Career Mapping

ယနေ့ခေတ်မှာ လုပ်ငန်းတစ်ခုကို စတင်ဖို့ ကြိုးစားနေတဲ့လူတွေရှိသလို၊ လုပ်ကိုင်နေပြီးသား လုပ်ငန်းကို ပိုမို တိုးတက်စေချင်တာ ဒါမှမဟုတ် လုပ်ငန်းတစ်ခုကနေ နောက်ထပ်လုပ်ငန်းတစ်ခုကို ပြောင်းလဲလုပ် ကိုင်ချင်သူ တွေ၊ လုပ်ငန်းတစ်ခုထက်ပိုပြီး လုပ်ကိုင်နေသူတွေဆိုပြီး အမျိုးမျိုးရှိကြပါတယ်။ ယနေ့ခေတ်လုပ်ငန်းခွင်တွေမှာ အလုပ်သမားအင်အားကလည်း တကယ်ကို ကျယ်ပြန့်ပြီး ပုံစံမျိုးစုံနဲ့ရှိနေပါတယ်။ ဘာကြောင့်လဲဆိုတော့ လုပ်ငန်းခွင်မှာ မတူညီတဲ့အတွေ့အကြုံ၊ မတူညီတဲ့ ကျွမ်းကျင်မှု၊ မတူညီတဲ့ ဝါသနာနဲ့ မတူညီတဲ့ လုပ်ငန်းရာထူး တွေနဲ့ လုပ်ကိုင်နေကြတဲ့သူတွေ အများအပြားရှိကြလို့ပဲဖြစ်ပါတယ်။ ဘယ်ရာထူးနဲ့ ဘယ်ကျွမ်းကျင်မှုမှာပဲ လုပ်ကိုင် နေတဲ့သူဖြစ်ပါစေ မိမိတို့ရဲ့ လုပ်ငန်းနဲ့ပတ်သက်ပြီး ကျွမ်းကျင်မှုတွေပိုတိုးလာဖို့၊ အတွေ့အကြုံတွေ ပိုရလာဖို့နဲ့ ရာထူးနေရာတွေ ပိုမိုကောင်းမွန်လာဖို့ကလည်း အရေးကြီးတဲ့အချက်တွေ ထဲမှာပါဝင်ပါတယ်။ ထို့နည်းတူပဲ ကုမ္ပဏီပိုင်ရှင်တွေ၊ အဖွဲ့အစည်းတည်ထောင်သူတွေအနေနဲ့လည်း မိမိကုမ္ပဏီ၊ အဖွဲ့အစည်းတွေမှာ ဝန်ထမ်း တွေရဲ့ အရည်အသွေး၊ ကျွမ်းကျင်မှုနဲ့ အတွေ့အကြုံတွေတိုးတက်ဖို့ ပံ့ပိုးပေးဖို့လည်းလိုသလို ဝန်ထမ်းတွေ အလုပ်မြဲစေတဲ့နှုန်း (Retention rate) ကိုလည်းထိန်းထားနိုင်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် အလုပ်ရှင်တွေ အနေနဲ့ရော အလုပ်သမားတွေအနေနဲ့ပါ မိမိရဲ့ ကျွမ်းကျင်မှု၊ အတွေ့အကြုံတွေအတွက် လုပ်ငန်းခွင်တိုးတက်ဖို့ (Career growth) လိုအပ်သလို ဘယ်လို လုပ်ငန်းခွင်မျိုးမှာ ဘယ်လိုကျွမ်းကျင်မှုမျိုးနဲ့ မိမိရဲ့ professional life တစ်ခုကိုတည်ဆောက်မလဲဆိုတဲ့ career mapping အပိုင်းကိုလည်း ထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်။ ဒါဆို career mapping ဆိုတာ ဘာလဲဆိုတာကို ဆက်လက်လေ့လာကြရအောင်။
📈Career Mapping ဆိုတာဘာလဲ?
Career mapping ဆိုတာက မိမိရွေးချယ်ထားတဲ့ professional life တစ်ခုအတွက် အနာဂတ်မှာ မိမိချမှတ်ထားတဲ့၊ မိမိသွားချင်တဲ့ career လမ်းကြောင်းကို ရောက်ဖို့အတွက် မိမိကိုယ်တိုင် ချမှတ်ထားတဲ့ plan တစ်ခုဖြစ်ပါတယ်။ ဥပမာ – Data ပိုင်းကိုစိတ်ဝင်စားပြီး Data နဲ့ပတ်သက်တဲ့အလုပ်တစ်ခုကို စတင် လုပ်ကိုင်တဲ့ လူငယ်တစ်ယောက်ဆိုကြပါစို့။ ဒါဆို ဒီလူငယ်က သူ့ရဲ့ လုပ်ငန်းနဲ့ပတ်သက်ပြီး နောက် ၃ နှစ်မှာ career growth ဖြစ်ဖို့အတွက် ဘာတွေရည်ရွယ်ချက်တွေချမှတ်ထားမယ်။ အဲ့ဒီရည်ရွယ်ချက်တွေ ပေါက်မြောက်ဖို့ ဘာသင်တန်းတွေတက်မယ်။ ဘယ်ကုမ္ပဏီမှာတော့ လက်တွေ့ဆင်းမယ်။ ဘယ်အဖွဲ့အစည်းတွေ ကိုတော့လေ့လာပါမယ် စတဲ့ မိမိရဲ့ အတွေ့အကြုံ၊ ကျွမ်းကျင်မှုတွေတိုးတက်ဖို့အတွက် ချမှတ်ထားတဲ့ plan တစ်ခုပဲဖြစ်ပါတယ်။ plan က အခြေအနေနဲ့ မိမိလုပ်ကိုင်ဆောင်ရွက်နိုင်တဲ့ စွမ်းရည်ပေါ်မူတည်ပြီး ပြောင်းလဲနိုင်တာမျိုးလည်းဖြစ်နိုင်ပါတယ်။ ၅ နှစ်ချမှတ်ထားတဲ့ plan တစ်ခုက ၁ နှစ်အတွင်းပြီးမြောက်သွားတာမျိုးလည်းဖြစ်နိုင်သလို မိမိက ဒီ career life မှာ မိမိနဲ့ အံဝင်ဂွင်ကျမဖြစ်တဲ့အခါ career ပြောင်းလဲလိုက်ရတာမျိုးလည်းဖြစ်နိုင်ပါတယ်။

