မြေပဲ စိုက်ပျိုးခြင်းဆိုင်ရာ အချက်အလက်များ

နိဒါန်း။ မြန်မာနိုင်ငံမှာ ဆီထွက်သီးနှံအနေနဲ့ နှမ်း၊ မြေပဲ၊ နေကြာ၊ ပန်းနှမ်း၊ ဆီအုန်းတို့ကို အဓိက ထား စိုက်ပျိုးကြပြီး ပဲပုပ်နဲ့ ဆီမုန်ညှင်းတို့ကိုလည်း တိုးချဲ့ စိုက်ပျိုးလျက် ရှိပါတယ်။ နှမ်း သီးနှံကို ဧရိယာအများဆုံး စိုက်ပျိုးကြပြီး မြေပဲသီးနှံကို ဒုတိယအများဆုံး စိုက်ပျိုးကြပါ တယ်။ မြေပဲကို အပူပိုင်း၊ အပူသမပိုင်းနဲ့ သမပိုင်းရာသီဥတုရှိတဲ့ နေရာတွေမှာ စိုက်ပျိုးကြ ပြီး ဆီစားသုံးမှုအနေနဲ့ ကမ္ဘာတစ်ဝှမ်း တန်သန်းပေါင်းများစွာ ရှိပါတယ်။ မြေပဲသီးနှံကို မိုး နဲ့ ဆောင်း နှစ်ရာသီလုံးမှာ စိုက်ပျိုးကြပြီး အထက်မြန်မာပြည်မှာ မြေပဲသီးနှံသီးသန့် (သို့) ပဲစဉ်းငုံ၊ နှမ်းတို့နဲ့ သီးညှပ် စိုက်ပျိုးကြပြီး အောက်မြန်မာပြည်မှာ စပါးပြီး သီးထပ် စိုက်ပျိုးကြပါတယ်။ မြေပဲ အဓိကစိုက်ပျိုးတဲ့ ဒေသတွေကတော့ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းတို့ ဖြစ်ကြပါတယ်။ မြေပဲသီးနှံမှာ ဆီဓာတ်ပါဝင်မှု အများဆုံးဖြစ်ပြီး စားသုံးဆီအတွက် အဓိကထား အသုံးပြုရုံ သာမက ဆီပါဝင်မှု သင့်တင့်ပြီး အစေ့အဆန်ကြီးတဲ့ မြေပဲမျိုးတွေကို မြေပဲထောပတ်၊ မြေပဲယို၊ မြေပဲလှော်၊ မြေပဲပွကြော် ပြု လုပ်ရာမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုကြပါတယ်။ ဆီထုတ်ယူပြီး မြေပဲဖတ်ကို တိရစ္ဆာန် အစာ အဖြစ်လည်း အသုံးပြုကြပါတယ်။

ရာသီဥတု။ မြေပဲသီးနှံ ဖြစ်ထွန်းဖို့နဲ့ ပင်ပိုင်းဆိုင်ရာကြီးထွားဖို့ အပူချိန် ၂၇-၃၀ ဒီဂရီစင်တီဂရိတ် လိုအပ်ပြီး သီးတောင့်ကြီးထွားဖို့ ၃၀-၃၄ ဒီဂရီစင်တီဂရိတ် လိုအပ်ပါတယ်။ တစ်နှစ် ပျမ်းမျှ မိုးရေချိန် ၂၃-၂၆ လက်မအတွင်း ရှိရန်လိုအပ်ပြီး ပင်လယ်ရေမျက်နှာပြင် အထက် ၃၅၀၀ ပေ အထိ စိုက်ပျိုးနိုင်ပါတယ်။

မြေအမျိုးအစား။ အရည်အသွေးကောင်း မြေပဲ ထုတ်လုပ်နိုင်ရေးအတွက် မြေအချဉ်ငံဓာတ် ၅.၅ ထက်နိမ့်တဲ့ မြေမျိုးနဲ့ ဆားပေါက်တဲ့မြေများမှာ မစိုက်ပျိုးသင့်ပါ။ မြေပဲစိုက်မယ်မြေဟာ ရေသွင်းရေထုတ် လွယ်ကူတဲ့ မြေဖြစ်ရပါမယ်။

