၁. Classroom Management ဆိုတာဘာလဲ
Classroom Management ဆိုသည်မှာ ဆရာ၊ ဆရာမများအနေဖြင့် သင်ယူမှုလုပ်ငန်းစဉ်များကို အနှောင့်အယှက်ကင်းစွာဖြင့် အဆင်ပြေချောမွေ့စွာ လည်ပတ်နိုင်ရန်၊ ကျောင်းသားများ၏ အပြုသဘောဆောင်သော ပူးပေါင်းပါဝင်မှုကို မြှင့်တင်ရန်နှင့် ထိရောက်သော သင်ကြားသင်ယူမှုပတ်ဝန်းကျင် (Effective Learning Environment) တစ်ခုဖြစ်လာစေရန်အတွက် အသုံးပြုသည့် ကျွမ်းကျင်မှုများ (Skills)၊ နည်းဗျူဟာများ (Strategies) နှင့် လုပ်ထုံးလုပ်နည်းများ (Procedures) အားလုံးကို ခြုံငုံ၍ ခေါ်ဆိုခြင်း ဖြစ်သည်။
၎င်းသည် ကျောင်းသားများကို ငြိမ်သက်အောင် အမိန့်ပေးထိန်းချုပ်ခြင်း သို့မဟုတ် ပြစ်ဒဏ်ပေးခြင်း (Discipline) သက်သက်မျှ မဟုတ်ဘဲ၊ ကျောင်းသားများ စာသင်ခန်းအတွင်း၌ဖြစ်စေ၊ အွန်လိုင်းဒစ်ဂျစ်တယ်ဝန်းကျင်၌ဖြစ်စေ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုရှိရှိဖြင့် တက်ကြွစွာ သင်ယူနိုင်မည့် “စနစ်” (System) တစ်ခုကို ရေရှည်တည်ဆောက်ခြင်း ဖြစ်သည်။
၂. Classroom Management ရဲ့ အရေးပါမှု
အပြုသဘောဆောင်တဲ့ သင်ယူမှု ပတ်ဝန်းကျင်ကောင်းတစ်ခုဖြစ်ဖို့၊ ဆရာ/မများအတွက် ထိရောက်တဲ့ စာသင်ခန်းတစ်ခု ဖြစ်လာဖို့၊ ကျောင်းသားများသင်ယူမှုနှုန်းတိုးတက်စေဖို့ ထိရောက်တဲ့ Classroom Management စနစ်လိုအပ်တာကြောင့် Classroom Management ကအရေးပါလှပါတယ်။
ဒါ့အပြင် ကျောင်းတက်ချိန်အတွင်း ကျောင်းသားတွေနဲ့ သက်ဆိုင်တဲ့ လုပ်ငန်းစဉ်တစ်ခုကို အမြဲလုပ်ဆောင် လေ့ကျင့်ခြင်းက ကောင်းမွန်တဲ့ အလေ့ကျင့်ကောင်းတွေ ရရှိစေနိုင်ပါတယ်။ ဒီစွဲမြဲနေတဲ့ အလေ့အကျင့်ကောင်းကပဲ စာသင်ခန်းတစ်ခုအတွက် လုပ်ထုံးလုပ်နည်းတစ်ခု ဖြစ်လာပါတယ်။ အခန်းအတွင်း ဆရာရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သင်ကြားမယ့်ဆရာ မလာမချင်း အပြုသဘောဆောင်တဲ့ လုပ်ငန်းစဉ်တခုက ကျောင်းသားများကို ငြိမ်သက်အောင် ထိန်းသိမ်းပေးပါတယ်။
Classroom Management ကောင်းခြင်းက စာသင်ခန်းအတွင်း သင်ယူမှု လုပ်ငန်းစဉ်များကို အဆင်ပြေချောမွေ့စွာ သင်ကြားစေနိုင်ပြီး ဆရာ/မများရဲ့ တက်ကျွမ်းမှုများကိုပါ မြင်သာစေပါတယ်။ ဒါ့အပြင် စာသင်ခန်းအတွင်း ကောင်းမွန်တဲ့ လုပ်ထုံးလုပ်နည်းများကို စနစ်တကျ လေ့ကျင့်ထားခြင်းက သင်ယူမှု အားကောင်းလာအောင် ပံ့ပိုးကူညီပေးတဲ့အပြင် ရလဒ်ကောင်းများကိုလည်း ရရှိစေပါတယ်။
၃. Classroom Management ရဲ့ အစိတ်အပိုင်း (၄)ခုဆိုတာ ဘာတွေလဲ။
Classroom Managementရဲ့ အစိတ်အပိုင်း (၄)ခုဆိုတာ –
1️⃣ စာသင်ခန်း ပုံစံ (Classroom Design)
စာသင်ခန်းအတွင်း သင်ကြားရေး အထောက်အကူပြု ပစ္စည်းများ နဲ့ အသုံးအဆောင်များကို သေချာစစ်ဆေးပါ။
2️⃣ သင်ကြားရေး နည်းစနစ် (Instructional Techniques)
မတူညီတဲ့ သင်ကြားမှုများ နဲ့ သင်ယူမှု ပုံစံများကို ပြောင်းလဲ သတ်မှတ်ပါ။
3️⃣ စာသင်ခန်းအတွက် စည်ကမ်းများ (Classroom Rules)
သင်ယူမှုများ လုပ်ဆောင်နိုင်ရင်း ခိုင်မြဲတဲ့ စည်းကမ်းတွေကို ကျောင်းသားများ သဘောနားလည်အောင် ပြုလုပ်ပါ။
4️⃣ အတန်းအချိန်ဇယားများ (Class Scheduling)
သင်ခန်းစာများကို အချိန်တိုအတွင်း စနစ်တကျသင်ကြားနိုင်အောင် အတန်းချိန်များကို သေချာထားရှိပါ။
၃.၁ စာသင်ခန်း ပုံစံ (Classroom Design)
စာသင်ခန်းရဲ့ ပုံစံများကို အဓိကထားပြီး ပြုပြင် ပြောင်းလဲခြင်းသည် ကျောင်းသားများရဲ့ သင်ယူမှု ရလဒ်ကို (၁၆) ရာခိုင်နှုန်းထိ တိုးမြှင့်ပေးနိုင်တယ်လို့ဆိုပါတယ်။ ကျောင်းအတွင်းရှိ စာသင်ခန်းတွေရဲ့ ဒီဇိုင်းများကို စနစ်တကျ အကောင်အထည်ဖော် ပြုလုပ်ခြင်းက ပညာရေးတစ်ခုရဲ့ ရလာဒ်များကို အောက်ပါအတိုင်း မြှင့်နိုင်ပါတယ်။
🔸 ပူပေါင်းဆောင်ရွက်ခြင်းကို ထိရောက်စွာ မြှင့်တင်ခြင်း
🔸 သင်ယူမှု လုပ်ငန်းစဉ်အပေါ် တက်ကြွစွာ ပါဝင်လာအောင် မြှင့်တင်ခြင်း
