မိမိကိုယ်ပိုင်အခန်းကနေသော်လည်းကောင်း၊ ကျောင်းက အခန်းကနေသော်လည်းကောင်း အွန်လိုင်းကနေ စာသင်ကြားရတာဟာ အတန်းထဲမှာစာသင်ကြားရတာထက် သက်တောင့်သက်သာဖြစ်စေမယ်လို့ ထင်ကောင်း ထင်ရနိုင်ပါတယ်။ ဒါပေမဲ့ ပြင်ဆင်မှုအားနည်းရင် ထင်ထားတာထက် ပိုမိုခက်ခဲနိုင်ပါတယ်။ ဒါ့အပြင် အွန်လိုင်းကစာသင်ကြားရမှာ မှတ်တမ်းတင်ထားတာတွေကျန်တဲ့အတွက် အမှားအယွင်း မပါဖို့ ပိုဂရုစိုက်ဖို့လိုပါတယ်။ ဒါဆိုရင် အွန်လိုင်းကနေ စာစသင်တော့မဲ့ ဆရာ/ဆရာမတစ်ယောက်အနေနဲ့ ကြိုတင်ပြင်ဆင်သင့်တာတွေ ဆောင်ရန် ရှောင်ရန်တွေကို ကြိုသိထားဖို့က အရေးကြီးပါတယ်။ ဒါ့ကြောင့် အိုင်ယာလန်နိုင်ငံ University College Cork က ဆရာ/ဆရာမတွေရဲ့ အွန်လိုင်းကနေ စာသင်တဲ့အခါလက်တွေ့လိုက်နာ ကျင့်သုံးဖို့ မျှဝေပေးထားတဲ့အချက်တွေကို လေ့လာကြည့်ရအောင်။

1️⃣ အွန်လိုင်းစာသင်ခန်းပတ်ဝန်းကျင်ကို ပြင်ဆင်ပါ

အွန်လိုင်းကနေ စာသင်ကြားတဲ့အခါ ဆရာ့ရဲ့ ပတ်ဝန်းကျင် အနေအထားဟာ သင်ခန်းစာအပေါ် ကျောင်းသားတွေ အာရုံစိုက်နိုင်စွမ်းနဲ့ ဆရာ့ရဲ့ လုပ်ငန်းခွင်အဆင့်အတန်း ပုံရိပ် (Professional Image) ပေါ်မှာ တိုက်ရိုက် သက်ရောက်မှု ရှိပါတယ်။ ဒါကြောင့် အွန်လိုင်း စာသင်ခန်း သို့မဟုတ် ဆွေးနွေးပွဲများ မစတင်မီ အောက်ပါ အချက် (၂) ချက်ကို မဖြစ်မနေ ကြိုတင်ပြင်ဆင်ထားရပါမယ်။

တိတ်ဆိတ်ငြိမ်သက်သော နေရာကို ရွေးချယ်ခြင်း (Noise Control & Privacy)

တိတ်ဆိတ်မှုက သင်ခန်းစာကို အာရုံစိုက် ပို့ချနိုင်ဖို့ အဓိက အထောက်အကူပေးနိုင်တဲ့အတွက် အတန်းမဝင်ခင် နှောက်ယှက်မှုကင်းတဲ့ နေရာတစ်ခုကို သေချာရှာဖွေပါ။ အတန်းသင်ကြားနေစဉ်အတွင်း စာသင်မယ့်နေရာ ပတ်ဝန်းကျင်မှာ ဆူညံမှုမရှိစေဖို့ မိသားစုဝင်တွေ သို့မဟုတ် အခန်းဖော်တွေကို ကြိုတင်အသိပေး ညှိနှိုင်းထားပါ။ မိသားစုဝင်တွေ အတူရှိနေနိုင်ပြီး ဖြတ်သန်းသွားလာမှုများတဲ့ မီးဖိုချောင်၊ ဧည့်ခန်း ကဲ့သို့သော နေရာမျိုးတွေကနေ အတန်းပို့ချခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။

ဗီဒီယိုကင်မရာနှင့် နောက်ခံပတ်ဝန်းကျင်ကို စစ်ဆေးခြင်း (Camera & Background Check)

