မိမိကိုယ်ပိုင်အခန်းကနေသော်လည်းကောင်း၊ ကျောင်းက အခန်းကနေသော်လည်းကောင်း အွန်လိုင်းကနေ စာသင်ကြားရတာဟာ အတန်းထဲမှာစာသင်ကြားရတာထက် သက်တောင့်သက်သာဖြစ်စေမယ်လို့ ထင်ကောင်း ထင်ရနိုင်ပါတယ်။ ဒါပေမဲ့ ပြင်ဆင်မှုအားနည်းရင် ထင်ထားတာထက် ပိုမိုခက်ခဲနိုင်ပါတယ်။ ဒါ့အပြင် အွန်လိုင်းကစာသင်ကြားရမှာ မှတ်တမ်းတင်ထားတာတွေကျန်တဲ့အတွက် အမှားအယွင်း မပါဖို့ ပိုဂရုစိုက်ဖို့လိုပါတယ်။ ဒါဆိုရင် အွန်လိုင်းကနေ စာစသင်တော့မဲ့ ဆရာ/ဆရာမတစ်ယောက်အနေနဲ့ ကြိုတင်ပြင်ဆင်သင့်တာတွေ ဆောင်ရန် ရှောင်ရန်တွေကို ကြိုသိထားဖို့က အရေးကြီးပါတယ်။ ဒါ့ကြောင့် အိုင်ယာလန်နိုင်ငံ University College Cork က ဆရာ/ဆရာမတွေရဲ့ အွန်လိုင်းကနေ စာသင်တဲ့အခါလက်တွေ့လိုက်နာ ကျင့်သုံးဖို့ မျှဝေပေးထားတဲ့အချက်တွေကို လေ့လာကြည့်ရအောင်။
1️⃣ အွန်လိုင်းစာသင်ခန်း ပတ်ဝန်းကျင်ပြင်ဆင်ခြင်း ဖြစ်ပါတယ်။
တိတ်ဆိတ်ငြိမ်သက်မှုက သင်ခန်းစာကို အာရုံစိုက် ပို့ချနိုင်ဖို့ အထောက်အကူပေးနိုင်တဲ့ အတွက်ကြောင့် အွန်လိုင်းစာသင်ခန်း ဒါမှမဟုတ် အွန်လိုင်းဆွေးနွေးခန်းတွေကို မဝင်ခင် တိတ်ဆိတ်ငြိမ်သက်တဲ့ နေရာကို ရှာပါ။ အခန်းဖော် ဒါမှမဟုတ် မိသားစုဝင်တွေကို စာသင်မယ့်နေရာပတ်ဝန်းကျင်မှာ ဆူညံမှုမရှိစေဖို့ ကြိုတင်အသိပေးထားပါ။ မိသားစုများအတူရှိနေနိုင်တဲ့ မီးဖိုခန်း၊ ဧည့်ခန်းတွေကနေ အတန်းတက်ရောက်ခြင်းကို တတ်နိုင်သမျှ ရှောင်ပါ။ ဒါ့အပြင် ဗီဒီယိုကင်မရာ မျက်နှာပြင်မှာ မိမိပတ်ဝန်ကျင်ရှိ အရာအားလုံးကိုမြင်နိုင်တာကြောင့် အတန်းမဝင်မီ ဗီဒီယိုကင်မရာဖွင့်ပြီး သေချာစစ်ပါ၊ ထို့နောက် မမြင်အပ်သော အရာများကို ဖယ်ရှားပါ။
2️⃣ မိုက်ကရိုဖုန်းအသံကို စစ်ဆေးပါ။
အွန်လိုင်းကနေ စာသင်တဲ့အခါ သင်ကြားသူရဲ့ အသံစနစ်ကောင်းဖို့လိုတာကြောင့် စာမသင်ခင် အသုံးပြုမယ့် မိုက်ကရိုဖုန်း နဲ့ အသံစနစ်ကို စစ်ဆေးဖို့ အရေးကြီးပါတယ်။ သင်ကြားမှုမစခင် မိုက်ကရိုဖုန်းကို Muteလုပ်ပြီး အမြဲပိတ်ထားပါ။ ဥပမာ Zoom ကနေ စာသင်ဖို့ ပြင်ဆင်တဲ့အခါ စာသင်ကြားမယ့်သူနဲ့ သင်တန်းသားတွေရဲ့ Video Mode ကို Off ပေးထားဖို့နဲ့ Audio ကို Computer နဲ့ Mobile နှစ်မျိုးလုံးအဆင်ပြေတဲ့ Mode ကို ရွေးထားဖို့လိုပါတယ်။ Canva Conference မှာဆိုရင် “Join With Audio Only” ကို လုပ်ဆောင်ထားခြင်းက စာသင်နေစဉ် အနှောက်အယှက်မဖြစ်စေဖို့ နဲ့ ကျောင်သားတွေကို mute လုပ်ထားပြီး ဆရာ ဆရာမ ပြောသည်များကိုသာ ကြားနိုင်ရန် ပြုလုပ်ထားခြင်းဖြစ်ပါတယ်။ ကျောင်းသားအားလုံးဟာ တစ်စုံတစ်ခု ပြောဆိုဆွေးနွေးရန်လိုတဲ့ အချိန်မှသာ အသံကိုဖွင့်ပြီး ကျန်တဲ့အချိန် တွေမှာ အသံပိတ်ထားရမှာ ဖြစ်ပါတယ်။ ဆွေးနွေးမှုပြီးစီးကြောင်း ပြတဲ့အနေနဲ့ “ဆွေးနွေးတင်ပြချင်တာ ဒီလောက်ပါပဲ” “ကျေးဇူးတင်းပါတယ်” “ပြီးပါပြီ” စသဖြင့် အသိပေးပြီး microphone ကို ပြန်လည်အသံပိတ်ထားဖို့ လိုအပ်ပါတယ်။
3️⃣ ကင်မရာ နှင့် အင်တာနက်လိုင်း ကောင်းမကောင်း စစ်ဆေးဖို့ လိုပါတယ်။
အွန်လိုင်းစာသင်ခန်း မဝင်ခင် internet connection၊ နားကြပ် နဲ့ microphone ၊ လိုအပ်ရင် camera တွေကို တစ်ပါတည်း စစ်ဆေးဖို့လိုပါတယ်။ အွန်လိုင်းက စာသင်ချိန်အတွင်း လိုင်းကျတာ မီးပျက်တာတွေကြောင့် သင်ကြားမှုကို အနှောက်အယှက်နည်းစေဖို့ဆိုရင် Power Bank devices တွေကို အားပြည့်အောင်သွင်းထားဖို့နဲ့ Wifi မကောင်းရင်း mobile data သုံးနိုင်အောင် ကြိုတင်ပြင်ဆင်ထားပါ။ ကောင်းမွန်တဲ့ internet လုံလောက်စွာရှိရင် ကျောင်းသားကျောင်းသူတွေကို webcam ဖွင့်ထားဖို့ ကြိုတင်အသိပေးထားပါ။ သို့သော် အချို့သော ကျောင်းသားများမှာ နှေးကွေးတဲ့ broadband များရှိတဲ့အလျောက် အတန်းတွင်း ကောင်းစွာချိန်ဆက်နိုင်ဖို့ camera အားပိတ်ထားရန် ညွှန်ကြားနိုင်ပါတယ်။ အဲလို အခြေအနေဖြစ်ခဲ့ရင် ကျောင်းသားကို အသံဖြင့်သာ ပါဝင်နိုင်ကြောင်း ကြိုတင်အသိပေးထားဖို့ လိုအပ်ပါတယ်။