🔸 အကျိုးရှိတဲ့ သင်ယူမှု အတွေ့အကြုံများကို ဖန်တီးခြင်း
🔸 ကိုယ်ပိုင် သင်ယူမှု အတွေ့အကြုံများကို လွယ်ကူစွာ ရရှိစေခြင်း
🔸 ကျောင်းသားများရဲ့ လိုအပ်ချက်အရ အကြံပေးမှုများကို စနစ်တကျ ပြင်ဆင် ပြောင်းလဲခြင်း
🔸သင်ယူမှုလုပ်ငန်းစဉ်အတွင်းမှာ လှုပ်ရှားမှုနဲ့ အပြန်အလှန် အကျိုးပြုနိုင်တဲ့ သင်ယူမှု နည်းလမ်းများကို ပံ့ပိုးပေးခြင်း
🔸 ကျောင်းသားအချင်းချင်း ဆွေးနွေးစေခြင်း နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးများ ရှိလာအောင် အခွင့်အလမ်းများ ဖော်ဆောင်ပေးခြင်း
🔸 စာသင်ခန်းပုံစံများကို ထူးခြားမှုများဖြင့် ဖန်တီးထားခြင်း စတဲ့အရာများဖြစ်ပါတယ်။
စာသင်ခန်းနေရာ၊ အသုံးအဆောင် ပစ္စည်း၊ အလင်းရောင်၊ ရုပ်ပုံကားချပ် အပြင်အဆင်များ၊ အရောင်များ စတဲ့ အရာတွေက ခေတ်မီစာသင်ခန်းတစ်ခုရဲ့ အဓိက အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။ ဒါကြောင့် စာသင်ခန်းများ ကောင်းမွန်တဲ့ ပြင်ဆင်မှုများ ရှိလာအောင် ကြိုးစားရမှာက ကျောင်းစီမံခန့်ခွဲသူများ နဲ့ ဆရာ/မများအပေါ် အဓိကကြပါတယ်။ ကောင်းမွန်တဲ့ စာသင်ခန်းတွေရှိခြင်းဖြင့် ကျောင်းသားများရဲ့ လေ့လာ သင်ယူလိုမှုများကို မြှင့်တင်ပေးနိုင်သလို သင်ခန်းစာနဲ့လိုက်လျောညီတဲ့ ပတ်ဝန်ကျင်းကောင်းရှိခြင်းက သင်ယူပြီးမြောက်မှုကို မြင့်မားစေပါတယ်။
ဒါ့အပြင် မလိုလားအပ်တဲ့ ပြဿနာတွေက စာသင်ခန်းကို အနှောက်အယှက်ပေးတတ်တယ်ဆိုတာကို နားလည်ထားဖို့ လိုအပ်ပါတယ်။ ဆရာ/မများရဲ့ ပံ့ပိုးမှုများက ကျောင်းသားများရဲ့ အာရုံစူးစိုက်မှုနဲ့ ထိရောက်တဲ့ ဆက်ဆံရေးများရှိတဲ့ ပတ်ဝန်းကျင်တစ်ခုဖြစ်လာအောင် ရည်ရွယ်ပါတယ်။ မလိုအပ်တဲ့ ပစ္စည်းများအတွက် သိုလှောင်ခန်းများ စနစ်တကျထားရှိခြင်း၊ စာပွဲခုံပုံစံများ ရွေးချယ် သတ်မှတ်ခြင်း၊ စာသင်ခန်းပုံစံကောင်းတစ်ခု ဖြစ်လာအောင် အသေးစိတ် ခွဲခြားစိတ်ဖြာပြီး စိတ်တိုင်းကျ သင်ကြားရေးနေရာများကိုလည်း ဖန်တီးပေးနိုင်ပါတယ်။
၃.၂ သင်ကြားရေး နည်းစနစ် (Instructional Techniques)
အရိုးရှင်းဆုံး သင်ကြားရေးနည်းစနစ်တွေနဲ့ နည်းဗျူဟာတွေကို စာသင်ကြားရာမှာ အဆင်ပြေချောမွေ့စေဖို့အတွက် ဆရာ/မများက ရွေးချယ် အသုံးပြုတတ်ကြပါတယ်။ ဥပမာ – ကျောင်းသားများ လွယ်ကူချောမွေ့စွာ သင်ယူတတ်မြောက်နိုင်တဲ့ ဘယ်နည်းလမ်းမဆို သင်ကြားနည်း နည်းဗျူဟာတစ်ခု ဖြစ်နိုင်ပါတယ်။ ဒီနည်းလမ်းများကို သင်ကြားရေးနည်းဗျူဟာ နဲ့ သင်ယူမှု နည်းဗျူဟာတွေလို့ လူသိများကြပါတယ်။
တခါတလေ နည်းဗျူဟာများသည် တိုက်ရိုက်သင်ကြားခြင်း၊ သွယ်ဝိုက်သင်ကြားခြင်း၊ လက်တွေ့သင်ကြားခြင်း၊ အပြန်အလှန်သင်ကြားခြင်း နဲ့ လွတ်လပ်စွာ သင်ယူလေ့လာခြင်း စတဲ့ နည်းဗျူဟာများ များစွာ ရှိပါတယ်။ ဒီနည်းဗျူဟာတွေက သင်ကြားရေး နည်းစနစ်တွေနဲ့ ကိုက်ညီမှု ရှိကြပါတယ်။ ဒါကြောင့် သင်ကြားရေးအထောက်အကူပြု ပစ္စည်းတွေကို များများအသုံးပြုလာခြင်းက သင်ယူသူအားလုံးအတွက် ကောင်းမွန်တဲ့ ရလဒ်များ ရလာစေဖို့ ကူညီပေးပါတယ်။ ဆရာ/မများအနေနဲ့ နည်းဗျူဟာအသစ်များကို လက်တွေ့ စမ်းသပ်အသုံးချဖို့ မကြောက်သင့်ပါဘူး။ ဒီလို လက်တွေ့ အသုံးချမှုများထဲကမှ ကိုယ်ကြိုက်နှစ်သက်တဲ့ အရာတစ်ခုကို ရှာဖွေတွေ့ရှိနိုင်ပါတယ်။
မတူညီတဲ့ သင်ကြားမှုတွေက ကျောင်းသားများရဲ့ တိုးတက်မှုကို အထောက်အကူပြုနိုင်ပါတယ်။ ကျောင်းသားများရဲ့ သင်ခန်းစာအပေါ် လေ့လာသင်ယူနိုင်စွမ်းကိုလည်း ချိန်ညှိနိုင်ပါတယ်။ ဆရာ/မများက လေ့လာသင်ယူနိုင်စွမ်းကို တိုင်းတာနိုင်မယ့် အကဲဖြတ်မှု ပုံစံတွေကိုလည်း အသုံးပြုလို့ရပါတယ်။ အကယ်၍ လေ့လာသင်ယူမှု အားနည်းတဲ့ ကျောင်းသားများအတွက်လည်း အကဲဖြတ်မှု ပုံစံများရဲ့ ရလဒ်တွေအရ သင့်လျော်အောင် ချိန်ညှိနိုင်ပါတယ်။