ဗီဒီယိုကင်မရာ မျက်နှာပြင်မှာ မိမိရဲ့ အနောက်ဘက် ပတ်ဝန်းကျင်ရှိ အရာအားလုံးကို သင်တန်းသားတွေဘက်က မြင်တွေ့နိုင်တာကြောင့် အတန်းမဝင်မီ ကင်မရာကို ကြိုတင်ဖွင့်လှစ်ပြီး သေချာစွာ စစ်ဆေးရပါမယ်။ ထို့နောက် သင်ကြားရေးပုံရိပ်ကို ထိခိုက်စေနိုင်တဲ့ မမြင်အပ်တဲ့ အရာတွေကို ကြိုတင်ဖယ်ရှားရှင်းလင်းထားပါ။

မမြင်အပ်သော (သို့မဟုတ်) ကြိုတင်ဖယ်ရှားရမည့် အရာများ –

  • ကိုယ်ရေးကိုယ်တာ အသုံးအဆောင်များ: ကုတင်ပေါ်တွင် ရှုပ်ပွနေသော အဝတ်အစားများ၊ လှန်းထားသော အဝတ်တန်းများ၊ လျှော်ပြီးသား ခြင်းတောင်းများ သို့မဟုတ် စားကြွင်းစားကျန်များနှင့် ခွက်ခွံများ။
  • အာရုံပျံ့လွင့်စေမည့် နောက်ခံများ: မိသားစုဝင်များ ဖြတ်သန်းသွားလာနေသည်ကို ကင်မရာမှ တိုက်ရိုက်မြင်နေရခြင်း။
  • မသင့်တော်သော ပစ္စည်းများနှင့် စာသားများ: ကင်မရာနောက်ခံတွင် ရှိနေနိုင်သည့် နိုင်ငံရေး၊ ဘာသာရေး သို့မဟုတ် အငြင်းပွားဖွယ်ရာ ဖြစ်စေနိုင်သော ပိုစတာများ၊ စာသားများနှင့် ပုံတူကားချပ်များ။
  • လုံခြုံရေးအရ စိုးရိမ်ရသည့် အချက်အလက်များ: အနောက်က ဝှိုက်ဘုတ် သို့မဟုတ် နံရံတွင် ကပ်ထားသည့် အခြားသူများ၏ ကိုယ်ရေးအချက်အလက်များ၊ ဖုန်းနံပါတ်များ သို့မဟုတ် လျှို့ဝှက်ချက်စကားလုံး (Passwords) ရေးသားထားသည့် စာရွက်များ။

2️⃣ မိုက်ကရိုဖုန်းအသံကို စစ်ဆေးပါ

အွန်လိုင်းကနေ စာသင်တဲ့အခါ သင်ကြားသူရဲ့ အသံစနစ်ကောင်းဖို့လိုတာကြောင့် စာမသင်ခင် အသုံးပြုမယ့် မိုက်ကရိုဖုန်း နဲ့ အသံစနစ်ကို စစ်ဆေးဖို့ အရေးကြီးပါတယ်။ သင်ကြားမှုမစခင် မိုက်ကရိုဖုန်းကို Muteလုပ်ပြီး အမြဲပိတ်ထားပါ။ ဥပမာ Zoom ကနေ စာသင်ဖို့ ပြင်ဆင်တဲ့အခါ စာသင်ကြားမယ့်သူနဲ့ သင်တန်းသားတွေရဲ့ Video Mode ကို Off ပေးထားဖို့နဲ့ Audio ကို Computer နဲ့ Mobile နှစ်မျိုးလုံးအဆင်ပြေတဲ့ Mode ကို ရွေးထားဖို့လိုပါတယ်။ Canva Conference မှာဆိုရင် “Join With Audio Only” ကို လုပ်ဆောင်ထားခြင်းက စာသင်နေစဉ် အနှောက်အယှက်မဖြစ်စေဖို့ နဲ့ ကျောင်သားတွေကို mute လုပ်ထားပြီး ဆရာ ဆရာမ ပြောသည်များကိုသာ ကြားနိုင်ရန် ပြုလုပ်ထားခြင်းဖြစ်ပါတယ်။ ကျောင်းသားအားလုံးဟာ တစ်စုံတစ်ခု ပြောဆိုဆွေးနွေးရန်လိုတဲ့ အချိန်မှသာ အသံကိုဖွင့်ပြီး ကျန်တဲ့အချိန် တွေမှာ အသံပိတ်ထားရမှာ ဖြစ်ပါတယ်။ ဆွေးနွေးမှုပြီးစီးကြောင်း ပြတဲ့အနေနဲ့ “ဆွေးနွေးတင်ပြချင်တာ ဒီလောက်ပါပဲ” “ကျေးဇူးတင်ပါတယ်” “ပြီးပါပြီ” စသဖြင့် အသိပေးပြီး microphone ကို ပြန်လည်အသံပိတ်ထားဖို့ လိုအပ်ပါတယ်။