🗒️ဘာကြောင့် career mapping ချမှတ်ရတာလဲ?

Career mapping ကို ဘာကြောင့်ရေးဆွဲထားရသလဲဆိုတာကို အချက်လေးတွေနဲ့ ဆက်လက် ဖော်ပြသွားပေးပါမယ်။

🚶ဦးတည်ချက် (Direction) မပျောက်ဖို့ career mapping ကိုချမှတ်ပါ။

မိမိရွေးချယ်လိုက်တဲ့ career ပေါ်မှာ တစိုက်မတ်မတ်နဲ့ လမ်းကြောင်းတည့်ဖို့လိုအပ်ပါတယ်။ အလုပ်စလုပ် တဲ့အခါ marketing department အလုပ်ကို လုပ်တယ်။ နောက်တစ်နှစ်ရောက်တဲ့အခါ HR department မှာ အလုပ်လုပ်တယ်။ မိမိနဲ့အဆင်မပြေတဲ့အခါ နောက်ထပ်အလုပ်တစ်မျိုးကိုကူးတယ် စတဲ့အချက်တွေက career growth ဖြစ်ဖို့အတွက် အတားအဆီးအဟန့်အတားဖြစ်စေပါတယ်။ ဒါကြောင့် မိမိသွားချင်တဲ့ လမ်းကြောင်းကို သေချာရွေးချယ်ပါ။ သေချာပြီဆိုရင် ဦးတည်ချက်မပျောက်အောင် career growth ဖြစ်အောင်ဆောင်ရွက်ပါ။

✒️ကျွမ်းကျင်မှု (skill) ကိုတိုးတက်အောင် career mapping ကိုချမှတ်ပါ။
လုပ်ငန်းခွင်ကို စတင်ဝင်ရောက်တဲ့အခါ ကျွမ်းကျင်မှုက ရှိချင်မှရှိနေမှာပါ။ ထို့အတူပဲ လုပ်ငန်းခွင်ကို ဝင်ရောက်ပြီးသူတွေမှာလည်း skill gap က ရှိနေဦးမှာပါ။ ဒါကြောင့် ကျွမ်းကျင်မှုတွေ တိုးတက်ဖို့နဲ့ skill gaps တွေကိုဖြည့်ဖို့က လုပ်ငန်းခွင်စတင်ဝင်ရောက်သူတွေအနေနဲ့ရော ဝင်ရောက်ပြီးသူတွေအနေနဲ့ မဖြစ်မနေ လုပ်ဆောင်ရမယ့်အရာပဲဖြစ်ပါတယ်။ career mapping မှာ မိမိရဲ့ ကျွမ်းကျင်မှုတိုးတက်ဖို့ အချက်တစ်ခုအနေနဲ့ စဉ်းစားချမှတ်ထားတဲ့အခါ continuous learning and development ဆိုတဲ့ စဉ်ဆက်မပြတ် သင်ယူလေ့လာ ခြင်းနဲ့တိုးတက်ဖို့အတွက်လည်း ဖြေရှင်းပြီးသားဖြစ်ပါလိမ့်မယ်။