Peace Corps Nepal ရဲ့ ပညာရေးလမ်းညွှန်ချက်များအရ ကျောင်းသားများ သင်ခန်းစာ သို့မဟုတ် လှုပ်ရှားမှု (Activity) တစ်ခုခုကို ကောင်းစွာ နားလည်တတ်မြောက်ပြီး လက်တွေ့လုပ်ဆောင်နိုင်စေရန် အတွက် ဆရာများအနေနဲ့ အောက်ပါ သင်ကြားမှုအဆင့်ဆင့် (Instructional Steps) ကို လိုက်နာကျင့်သုံးရန် အကြံပြုထားပါတယ် –
✅ ရှင်းလင်းပြတ်သားသော ညွှန်ကြားချက်များကို ရေးသားခြင်း
လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များကို နှုတ်ကပြောရုံတင်မကဘဲ ကျောင်းသားအားလုံး အချိန်မရွေး ပြန်လည်ကြည့်ရှုနိုင်ရန် ဘုတ်အဖွဲ့ (သို့မဟုတ်) Screen ပေါ်တွင် အဆင့်ဆင့် တိတိကျကျ ရေးသားပြသထားရပါမယ်။ စကားလုံးများကို တိုတိုနှင့် လိုရင်းတိုရှင်း ဖြစ်စေပြီး အဆင့် ၁၊ အဆင့် ၂ စသဖြင့် နံပါတ်စဉ်များဖြင့် ရေးသားပါ။
✅ ညွှန်ကြားချက်များကို ဖတ်ကြား ရှင်းလင်းခြင်း
ရေးသားထားသော လုပ်ဆောင်ချက် အဆင့်များကို နှုတ်မှလည်း ကျောင်းသားများအားလုံး သေသေချာချာ ကြားနိုင်အောင် ဖတ်ပြပါ။ ၎င်းက စာဖတ်ဖို့အားနည်းတဲ့ကျောင်းသားတွေနဲ့ အကြားအာရုံကတဆင့်သင်ယူရတဲ့ကျောင်းသား (Auditory Learners) တွေအတွက် များစွာ အထောက်အကူဖြစ်စေပါတယ်။
✅နမူနာ သို့မဟုတ် အမြင်အာရုံ ထောက်ကူပြုပစ္စည်းများဖြင့် ပြသခြင်း
သတ်မှတ်ထားတဲ့ အဆင့်ဆင့် လုပ်ဆောင်ချက်တွေကို စာနဲ့ပဲ ရှင်းပြမည့်အစား ဥပမာတစ်ခုခုနဲ့ဖြစ်စေ၊ အမြင်အာရုံ ထောက်ကူပြုပစ္စည်း (Visual Aids) တွေနဲ့ဖြစ်စေ ဆရာကိုယ်တိုင် လက်တွေ့လုပ်ဆောင်ပြသ (Modelling) ရပါမယ်။
✅ကျောင်းသားအချင်းချင်း အတူတူ သရုပ်ပြစေခြင်း
ကျောင်းသားတွေ ပိုမိုနားလည်လာဖို့နဲ့ ယုံကြည်မှုရှိလာစေဖို့ ကျောင်းသားအချင်းချင်း (ဒါမှမဟုတ်) ဆရာနဲ့ ကျောင်းသား တွဲဖက်ပြီး အတန်းအရှေ့မှာ သရုပ်ပြ လုပ်ဆောင်ရပါမယ်။
✅ အလေ့အထ ဖြစ်လာသည်အထိ ဆက်တိုက်လေ့ကျင့်ပေးခြင်း
ကျောင်းသားအားလုံး လုပ်နည်းလုပ်ဟန်ကို အလွတ်ရသွားပြီး တွန့်ဆုတ်မှုမရှိဘဲ ကိုယ်တိုင် လုပ်ဆောင်နိုင်မယ့် (Independent Practice) အဆင့် ရောက်သည်အထိ လေ့ကျင့်ပေးရပါမယ်။
✅ပြန်လည် ဆန်းစစ်ပြီး စနစ်တကျ လမ်းညွှန်ခြင်း
ကျောင်းသားတွေအနေနဲ့ လုပ်ထုံးလုပ်နည်းတွေ ဒါမှမဟုတ် လမ်းညွှန်ချက်တွေကို နားလည်ရန် အခက်အခဲရှိနေပါက (ဒါမှမဟုတ်) မေ့လျော့နေပါက စိတ်မပျက်ဘဲ စနစ်တကျ အစကနေ ပြန်လည် ရှင်းလင်း ဖော်ပြပေးရပါမယ် (Scaffolding/Re-teaching)။
🔗 တရားဝင် လေ့လာနိုင်မည့် Reference Links များ
Peace Corps ရဲ့ ပညာရေးနှင့် စာသင်ခန်းတွင်း သင်ကြားမှု လမ်းညွှန်ချက် (Classroom Management & TEFL Teaching Strategies) တွေကို အောက်ပါ တရားဝင် အရင်းအမြစ်လင့်ခ်တွေမှာ တိုက်ရိုက်ဝင်ရောက် ဖတ်ရှုလေ့လာနိုင်ပါတယ် –
- Peace Corps Digital Library (TEFL/Education Resources): Peace Corps က ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ Volunteer ဆရာ၊ ဆရာမတွေအတွက် ထုတ်ပြန်ထားတဲ့ တရားဝင် သင်ကြားရေးလက်စွဲစာအုပ်များနှင့် ဗျူဟာများ စုစည်းမှုဖြစ်ပါတယ်။
🔗 Peace Corps TEFL Resources & Manuals - Peace Corps Nepal Education Context: အထူးသဖြင့် ဆရာ၊ ဆရာမတွေ အတန်းတွင်း ညွှန်ကြားချက်ပေးခြင်း (Giving Instructions) နဲ့ ကျောင်းသားတွေကို လေ့ကျင့်ပေးခြင်းဆိုင်ရာ အလေ့အထများအကြောင်း လေ့လာရန် –
🔗 Peace Corps Live and Learn Global Education
၃.၃ စာသင်ခန်းအတွက် စည်ကမ်းများ (Classroom Rules)
စာသင်ခန်းအတွင်း လိုက်နာမှုအားနည်းတဲ့ ကျောင်းသားတွေ၊ စည်းကမ်း မလိုက်နာတဲ့ ကျောင်းသားတွေ ရှိတဲ့အခါ ဆရာ/မများအတွက် အခက်တွေ့စေပါတယ်။ ဒီလို အခက်ခဲတွေကတော့ ဆရာ/မ အားလုံး ကိုယ်တိုင်ကြုံတွေ့ရမှာပါ။ ဒီလိုမျိုး ပြဿနာတွေအတွက် ထိရောက်တဲ့ အဖြေရှိပါတယ်။ ကျောင်းသားများ စည်းကမ်းမလိုက်နာခြင်း နဲ့ လိုက်နာမှုအားနည်းခြင်းအပေါ် ထိရောက်တဲ့ စည်းမျဉ်းတွေချမှတ်ပြီး ဆရာတွေအနေနဲ့ ထိရောက်စွာ ကိုင်တွယ်နိုင်ပါတယ်။ ကျောင်းသားတွေ အနေနဲ့လည်း ကျောင်းစည်းကမ်းများကို မလိုက်နာတဲ့အခါ အခက်အခဲတွေ ရှိပါတယ်။ ဒီလို အခက်အခဲတွေကို ပိုလွယ်ကူစေမယ့် နည်းလမ်းတွေကိုဖော်ပြပေးပါမယ်။
