နှံစားပြောင်း စိုက်ပျိုးခြင်းဆိုင်ရာ အချက်အလက်များ

မြေအမျိုးအစား။ မြေဩဇာထက်သန်တဲ့ နုံးမြေ၊ နုံးမြေစေးနဲ့ သဲနုန်းမြေ၊ ရေသွင်းရေထုတ် လွယ်ကူ ပြီး လေဝင်လေထွက်မျှတကာ မြေဆီလွှာနက်တဲ့ မြေမျိုးတွေမှာ  အထူး သင့်တော်ပါ တယ်။ ရွှံစေးမြေ၊ မြေနီ၊ ကျောက်စရစ် နဲ့ သဲမြေတွေမှာ မစိုက်သင့်ပါဘူး။ မြေချဉ်ငံဓာတ် ၅.၃-၇.၃ ရှိသင့်ပြီး အကောင်းဆုံးကတော့ ၆-၇ ဖြစ်ပါတယ်။

ရာသီဥတု။ နှစ်စဉ် ပျမ်းမျှမိုးရေချိန် ၃၅-၄၀ လက်မ ရွာသွန်းပြီး အပူချိန် ၂၃-၃၀ ဒီဂရီ စင်တီဂရိတ် အတွင်းရှိတဲ့ ဒေသတွေမှာ အောင်မြင်ဖြစ်ထွန်းစွာ စိုက်ပျိုးနိုင်ပါတယ်။ အပင် သက်တမ်း တစ်လျှောက်မှာ မိုးရေချိန် စုစုပေါင်း ၁၇ လက်မ ရရင် အသင့်တော်ဆုံးဖြစ်ပါတယ်။

မျိုးရွေးချယ်ခြင်း။ ဈေးကွက်ရှိ၊ ရေမြေဒေသနှင့်ကိုက်ညီ၊ ပိုးမွှားရောဂါဒါဏ်ခံနိုင်၊ အပင်ပေါက် ၈၅-၉၀ % အထက်ရှိ စတဲ့ မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးသင့်ပါတယ်။ မျိုးရွေးချယ်တဲ့အခါမှာ မျိုးစေ့ဆောင်ရောဂါ ပါဝင်မှု မရှိစေရေး ဂရုစိုက်ရပါမယ်။ 

 စိုက်ပျိုးနည်းစနစ်။ ပြောင်း စိုက်ပျိုးမယ့် မြေနေရာဟာ ထယ်ရေးနက်ပြီး ထွန်ရေးညက်ဖို့ လိုအပ်ပါ တယ်။ မိုးရာသီမှာ မေလဆန်း မှ ဇွန်လကုန်အထိ၊ ဆောင်းရာသီမှာ စက်တင်ဘာ နဲ့ အောက်တိုဘာ အတွင်း စိုက်ပျိုးသင့်ပါတယ်။ တစ်ဧကအတွက် မျိုးစေ့နှုန်းထား ၄ ပြည် လို အပ်ပြီးတော့ စပ်မျိုးဆိုရင် ၅ ကီလို (သို့) ၂.၅ ပြည် သုံးစွဲသင့်ပါတယ်။ စိုက်ပျိုးချိန်မှာ မြေဆောင်ရောဂါ ကာကွယ်ဖို့ မှိုသတ်ဆေးတစ်မျိုးမျိုး လူးနယ်စိုက်ပျိုးသင့်ပါတယ်။ အစို ဓာတ်ထိန်းပေးဖို့ နဲ့ အနည်းဆုံး တင်း ၂၀,၀၀၀-၂၅၀,၀၀၀ ရရှိဖို့ တန်းကြား ၂.၅ ပေ၊ ပင်ကြား ၉ ပေ စိုက်ပျိုးသင့်ပါသည်။ စိုက်ကြောင်းမှာ မျိုးစေ့ ၂ စေ့ခန့်ကို ၂-၂.၅ လက်မ အနက်ထက်မပိုဘဲ မျိုးစေ့ချသင့်ပါတယ်။ ပြောင်းဖူးက အလင်းရောင်တုန့်ပြန်မှု မရှိလို့ အစိုဓာတ်ရရင် မည်သည့်လမှာမဆို စိုက်ပျိုးနိုင်ပါတယ်။ 

