Slack

Slack ဆိုတာ ဘာလဲ

Slack ဆိုတာက သင့်အဖွဲ့ဝင်အချင်းချင်း စကားပြောဖို့၊ ဖိုင်တွေမျှဝေဖို့၊ အစည်းအဝေးတွေလုပ်ဖို့၊ အလုပ်ကိစ္စတွေကိုစနစ်တကျစီစဉ်ဖို့စတဲ့အရာအားလုံးကို နေရာတစ်ခုတည်းမှာ လုပ်ဆောင်နိုင်တဲ့ ဒီဂျစ်တယ်ရုံးခန်း (digital office) လို့ သင်ထင်မြင်ယူဆကြည့်နိုင်ပါတယ်။

Slack ဟာ Slack နည်းပညာကုမ္ပဏီကနေဖန်တီးခဲ့တဲ့ အဖွဲ့အစည်းတွင်းဆက်သွယ်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးအတွက် အသုံးပြုနိုင်တဲ့ပလက်ဖောင်းတစ်ခုဖြစ်ပါတယ်။ များပြားလှတဲ့အီးမေးလ်ပို့ ခြင်း/လက်ခံခြင်း (email threads) တွေကို လျှော့ချပြီး၊ အချိန်နဲ့တပြေးညီစကားပြောခြင်းတွေ (real-time chats)‌၊ စနစ်တကျဖွဲ့စည်းထားတဲ့ ချန်နယ် (channels) တွေပါဝင်ပြီး အလုပ်ကိစ္စဆက်သွယ်ပြောဆိုခြင်းကို ပိုမိုမြန်ဆန်ပြီး လွယ်ကူရိုးရှင်းစေဖို့အတွက် ရည်ရွယ်ပြီး Slack ကိုဖန်တီးထားတာပါ။

“Slack” ဆိုတဲ့ စကားလုံးဟာ မူလက “Searchable Log of All Communication and Knowledge” ကို အတိုကောက်ခေါ်ဝေါ်ရာကနေ ပေါ်ပေါက်လာတာပါ။ ဒါကြောင့် သင့်အဖွဲ့က မျှဝေတဲ့မက်ဆေ့ချ်တွေ၊ လင့်ခ်တွေ၊ ဖိုင်တွေအားလုံးကို သိမ်းဆည်းထားပြီး၊ သင်လိုအပ်တဲ့အခါတိုင်းမှာ လွယ်လွယ်ကူကူပြန်ရှာနိုင်ပါတယ်။

Slack ရဲ့ အဓိကရည်ရွယ်ချက်

Slack ဟာ အဖွဲ့တွေအတွက် ဗဟိုဆက်သွယ်ရေးစခန်းတစ်ခုအနေနဲ့ လုပ်ဆောင်ပေးပါတယ်။ အီးမေးလ်များစွာပို့နေရတာမျိုး ဒါမှမဟုတ် စကားပြောဖို့၊ ဖိုင်မျှဝေဖို့၊ ပရောဂျက် (project) တွေရဲ့အခြေ အနေပြောင်းလဲမှုကို အကြောင်းကြားဖို့ သီးခြားအက်ပ် (apps) တွေ သုံးနေရတာမျိုးအစား၊ ဒီအလုပ်အားလုံးကို နေရာတစ်ခုတည်းမှာ လုပ်ဆောင်နိုင်ပါတယ်။

Slack နဲ့ဆိုရင် အဖွဲ့တွေဟာ အောက်ပါတို့ကို လုပ်ဆောင်နိုင်ပါတယ်-

●  အချိန်နှင့်တပြေးညီ ချက်ချင်းစကားပြောခြင်း (Chat instantly)

●  ဖိုင်တွေ၊ စာရွက်စာတမ်းတွေနဲ့ လင့်ခ်တွေကို လွယ်ကူစွာမျှဝေခြင်း

●  အခြားအက်ပ်များ (ဥပမာ Google Drive သို့မဟုတ် Zoom) မှ အကြောင်းကြားချက်များကို လက်ခံရယူခြင်း