🔹အခန်းတွင်း စည်းမျဉ်းများရဲ့ အရေးကြီးတဲ့ အကြောင်းအရင်း (၄) ခု
✅ရည်ရွယ်ချက်များ နဲ့ အကျိုးရလဒ်များကို သတ်မှတ်ပါ။
အခန်းတွင်း စည်းမျဥ်းများ ချမှတ်ရတဲ့ ရည်ရွယ်ချက်ကို ကျောင်းသားသိမြင်အောင်လုပ်ပြီး အကျိုးဆက်ကိုလည်း ကျောင်းသားတွေ ဘယ်လိုကြုံတွေ့ခံစားရမယ်ဆိုတာကို နားလည်သဘောပေါက်စေပါတယ်။
✅ကျောင်းသားများကို အတန်းချိန်ဖြင့် သုံးသပ်ခြင်း
လူတိုင်း ကိုယ့်ရဲ့တနေ့တာကို အစီအစဉ်တကျ ကောင်းမွန်လာအောင် ထိန်းချုပ်ရတာ နှစ်သက်ကြပါတယ်။ ဒီလို စနစ်တကျ ထိန်းသိမ်းတာက အနာဂတ်ရဲ့ ဖြစ်နိုင်ချေများပြားတဲ့ ရည်မှန်းချက်တို့ကို သိမြင်နိုင်တာကြောင့် ကျောင်းသားများအတွက်လည်း အထောက်အကူပြုပါတယ်။ ဒါကြောင့် ဆရာ/မတွေ ပြင်ဆင်ထားတဲ့ သင်ကြားမှုလုပ်ငန်းတစ်ခုချင်းစီရဲ့ ကြာချိန်ကို တွက်ချက်ပြီး ကျောင်းသားရဲ့ တစ်နေ့တာ အတန်းအချိန်ဇယားကို အလွယ်တကူ စီစဉ်နိုင်ပါတယ်။ အချိန်ကာလအပေါ် ခြံငုံသုံးသပ်တာက ကျောင်းသားများအတွက် မှန်ကန်တဲ့ လမ်းကြောင်းများအပေါ်ရောက်အောင် ကူညီပေးနိုင်ပြီး ဆရာ/မများရဲ့ သင်ကြားမယ့်အရာများကလည်း ကျောင်းသားတွေရဲ့ အခြေအနေကို ကြည့်ပြီး သင်ယူနိုင်စွမ်းကို တိုးမြင့်စေပါတယ်။
✅ကျောင်းသားများရဲ့ အပြုသဘောမဆောင်တဲ့ အပြုအမူများကို လျော့ချပါ။
စာသင်ခန်းအတွင်းက စည်းကမ်းများက ကျောင်းသားတွေရဲ့ အပြုအမူများကို စီမံခန့်ခွဲရာမှာ အကောင်းဆုံးဖြစ်ပါတယ်။ ဒါ့အပြင် စည်းကမ်းများက ကျောင်းသားတွေအပေါ် တန်းတူထားရှိတာကြောင့် ဖြစ်လာမယ့် စည်းကမ်းများရဲ့ အကျိုးဆက်တွေနဲ့အတူ လိုက်လျောညီထွေမှုရှိအောင် ချိန်ညှိပေးနိုင်ပါတယ်။ စည်းကမ်းများကို မလိုက်နာတဲ့အခါ အကျိုးဆက်တွေ ရှိတာကြောင့် ကျောင်းသားများအနေနဲ့ စည်းကမ်းချိုးဖောက်မှု အလားအလာနည်းပါးပါတယ်။
၃.၃.၁ အတန်းတွင်း စည်းကမ်းများကို ချမှတ်ရန် လွယ်ကူသော နည်းလမ်းများ
အတန်းတွင်းစည်းကမ်းများက ဘာကြောင့် မရှိမဖြစ် လိုအပ်သလဲဆိုတာကို အပေါ်မှာ ဆွေးနွေးထားပြီးပါပြီ။ ဒါကြောင့် အခုပြောပြပေးသွားမှာကတော့ အတန်းတွင်း စည်းကမ်းများကို ဘယ်လိုဖန်တီးရမလဲဆိုတာကို နွေးဆွေးသွားမှာ ဖြစ်ပါတယ်။ အတန်းစည်းကမ်းများကို သတ်မှတ်ရာမှာ တသမှတ်တည်းချဉ်းကပ်မှုတွေ မရှိရပါဘူး။ သင်ကြားမှု ပုံစံနဲ့ အတန်းအတွင်းထားရှိတဲ့ ရည်မှန်းချက်အပေါ်မူတည်ပြီး ဆရာ/မများအနေနဲ့ စည်ကမ်းများကို တင်းကြပ်တာ ဒါမှမဟုတ် လိုက်လျောညီထွေရှိလာအောင် လုပ်တာမျိုးတွေ လုပ်ဆောင်နိုင်ပါတယ်။
✅အတန်းအတွင်း တင်းကြပ်လွန်းတဲ့ စည်းကမ်းများ နဲ့ မသင့်လျော်တဲ့ စည်းကမ်းများ
အတန်းတွင်းစည်းကမ်းတွေထဲမှာ တင်းကြပ်လွန်းတဲ့ စည်းကမ်းတွေ ရှိပါတယ်။ အတန်းအတွင်း ကျောင်းသားများက အပြုအမူပိုင်းဆိုင်ရာ ပြဿနာတွေရှိနေတယ်ဆိုရင် စည်ကမ်းတွေရဲ့ ရည်ရွယ်ချက်အပေါ် နားမလည်တာကြောင့်ဖြစ်ပြီး ဆရာ/မများအနေနဲ့ နားလည်သဘောပေါက်အောင် မလုပ်ရင်တော့ အတန်းအတွင်းစည်းကမ်းတွေက ကျောင်းသားများ စည်းကမ်းလိုက်နာနိုင်အောင် မကူညီနိုင်ပါဘူး။ အတန်းအမျိုးအစားအပေါ် မူတည်ပြီး ကျောင်းသားတိုင်းအတွက် သင့်လျော်တဲ့ စည်းကမ်းများကို သတ်မှတ်နိုင်ပါတယ်။
✅လိုက်လျောညီထွေလွန်းတဲ့ စည်းကမ်းများ နဲ့ ကျောင်းသားများ မလိုက်နာတဲ့ စည်းကမ်းများ
ကျောင်းသားများက လိုက်လျောညီထွေရှိတဲ့ စည်းကမ်းများအပေါ် အခွင့်ကောင်းယူတတ်ကြပါတယ်။ စည်းကမ်းအပေါ် ကျောင်းသားများ မလေးစားရင် ထိရောက်တဲ့ စည်းကမ်းတွေလည်း ရှိမှာ မဟုတ်ပါဘူး။ ကျောင်းသားများ စည်းကမ်းတွေကို မလိုက်နာရင် ဆရာ/မများက စာသင်ကြားရာမှာ ထိရောက်တဲ့ ဥပမာများနဲ့ ကျောင်းသားတွေ စည်းကမ်းလိုက်နာနိုင်အောင် ဖန်တီးနိုင်ပါတယ်။
၃.၄ အတန်းအချိန်ဇယားများ (Class Scheduling)