3️⃣ ကင်မရာ နှင့် အင်တာနက်လိုင်း ကောင်းမကောင်း စစ်ဆေးပါ

အွန်လိုင်းစာသင်ခန်း မဝင်ခင် internet connection၊ နားကြပ် နဲ့ microphone ၊ လိုအပ်ရင် camera တွေကို တစ်ပါတည်း စစ်ဆေးဖို့လိုပါတယ်။ အွန်လိုင်းက စာသင်ချိန်အတွင်း လိုင်းကျတာ မီးပျက်တာတွေကြောင့် သင်ကြားမှုကို အနှောက်အယှက်နည်းစေဖို့ဆိုရင် Power Bank devices တွေကို အားပြည့်အောင်သွင်းထားဖို့နဲ့ Wifi မကောင်းရင်း  mobile data သုံးနိုင်အောင် ကြိုတင်ပြင်ဆင်ထားပါ။ ကောင်းမွန်တဲ့ internet လုံလောက်စွာရှိ‌ရင် ကျောင်းသားကျောင်းသူတွေကို webcam ဖွင့်ထားဖို့ ကြိုတင်အသိပေးထားပါ။ သို့သော် အချို့သော ကျောင်းသားများမှာ နှေးကွေးတဲ့ wifi စက် များရှိတဲ့အ‌တွက် အတန်းတွင်း‌ ကောင်းစွာချိန်ဆက်နိုင်ဖို့ camera အားပိတ်ထားရန် ညွှန်ကြားနိုင်ပါတယ်။ အဲလို အခြေအနေဖြစ်ခဲ့ရင် ကျောင်းသားကို အသံဖြင့်သာ ပါဝင်နိုင်ကြောင်း ကြိုတင်အသိပေးထားဖို့ လိုအပ်ပါတယ်။

အကယ်၍ camera ဖွင့်သုံးမယ်ဆိုရင် phone, computer, ipad စတာတွေကို ညီညာတဲ့ မျက်နှာပြင်ပေါ်မှာ ထားရှိ ရပါမယ်။ ကင်မရာ ပေါ်မှာ မိမိပတ်ဝန်းကျင်ကို အခြားလူများအား မမြင်စေချင်ရင် နောက်ခံ background ကို virtual တစ်ခုခုထားပါ။ ဒါမှာမဟုတ် နောက်ခံဝါးသော Mode ကို ပြောင်းထားနိုင်ပါတယ်။ camera ဖွင့်ထားမယ်ဆိုရင် သင်ရဲ့အမှုအကျင့်တွေကို သတိပြုပါ။ သင့်လျော်သော်အဝတ်အစားများကို ဝတ်ဆင်ပါ၊ 

