည်းချက်တွေကို ရှင်းရှင်းလင်းလင်း ပြသနေပါတယ်။
- နှေးကွေးခြင်းနှင့် တာဝန်ယူမှုမရှိခြင်း
ပြဿနာစဖြစ်ချိန်မှာ Toyota ဟာ တုံ့ပြန်ဖို့နှေးကွေးခဲ့ပြီး ပြဿနာကို လျစ်လျူရှု ထားခဲ့ပါတယ်။ Customer တွေက တိုင်ကြားမှုတွေရှိနေပေမယ့် ဒါဟာ ပြင်းထန်တဲ့ ပြဿနာတစ်ခု မဟုတ်ဘူးလို့ သဘောထားခဲ့ပါတယ်။
- အချက်အလက်ဖုံးကွယ်ခြင်း
အစပိုင်းမှာတော့ Toyota က ပြဿနာကို ဖုံးကွယ်ဖို့ကြိုးစားခဲ့ပြီး အဖြစ်မှန်ကို ပွင့်လင်းမြင်သာစွာ ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပါဘူး။ ဒီလိုလုပ်ရပ်က အများပြည်သူရဲ့ ယုံကြည်မှုကို လုံးဝပျက်စီး စေခဲ့ပါတယ်။
- အပြစ်လွှဲချခြင်း
အကျပ်အတည်းကို တာဝန်ယူဖြေရှင်းမယ့်အစား ပြဿနာကို Customer တွေဆီ လွှဲချခဲ့ပါတယ်။ ဒီလုပ်ရပ်က လုပ်ငန်းရဲ့ပုံရိပ်ကို အကြီးအကျယ် ထိခိုက်စေခဲ့ပြီး လူထုကပါ ဝေဖန် ကန့်ကွက်တာတွေကို ခံခဲ့ရပါတယ်။
အကျပ်အတည်း ကြီးထွားလာပုံ
- သတင်းမီဒီယာတွေ၊ အင်တာနက်ဖိုရမ်တွေပေါ်မှာ ဒီပြဿနာနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ ပြင်းထန်လာပါတယ်။
- အမေရိကန်အစိုးရရဲ့ စုံစမ်းစစ်ဆေးမှုတွေ စတင်လာပြီး Toyota အနေနဲ့ ဘေးကင်းရေးကို လစ်ဟင်းခဲ့ကြောင်း အချက်အလက်တွေ ထွက်ပေါ်လာပါတယ်။
- နောက်ဆုံးမှာတော့ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ Toyota ကားပေါင်း ၈ သန်းကျော်ကို ပြန်လည်သိမ်းဆည်းဖို့ (Recall) လုပ်ခဲ့ရပါတယ်။
Toyota ၏ နောက်ပိုင်း တုံ့ပြန်မှု (အားသာချက်များ)
အခြေအနေ အလွန်ဆိုးရွားလာပြီးနောက်မှာတော့ Toyota ဟာ သူတို့ရဲ့ အစီအစဉ်ကို လုံးဝပြောင်းလဲပြီး အကျပ်အတည်းစီမံခန့်ခွဲမှုရဲ့ အားသာချက်တွေကို ထိရောက်စွာ အသုံးချခဲ့ပါတယ်။
- ပြတ်သားသော ဆုံးဖြတ်ချက်ချခြင်း
Toyota ရဲ့ CEO ဖြစ်သူ Akio Toyoda ဟာ အမေရိကန် ကွန်ဂရက်ရှေ့မှာ လူသိရှင်ကြား တောင်းပန်ခဲ့ပြီး ပြဿနာအတွက် တာဝန်ယူကြောင်း ခိုင်ခိုင်မာမာ ပြောဆိုခဲ့ပါတယ်။ ဒီလုပ်ရပ်ဟာ အများပြည်သူရဲ့ စိတ်ထဲမှာ Toyota ဟာ တာဝန်ယူတဲ့လုပ်ငန်းတစ်ခုဖြစ်ကြောင်း ပြန်လည် ခံစားစေခဲ့ပါတယ်။
- လျင်မြန်စွာ ပြန်လည်သိမ်းဆည်းခြင်း
ပြဿနာကို ဝန်ခံပြီးတာနဲ့ တစ်ကမ္ဘာလုံးက ကားတွေကို ချက်ချင်းပြန်လည်သိမ်းဆည်းပြီး ပြုပြင်ပေးခဲ့ပါတယ်။ ဒါ့အပြင် ကားအသစ်တွေမှာ ဘေးကင်းလုံခြုံရေးစနစ်တွေကိုလည်း တိုးမြှင့်ခဲ့ပါတယ်။
- ပွင့်လင်းမြင်သာစွာ ဆက်သွယ်ခြင်း
သတင်းထုတ်ပြန်ချက်တွေ၊ မီဒီယာတွေ့ဆုံမေးမြန်းမှုတွေနဲ့ တရားဝင် ကြေညာချက်တွေက တစ်ဆင့် ပြုပြင် ပြောင်းလဲမှုတွေကို အချိန်နဲ့တစ်ပြေးညီ ပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့ပါတယ်။
- အကျပ်အတည်းမှ သင်ခန်းစာယူခြင်း
ဒီဖြစ်ရပ်ကနေ သင်ခန်းစာယူပြီး Toyota ကားတွေရဲ့ အရည်အသွေး ထိန်းချုပ်မှုစနစ် (Quality Control) ကို ပိုမိုတင်းကျပ်ခဲ့ပါတယ်။
ဖြစ်ရပ်လေ့လာမှုမှ သင်ခန်းစာ
Toyota ရဲ့ ဖြစ်ရပ်ကနေ Crisis Management အတွက် အောက်ပါသင်ခန်းစာတွေကို ရရှိနိုင်ပါတယ်။
- ကြိုတင်ပြင်ဆင်မှု မရှိခြင်းနှင့် နှေးကွေးခြင်း၏ အန္တရာယ်
အစပိုင်းမှာ တုံ့ပြန်မှုနှေးကွေးပြီး ပြဿနာကို လျစ်လျူရှုခဲ့တဲ့ အတွက်ကြောင့် အကျပ်အတည်းဟာ ပိုပြီး ကြီးထွားလာခဲ့ပါတယ်။
- ပွင့်လင်းမြင်သာမှု၏ အရေးပါပုံ
အချက်အလက် ဖုံးကွယ်ခြင်းက ရေတိုမှာ အကျိုးရှိသယောင်ရှိပေမဲ့ ရေရှည်မှာ ယုံကြည်မှုကို လုံးဝ ပျက်စီးစေပါတယ်။
- ခေါင်းဆောင်မှုရဲ့ အခန်းကဏ္ဍ
ခေါင်းဆောင်တစ်ဦးရဲ့ တာဝန်ယူမှုရှိတဲ့ ဆုံးဖြတ်ချက်နဲ့ လူသိရှင်ကြား တောင်းပန်မှုဟာ အကျပ်အတည်း ကို ကျော်လွှားရာမှာ အဓိကကျပါတယ်။
Materials
- https://www.investopedia.com/terms/c/crisis-management.asp
- https://www.everbridge.com/blog/what-is-crisis-management/
- https://asana.com/resources/crisis-management-plan