အတန်းအချိန်ဇယားများကို ဖန်တီးပါ။ သင်ခန်းစာတွေကို တစ်ကြိမ်မက သင်ကြားနိုင်အောင် အချိန်ဇယားများ ရေးဆွဲပါ။ အရေးကြီးတဲ့ ကျောင်းပွဲများ (ဥပမာ – ကျောင်းသားသစ်ကြိုဆိုပွဲ၊ ကျောင်းနှုတ်ဆက်ပွဲ ) စတာတွေကို အတန်းချိန်အတွင်း ထည့်ပါ။ အတန်းအချိန်ဇယားမှာ မတူညီတဲ့ အမြင်တွေ နဲ့ ရှုထောင့်တွေကို အဖွဲ့ဝင် ဆရာ/မများကိုယ်တိုင် ရှာဖွေကြည့်ရှုစေပြီး အတန်းအချိန်ဇယား ရေးဆွဲနိုင်အောင် ပြင်ဆင်ပါ။ ပြင်ဆင်ထားတဲ့ အတန်းအချိန်ဇယားမှာ ပါဝင်တဲ့ အချက်အလက်များကို သေချာကွဲကွဲပြားပြား ကြည့်ရှုနိုင်ဖို့ အရောင်များနဲ့ ရွေးချယ် သတ်မှတ်ဖို့ လိုပါတယ်။ ဒါကြောင့် တိကျသေချာတဲ့ အချိန်ဇယားတည်ဆောက်ပုံကို ပြောပြပေးပါ့မယ်။
🔸 ပြောင်းလဲ ပြင်ဆင်နိုင်တဲ့ အချိန်ဇယားကို ဖန်တီးပါ။
🔸 ထပ်တလဲလဲ ဖြစ်ပေါ်လာတဲ့ စည်မျဉ်းများအပေါ် လွယ်ကူစွာ ပြောင်းလဲနိုင်ပြီး ရိုးရှင်းတဲ့ အချိန်ဇယားဖြစ်အောင် ဆွဲပါ။ အဲ့ဒီနောက် ဆွဲထားတဲ့ အချိန်ဇယားအပေါ် သင်ကြားမယ့် ဘာသာရပ်/သင်ခန်းစာများကို ထည့်သွင်း ရေးဆွဲပါ။
🔸 ကျောင်းပွဲများကို စီစဉ်ပါ။
🔸 ကျောင်းသားမိဘများ၊ ဆရာ/မများကို အတန်းအချိန်ဇယားများ ဖြန့်ဝေပါ။
🔸 အတန်းအချိန်ဇယားကို သေချာကြည့်ရှုပြီး လိုအပ်တဲ့အရာတွေကို အချိန်မီရှာဖွေ ဖြည့်စွက်ပါ။
🔸 ဆရာ/မများကို အချိန်ဇယားအတွင်း သင်ခန်းစာများ ဖြည့်စွက်စေဖို့ တာဝန်ပေးပါ။
🔸 တူညီတဲ့ အတန်းခွဲများကို အုပ်စုတစ်ခုအနေနဲ့ သတ်မှတ်ပြီး စီမံခန့်ခွဲပါ။
🔸 အတန်းအတွင်း ဖြစ်ပေါ်လာနိုင်တဲ့ ပြဿများကို ရှာဖွေပြီး ဖြေရှင်းပါ။

၄. Four C’s In Classroom Management
အချိန်ဇယားအတိုင်းစာသင်ကြား ရုံနဲ့ မပြီးပါဘူး။ စာသင်ကြားနေတဲ့ ဆရာတစ်ဦးအနေနဲ့ သင်ရိုးညွှန်းတန်းအပြင် ကျောင်းသားများကို ၂၁ ရာစုရဲ့ ကျွမ်းကျင် စွမ်းရည်များကို သင်ကြားပေးဖို့ လိုအပ်ပါတယ်။ ၂၁ ရာစု စွမ်းရည်အားလုံးကို သင်ကြားဖို့ လိုအပ်ပေမယ့် four C’s ရဲ့ အဓိက အရေးကြီးပုံကို Classroom Management နဲ့ ချိတ်ဆက်ဖို့ အရင်လေ့လာထားရင် အဆင်ပြေပါတယ်။
၂၁ ရာစုရဲ့ ကျွမ်းကျင် စွမ်းရည် (၄) ခုကတော့
1️⃣ ဝေဖန်ပိုင်းခြား တွေးခေါ်နိုင်တဲ့ စွမ်းရည် (Critical Thinking)
2️⃣ တီထွင် ဖန်တီးမှု စွမ်းရည် (Creative Thinking)
3️⃣ ပူပေါင်းဆောင်ရွက်ခြင်း စွမ်းရည် (Collaboration)
4️⃣ ပြောဆို ဆက်သွယ်ရေး စွမ်းရည် တို့ဖြစ်ပါတယ်။ (Communication)
1️⃣ ဝေဖန်ပိုင်းခြား တွေးခေါ်နိုင်တဲ့ စွမ်းရည် (Critical Thinking)
ပြဿနာတစ်ခုအပေါ် ဝေဖန်ပိုင်းခြား သုံးသပ်မှုတွေနဲ့ ဖြေရှင်းနိုင်ခြင်းက ကောင်းမွန်တဲ့ အလေ့အကျင့်ကောင်းတွေ ဖြစ်ပါတယ်။ ပြဿနာများအပေါ် ဖြေရှင်ခြင်း၊ ခက်ခဲ့တဲ့ ကိစ္စရပ်တွေကို ခွဲခြား သုံးသပ်နိုင်ခြင်း၊ မတိကျတဲ့ အကြောင်းအရာတွေပေါ် တိကျမှုရှိလာအောင် ခွဲခြမ်းစိတ်ဖြာ တွေးခေါ်ခြင်း စတဲ့အရာတွေ တိုးတက်လာစေပါတယ်။ တိကျတဲ့ အချက်အလက်တွေကို အတည်ပြုတဲ့နေရာမှာလည်း ဝေဖန်ပိုင်းခြား တွေးခေါ်ခြင်း စွမ်းရည်တွေကို အသုံးပြုရပါတယ်။
ကျောင်းသားတွေအတွက် ခိုင်မာတဲ့ ဆွေးနွေးချက်တွေနဲ့ အမှန်တရားတွေ ရှာဖွေတွေ့ရှိလာအောင် ဝေဖန်ပိုင်းခြားတွေးခေါ်ခြင်းက ကူညီပေးပါတယ်။ ပြဿနာတစ်ခုရဲ့ ယူဆချက်တွေကို ခွဲထုတ်ပြီး လေ့လာ သုံးသပ်ကြည့်နိုင်တဲ့အပြင် အချက်အလက်များ နဲ့ ဂဏန်းများကိုလည်း ရှာဖွေကြည့်နိုင်ပါတယ်။ ဝေဖန်ပိုင်းခြား တွေးခေါ်မှုက ပတ်ဝန်းကျင်ရှိ ပြဿနာတွေ နဲ့ ကမ္ဘာကြီးအတွင်း ဖြစ်ပေါ်နေတဲ့အရာတွေကို စနစ်တကျ သုံးသပ်နိုင်အောင် ချိတ်ဆက်ပေးပါတယ်။ ဒါတွေက ဝေဖန်ပိုင်းခြား တွေးခေါ်မှုရဲ့ အဓိက အစိတ်အပိုင်းတွေ ဖြစ်ပါတယ်။ ကျွမ်းကျင်တဲ့ ကျောင်းသားတွေ ရှိလာတဲ့အခါ ကျောင်းသားအချင်းချင်း ကျွမ်းကျင်မှုတွေက လျင်မြန်စွာ ချိတ်ဆက် ပြန့်နှံ့စေပါတယ်။