4️⃣ ပါဝင်ဆွေးနွေးမှုအတွက် Chat Function အသုံးပြုပုံ ကို ရှင်းပြပါ

အကယ်၍ ကျောင်းသားကျောင်းသူတွေဟာ ဆွေးနွေးချိန်အတွင်း  မေးခွန်းတစ်စုံတရာရှိမယ်ဆိုရင်၊ မှတ်ချက်တစ်စုံတရာပေးလိုတယ်ဆိုရင် ဆရာက ခွင့်ပြုတဲ့အခါ raise hand button ကို အသုံးပြုပြီး အသံဖွင့်၍ ပြောဆိုနိုင်ပါတယ်။ တစ်နည်းအားဖြင့် မေးခွန်းကို chat အတွင်းရိုက်ပြီးလည်း မေးမြန်းနိုင်ပါတယ်။ Chat function ဟာ ဆရာ နဲ့ အခြားအတန်းဖော်များအတွက် session ကို အနှောယ်အယှက် မပေးဘဲ ကျောင်းသားကျောင်းသူများမှ မေးခွန်းများကို မေးရန် အကောင်းဆုံးနေရာဖြစ်ပါတယ်။ Chat function မှာပါတဲ့ reaction item တွေကို ရွေးချယ်သုံးပြီး ကျောင်းသားတွေကို engagement ကောင်းလာအောင် ပြုလုပ်နိုင်သလို စစ်တမ်းအသေးစား ကောက်ယူခြင်းများကိုလည်းဆောင်ရွက်နိုင်ပါတယ်။  ဥပမာအနေနဲ့ Microsoft Team နဲ့ Zoom တွေမှာ  Reaction Button က Raise your hand ကိုသုံးပြီး roll call ခေါ်နိုင်ပါတယ်။ Active learners တွေဖြစ်နေစေဖို့ ဆွေးနွေးမှုတစ်ခုပြီးတိုင်း မတူညီတဲ့ reaction icon သုံးစေခြင်း၊ အခြားသောအတန်းဖော်တွေရဲ့ ဆွေးနွေးချက်တွေကို reaction ပေးစေခြင်းတွေနဲ့ ကျောင်းသားသူတွေရဲ့  အတန်းတွင် ပါဝင်မှုကို မြှင့်တင်နိုင်ပါတယ်။ reaction ပေးရာမှာ Four P’s Online communication ကို လိုက်နာရပါမယ်။ အဲဒါတွေကတော့ 

(၁) Purpose (ရည်ရွယ်ချက် ရှင်းလင်းခြင်း)

အွန်လိုင်းမှာ လူချင်းမတွေ့ရဘဲ စာနဲ့ဖြစ်စေ၊ ဗီဒီယိုနဲ့ဖြစ်စေ ဆက်သွယ်တဲ့အခါ မိမိ ဘာကြောင့် ဆက်သွယ်ရလဲဆိုတဲ့ ရည်ရွယ်ချက်က ပြတ်သားရှင်းလင်းနေရပါမယ်။ အီးမေးလ် ပို့တာပဲဖြစ်ဖြစ်၊ Zoom Meeting ခေါ်တာပဲဖြစ်ဖြစ် “ငါ ဒီနေ့ ဘာအကြောင်း ပြောမှာလဲ၊ ဘာရလဒ် လိုချင်တာလဲ” ဆိုတာကို အစကတည်းက တိတိကျကျ သတ်မှတ်ပြီး ပါဝင်သူတွေကို ကြိုတင်အသိပေးထားရပါမယ်။

(၂) People (တစ်ဖက်လူကို နားလည်ခြင်း)

မိမိ ဆက်သွယ်ပြောဆိုနေတဲ့ လူထု သို့မဟုတ် တစ်ဖက်လူ (Audience) က ဘယ်သူတွေလဲဆိုတာကို သေချာဆန်းစစ်ဖို့ လိုအပ်ပါတယ်။ သူတို့ရဲ့ အသက်အရွယ်၊ နောက်ခံယဉ်ကျေးမှုနဲ့ နည်းပညာ ကျွမ်းကျင်မှုအဆင့်ကို ထည့်သွင်းစဉ်းစားရပါမယ်။ ဥပမာ – ကျောင်းသားတွေနဲ့ ပြောဆိုမည့် လေသံ၊ မိဘတွေနဲ့ ပြောဆိုမည့် လေသံ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ သုံးမည့် နည်းပညာစကားလုံး (Jargons) တွေဟာ ကွဲပြားခြားနားရပါမယ်။

(၃) Platform (မှန်ကန်သော ကိရိယာကို ရွေးချယ်ခြင်း)

