Zoom as a Teaching Tool

Zoom ဖြင့် အွန်လိုင်း စာသင်ကြားရာမှာ သိထားသင့်တဲ့ အရာများကို လေ့လာကြရအောင်

သင်ကြားရေးတွင်  Screen ကြည့်ချိန် (Screen Time) ကို မျှတအောင် ထိန်းညှိခြင်း

Zoom နဲ့ အခြားသော အွန်လိုင်းပလက်ဖောင်းတွေကတစ်ဆင့် စာသင်ကြားခြင်းက ခေတ်သစ်ပညာရေးရဲ့ အဓိကအစိတ်အပိုင်းတစ်ခု ဖြစ်လာပါတယ်။ ဒါပေမဲ့ အွန်လိုင်းသင်ကြားရေးရဲ့ အဓိကစိန်ခေါ်မှု တစ်ခုကတော့ phone/ Laptop စတာတွေအသုံးပြုတဲ့အချိန် (Screen Time) ကို မျှတအောင် ထိန်းညှိဖို့ပါပဲ။ မျက်နှာပြင်ကြည့်ချိန် များပြားလာတာက ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသား၊ ကျောင်းသူတွေ ရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ 

၁။ Screen ကြည့်ချိန် (Screen Time) ဆိုတာ ဘာလဲ

Screen Time ဆိုတာ ကွန်ပျူတာ၊ ဖုန်း၊ တက်ဘလက် သို့မဟုတ် ရုပ်မြင်သံကြားလိုမျိုး ဒစ်ဂျစ်တယ်ပ စ္စည်းတွေကို အသုံးပြုတဲ့အချိန်ကို ပြောတာပါ။ သင်ကြားရေးမှာ မျက်နှာပြင်ကြည့်ချိန်ဆိုတာ စာသင်တာ၊ အွန်လိုင်းသင်တန်းတွေတက်တာ၊ သုတေသနလုပ်တာ ဒါမှမဟုတ် အိမ်စာတွေလုပ်တာ စတဲ့အချိန်တွေမှာ ကုန်ဆုံးတဲ့အချိန်ကို ဆိုလိုပါတယ်။

၂။ Screen ကြည့်ချိန် (Screen Time) များခြင်းရဲ့ဆိုးကျိုးများ

(၁) မျက်စိပင်ပန်းခြင်း (Digital Eye Strain) : မျက်လုံးခြောက်တာ၊ မျက်စိမှုန်တာနဲ့ ခေါင်းကိုက်တာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

(၂) စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်ခြင်း (Mental Fatigue): အာရုံစူးစိုက်မှုအား နည်းစေပြီး အွန်လိုင်းမှာ အချိန်ကြာကြာ နေရတဲ့အတွက် စိတ်ပိုင်းဆိုင်ရာ ဖိအားတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။

(၃) ကိုယ်ဟန်အနေအထား ပြဿနာ (Posture Issues): လည်ပင်းနဲ့ ပခုံးတွေ နာကျင်တာမျိုး ဖြစ်ပေါ် နိုင်ပါတယ်။

၃။ Screen Time မျှတစေမယ့် နည်းလမ်းများ

ဆရာ၊ ဆရာမတွေအနေနဲ့ သင်ကြားရေးမှာ အွန်လိုင်းနဲ့ အွန်လိုင်းပြင်ပ လှုပ်ရှားမှုတွေကို ပေါင်းစပ်ပြီး screen ကြည့်ချိန်ကို လျှော့ချနိုင်မယ့် နည်းလမ်းတွေ အများကြီးရှိပါတယ်။

(၁) အချိန်ဇယားကို ထိရောက်စွာ စီမံခန့်ခွဲခြင်း

တိုတိုနဲ့ လိုရင်းသင်ကြားပါ: အွန်လိုင်းအတန်းချိန်တွေကို တစ်ပြိုင်နက်တည်း အချိန်ကြာကြာမပို့ချဘဲ မိနစ် ၃၀ ကနေ ၄၀ လောက် အပိုင်းတွေခွဲပြီး သင်ကြားပါ။

လှည့်လည်ပြောင်းလဲ သင်ကြားပါ (Rotation): အတန်းချိန်ကို တိုက်ရိုက်သင်ကြားတာ၊ အုပ်စုလိုက်     ဆွေးနွေးတာ (Breakout Rooms) နဲ့ တစ်ဦးချင်း လေ့လာတာဆိုပြီး အပိုင်း (၃) ပိုင်းခွဲခြားကာ အလှည့်ကျ သင်ကြားပေးပါ။