အတန်းတွင်း ပြဿနာများ သို့မဟုတ် ကျောင်းသားများအကြား ပဋိပက္ခများ (Conflicts) ဖြစ်ပွားလာတဲ့ အခါ ဆရာက ဒေါသတကြီး အပြစ်ပေးမယ့်အစား ကျောင်းသားများကို Critical Thinking တိုးတက်လာအောင်လုပ်ပေးနိုင်ပါတယ်။ “ဒီပြဿနာက ဘာကြောင့် စဖြစ်တာလဲ”၊ “ငါတို့ ဘယ်လို အ ကောင်းဆုံး ဖြေရှင်းကြမလဲ” ဆိုပြီး တွေးခေါ်ခိုင်းခြင်းဖြင့် ကျောင်းသားတွေဟာ မိမိတို့ရဲ့ အပြုအမူကို ကိုယ်တိုင်ဆန်းစစ်တတ်လာပြီး ဆရာ့ဘက်က အော်ဟစ်ထိန်းကျောင်းစရာ မလိုတော့မှာဖြစ်ပါတယ်။
2️⃣ တီထွင် ဖန်တီးမှု စွမ်းရည် (Creative Thinking)
တီထွင် ဖန်တီးနိုင်စွမ်းက သတ်မှတ်ထားတဲ့ ဘောင်တွေရဲ့ အပြင်ဘက်ကနေ တွေးခေါ် လုပ်ဆောင်ခြင်း ဖြစ်ပါတယ်။ တီထွင်ဖန်တီးနိုင်တဲ့ စွမ်းရည်က လူတိုင်းမှာရှိသလို ကျောင်းသားတွေမှာလည်း ရှိပါတယ်။ တီထွန်ဖန်တီးနိုင်တဲ့ စွမ်းရည်က ပြဿနာတွေကို ဖြေရှင်းခြင်း၊ စနစ် အသစ်တွေ ဖန်တီးခြင်း၊ အရင်က မအောင်မြင်ခဲ့တဲ့ လုပ်ငန်းတွေကို စနစ်တကျနဲ့ အောင်မြင်လာအောင် ပြုလုပ်ခြင်း စတဲ့အရာတွေဖြစ်ပါတယ်။
မမြင်နိုင်တဲ့ ပြဿနာတွေနဲ့ လိုအပ်ချက်တွေကို ရှု့ထောင့်အမျိုးမျိုးကနေ ဝေဖန်ပိုင်းခြားတွေးခေါ်ပြီး တီထွင်ဖန်တီးမှုများ လုပ်ဆောင်ခြင်းကို ဆိုလိုပါတယ်။ တီထွင်ဖန်တီးမှုတွေက ကျောင်းသားတွေရဲ့ စိတ်အာရုံကို စနစ်တကျ တိုးတက်စေပါတယ်။ ကျောင်းသားတစ်ဦးက သူရဲ့ တီထွင်ဖန်တီးနိုင်တဲ့ အရာတွေကို လေ့လာသိရှိလာတာနဲ့အမျှ အကျိုးရှိတဲ့ နည်းလမ်းများကိုလည်း ရရှိလာမှာဖြစ်ပါတယ်။
ဆရာ/မများအနေနဲ့ ကျောင်းတွေမှာ တီထွင်ဖန်တီးမှုစွမ်းရည် ကောင်းလာအောင် သင်ကြားနည်းစနစ်တွေမှာ လက်တွေ့ လုပ်ဆောင်ချက်တွေပါရှိပြီး တီထွင်မှုများ လုပ်နိုင်တဲ့ သင်ခန်းစာများကို ဖန်တီးနိုင်ဖို့ လိုအပ်ပါတယ်။ ဒီလိုဖန်တီးမှုတွေက ပြဿနာရဲ့ အရင်းအမြစ်အပေါ် ကွဲကွဲပြားပြား သုံးသပ်နိုင်ပြီး ရှင်းလင်းတဲ့ အဖြေများ ရရှိလာအောင် မြှင့်တင်ပေးပါတယ်။
စာသင်ခန်း စည်းကမ်းတွေနဲ့ နေ့စဉ်လုပ်ရိုးလုပ်စဉ် (Routines) တွေကို ဆရာတစ်ဦးတည်းကပဲ တစ်ဖတ်သတ် သတ်မှတ်မယ့်အစား ကျောင်းသားတွေရဲ့ Creative Thinking ကို အသုံးချကာ “ငါတို့အတန်း ပိုပျော်စရာကောင်းအောင် ဘယ်လိုစည်းကမ်းတွေ ထားကြမလဲ” ဆိုပြီး ပိုစတာတွေ ရုပ်ပုံတွေကို ကိုယ်တိုင် ဖန်တီးရေးဆွဲစေခြင်း ဖြစ်ပါတယ်။ မိမိတို့ ကိုယ်တိုင် တီထွင်ဖန်တီးထားတဲ့ စည်းကမ်းတွေဖြစ်တဲ့အတွက် ကျောင်းသားတွေအနေနဲ့ စာသင်ခန်းစီမံခန့်ခွဲမှုအပေါ် ပိုမိုလေးစားပြီး လိုက်နာလာဖို့ အလားအလာ ပိုများပါတယ်။
3️⃣ ပူပေါင်းဆောင်ရွက်ခြင်း စွမ်းရည် (Collaboration)
ပူပေါင်းဆောင်ရွက်ခြင်းက တူညီတဲ့ရည်မှန်းချက်တစ်ခု အောင်မြင်အောင် အတူတကွ လုပ်ဆောင်ရတာဖြစ်ပါတယ်။ ကျောင်းသားတွေရဲ့ ဘဝတစ်လျောက် တခြားသူများနဲ့ ပူးပေါင်း ဆောင်ရွက်သွားရမယ်ဆိုတာကို သိထားဖို့ လိုအပ်ပါတယ်။ ပူပေါင်းဆောင်ရွက်ခြင်းက ကျောင်းသားတွေရဲ့ ပြဿနာကို အဖွဲ့လိုက်ဖြေရှင်း နားလည်ပြီး အကောင်းဆုံး လုပ်ဆောင်ချက်တွေနဲ့ ဖြေရှင်းရာမှာ အထောက်အကူပြုပါတယ်။ ကျောင်းသားတိုင်းက တူညီတဲ့ အတွေးအခေါ်တွေ မရှိနိုင်တာကြောင့် ပူပေါင်းဆောင်ရွက်ခြင်းကနေ စနစ်တကျတဲ့ တွေးခေါ်မှုများကို လေ့လာနိုင်ပါတယ်။
ပူပေါင်း လုပ်ဆောင်မှုမှာ မတူညီတဲ့ အတွေးအမြင်တွေကို ကန့်ကွက်ခံလိုက်ရတဲ့အခါ ကျောင်းသားများအနေနဲ့ ဘယ်လိုအကြောင်းအရင်းကြောင့် ဖြစ်ပေါ်လာသလဲ၊ ဘယ်ရှုထောင့်ကနေ တဖက်သူက ကြည့်သလဲဆိုတာကို စနစ်တကျ ရှုမြင်သုံးသပ်လို့ ရပါတယ်။ ကျောင်းသားများ ဒီလိုအရာတွေနဲ့ ကြုံလာတဲ့အခါ ဆွေးနွေးမှုအတွင်း ခိုင်မာတဲ့ ဆွေးနွေးချက်တွေနဲ့ တိကျတဲ့ လုပ်ဆောင်ချက်တွေကို ယူဆောင်လာပြီး ပူပေါင်းမှု အင်အားရှိလာအောင် တိုက်တွန်းနိုင်ပါတယ်။