●  အရင်ကဆွေးနွေးခဲ့တာတွေကိုရှာဖွေပြီး အချက်အလက်တွေကို လျင်မြန်စွာပြန်လည်ရှာဖွေခြင်း

Slack ရဲ့ အဓိကလုပ်ဆောင်ချက်များ

၁။ ချန်နယ်များ (Channels) – စနစ်တကျ စကားဝိုင်းများ

ချန်နယ်တွေဟာ Slack ရဲ့ အဓိကအစိတ်အပိုင်းဖြစ်ပါတယ်။ ဒါတွေဟာ အဖွဲ့ဝင်တွေက သီးခြားခေါင်း စဉ်တွေ ဒါမှမဟုတ် ပရောဂျက်တွေကို ဆွေးနွေးတဲ့စကားပြောခန်းများ (chat rooms) နဲ့တူပါတယ်။ ချန်နယ်တိုင်းဟာ ပုံမှန်အားဖြင့် “#” သင်္ကေတနဲ့ စတင်ပါတယ်။

ဥပမာ- #marketing (စျေးကွက်ရှာဖွေရေးအတွက်)၊ #project-a (ပရောဂျက်အဖွဲ့ ဆွေးနွေးခန်း)၊ #client-support (ဖောက်သည်ကူညီရေး)၊ #random (အပျော်သဘော စကားပြောခန်း)

ချန်နယ်များကို အများပြည်သူသုံး (Public) (အလုပ်နေရာရှိ လူတိုင်းဝင်ရောက်နိုင်) ဒါမှမဟုတ် သီးသန့် သုံး (Private) (ရွေးချယ်ထားတဲ့ အဖွဲ့ဝင်များအတွက်သာ) ဆိုပြီး သတ်မှတ်ထားနိုင်ပါတယ်။ ဒီလိုဖွဲ့ စည်းပုံကြောင့် စကားဝိုင်းတွေဟာ စနစ်တကျရှိနေစေပြီး ဘယ်အကြောင်းအရာကို ဘယ်မှာမျှဝေရ မယ်ဆိုတဲ့ရှုပ်ထွေးမှုမျိုး မရှိတော့ပါဘူး။

၂။ တိုက်ရိုက်မက်ဆေ့ချ်များ (Direct Messages – DMs) – ကိုယ်ပိုင်စကားဝိုင်းများ

လုပ်ဖော်ကိုင်ဖက်တစ်ဦး သို့မဟုတ် နှစ်ဦးနဲ့ သီးသန့်စကားပြောချင်ရင် DM ကိုသုံးနိုင်ပါတယ်။ DM မှာ-

●  စာသား မက်ဆေ့ချ်များ (Text messages)

●  အသံ သို့မဟုတ် ဗီဒီယိုခေါ်ဆိုမှုများ (Audio or video calls)

●  ဖိုင်မျှဝေခြင်း (File sharing) တို့ကိုပြုလုပ်နိုင်ပါတယ်။ 

၃။ စကားဝိုင်းများ သေသပ်နေစေဖို့အတွက် Threads

ချန်နယ်တစ်ခုမှာ မက်ဆေ့ချ်တစ်ခုတင်လိုက်တဲ့အခါ၊ တခြားသူတွေက မူရင်းစကားပြောခန်းကို မရှုပ် စေဘဲ၊ Threads လို့ ခေါ်တဲ့ အဲဒီမက်ဆေ့ချ်အောက်မှာ တိုက်ရိုက်ပြန်လည်ဖြေကြားနိုင်ပါတယ်။ ဒါက ဆွေးနွေးမှုတွေကို အာရုံစူးစိုက်မှုရှိစေပြီး အလုပ်များတဲ့အဖွဲ့တွေအတွက် စနစ်တကျဖြစ်စေပါတယ်။

၄။ ရှာဖွေနိုင်သည့်မှတ်တမ်း (Searchable History) 