အနားယူချိန် ပုံမှန်ပေးပါ: အတန်းချိန်အတွင်း ကျောင်းသားတွေ လှုပ်ရှားနိုင်ဖို့နဲ့ မျက်စိအနားပေးနိုင်ဖို့ (၅) မိနစ်ကနေ (၁၀) မိနစ်လောက် အနားယူချိန် ပုံမှန်ပေးဖို့ မမေ့ပါနဲ့။

 (၂) ’20-20-20′ နည်းဥပဒေကို အသုံးပြုခြင်း

ဒီနည်းလမ်းက မျက်စိပင်ပန်းတာကို လျှော့ချဖို့အတွက် အလွန်ထိရောက်ပါတယ်။

မိနစ် ၂၀ ကြာတိုင်း၊

ပေ ၂၀ အကွာအဝေးမှာရှိတဲ့ အရာတစ်ခုကို၊

စက္ကန့် ၂၀ ကြာ ကြည့်ပေးပါ။

ဒီနည်းဥပဒေကို ကျောင်းသားတွေကိုလည်း သင်ပေးပြီး အတူတကွ လိုက်နာမယ်ဆိုရင် အရမ်းအသုံးဝင်ပါတယ်။

(၃) အွန်လိုင်းပြင်ပ လှုပ်ရှားမှုများကို ပေါင်းစပ်ခြင်း

အိမ်စာတွေကို ပုံမှန်အတိုင်းပေးပါ: စာရွက်ပေါ်မှာ ရေးတာ၊ စာအုပ်ဖတ်တာ၊ ပန်းချီဆွဲတာ ဒါမှမဟုတ် လက်တွေ့ပုံစံငယ်တွေ လုပ်တာလိုမျိုး မျက်နှာပြင်နဲ့ မပတ်သက်တဲ့ အိမ်စာတွေကို ပေးပါ။

သင်ကြားချိန်ကို အချိန်တိုပေးပြီး အိမ်စာတွေ ပိုပေးပါ: သင်ခန်းစာရဲ့ အဓိကအချက်ကို အတိုချုပ် သင်ကြားပေးပြီး ကျန်တာကို သင်ခန်းစာနဲ့ပတ်သက်တဲ့ စာအုပ်၊ ဆောင်းပါး ဒါမှမဟုတ် လက်တွေ့လေ့ကျင့်ခန်းတွေကို အွန်လိုင်းပြင်ပကနေ လုပ်ခိုင်းပါ။

ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုတွေ ပါဝင်စေပါ: လေ့ကျင့်ခန်းလုပ်တာ၊ လက်တွေ့စမ်းသပ်မှုတွေ လုပ်တာလိုမျိုး လှုပ်ရှားမှုတွေကို ဗီဒီယို (ဒါမှမဟုတ်) ရုပ်ပုံတွေနဲ့ ရှင်းပြပြီး ကျောင်းသားတွေကိုယ်တိုင် လုပ်ဆောင်ခိုင်းပါ။

(၄) ကျောင်းသား၊ ကျောင်းသူတွေကိုယ်တိုင် သင်ယူနိုင်အောင် မြှင့်တင်ပေးခြင်း

ကျောင်းသားတွေကို တက်တက်ကြွကြွ ပါဝင်စေပါ: မေးခွန်းတွေမေးတာ၊ အုပ်စုလိုက်ဆွေးနွေးတာနဲ့ အွန်လိုင်းမှာ အချင်းချင်း အပြန်အလှန် ဆက်ဆံတာတွေကို အားပေးပါ။

တင်ပြမှုတွေ လုပ်ခိုင်းပါ: ကျောင်းသားတွေအနေနဲ့ သူတို့ရဲ့ သင်ယူမှုကို တင်ပြနိုင်ဖို့ ဖန်သားပြင် မျှဝေတာ (screen sharing) ကို အသုံးပြုခွင့်ပေးပါ။

Screen ကြည့်ချိန်ကို ထိန်းညှိတာက သင်ကြားရေး အရည်အသွေးကို မြှင့်တင်ပေးရုံသာမက ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသား၊ ကျောင်းသူတွေ နှစ်ဦးစလုံးရဲ့ ကျန်းမာရေးအတွက်လည်း အရမ်းအရေးကြီးပါတယ်။ ဒီအလေ့အထကို သင်ကြားရေးလုပ်ငန်းစဉ်မှာ ထည့်သွင်းကျင့်သုံးတာက အွန်လိုင်းပညာရေးကို ပိုမိုထိရောက်ပြီး ရေရှည်တည်တံ့စေမှာ သေချာပါတယ်။