စိုက်ပြီး ၇ ရက်ကြာလို့ အပင်မပေါက်တဲ့ ကျင်းတွေမှာ မျိုးစေ့ ထပ်ချရပါမယ်။ အပင် ပေါက်စုံပြီး ၁၄ ရက်သားမှာ တစ်ကျင်းတစ်ပင်ချန် မဖြစ်မနေသားခွဲပြီး အပင်ခြေ မြေဆွရ ပါမယ်။ ကျင်းပျောက်ရှိရင် ကပ်လျက်ကျင်းမှာ ၂ ပင်ချန်ပြီး သားခွဲသင့်ပါတယ်။ အပင်ပေါက် သည်မှ တစ်လသားအတွင်း ပေါင်းမြက်ကင်းစေဖို့နဲ့ ရေမဝပ်စေဖို့လိုအပ်ပါတယ်။ မြေဩဇာ မကျွေးခင် အပင်ခြေမှာရှိတဲ့ ပေါင်းမြက်တွေကို ရှင်းလင်းဖို့လိုအပ်ပြီး ၃၅-၄၀ ရက်သားမှာ ဘောင်တင်ပြီး ပေါင်းမြက်တွေ ကင်းစင်အောင် လုပ်ပေးသင့်ပါတယ်။ 

ပန်းဖြိုင်ဖြိုင်ပွင့်ချိန်နဲ့ နို့ရည်တည်ချိန်မှာ အစိုဓာတ် မလုံလောက်ရင် ရေသွင်းပေး သင့်ပါတယ်။ စိုက်ပျိုးချိန်၊ နို့ရည်တည်ချိန်မှာ ကြွက်ဝမ်းဖြူတွေ ဖျက်ဆီးတတ်လို့ စိုက်ခင်း ပတ်ဝန်းကျင်ကို ရှင်းလင်းပေးရန်နဲ့ စိုက်ခင်းပတ်လည် ကြွက်ဆေး ချပေးသင့်ပါတယ်။ ပြောင်းသီးသန့် ဆက်တိုက် စိုက်ပျိုးတာကို ရှောင်ရှားပြီး ပဲမျိုးစုံကဲ့သို့ သီးနှံများနဲ့ သီးလှည့် စိုက်ပျိုးသင့်ပါတယ်။

ရိတ်သိမ်းခြင်း။ ပြောင်းဖူးဖတ်များ အဝါရောင်သမ်းစပြုချိန်၊ ပြောင်းဖူးအညှာကို လက်သည်းနဲ့ ခြစ် ကြည့်လို့ အမည်းရောင်အလွှာတွေ့ရှိချိန်၊ ပြောင်းရွက်များ (၈၀-၉၀)% ခြောက်သွေ့ချိန်မှာ  ရိတ်သိမ်းသင့်ပါတယ်။ မရင့်မှည့်မီ ရိတ်သိမ်းခြင်း၊ နောက်ကျရိတ်သိမ်းခြင်းကို ရှောင်ရပါ မယ်။ ရိတ်သိမ်းပြီး ချက်ခြင်း ဖက် ခွာပြီး ၅-၇ ရက်ခန့် နေလှန်းပြီး စနစ်တကျ ခြွေပေးရ ပါမယ်။ အစေ့တွေကို မြေကြီးနဲ့ တိုက်ရိုက် မထိစေဖို့ ဖျာ၊ မိုးကာ၊ ကွန်ကရစ်တလင်း စတာတွေအပေါ်မှာ ခပ်ပါးပါးဖြန့်ပြီး နေလှန်းအခြောက်ခံသင့်ပါတယ်။သိုလှောင်ခြင်း။ သိုလှောင်ချိန်မှာ အစေ့ထိုးပိုး ဆိုးရွားစွာ ကျရောက် ဖျက်ဆီးတတ်လို့ ပြောင်းစေ့ တစ်တင်းကို မဖောက်ထုံးမှုန့် နို့ဆီဗူး ၄ ဗူးနဲ့ သမအောင် မွှေပြီး စနစ်တကျ သိုလှောင်ရပါ မယ်။ သန့်စင်ပြီး အစေ့တွေကို သိုလှောင်ဖို့ အမြဲတမ်းသိုလှောင်ရုံ မရှိရင် အထူး သိုလှောင် အိတ်၊ လေလုံအိတ်၊ သံပုံး စတာတွေနဲ့ စနစ်တကျ သိုလှောင်ရပါမယ်။