စိုက်ပျိုးနည်းစနစ်။ မြေပြင်ရာမှာ ထယ်ရေးနက်ပြီး ထွန်ရေးညက်ဖို့ လိုအပ်ပြီး မြေဆောင်ရောဂါပိုး များ ကာကွယ်နှိမ်နင်းနိုင်ဖို့အတွက် မြေပေါ်မှာရှိတဲ့ ပေါင်းမြက်အားလုံးကို မြေကြီးအောက် ၆ လက်မခန့် အနက်ရောက်အောင် ထယ်နက်နက်ထိုးရပါမယ်။ ထယ်ရေးတိမ်ရင် မြေဆောင် မှိုရောဂါများကြောင့် အပင်ငယ်စဉ်မှာ အပင်ရောဂါကျရောက်မှုများပြီး အပင်ဦးရေ လျော့ နည်းနိုင်ပါတယ်။ မိုးရာသီ စိုက်ပျိုးမယ့် မြေပဲစိုက်မြေများမှာ ထွန်စက်သုံးသွားထယ် ၁ စပ် ကို နွေရာသီအတွင်း (သို့) ပထမမိုးနှောင်းသီးနှံ ရိတ်သိမ်းအပြီးမှာ ကြိုတင် မောင်းပေးဖို့ လို အပ်ပါ တယ်။ 

လက်ဖြူးချစနစ် (သို့) အတန်းလိုက်စိုက်ခြင်းမှာ ပင်ထောင်မြေပဲမျိုးတွေကို စိုက်ပျိုး ရင် တစ်ဧက အပင်ဦးရေ အနည်းဆုံး ၁ သိန်းအထက်ရှိဖို့ လိုအပ်ပါတယ်။  အတန်းလိုက် စိုက်မယ်ဆိုရင် သင့်တော်တဲ့ အပင်အကွာအဝေးက တန်းကြား ၁၂-၁၃ လက်မနဲ့ ပင်ကြား ၄-၆ လက်မ ထားရှိရပါမယ်။ မျိုးစေ့အတိမ်အနက်ကို ၁.၅-၂ လက်မအတွင်း အစိုဓာတ် အလုံ အလောက်ရနိုင်မည့် အတိမ်ဆုံးအနက်မှာ စိုက်ပျိုးသင့်ပါတယ်။ မျိုးစေ့ချရာမှာ နက်လွန်းရင် အပင်အားလျော့တတ်ပြီး သန်စွမ်းသောအပင်များ မရရှိတတ်တဲ့အပြင် အတိမ်အနက် မညီညာရင် အပင်ပေါက်ရာခိုင်နှုန်းညံပြီး လိုအပ်တဲ့အပင်ဦးရေ အပြည့်အဝ မရနိုင်လို့ အထွက်ကောင်းမျိုး အသုံးပြုထားပေမယ့် အထွက်နှုန်း နည်းနိုင်ပါတယ်။ 

မြေပဲစိုက်ပျိုးဖို့ အသင့်တော်ဆုံး အချိန်က မိုးဦး-မေ-ဇွန်၊ မိုးလယ်-ဩဂုတ်၊ မိုးနှောင်း -အောက်တိုဘာ-နိုဝင်ဘာ ဖြစ်ပါတယ်။ သို့သော် နေရာဒေသရဲ့ မိုးလေဝသ အခြေအနေပေါ် မူတည်ပြီး စိုက်ပျိုးချိန် ကွာခြားနိုင်ပါတယ်။ ရေမြေဒေသနဲ့ ကိုက်ညီတဲ့ မျိုးများကို ရွေးချယ် ပြီး အပင်ပေါက် ၈၀% အထက်ရှိပြီး အပင်သန်စွမ်းမှုကောင်းတဲ့ မျိုးကောင်း မျိုးသန့်တွေကို စိုက်ပျိုးသင့်ပါတယ်။ အပင်ပေါက် ကောင်းမွန်ညီညာပြီး အပင်သန်စွမ်းမှု ရှိစေဖို့ မျိုးအဖြစ် အသုံးပြုမယ့် မြေပဲကို နေရောက် တိုက်ရိုက် မထိစေဘဲ အရိပ်အောက် လေသလပ်ခံ အခြောက်ခံပြီး တစ်ပတ်အတွင်း စိုက်ပျိုးသင့်ပါတယ်။ 