မိမိ ပြောချင်တဲ့ အကြောင်းအရာကို ပေးပို့ဖို့အတွက် အကိုက်ညီဆုံး အွန်လိုင်းကိရိယာ သို့မဟုတ် လမ်းကြောင်းကို ရွေးချယ်ခြင်း ဖြစ်ပါတယ်။ အကြောင်းအရာ တိုင်းကို Zoom Call ခေါ်ပြီး ပြောနေဖို့ မလိုသလို၊ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကိုလည်း Messenger Chat တစ်ခုတည်းနဲ့ မပြီးပြတ်နိုင်ပါဘူး။ လိုရင်းတိုရှင်း ကိစ္စများအတွက် စာတို (Chat/Viber)၊ တရားဝင် ကိစ္စများအတွက် အီးမေးလ် (Email)၊ အပြန်အလှန် ဆွေးနွေးရမည့် ကိစ္စများအတွက် ဗီဒီယိုစနစ် (Zoom/Meet) စသဖြင့် စနစ်တကျ ရွေးချယ်ရပါမယ်။

(၄) Preparation (ကြိုတင်ပြင်ဆင်ခြင်း)

အွန်လိုင်းဆက်သွယ်မှုရဲ့ အကြီးမားဆုံး အားနည်းချက်ကတော့ နည်းပညာ ထစ်ငေါ့မှုတွေနဲ့ အချိန်ကုန်တာ ဖြစ်ပါတယ်။ ဒါကြောင့် ကြိုတင်ပြင်ဆင်မှုက အသက်ပါပဲ။ မိုက်ခရိုဖုန်း၊ ကင်မရာ၊ အင်တာနက်လိုင်း တည်ငြိမ်မှုတွေကို ကြိုစစ်ပါ။ ပြောမည့်အချက်တွေကို Agenda (အစီအစဉ်) အနေနဲ့ ကြိုတင်ပြင်ဆင်ထားပါ။ ကျောင်းသား/မိဘတွေကို ပေးမည့် လမ်းညွှန်ချက် (Instructions) တွေကို ရှင်းလင်းနေအောင် ကြိုတင်ရေးသားထားပါ။

5️⃣ အွန်လိုင်းမှဆွေးနွေးရာမှာ အခြေခံလိုက်နာရမယ့်အချက်တွေကိုပြောပြပါ

အတန်းတွင်းဆွေးနွေးမှုမှာ အသုံးချတဲ့ ground rules အချို့ကို အွန်လိုင်းမှာ ပြန်သုံးလို့ရပါတယ်။  ဥပမာအနေနဲ့ အွန်လိုင်းဆွေးနွေးပွဲနဲ့ စာသင်ခန်းတွေကို နိုင်ငံရေးအရ ငြင်းခုံဖို့၊ ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်ဖို့ပါဝင်တာ မဟုတ်တဲ့အတွက် မှတ်ချက်ပေးတုန့်ပြန်တဲ့ အခါ သတိထားပါ။ မှတ်ချက်ပေးမဆွေးနွေးခင် မိမိရဲ့မှတ်ချက်ဟာ အမှန်တကယ်လိုအပ်မှုရှိ/မရှိ၊ မှန်ကုန်မှုရှိ/မရှိ၊ အထောက်အကူဖြစ်/မဖြစ်၊ စတာတွေ စဉ်းစားဖို့လိုပါတယ်။ 

Online environment မှာဆိုရင် တစ်ခါတရံ ရုပ်သံမပါဝင်ဘဲ မိမိကိုယ်ကို ဖော်ပြတတ်ကြပါတယ်။ ဆိုလိုတာက တစ်ချို့ Chat Function ကနေဆွေးနွေးမေးမြန်းမှုမှာ ကျောင်းသားကျောင်းသူများရဲ့ မျက်နှာအမူအရာနှင့် အသံအနှိမ့်အမြင့် များကို မသိရတဲ့အတွက် Online discussion မှာ တုန့်ပြန်တဲ့အခါ ကိုယ့်ရဲ့ယူဆချက်တစ်ခုတည်းပေါ် အခြေခံပြီး တုန့်ပြန်တတ်ကြပါတယ်။ ဒါ့ကြောင့် စကားလုံးများကို ရွေးချယ်အသုံးပြုပါ။ ဘယ်အချိန်မျိုးမှာမဆို professional ဆန်စွာ ပြုမူပါ။ တစ်ဦးကိုတစ်ဦးလေးစားမှုရှိပါ။