အကယ်၍ camera ဖွင့်သုံးမယ်ဆိုရင် phone, computer, ipad စတာတွေကို ညီညာတဲ့ မျက်နှာပြင်ပေါ်မှာ ထားရှိ ရပါမယ်။ ကင်မရာမှာ ပေါ်မှာ မိမိပတ်ဝန်းကျင်ကို အခြားလူများအား မမြင်စေချင်ရင် နောက်ခံ background ကို virtual တစ်ခုခုထားပါ။ ဒါမှာမဟုတ် နောက်ခံဝါးသော Mode ကို ပြောင်းထားနိုင်ပါတယ်။ camera ဖွင့်ထားမယ်ဆိုရင် သင်ရဲ့အမှုအကျင့်တွေကို သတိပြုပါ။ သင့်လျော်သော်အဝတ်အစားများကို ဝတ်ဆင်ပါ၊
4️⃣ ပါဝင်ဆွေးနွေးမှုအတွက် Chat Function အသုံးပြုပုံ ကို ရှင်းပြလိုပါတယ်။
အကယ်၍ ကျောင်းသားကျောင်းသူတွေဟာ ဆွေးနွေးချိန်အတွင်း မေးခွန်းတစ်စုံတရာရှိမယ်ဆိုရင်၊ မှတ်ချက်တစ်စုံတရာပေးလိုတယ်ဆိုရင် ဆရာက ခွင့်ပြုတဲ့အခါ raise hand button ကို အသုံးပြုပြီး အသံဖွင့်၍ ပြောဆိုနိုင်ပါတယ်။ တစ်နည်းအားဖြင့် မေးခွန်းကို chat အတွင်းရိုက်ပြီးလည်း မေးမြန်းနိုင်ပါတယ်။ Chat function ဟာ ဆရာ နဲ့ အခြားအတန်းဖော်များအတွက် session ကို အနှောယ်အယှက် မပေးဘဲ ကျောင်းသားကျောင်းသူများမှ မေးခွန်းများကို မေးရန် အကောင်းဆုံးနေရာဖြစ်ပါတယ်။ Chat function မှာပါတဲ့ reaction item တွေကို ရွေးချယ်သုံးပြီး ကျောင်းသားတွေကို engagement ကောင်းလာအောင် ပြုလုပ်နိုင်သလို စစ်တမ်းအသေးစား ကောက်ယူခြင်းများကိုလည်းဆောင်ရွက်နိုင်ပါတယ်။ ဥပမာအနေနဲ့ Microsoft Team နဲ့ Zoom တွေမှာ Reaction Button က Raise your hand ကိုသုံးပြီး roll call ခေါ်နိုင်ပါတယ်။ Active learners တွေဖြစ်နေစေဖို့ ဆွေးနွေးမှုတစ်ခုပြီးတိုင်း မတူညီတဲ့ reaction icon သုံးစေခြင်း၊ အခြားသောအတန်းဖော်တွေရဲ့ ဆွေးနွေးချက်တွေကို reaction ပေးစေခြင်းတွေနဲ့ ကျောင်းသားသူတွေရဲ့ အတန်းတွင် ပါဝင်မှုကို မြှင့်တင်နိုင်ပါတယ်။ reaction ပေးရာမှာ Four P’s Online communication ကို လိုက်နာရပါမယ်။ အဲဒါတွေကတော့ ယဉ်ကျေးပါ။ အကောင်းမြင်ပါ။ Professional ဆန်၍ ပူးပေါင်းပါဝင်ပါ။
5️⃣ အွန်လိုင်းမှဆွေးနွေးရာမှာ အခြေခံလိုက်နာရမယ့်အချက်တွေပြောပြရပါမယ်။