မြေဩဇာကျွေးခြင်း။ ကျွဲ၊ နွား တိရစ္ဆာန်အညစ်အကြေးတွေကို ၃-၄ လထိ ‌ကောင်းစွာ ဆွေးမြေ့စေပြီး မှ သဘာဝမြေဩဇာနဲ့ သစ်စိမ်းမြေဩဇာများကို တစ်ဧက ၃-၅ တန်အထိ မြေဆီလွှာ အတွင်း နှစ်စဉ် ထည့်သွင်းပေးသင့်ပါတယ်။ သီးနှံ အကြွင်းအကျန်တွေကို မြေဆွေးအဖြစ် အသုံးပြုမယ်ဆိုရင် ရောဂါကင်းတဲ့ အပင်ကြွင်း အပင်ကျန်များကိုသာ အသုံးပြုသင့်ပါတယ်။ မြေပဲမျိုးစေ့မှာ လူးနယ်စိုက်ပျိုးမည့် ပဲမြစ်ဖုမြေဩဇာကို မှိုသတ်ဆေးများနဲ့ ရောနှော သုံးခြင်း ရှောင်ရပါမယ်။ အစေ့အဆံ ကြီးဖို့အတွက် ကယ်လ်စီယမ် တစ်ဧက ၁၀-၁၅ ပေါင် လိုအပ်ပြီး လချေးအမျိုးအစားရဲ့ ကယ်လ်စီယမ်ပါဝင်မှုကို အခြေခံ၍ တွက်ချက် ထည့်သွင်း သင့်ပါတယ်။ မြေချဉ်ငံဓာတ် ၅.၅ အောက်ရှိတဲ့ ဒေသတွေမှာ ထုံးထည့်ခြင်းကို အပင်မစိုက်မီ အနည်းဆုံး ၃ လခန့် ကြိုတင် ပြုလုပ်သင့်ပါတယ်။

ဆီထွက် သီးနှံများအပေါ် အပူချိန် အနိမ့်အမြင့်၏ အကျိုးသက်ရောက်မှုများ

ဆီထွက်သီးနှံများအတွက် သင့်လျော်သောမြေ အမျိုးအစားနှင့် အချဉ်အငံဓာတ်

ဆီထွက်သီးနှံ အမည်အပူချိန်
စင်တီဂရိတ်ဖာရင်ဟိုက်အကျိုးသက်ရောက်မှုများ
မြေပဲ၂၅ – ၃၀၇၇ – ၈၆သင့်လျော်သော အပူချိန်
၃၅  နှင့်အ ထက်၉၅ နှင့်အထက်မျိုးအောင်မှု ညံ့နိုင်
၂၀ နှင့်အောက်၆၈ နှင့်အောက်ကြီးထွားမှု နှောင့်နှေး
နှမ်း၂၀၆၈အပင်ကောင်းစွာပေါက်
၂၅ နှင့်အထက်၇၇ နှင့်အထက်အပင်ကြီးထွားဖြစ်ထွန်း
၂၄ – ၂၇၇၅ – ၈၀အပွင့် ပွင့်ရန် အသင့်လျော်ဆုံးဖြစ်
၄၀ နှင့်အထက်၁၀၄ နှင့်အထက်သန္ဓေအောင်မှု ထိခိုက်၍ အသီးတင်မှုနည်းနိုင်
နေကြာ၈ – ၁၀၄၆ – ၅၀ အပင်ကောင်းစွာ ပေါက်
၂၁ – ၂၄၇၀ – ၇၅မျိုးအောင်ရန် အသင့်လျော်ဆုံးဖြစ်
၂၅ နှင့်အထက်၇၇ နှင့်အထက်မျိုးအောင်မှု ထိခိုက်နိုင်၊ ဆီပါဝင်မှုလျော့နည်း
ပန်းနှမ်း၁၈ -၂၃၆၄ – ၇၃အသင့်လျော်ဆုံးအပူချိန်
ဆူးပန်း၂၄ – ၃၂၇၅ – ၉၀ပန်းပွင့်ချိန်အတွက် အသင့်လျော်ဆုံးဖြစ်
ပဲပုပ်၁၀ -၂၉၅၀ – ၈၄အပင်ဖြစ်ထွန်းနိုင်သော အပူချိန်
သီးနှံအမည်သင့်လျော်သော မြေအမျိုးအစားအချဉ်အငံဓာတ် (pH)
မြေပဲမြေနီသဲဝှမ်း၊ နုန်းမြေ၊ သဲနုန်းမြေ၊ နုန်းစနယ်မြေ၅.၅မှ၇.၀
နှမ်းမြေနီသဲဝှမ်း၊ နုန်းမြေ၊ သဲနုန်းမြေ၊ နုန်းစနယ်မြေ၅.၅မှ၇.၀
နေကြာနုန်းမြေ၊ သဲနုန်းမြေ၆.၅မှ၈.၀
ပန်းနှမ်းနုန်းမြေ၊ သဲနုန်းမြေ၅.၀မှ၇.၀
ဆူးပန်းမြေနီသဲဝှမ်း၊ သဲနုန်းမြေ၊ စနယ်မြေနက်ပွ၅.၀မှ၈.၀
ပဲပုပ်ယာမြေ၊ လယ်မြေ၆.၀မှ၇.၀