Social media platforms တွေမှာ သဒ္ဒါနည်းလမ်း မကျတဲ့ ပုံစံများဖြင့် post တွေကို ‌ပုံမှန် ရေးလေ့ရှိသော်လည်း online discussion မှာတော့ အဆင့်တန်းမီပြီး သဒ္ဒါနည်းလမ်းကျတဲ့ အရေးအသားများသာ အသုံးပြုဖို့ ကျောင်းသားများကို တိုက်တွန်းဖို့လိုပါတယ်။ 

ကျောင်းသားကျောင်းသူများအကြား မတူညီသော အတွေးအမြင်များကို ဖော်ပြရာမှာ ကိုယ်ပိုင်စကားလုံးနဲ့ ဖော်ပြတတ်တဲ့ အလေ့အထကို ပျိုးထောင်ပေးပြီး အချင်းချင်း တန်ဖိုးထား အသိမှတ်ပြုတတ်အောင်လည်း လေ့ကျင့်ပေးရမှာဖြစ်ပါတယ်။ ဥပမာအားဖြင့် ထင်မြင်ယူဆချက်ကို တင်ပြဆွေးနွေးမယ်ဆိုရင် “ကျွန်တော်ထင်မြင်တာကတော့၊ ကျွန်တော်ယူဆတာကတော့၊ ဒါမှမဟုတ် ဘယ်စာအုပ်အကိုးအကားအရ” စသဖြင့် စကားခံပြီးမှ ပြောတတ်အောင် လေ့ကျင့်ပေးဖို့လိုပါတယ်။ အခြား ကျောင်းသားများရဲ့ ထင်မြင်ယူဆချက်တွေကို လေးစားစွာ သဘောမတူခြင်းဟာ လက်ခံနိုင်ဖွယ်ရာ ဖြစ်တဲ့အတွက် ငြင်းဆိုချက်ဖြင့် ပြန်လည်ဆွေးနွေးရာမှာလည်း  ခိုင်မာသော အကြောင်းပြချက် အကိုးအကားတွေနဲ့ ပြန်လည် ဆွေးနွေးတတ်လာအောင် လေ့ကျင့်ပေးဖို့ အရေးကြီးပါတယ်။

ဒေါသဖြစ်စေလောက်တဲ့ တုန့်ပြန်ဆွေးနွေးမှုများနဲ့ ကြုံတွေ့ရတဲ့အခါ ချက်ချင်းတုန့်ပြန်ခြင်းမပြုဘဲ မှန်ကန်သော စကားလုံးကို ရွေးချယ်ပြီး တုန့်ပြန်တတ်သော အလေ့အထရှိအောင် အတန်းတွင်း လေ့ကျင့်ပေးရမှာဖြစ်ပါတယ်။ 

ဒါ့အပြင် လူတိုင်းမှာ မတူညီတဲ့ ဘဝအတွေ့အကြုံနောက်ခံများ ရှိတဲ့အတွက် တစ်ခါတရံမှာ စကားရည်လုခြင်းက တစ်ဖက်လူအတွက် ကိုယ်ရေးကိုယ်တာ နာကျင်မှုတွေ ဖြစ်စေနိုင်တာကိုလည်း သတိပြုပါ။ 

နောက်ဆုံးအနေဖြင့် အွန်လိုင်းဆွေးနွေးမှုအားလုံးသည် မှတ်တမ်းကျန်ရှိနေတယ်ဆိုတာကို အမြဲသတိချပ်ပါ။

6️⃣ နည်းပညာနဲ့အချိန်စီမံခန့်ခွဲမှုလိုအပ်ပုံကို ပြောပြပါ

အချိန်မှန်ပါ။ စာသင်ချိန်မစခင် မိနစ်အနည်းငယ်အလိုမှာ virtual classroom ကို ဖွင့်ပေးနိုင်အောင်ကြိုးစားပါ။ canva account သို့မဟုတ် team သို့မဟုတ် google account ထဲသို့ အတန်းမစမီဝင်ရောက်ထား၍ အတန်းမစမီ မိမိအသုံးပြု၍ ရမရကို စစ်ဆေးပါ။ online class တွေမှာအသုံးပြုမယ့် ဆော့ဖ်ဝဲတွေ၊ app တွေ နဲ့ services တွေကို ကျွမ်းဝင်မှုရှိအောင် လေ့လာထားပါ။ အသုံးပြုမယ့် computer, phone နှင့် tablet တွေကို သင်တန်းမစခင် ရင်းနှီးကျွမ်းဝင်အောင်ကြိုတင်လေ့လာခြင်း၊ မတူညီတဲ့ programme တွေကို သိအောင်လုပ်ခြင်းအားဖြင့် software စတင်အသုံးပြုသည့်အခါ ကြုံရတတ်တဲ့ ပြဿနာတွေကို ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။ 