ထိရောက်တဲ့ Classroom Management ဆိုတာ ဆရာတစ်ယောက်တည်း အားစိုက်ရခြင်းမျိုး မဟုတ်ဘဲ အတန်းတစ်ခုလုံး ပူးပေါင်းပါဝင်ခြင်း ဖြစ်ပါတယ်။ ကျောင်းသားတွေကို အဖွဲ့လိုက် လုပ်ငန်းတွေ (Group Work / Peer Support) ခွဲဝေပေးခြင်းဖြင့် တော်တဲ့ကျောင်းသားက အားနည်းတဲ့ကျောင်းသားကို ပြန်လည်ကူညီပေးတဲ့စနစ်ကို ဖန်တီးပေးနိုင်ပါတယ်။ ၎င်းက စာသင်ခန်းအတွင်း ဆူညံအာရုံနောက်မှုကို လျှော့ချပေးပြီး ကျောင်းသားအချင်းချင်း ထိန်းကျောင်းပေးတဲ့ (Self-managing) အပြုသဘောဆောင်တဲ့ အဝန်းအဝိုင်းကို ဖြစ်ပေါ်စေပါတယ်။
4️⃣ ပြောဆို ဆက်သွယ်ရေး စွမ်းရည် (Communication)
ပြောဆိုဆက်သွယ်ခြင်း စွမ်းရည်က ရှုပ်ထွေးတဲ့ ကိစ္စတွေကို ရှင်းလင်းတဲ့ အမြင်များဖြစ်လာအောင် ကူညီ ပံ့ပိုးလေ့ကျင့်ပေးပါတယ်။ ပြောဆို ဆက်သွယ်ရေးက ဒီနေ့ခေတ်မှာ အရေးကြီးတဲ့ အရာတစ်ခုအဖြစ် ပါဝင်နေပါတယ်။ ဆက်သွယ်ချိတ်ဆက်ရာမှာ SMS, အီးမေးလ်၊ ဆိုရှယ်မီဒီရာ စတဲ့နေရာတွေကနေ ချိတ်ဆက် ဆက်သွယ်လာကြပါတယ်။ ဒီဆက်သွယ်ရေး ကဏ္ဍတွေက စာသား/စာကြောင်းများကို အခြေခံပြီး ဆက်သွယ်ရတာကြောင့် တစ်စုံတစ်ယောက်ရဲ့ ခံစားချက်၊ ရှုမြင်သုံးသပ်ပုံနဲ့ အကြောင်းအရာတွေကို ထဲထဲဝင်ဝင် မသိနိုင်ပါဘူး။ ဒီလိုအရာတွေ သိနိုင်ဖို့အတွက်ဆို စကားလုံးများနဲ့ ချိတ်ဆက်ပြောဆိုတတ်ဖို့ လိုအပ်ပါတယ်။
ကျောင်းသားတွေအနေနဲ့ ပြောဆို ဆက်သွယ်ရေး အားကောင်းလာအောင် အသံနေအသံထားတွေနဲ့ ပြောဆိုနည်း ပုံစံတွေကို လေ့ကျင့်ထားဖို့ လိုအပ်ပါတယ်။ အပြုသဘောရှိတဲ့ ပြောဆို ဆက်သွယ်ရေးကနေတစ်ဆင့် ကျောင်းသားတွေရဲ့ စိတ်ကူးနဲ့ အကြံဉာဏ်တွေကို တိုးတက်လာစေပါတယ်။
ဒီ အရည်အချင်း (၄) မျိုးလုံးက ခေတ်မီ ကျောင်းသားများ မရှိမဖြစ် လေ့လာဖို့ လိုအပ်သလို ဆရာ/မများအနေနဲ့ တတ်ကျွမ်းထားဖို့ လိုအပ်ပါတယ်။
စာသင်ခန်းအတွင်းမှာ ကျောင်းသားတွေအနေနဲ့ မိမိတို့ရဲ့ လိုအပ်ချက်၊ မေးခွန်း သို့မဟုတ် ခံစားချက်တွေ ကို စနစ်တကျ ထုတ်ဖော်ပြောဆိုခွင့် (Active Voice) ရှိရပါမယ်။ ရှင်းလင်းပြတ်သား တဲ့ပြောဆို ဆက်သွယ်ရေးစနစ် ရှိခြင်းဖြင့် ကျောင်းသားတွေဟာ အတန်းထဲမှာ မိုက်ခရိုဖုန်းကို စည်းကမ်းမရှိ ဖွင့်ပြောခြင်း ဒါမှမဟုတ် အော့ဖ်လိုင်းမှာဆိုရင် လှမ်းအော်ပြောခြင်း စတာတွေ မပြုလုပ်တော့ဘဲ ” Raise Hand (လက်ထောင်ခြင်း)၊ Chat Box အသုံးပြုခြင်း ဒါမှမဟုတ် ယဥ်ကျေးတဲ့စကားလုံးများဖြင့် စတင်ပြောဆိုခြင်း” စတဲ့ အလေ့အထတွေကို လိုက်နာလာကြမှာဖြစ်တဲ့အတွက် အတန်းကို အလွယ်တကူ စီမံခန့်ခွဲနိုင်မှာ ဖြစ်ပါတယ်။
၅. အွန်လိုင်းစာသင်ခန်း စီမံခန့်ခွဲမှု (Online Classroom Management)
နည်းပညာခေတ်တွင် အဝေးသင် သို့မဟုတ် အွန်လိုင်းမှတစ်ဆင့် သင်ကြားရသည့် အခါ၌လည်း အွန်လိုင်းဝန်းကျင်နှင့် ကိုက်ညီမည့် စာသင်ခန်းစီမံခန့်ခွဲမှုစနစ် (Online Classroom Management) ရှိဖို့ အထူးလိုအပ်လာပါသည်။ အွန်လိုင်းတွင် ကျောင်းသားများသည် အိမ်မှ တက်ရောက်ရသဖြင့် အာရုံပျံ့လွင့်စရာ ပိုမိုများပြားသောကြောင့် ဆရာများအနေဖြင့် အောက်ပါ ဒစ်ဂျစ်တယ် လုပ်ထုံးလုပ်နည်းများကို ပထမဆုံး အတန်းစကတည်းက စနစ်တကျ သတ်မှတ်ထားရပါမည် –
၁။ အွန်လိုင်း အခြေခံစည်းဉ်းများ သတ်မှတ်ခြင်း (Establishing Netiquette)
လူကိုယ်တိုင် တွေ့ဆုံရသည်မဟုတ်သည့်အတွက် အွန်လိုင်းစာသင်ခန်းတွင်း လိုက်နာရမည့် ကျင့်ဝတ်များကို ပြတ်သားစွာ ချမှတ်ထားရပါမည်။
- အသံထိန်းချုပ်မှု (Audio Routine): စာသင်ချိန်အတွင်း အလွန်အမင်း ဆူညံမသွားစေရန် ဆရာက စာရှင်းပြနေစဉ် ကျောင်းသားအားလုံး Mute (အသံပိတ်) ထားရန်နှင့် စကားပြောလိုပါက သတ်မှတ်ထားသည့် Raise Hand (လက်ထောင်စနစ်) သုံးရန် ကြိုတင်လေ့ကျင့်ပေးထားပါ။
- ဗီဒီယိုနှင့် ဝတ်စားဆင်ယင်မှု: အတန်းတွင်း အမှန်တကယ် ပါဝင်နေကြောင်း သိသာစေရန် ကျောင်းသားများကို ကင်မရာ (Webcam) ဖွင့်ထားရန် တိုက်တွန်းပါ။ (အင်တာနက်လိုင်း မကောင်းသူများမှလွဲ၍)။ ထို့အပြင် အွန်လိုင်းအတန်း ဖြစ်သော်လည်း Professional ဆန်သည့် သင့်လျော်သော အဝတ်အစားများကို ဝတ်ဆင်တက်ရောက်ရန် စည်းကမ်းထုတ်ထားပါ။
