ဒေါသထွက်ခြင်းကို ကိုင်တွယ်ဖြေရှင်းခြင်း (Anger Management)

ဒေါသကို ဘယ်လို အဓိပ္ပါယ်ဖွင့်ဆိုထားသလဲ?

ဒေါသ ဆိုတာဟာ ပြင်းထန်တဲ့ စိတ်ခံစားချက်တခုဖြစ်ပြီး စိတ်အနှောင့်အယှက်ဖြစ်ခြင်း၊ မနှစ်မြို့ခြင်း၊ မကျေနပ်ခြင်းတို့ကို ခံစားရနိုင်ပါတယ်။

အခြား စိတ်ခံစားချက်တွေဖြစ်တဲ့ ပျော်ရွှင်ခြင်း၊  ဝမ်းနည်းခြင်း၊ ကြောက်ရွံ့ခြင်း များလိုဘဲ ဒေါသဖြစ်ခြင်းကလည်း လူတယောက်ရဲ့ ပုံမှန်စိတ်ခံစားချက်တခုသာဖြစ်တယ်ဆိုတာကို သတိပြုဖို့ လိုအပ်ပါတယ်။

ဘယ်အချိန်မှာ ဒေါသဖြစ်လေ့၊ ဒေါသထွက်လေ့ရှိကြသလဲ?

လူတယောက်ရဲ့ဘဝမှာ ဒေါသကိုဖြစ်စေတဲ့ အကြောင်းအရာ၊ အဖြစ်အပျက်များစွာရှိတတ်ပါတယ်။

အများအားဖြင့် လူတယောက်ဟာ ခြိမ်းခြောက်ခံရတယ်လို့ ခံစားရတဲ့အခါ (ဒါမှမဟုတ်) အနှောင့်အယှက်ပေးခြင်းခံရတယ်လို့ ခံစားရသောအခါ (ဒါမှမဟုတ်) ငြင်းပယ်ခံရတယ်လို့ ခံစားရသောအခါ (သို့မဟုတ်) စော်ကားပြောဆိုခံရတယ်လို့ ခံစားရတဲ့အခါတွေမှာ  ဒေါသထွက်လေ့ရှိပါတယ်။

* ပုံမှန်အားဖြင့် “နာကျင်မှု“တမျိုးထဲ ခံစားရရုံနဲ့ ဒေါသဖြစ်လေ့မရှိပါဘူး။ အဲဒီနာကျင်မှုဟာ ဒေါသကို လှုံ့ဆော်ပေးနိုင်တဲ့ “အတွေး”မျိုးတွေဖြစ်တဲ့ တစုံတစ်ယောက်က ငါ့ကို စော်ကားနေတယ်၊ နာကျင်ခံစားရအောင် လုပ်နေတယ် ဆိုတဲ့ အတွေးမျိုးတွေနဲ့ပေါင်းစပ်မိသွားတဲ့အခါ ဒေါသပိုဖြစ်နိုင်ပါတယ်။

ဒေါသဟာ အခြားခံစားချက်များဖြစ်တဲ့ ဝမ်းနည်းအားငယ်တာ၊ မနာလိုတာ၊ မျှော်လင့်ချက်မဲ့တာ တို့နဲ့လည်း ရံဖန်ရံခါ တွဲလာလေ့ရှိပါတယ်။

ဒေါသဖြစ်ခြင်းဟာ မှားယွင်းတဲ့ ခံစားချက်မဟုတ်သော်လည်း မိမိရဲ့ဒေါသကို မှန်ကန်တဲ့ ထွက်ပေါက်မပေးနိုင်ခဲ့ရင် အမှားတွေနဲ့ ဆုံးရှုံးမှုတွေကို ရင်ဆိုင်ရနိုင်ပါတယ်။

Eg. ဒေါသကို ကြာရှည်စွာ ခံစားနေရင် ခန္ဓာကိုယ် နှင့် စိတ်ကျန်းမာရေး၊ လူမှုဆက်ဆံရေးတွေကို ထိခိုက်နိုင်တာကြောင့် ဒေါသကို နည်းမှန်လမ်းမှန် ဖြေလျှော့ခြင်းသည်သာ မိမိရဲ့ ကျန်းမာပျော်ရွှင်ခြင်း အတွက် အကောင်းဆုံးနည်းလမ်းတစ်ခုဘဲ ဖြစ်ပါတယ်။

ဒါဆိုရင် ဒေါသကို နည်းမှန် လမ်းမှန်နဲ့ ဘယ်လိုထိန်းချုပ်ကြမလဲ?