7️⃣ ဝတ်စားဆင်ယဉ်မှုနဲ့ကိုယ်နေဟန်ထားကိုပြင်ဆင်ပါ

Video conference ဝင်ရောက်တဲ့အခါ မိမိဝတ်ဆင်ထားသော အဝတ်အစားအများကို သတိပြုပါ။ သက်တောင့်သက်သာရှိတဲ့ အဝတ်အစားတွေကို သဘောကျကြတယ်ဆိုသော်လည်း ဘယ်လို activity တွေ ပါဝင်လာနိုင်တာကို မသိနိုင်တဲ့အတွက် ဥပမာအားဖြင့် မတ်တပ်ရပ်ရခြင်းလိုမျိုး ရှိနိုင်ခြင်းကြောင့် မိမိကိုယ်ကို အရှက်မရစေရန် သတိပြုဖို့လိုပါတယ်။ အချို့သော microphone များက sensitive ဖြစ်သည့်အလျှောက် အွန်လိုင်းစာသင်ချိန်အတွင်း အစားမစားဖို့ ဘောပင်ခလုတ်ကို အဖွင့်အပိတ်လုပ်နေခြင်းများ မလုပ်မိစေဖို့နှင့် လုပ်မိတတ်တဲ့ အလေ့အထရှိရင် camera နှင့် microphone အား ပိတ်ထားဖို့ သတိရပါ။ 

8️⃣ အခြေခံ အွန်လိုင်း ရေးသားဆက်သွယ်ပုံတွေကို လိုက်နာပါ

အချင်းချင်းဆက်သွယ်ရေးသားရာမှာ စာလုံးကြီးတွေနဲ့ အသုံးပြုခြင်းဟာ စိတ်ဆိုးတာ သို့မဟုတ် အော်ဟစ်တဲ့ အပြုအမူကို ကိုယ်စားပြုစေတာမို့ စာလုံးကြီးများ အသုံးပြုခြင်းကို ရှောင်ရှားဖို့ အရေးကြီးပါတယ်။ စာလုံးကြီးများ သုံးခြင်းဖြင့် စိတ်ဆိုးနေခြင်း အော်နေခြင်းဟု အဓိပ္ပာယ်သက်ရောက်နိုင်ပါတယ်။ ထိုနည်းတူစွာ exclamation mark လွန်ကဲစွာ အသုံးပြုခြင်းကလည်း ပြင်းထန်တဲ့မှတ်ချက်ပေးခြင်းလိုမျိုး သဘောထားသက်ရောက်စေတာမို့ ရှောင်ရှားရမှာဖြစ်ပါတယ်။ ဒါတွေအစား italics နှင့် bold features များကို အသုံးပြုနိုင်ပါတယ်။ online class တွေမှာ You ကို U လို့ အတိုကောက်ရေးခြင်း  လိုမျိုး ဘာသာစကားဆိုင်ရာ ရေးသားနည်းတွေကို စာပေဆိုင်ရာ professional နယ်ပယ်‌တွင် အသိမှတ်မပြုပါဘူး။ နောက်ထပ် ဥပမာတွေ ပေးရမယ်ဆိုရင် email များရေးသားခြင်း သို့မဟုတ် discussion  တွေမှာ LoL, LMAO စသဖြင့် အတိုကောက်စကားလုံးနဲ့ အလားတူ emojis တွေကိုလည်း တတ်နိုင်သလောက်လျော့သုံးဖို့လိုပါတယ်။ တစ်ခါတရံမှာ အဆိုပါအတိုကောက်တွေကို အသုံးပြုခြင်းက စိတ်ခံစားမှုများကို ပုံဖော်ပြရာမှာ ကူညီပေးနိုင်သော်လည်း ၎င်းတို့သည် online lecture တွေမှာ အသုံးပြုဖို့တော့ သိပ်အဆင်မပြေပါဘူး။