Slack မှာ မျှဝေထားတဲ့မက်ဆေ့ချ်နဲ့ ဖိုင်တိုင်းကို ပြန်လည်ရှာဖွေနိုင်ပါတယ်။ ရှာဖွေမှုရလဒ်တွေကို အောက်ပါတို့နဲ့ စစ်ထုတ် (filter) နိုင်ပါတယ်-

●  Keyword

●  ရက်စွဲ (Date)

●  သုံးစွဲသူ (User)

●  ချန်နယ် (Channel)

နောက်ဆုံးပရောဂျက်ဖိုင်ကို ဘယ်သူက၊ ဘယ်နေရာမှာမျှဝေလိုက်တယ်ဆိုတာ မမှတ်မိရင်တောင် အီး မေးလ်ရာပေါင်းများစွာကို လိုက်ဖတ်မနေရတော့ဘဲ၊ Slcak မှာရှာဖွေလိုက်ရုံနဲ့ တွေ့နိုင်ပါတယ်။

၅။ ပူးပေါင်းမှုများ (Integrations) – ကြိုက်နှစ်သက်ရာ Appsများနဲ့ ချိတ်ဆက်ပါ

Slack ဟာ အခြားကိရိယာပေါင်း ၂,၅၀၀ ကျော်နဲ့ တွဲဖက်အသုံးပြုနိုင်ပါတယ်။ ၎င်းတို့ထဲမှ အချို့မှာ-

●  Google Drive

●  Dropbox

●  Trello

●  Asana

●  Zoom

●  Salesforce

ဒီလိုပူးပေါင်းမှုကြောင့် အဆိုပါ Apps တွေဆီက အခြေအနေပြောင်းလဲမှု၊ လုပ်ငန်းခွင်တာဝန်ပေးအပ် မှုတွေ (tasks) ကိုအတည်ပြုခြင်း ဒါမှမဟုတ် ဖိုင်မျှဝေခြင်းတွေကို Slack ကနေမထွက်ဘဲ လုပ်ဆောင် နိုင်ပါတယ်။ ဥပမာ- Google Drive မှာ အလုပ်တစ်ခုအသစ်ထည့်လိုက်တာနဲ့ သင့်ရဲ့ Slack ပရောဂျက် ချန်နယ်မှာ အလိုအလျောက်ပေါ်လာနိုင်ပါတယ်။

၆။ လုပ်ငန်းအလိုအလျောက်လည်ပတ်မှု (Workflow Automation)

Slack ရဲ့ Workflow Builder က နေ့စဉ်စစ်ဆေးမှုများ (daily check-ins) စုဆောင်းခြင်း၊ သတိ ပေးချက် များပို့ခြင်း၊ တုံ့ပြန်ချက်များ (feedback) စုဆောင်းခြင်း စတဲ့ သေးငယ်ပြီးထပ်ခါတလဲလဲ လုပ်ဆောင် ရတဲ့အရာတွေကို အလိုအလျောက်လုပ်ဆောင်ဖို့ ကူညီပေးပါတယ်။ သင့်အဖွဲ့ရဲ့ နေ့စဉ်လုပ်ငန်းကို ပိုမို ချောမွေ့ထိရောက်စေဖို့အတွက် ကုဒ် (coding) ရေးစရာမလိုဘဲ ရိုးရှင်းတဲ့လုပ်ငန်းစဉ်တွေကို ဒီဇိုင်း ဆွဲနိုင်ပါတယ်။

၇။ Huddles နဲ့ Clips – Slack အတွင်း စကားပြောခြင်း သို့မဟုတ် အသံသွင်းခြင်း

●  Huddles ဆိုတာ ချန်နယ်တစ်ခုအတွင်းမှာ ချက်ချင်းစတင်နိုင်တဲ့အသံ ဒါမှမဟုတ် ဗီဒီယိုဆက် သွယ်ရေးစနစ်ပါ။ စိတ်ကူးများဖလှယ်ဖို့ (brainstorming) အတွက် အလွန်ကောင်းမွန်ပါတယ်။