အတန်းတွင်းဆွေးနွေးမှုမှာ အသုံးချတဲ့ ground rules အချို့ကို အွန်လိုင်းမှာ ပြန်သုံးလို့ရပါတယ်။ ဥပမာအနေနဲ့ အွန်လိုင်းဆွေးနွေးပွဲနဲ့ စာသင်ခန်းတွေကို နိုင်ငံရေးအရ ငြင်းခုံဖို့၊ ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်ဖို့ပါဝင်တာ မဟုတ်တဲ့အတွက် မှတ်ချက်ပေးတုန့်ပြန်တဲ့ အခါ သတိထားပါ။ မှတ်ချက်ပေးမဆွေးနွေးခင် မိမိရဲ့မှတ်ချက်ဟာ အမှန်တကယ်လိုအပ်မှုရှိ/မရှိ၊ မှန်ကုန်မှုရှိ/မရှိ၊ အထောက်အကူဖြစ်/မဖြစ်၊ စတာတွေ စဉ်းစားဖို့လိုပါတယ်။
Online environment မှာဆိုရင် တစ်ခါတရံ ရုပ်သံမပါဝင်ဘဲ မိမိကိုယ်ကို ဖော်ပြတတ်ကြပါတယ်။ ဆိုလိုတာက တစ်ချို့ Chat Function ကနေဆွေးနွေးမေးမြန်းမှုမှာ ကျောင်းသားကျောင်းသူများရဲ့ မျက်နှာအမူအရာနှင့် အသံအနှိမ့်အမြင့် များကို မသိရတဲ့အတွက် Online discussion မှာ တုန့်ပြန်တဲ့အခါ ကိုယ့်ရဲ့ယူဆချက်တစ်ခုတည်းပေါ် အခြေခံပြီး တုန့်ပြန်တတ်ကြပါတယ်။ ဒါ့ကြောင့် စကားလုံးများကို ရွေးချယ်အသုံးပြုပါ။ ဘယ်အချိန်မျိုးမှာမဆို professional ဆန်စွာ ပြုမူပါ။ တစ်ဦးကိုတစ်ဦးလေးစားမှုရှိပါ။
Social media platforms တွေမှာ သဒ္ဒါနည်းလမ်း မကျတဲ့ ပုံစံများဖြင့် post တွေကို ပုံမှန် ရေးလေ့ရှိသော်လည်း online discussion မှာတော့ အဆင့်တန်းမီပြီး သဒ္ဒါနည်းလမ်းကျတဲ့ အရေးအသားများသာ အသုံးပြုဖို့ ကျောင်းသားများကို တိုက်တွန်းဖို့လိုပါတယ်။
ကျောင်းသားကျောင်းသူများအကြား မတူညီသော အတွေးအမြင်များကို ဖော်ပြရာမှာ ကိုယ်ပိုင်စကားလုံးနဲ့ ဖော်ပြတတ်တဲ့ အလေ့အထကို ပျိုးထောင်ပေးပြီး အချင်းချင်း တန်ဖိုးထား အသိမှတ်ပြုတတ်အောင်လည်း လေ့ကျင့်ပေးရမှာဖြစ်ပါတယ်။ ဥပမာအားဖြင့် ထင်မြင်ယူဆချက်ကို တင်ပြဆွေးနွေးမယ်ဆိုရင် “ကျွန်တော်ထင်မြင်တာကတော့၊ ကျွန်တော်ယူဆတာကတော့၊ ဒါမှမဟုတ် ဘယ်စာအုပ်အကိုးအကားအရ” စသဖြင့် စကားခံပြီးမှ ပြောတတ်အောင် လေ့ကျင့်ပေးဖို့လိုပါတယ်။ အခြား ကျောင်းသားများရဲ့ ထင်မြင်ယူဆချက်တွေကို လေးစားစွာ သဘောမတူခြင်းဟာ လက်ခံနိုင်ဖွယ်ရာ ဖြစ်တဲ့အတွက် ငြင်းဆိုချက်ဖြင့် ပြန်လည်ဆွေးနွေးရာမှာလည်း ခိုင်မာသော အကြောင်းပြချက် အကိုးအကားတွေနဲ့ ပြန်လည် ဆွေးနွေးတတ်လာအောင် လေ့ကျင့်ပေးဖို့ အရေးကြီးပါတယ်။