9️⃣ လိုအပ်တဲ့ အကူအညီတွေဘယ်လိုရနိုင်မလဲဆိုတာ ကြိုတင်သိရှိပြီး ပြင်ဆင်ပါ

ကိုယ်တိုင်မရင်းနှီးတဲ့ မလုပ်ကိုင်ဖူးတဲ့ ကိစ္စတွေကို ကိုင်တွယ်လုပ်ကိုင်တဲ့အခါ အခက်အခဲများရှိနိုင်တာ သဘာဝပါပဲ။ အထူးသဖြင့် virtual စနစ်နဲ့ စာသင်ရာမှာ အခက်အခဲ ရှိနိုင်တာကို အပြည့်အဝနားလည်ထားဖို့လိုပြီး အခက်ခဲအကြုံလာရင် ဘယ်လိုဖြေရှင်းရမယ်၊ ဘယ်သူ့ကို ချဉ်းကပ်ရမယ်၊ ဘယ်မှာ အဖြေရှိနိုင်တယ်ဆိုတာ တွေကို ကြိုတင်ပြင်ဆင်ထားပါ။ Manual Hand books and Guidelines တွေကို ရှာဖွေစုဆောင်းထားပါ။

အချုပ်အားဖြင့် အွန်လိုင်းသင်ကြားရေး (Online Teaching) သည် သမားရိုးကျ စာသင်ခန်းများထက် ပိုမိုလွတ်လပ် ပေါ့ပါးတယ်လို့ ထင်ရပေမယ့် ထိရောက်မှုရှိပြီး အမှားအယွင်းကင်းတဲ့ သင်ယူမှုဝန်းကျင်တစ်ခု ဖြစ်လာစေဖို့အတွက် ဆိုရင် အော့ဖ်လိုင်းထက်ပိုပြီး ကြိုတင်ပြင်ဆင်မှု၊ စနစ်တကျရှိမှုတွေလိုအပ်ပါတယ်။

အိုင်ယာလန်နိုင်ငံ၊ University College Cork (UCC) ရဲ့ လက်တွေ့ကျတဲ့ လမ်းညွှန်ချက်တွေအတိုင်း မိမိရဲ့ သင်ကြားရေးပတ်ဝန်းကျင်ကို စနစ်တကျပြင်ဆင်ခြင်း၊ နည်းပညာ ကိရိယာများနှင့် အသံ/ဗီဒီယို စနစ်များကို ကြိုတင်စစ်ဆေးခြင်း၊ ရှင်းလင်းသော ဆက်သွယ်ရေးမူဘောင် (Four P’s) ကို လိုက်နာခြင်းနှင့် အွန်လိုင်းကျင့်ဝတ် (Netiquette) များကို အတန်းတွင်း အခြေခံစည်းမျဉ်း (Ground Rules) များအဖြစ် သတ်မှတ်ပေးခြင်း စတာတွေဟာ ခေတ်မီဆရာတစ်ဦးရဲ့ အရည်အသွေးကို ပေါ်လွင်စေတဲ့အရာတွေပဲ ဖြစ်ပါတယ်။

နည်းပညာပိုင်းဆိုင်ရာ စိန်ခေါ်မှုတွေ နဲ့ ကန့်သတ်ချက်တွေ  ရှိနေစေကာမူ ဆရာတွေအနေနဲ့  အခြေခံလိုအပ်တဲ့ အချက်တွေကို ကျွမ်းကျင်စွာ ကျင့်သုံးခြင်းဖြင့် စိုးရိမ်ပူပန်မှုတွေကို ကျော်လွှားနိုင်ပြီး၊ ကျောင်းသားဗဟိုပြုတဲ့ ခေတ်မီအွန်လိုင်း စာသင်ခန်းကောင်းတစ်ခုကို အောင်မြင်စွာ တည်ဆောက်သွားနိုင်မှာ ဖြစ်ပါတယ်။

Reference

UCC TeachEnhance (Online Teaching & Learning Guide): 

 UCC Instructional Design & Online Teaching

UCC Centre for Digital Education (CDE): 

🔗 UCC Centre for Digital Education

UCC Quality Enhancement (Teaching and Learning Regulations): 

🔗 UCC Teaching and Learning Enhancement