●  Clips ကတော့ အွန်လိုင်း (online) မဟုတ်သေးတဲ့ အဖွဲ့ဝင်တွေအတွက် အတိုချုပ်အသံ သို့မ ဟုတ် ဗီဒီယိုမက်ဆေ့ချ်တွေကို အသံသွင်းပြီးပေးပို့နိုင်စေပါတယ်။ ဒါက အဝေးကနေ အလုပ် လုပ်ရတဲ့ ဒါမှမဟုတ် အချိန်ပိုင်းအလုပ်လုပ်ရတဲ့အဖွဲ့တွေအတွက် အသုံးဝင်ပါတယ်။

၈။ ဖိုင်မျှဝေခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်း

Slack မက်ဆေ့ချ်ထဲကို ဖိုင်တွေကို တိုက်ရိုက်ဆွဲထည့်ချ (drag and drop) နိုင်ပါတယ် ဒါမှမဟုတ် Google Drive သို့မဟုတ် OneDrive လိုမျိုး cloud ဝန်ဆောင်မှုတွေနဲ့ ချိတ်ဆက်နိုင်ပါတယ်။ Slack က ဖိုင်တွေရဲ့ဗားရှင်း (versions) တွေ၊ မှတ်ချက်တွေနဲ့ ဆွေးနွေးမှုတွေကို မှတ်တမ်းတင်ထားပေးတဲ့အတွက် ပူးပေါင်းဆောင်ရွက်မှုကို ချောမွေ့စေပါတယ်။

၉။ လုံခြုံရေးနှင့် စည်းမျဉ်းလိုက်နာမှု

လျှို့ဝှက်အချက်အလက် (sensitive data) တွေကို ကိုင်တွယ်တဲ့အဖွဲ့အစည်းတွေအတွက် Slack ဟာ လုပ်ငန်းအဆင့် (enterprise-level) လုံခြုံရေးကို ပေးစွမ်းပါတယ်။

●  ဒေတာ ကုဒ်သွင်းခြင်း (Data encryption) (ပို့နေစဉ်နှင့် သိမ်းဆည်းထားစဉ်)

●  လုံခြုံစိတ်ချရသော ဝင်ရောက်မှု (Secure logins) (ဥပမာ- Single Sign-On)

●  ISO, SOC 2, နဲ့ GDPR လိုမျိုး နိုင်ငံတကာ စံနှုန်းတွေနဲ့ကိုက်ညီခြင်း

၁၀။ AI နှင့် Smart Search

Slack ဟာ Slack AI ကို မိတ်ဆက်ခဲ့ပြီး ပိုမိုစမတ်ကျလာပါတယ်။

●  Channels နဲ့ Threads တွေရဲ့ AI နဲ့ အကျဉ်းချုပ်ပေးခြင်း

●  အချက်အလက်များကို ပိုမိုလျင်မြန်စွာ ရှာဖွေရန် စမတ်ကျသော ရှာဖွေမှု

●  လုပ်ငန်းခွင်ဗဟုသုတအပေါ် အခြေခံပြီး AI က ထုတ်ပေးတဲ့ အဖြေများ

သင်ကပရောဂျက် တစ်ခုကို အလယ်မှာမှစတင်ဝင်ရောက်လာတယ်ဆိုပါစို့၊ Slack AI ဟာ ဘာတွေ ဖြစ်ပျက်ခဲ့တယ်ဆိုတာကို မိနစ်ပိုင်းအတွင်းဖတ်နိုင်အောင် အကျဉ်းချုပ်ပေးနိုင်ပါတယ်။