1. ပထမဆုံး မိမိဒေါသဖြစ်နေကြောင်း အသိအမှတ်ပြုပါ။

အဲဒီနောက် ဒေါသဖြစ်စေတဲ့အကြောင်းရင်းကို စဉ်းစားပါ။

2. ပြဿနာရဲ့ အရင်းအမြစ်ကို ရှာဖွေပြီး အဆင်ပြေမယ့် ဖြေရှင်းချက် နည်းလမ်းမျိုးကို ချင့်ချိန် စဉ်းစားပါ။

3. ဒေါသကို လျေ့ချဖို့ နည်းလမ်းများစွာရှိပါတယ်။

– အသက်ပြင်းပြင်း ရှုသွင်းရှုထုတ်ပါ

– ဒေါသဖြစ်စေတဲ့ လူ ဒါမှမဟုတ် နေရာ/အခြေအနေ က ဝေးရာကို ခဏရှောင်ထွက်ပြီး မိမိစိတ်ကို အနားပေးပါ၊ အချိန်ပေးပါ။

– စိတ်ပြေလက်ပျောက် ဖြစ်မယ့် အရာတွေကို ကျင့်သုံးပါ ဥပမာ – တရားမှတ်တာ၊ သီချင်းနားထောင်တာ စတဲ့ နည်းလမ်းတွေကို သုံးခြင်းအားဖြင့် ဒေါသကို အာရုံပြောင်းနိုင်ပါတယ်

4. မိမိကို ဒေါသဖြစ်ရန် လှုံ့ဆော်နိုင်သည့်အရာများကို သိရှိနားလည်အောင် ကြိုးစားပါ။

5. အိပ်ရေးပျက်ခြင်း၊ စိတ်ဖိစီးမှုများခြင်း တို့က သည်းခံနိုင်စွမ်းကို ပိုမိုကျဆင်းနိုင်တာကြောင့် အိပ်ရေးဝအောင် အိပ်ပါ။ စိတ်ဖိစီးမှုကို လျော့ချပါ။

6. ဘယ်အချိန်မှာအကူအညီရှာရမယ်ဆိုတာသိထားပါ။

တကယ်လို့ စိတ်တိုနေတဲ့အချိန် ဒေါသကို ထိန်းချုပ်နိုင်ဖို့ ယုံကြည်ချက်မရှိတဲ့အခါ အနီးအနားက နားလည်ပေးနိုင်မယ့် တစ်ဦးတစ်ယောက် သို့မဟုတ် နားလည်တတ်ကျွမ်းသူ ပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

* မတရားမှုတွေ ကြုံတွေ့ရတဲ့အခါ၊  ခွဲခြားဆက်ဆံခြင်းခံရတဲ့အခါ ဒေါသထွက်တာဟာ လူ့သဘာဝဖြစ်လို့ ဒါဟာ ပုံမှန်သာဖြစ်ပါတယ်။

အရေးကြီးတာက ဒေါသဖြစ်စေတဲ့ အကြောင်းအရာကို  ကြမ်းတမ်းစွာ မတုံ့ပြန်ပဲ တတ်နိုင်သမျှ ထိန်းသိမ်းပြီး မှန်ကန်စွာ တုံ့ပြန်နိုင်ဖို့ လေ့ကျင့်ယူပါ။

ဒေါသကိုထိန်းချုပ်နိုင်မယ့် နည်းလမ်းတွေကို သိပြီဆိုတော့ သင်ခန်းစာ ဗီဒီယိုလေးကို လေ့လာရအောင်။