ဒေါသဖြစ်စေလောက်တဲ့ တုန့်ပြန်ဆွေးနွေးမှုများနဲ့ ကြုံတွေ့ရတဲ့အခါ ချက်ချင်းတုန့်ပြန်ခြင်းမပြုဘဲ မှန်ကန်သော စကားလုံးကို ရွေးချယ်ပြီး တုန့်ပြန်တတ်သော အလေ့အထရှိအောင် အတန်းတွင်း လေ့ကျင့်ပေးရမှာဖြစ်ပါတယ်။ ဒါ့အပြင် လူတိုင်းမှာ မတူညီတဲ့ ဘဝအတွေ့အကြုံနောက်ခံများ ရှိတဲ့အတွက် တစ်ခါတရံမှာ စကားရည်လုခြင်းက တစ်ဖက်လူအတွက် ကိုယ်ရေးကိုယ်တာ နာကျင်မှုတွေ ဖြစ်စေနိုင်တာကိုလည်း သတိပြုပါ။
နောက်ဆုံးအနေဖြင့် အွန်လိုင်းဆွေးနွေးမှုအားလုံးသည် မှတ်တမ်းကျန်ရှိနေတယ်ဆိုတာကို အမြဲသတိချပ်ပါ။
6️⃣ နည်းပညာနဲ့အချိန်စီမံခန့်ခွဲမှုလိုအပ်ပုံကို ပြောပြချင်ပါတယ်။
အချိန်မှန်ပါ။ စာသင်ချိန်မစခင် မိနစ်အနည်းငယ်အလိုမှာ virtual classroom ကို ဖွင့်ပေးနိုင်အောင်ကြိုးစားပါ။ Canva account သို့မဟုတ် team သို့မဟုတ် google account ထဲသို့ အတန်းမစမီဝင်ရောက်ထား၍ အတန်းမစမီ မိမိအသုံးပြု၍ ရမရကို စစ်ဆေးပါ။ online class တွေမှာအသုံးပြုမယ့် ဆော့ဖ်ဝဲတွေ၊ app တွေ နဲ့ services တွေကို ကျွမ်းဝင်မှုရှိအောင် လေ့လာထားပါ။ အသုံးပြုမယ့် computer, phone နှင့် tablet တွေကို သင်တန်းမစခင် ရင်းနှီးကျွမ်းဝင်အောင်ကြိုတင်လေ့လာခြင်း၊ မတူညီတဲ့ programme တွေကို သိအောင်လုပ်ခြင်းအားဖြင့် software စတင်အသုံးပြုသည့်အခါ ကြုံရတတ်တဲ့ ပြဿနာတွေကို ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။
7️⃣ ဝတ်စားဆင်ယဉ်မှုနဲ့ကိုယ်နေဟန်ထားဖြစ်ပါတယ်။
Video conference ဝင်ရောက်တဲ့အခါ မိမိဝတ်ဆင်ထားသော အဝတ်အစားအများကို သတိပြုပါ။ သက်တောင့်သက်သာရှိတဲ့ အဝတ်အစားတွေကို သဘောကျကြတယ်ဆိုသော်လည်း ဘယ်လို activity တွေ ပါဝင်လာနိုင်တာကို မသိနိုင်တဲ့အတွက် ဥပမာအားဖြင့် မတ်တပ်ရပ်ရခြင်းလိုမျိုး ရှိနိုင်ခြင်းကြောင့် မိမိကိုယ်ကို အရှက်မရစေရန် သတိပြုဖို့လိုပါတယ်။ အချို့သော microphone များက sensitive ဖြစ်သည့်အလျှောက် အွန်လိုင်းစာသင်ချိန်အတွင်း အစားမစားဖို့ ဘောပင်ခလုတ်ကို အဖွင့်အပိတ်လုပ်နေခြင်းများ မလုပ်မိစေဖို့နှင့် လုပ်မိတတ်တဲ့ အလေ့အထရှိရင် camera နှင့် microphone အား ပိတ်ထားဖို့ သတိရပါ။