၂။ စာသင်ချိန် အဝင်အထွက်ကို စီမံခန့်ခွဲခြင်း (Managing In and Out Flow)
- ကြိုတင်ပြင်ဆင်မှု Routine: စာသင်ချိန်မစမီ မိနစ်အနည်းငယ်အလိုကတည်းက ကွန်ပျူတာ၊ ဖုန်းနှင့် အင်တာနက်လိုင်းများကို အဆင်သင့်ဖြစ်အောင် ပြင်ဆင်ထားစေပြီး၊ အတန်းစမည့်အချိန်ထက် အနည်းဆုံး ၃ မိနစ် ကြိုတင်၍ Zoom/Meet အခန်းထဲသို့ ဝင်ရောက်စောင့်ဆိုင်းသည့် အလေ့အကျင့်ကို ပျိုးထောင်ပေးပါ။
- အမည်ပေးစနစ် (Naming Convention): အတန်းတက်ရောက်မှု လွယ်ကူစွာ စစ်ဆေးနိုင်ရန်အတွက် ကျောင်းသားများအားလုံး မိမိတို့၏ အမည်ကို [ကျောင်းသား ID နံပါတ်] – [အမည်ရင်း] ပုံစံဖြင့်သာ ပြောင်းလဲ၍ ဝင်ရောက်စေရန် သတ်မှတ်ထားပါ။
၃။ အွန်လိုင်း အာရုံပျံ့လွင့်မှုများကို လျှော့ချခြင်း (Minimizing Digital Distractions)
ကျောင်းသားများသည် ကွန်ပျူတာမျက်နှာပြင် ရှေ့တွင် ရှိနေသော်လည်း အနောက်တွင် ဂိမ်းကစားခြင်း၊ ဆိုရှယ်မီဒီယာ သုံးခြင်းများ ပြုလုပ်နိုင်ပါသည်။
- တက်ကြွစွာ ပါဝင်စေခြင်း (Active Engagement): ဆရာကပဲ တစ်ဖက်သတ် ပြောမနေဘဲ အနည်းဆုံး ၁၅ မိနစ် တစ်ကြိမ် Chat Box တွင် အဖြေတောင်းခြင်း၊ Poll (စစ်တမ်း) ကောက်ယူခြင်း သို့မဟုတ် Reaction Icons (👍, ❤️, 😮) များ ပေးခိုင်းခြင်းဖြင့် ကျောင်းသားများ၏ အာရုံကို ဖမ်းစားထားရပါမည်။
- မျက်နှာပြင် မျှဝေမှုကို စနစ်တကျ ထိန်းချုပ်ခြင်း: ကျောင်းသားများက ဆရာ့ Slide ပေါ်တွင် လျှောက်ခြစ်ခြင်း သို့မဟုတ် ခွင့်ပြုချက်မရှိဘဲ ၎င်းတို့၏ Screen ကို မျှဝေခြင်း (Screen Sharing) မလုပ်နိုင်စေရန် အသုံးပြုသည့် ဆော့ဖ်ဝဲလ် (Zoom/Teams) ထဲတွင် ဆရာကသာ လုံခြုံရေး Settings (Host Controls) ကို ကြိုတင်ပိတ်ထားရပါမည်။
၅.၁ အတန်းအတွင်း Online နဲ့ Offline လေ့လာမှုများကို ဟန်ချက်ညီအောင် ထိန်းညှိခြင်း
ကျောင်းသားများအနေနဲ့ စာလေ့လာရာမှာ Offline သင်ယူမှုတစ်ခုတည်းမဟုတ်ဘဲ Online သင်ယူမှုက အရေးပါတယ်ဆိုတာ မသိကြသေးပါဘူး။ ဒါကြောင့် ဒီအရေးပါတဲ့ သင်ယူမှုကို ကျောင်းသားတွေအတွက် ဟန်ချက်ညီညီထိန်းညှိနိုင်အောင် မျှဝေထားဖို့ လိုအပ်ပါတယ်။ လေ့လာသင်ယူမှုက မျှတတဲ့ ကိုယ်ပိုင်အခြေအနေနဲ့ သင်ယူမှု ပုံစံအပေါ် မူတည်ပါတယ်။ အွန်လိုင်းမှ ရှာဖွေလေ့လာမှုများကို ပြုလုပ်တာချည်း လုပ်တာမျိုးမဟုတ်ဘဲ သင်ယူ လေ့လာထားတဲ့အပေါ် လက်တွေ့ လုပ်ဆောင်ချက်တွေ ရှိဖို့ လိုအပ်ပါတယ်။ အကယ်၍ ကျောင်းသားများရဲ့ လေ့လာမှုက အချိန်တိုအတွင်းပြီးမြောက်အောင် လုပ်ဆောင်ဖို့ လိုအပ်တယ်ဆိုရင် ဆရာများအနေနဲ့ Online/Offline သင်ယူမှု နှစ်မျိုးလုံးကို ဦးစားပေး လေ့လာနိုင်အောင် ပြုလုပ်သင့်ပါတယ်။
၅.၂ Online/Offline လေ့လာခြင်းအပေါ် အကျိုးရှိစွာ ဖန်တီးခြင်း
တစ်နေ့ (၃)နာရီအထက် online အသုံးပြုတဲ့ ကျောင်းသားတွေက ဒစ်ဂျစ်တယ်ရဲ့ ထောက်ပံ့မှုများအပေါ် များစွာ မှီခိုနေကြပါတယ်။
ဒါကြောင့် ကျောင်းသားတွေရဲ့ အတွေးအခေါ်များက မြင့်တက်လာပေမယ့် လက်တွေ့ လုပ်ဆောင်နိုင်ချေ လျော့နည်းလာပါတယ်။ လျော့နည်းလာခြင်းရဲ့ အကျိုးဆက်များက အသိသာရှိပြီး လက်တွေ့မရှိတာကြောင့် လုပ်ငန်းစဉ်တစ်ခု လုပ်ဆောင်တဲ့အခါ ရရှိတဲ့ အတွေးအခေါ်နဲ့ အတွေ့အကြုံတွေ နည်းပါးလာပါတယ်။ ဒါကြောင့် ကျောင်းသားများရဲ့ ဖန်တီးနိုင်စွမ်းတွေက Online/Offline လေ့လာချင်းအပေါ် ညီမျှစွာ အကျိုးရှိဖို့ လိုအပ်ပါတယ်။
ဆရာ/မများအနေနဲ့ အခန်းတွင်း လုပ်ငန်းစဉ်တွေကို Online/Offline ပေါင်းစပ်အသုံးပြုကာ သင်ကြားနိုင်ဖို့ လိုအပ်ပါတယ်။
Online သင်ကြားနည်းဖြင့် သင်ကြားရာမှာလည်း ကျောင်းသားများရဲ့ အတန်းတွင်း လှုပ်ရှားမှုများအပေါ် လက်တွေ့ကျတဲ့ လုပ်ဆောင်ချက်တွေနဲ့ ပြုလုပ်ဖို့ စီစဉ်ရင်း အကျိုးရှိတဲ့ Online/Offline သင်ကြားမှုကို ဖန်တီးနိုင်ပါတယ်။