မြန်မာနိုင်ငံရှိအဖွဲ့အစည်းများအတွက် Slack ရဲ့အရေးပါပုံ

မြန်မာနိုင်ငံရှိအဖွဲ့အစည်းတွေဟာ ဒီဂျစ်တယ်ကိရိယာတွေနဲ့ အဝေးမှအလုပ်လုပ်ကိုင်ခြင်း (remote work) ကို ပိုမိုအသုံးပြုလာတာနဲ့အမျှ၊ Slack ဟာ မြို့တွေရဲ့ကြားမှာဖြစ်ဖြစ်၊ နိုင်ငံတကာရုံးတွေရဲ့ကြား မှာပဲဖြစ်ဖြစ် ဆက်သွယ်ရေးကွာဟချက်တွေကို ပေါင်းကူးပေးနိုင်ပါတယ်။

ယုံကြည်စိတ်ချရတဲ့အင်တာနက်နဲ့ မိုဘိုင်းအက်ပ်တွေနဲ့အတူ Slack ဟာ အောက်ပါတို့ကို လုပ်ဆောင်နိုင် စေပါတယ်-

●  အဝေးမှ အလုပ်လုပ်ခြင်း

●  NGO ပရောဂျက် စီမံခန့်ခွဲမှု

●  ကျောင်းနှင့် တက္ကသိုလ် အဖွဲ့လိုက်အလုပ်လုပ်ဆောင်မှု

●  အသေးစားစီးပွားရေးဆိုင်ရာဆက်သွယ်ပြောဆိုမှု

Slack ဟာ သူတို့ ဘယ်နေရာမှာပဲရှိပါစေ၊ အဖွဲ့တွေကို ဆက်သွယ်နေစေဖို့၊ အချက်အလက်ရရှိနေစေဖို့နဲ့ ထိရောက်စွာ အလုပ်လုပ်ကိုင်နိုင်စေဖို့ စွမ်းဆောင်ပေးနိုင်တဲ့ကိရိယာတစ်ခုပဲ ဖြစ်ပါတယ်။

Slack ဟာ စကားပြောတဲ့အက်ပ်သက်သက်မဟုတ်ဘဲ၊ ပိုမိုစမတ်ကျတဲ့၊ ပိုမိုမြန်ဆန်တဲ့၊ ပိုမိုချိတ်ဆက် မှုရှိပြီး အတူတကွအလုပ်လုပ်ကိုင်နိုင်တဲ့နည်းလမ်းတစ်ခုပါပဲ။ ဆက်သွယ်ရေးနဲ့ ပူးပေါင်းဆောင်ရွက်မှု ကို ခေတ်မီအောင်လုပ်ချင်တဲ့အဖွဲ့အစည်းတွေအတွက် Slack ဟာ အနာဂတ်ဒီဂျစ်တယ်လုပ်ငန်းခွင် ဖြစ်လာနိုင်ပါတယ်။ Slack အသုံးပြုနည်းအသေးစိတ်ကိုလည်း ဆက်လက်ဖော်ပြပေးထားပါတယ်။

ဒါ့အပြင် Slack အသုံးပြုနည်းနဲ့ပတ်သက်ပြီး ရှင်းပြထားတဲ့အကြောင်းအရာများကို အောက်ပါ video တွေမှာ ကြည့်ရှုနိုင်ပါတယ်။

References

Slack Technologies. (n.d.). About us. https://slack.com/about Slack

Salesforce. (2021, July 21). Salesforce completes acquisition of Slack Technologies, Inc. https://www.salesforce.com/news/press-releases/2021/07/21/salesforce-slack-deal-close/ Salesforce

Butterfield, S., Costello, E., Henderson, C., & Mourachov, S. (Authors). (n.d.). Slack (software). In Wikipedia. https://en.wikipedia.org/wiki/Slack_(software) Wikipedia

FoundHQ. (2024, [n.d. publication date]). A complete history of Slack. https://www.foundhq.com/blog/a-complete-history-of-slack foundhq.com

Slack Technologies. (2020, December 1). Salesforce signs definitive agreement to acquire Slack. https://www.salesforce.com/news/press-releases/2020/12/01/salesforce-definitive-agreement-update/