8️⃣ အခြေခံ အွန်လိုင်းအရေးအသားပုံစံတွေ လိုက်နာဖို့ဖြစ်ပါတယ်။
စာရေးရာမှာ စာလုံးကြီးတွေနဲ့ အသုံးပြုခြင်းဟာ စိတ်ဆိုးတာ သို့မဟုတ် အော်ဟစ်တဲ့ အပြုအမူကို ကိုယ်စားပြုစေတာမို့ စာလုံးကြီးများ အသုံးပြုခြင်းကို ရှောင်ရှားဖို့ အရေးကြီးပါတယ်။ စာလုံးကြီးများ သုံးခြင်းဖြင့် စိတ်ဆိုးနေခြင်း အော်နေခြင်းဟု အဓိပ္ပာယ်သက်ရောက်နိုင်ပါတယ်။ ထိုနည်းတူစွာ exclamation mark လွန်ကဲစွာ အသုံးပြုခြင်းကလည်း ပြင်းထန်တဲ့မှတ်ချက်ပေးခြင်းလိုမျိုး သဘောထားသက်ရောက်စေတာမို့ ရှောင်ရှားရမှာဖြစ်ပါတယ်။ ဒါတွေအစား italics နှင့် bold features များကို အသုံးပြုနိုင်ပါတယ်။ online class တွေမှာ You ကို U လို့ အတိုကောက်ရေးခြင်း လိုမျိုး ဘာသာစကားဆိုင်ရာ ရေးသားနည်းတွေကို စာပေဆိုင်ရာ professional နယ်ပယ်တွင် အသိမှတ်မပြုပါဘူး။ နောက်ထပ် ဥပမာတွေ ပေးရမယ်ဆိုရင် email များရေးသားခြင်း သို့မဟုတ် discussion တွေမှာ LoL, LMAO စသဖြင့် အတိုကောက်စကားလုံးနဲ့ အလားတူ emojis တွေကိုလည်း တတ်နိုင်သလောက်လျော့သုံးဖို့လိုပါတယ်။ တစ်ခါတရံမှာ အဆိုပါအတိုကောက်တွေကို အသုံးပြုခြင်းက စိတ်ခံစားမှုများကို ပုံဖော်ပြရာမှာ ကူညီပေးနိုင်သော်လည်း ၎င်းတို့သည် online lecture တွေမှာ အသုံးပြုဖို့တော့ သိပ်အဆင်မပြေပါဘူး။
9️⃣ လိုအပ်တဲ့ အကူအညီဘယ်မှာ ရနိုင်မလဲဆိုတာ သိနေဖို့ပါ။
ကိုယ်တိုင်မရင်းနှီးတဲ့ မလုပ်ကိုင်ဖူးတဲ့ ကိစ္စတွေကို ကိုင်တွယ်လုပ်ကိုင်တဲ့အခါ အခက်အခဲများရှိနိုင်တာ သဘာဝပါပဲ။ အထူးသဖြင့် virtual စနစ်နဲ့ စာသင်ရာမှာ အခက်အခဲ ရှိနိုင်တာကို အပြည့်အဝနားလည်ထားဖို့လိုပြီး အခက်ခဲအကြုံလာရင် ဘယ်လိုဖြေရှင်းရမယ်၊ ဘယ်သူ့ကို ချဉ်းကပ်ရမယ်၊ ဘယ်မှာ အဖြေရှိနိုင်တယ်ဆိုတာ တွေကို ကြိုတင်ပြင်ဆင်ထားပါ။ Manual Hand books and Guidelines တွေကို ရှာဖွေစုဆောင်းထားပါ။