🔰ပြောင်းလွယ်ပြင်လွယ်ဖြစ်ခြင်း (Flexibility) နဲ့ လိုက်လျောညီထွေမှု (Adaptability) ဖြစ်အောင် career mapping ကိုချမှတ်ပါ။
အထက်မှာပြောပြခဲ့တဲ့အတိုင်းပဲ မိမိချမှတ်ထားတဲ့ ရည်ရွယ်ချက်တွေ ဦးတည်ချက်တွေက အကြောင်း အမျိုးမျိုးကြောင့်ပြောင်းလဲနိုင်တာတွေကို ကြုံနိုင်ပါတယ်။ အဲ့လိုကြုံရတဲ့အခါမှာ မိမိအနေနဲ့ career mapping ရေးဆွဲတဲ့အခါမှာ မိမိရဲ့စိတ်ဝင်စားမှုနဲ့ ဦးစားပေးမှုတွေကို ပါထည့်သွင်းစဉ်းစားပြီး plan A မဖြစ်တဲ့အခါ plan B ကိုပါ တစ်ပါတည်းစဉ်းစားထားဖို့ လိုအပ်ပါလိမ့်မယ်။

📊Professional development နဲ့ personal growth ဖြစ်ဖို့ career mapping ကိုချမှတ်ပါ။
Career mapping မှာ ချမှတ်ထားတဲ့ ဆောင်ရွက်စရာတွေကို အမှန်တကယ်လုပ်ဆောင်မယ်ဆိုရင် လုပ်ငန်းခွင်ဆိုင်ရာမှာလည်း professional development ဖြစ်လာတာနဲ့အမျှ မိမိရဲ့ personal life မှာလည်း တိုးတက်လာမှာဖြစ်ပါတယ်။ ကြိုးစားဆောင်ရွက်ရင်း ကျွမ်းကျင်မှု၊ ရာထူး၊ လစာ၊ ထောက်ပံ့မှု စတာတွေက တိုးတက်လာတဲ့အခါ personal growth ကလည်း မလွဲမသေ တိုးတက်လာမှာဖြစ်ပါတယ်။

📢Motivation ဖြစ်ဖို့ career mapping ကိုချမှတ်ပါ။
လုပ်ငန်းခွင်ကို စတင်ဝင်မယ့်သူဖြစ်စေ၊ လုပ်ငန်းခွင်ဝင်ရောက်ပြီးသားသူဖြစ်စေ မိမိသွားရမယ့် ပန်းတိုင်ကို မသိလျှင် ကြိုးစားချင်စိတ်ရှိမှာမဟုတ်ပါဘူး။ ဒါကြောင့် career mapping တစ်ခုရေးဆွဲထားတဲ့အခါ မိမိသွားရမယ့်လမ်းကြောင်း၊ လုပ်ရမယ့်အလုပ် ၊ ထပ်ဖြည့်ရမယ့် ကျွမ်းကျင်မှုတွေကို သိရှိထားမှာဖြစ်တဲ့အတွက် လုပ်ဆောင်ရမယ်ဆိုတဲ့ စိတ်ရှိနေပြီး အဲ့လိုလုပ်ဆောင်ဖို့အတွက်လည်း motivation တွေရှိနေပါလိမ့်မယ်။
Career Map တစ်ခု ဘယ်လိုတည်ဆောက်မလဲ?
Career Map တစ်ခု ဘယ်လိုတည်ဆောက်မလဲဆိုတာကို ဥပမာတစ်ခုနဲ့ အတူလေ့လာကြရအောင်။

🔻ယခုလက်ရှိ မိမိရှိနေတဲ့အခြေအနေကိုသုံးသပ်ပါ။
မိမိယခုလက်ရှိရောက်နေတဲ့အခြေအနေ၊ မိမိဝါသနာ၊ ကျွမ်းကျင်မှု စတာတွေကို သုံးသပ်ပါ။ ဥပမာ – ပြည့်ဖြိုးက ယခုလက်ရှိ ပြင်ပတက္ကသိုလ်တစ်ခုက Marketing နဲ့ ဘွဲ့ရထားတဲ့လူငယ်တစ်ယောက်ဖြစ်တယ်။ Digital marketing နယ်ပယ်ထဲမှာ ပြည့်ဖြိုးက အလုပ်လုပ်ချင်ပြီး digital marketing နဲ့ပတ်သက်တာတွေ လေ့လာ ရတာ ဝါသနာပါသူတစ်ဦးဖြစ်တယ်။ ကျောင်းတုန်းက digital marketing နဲ့ပတ်သက်ပြီး internship ၁ နှစ် လုပ်ဖူးသူဖြစ်တယ်။

🔻Long term goal တစ်ခုချမှတ်ပါ။
မိမိသတ်မှတ်ထားတဲ့ အချိန်တစ်ခုမှာ မိမိပြီးမြောက်ချင်တဲ့ပန်းတိုင်တစ်ခုကိုရွေးချယ်ပါ။ ဥပမာ – ပြည့်ဖြိုးက နောက် ၄ နှစ်မှာ Digital marketing manager ရာထူးကို ရဖို့ ပန်းတိုင်ချမှတ်ထားတယ်။
🔻Short term goals တွေချမှတ်ပါ။
ချမှတ်ထားတဲ့ long term goal ကို ရောက်ရှိဖို့အတွက် short term goals တွေကို ချမှတ်ရပါမယ်။ short term goal ချမှတ်တဲ့အခါမှာလည်း အချိန်တစ်ခုရှိရပါမယ်။ ပထမ goal ကို ဘယ်အချိန်တွင်းပြီးအောင်လုပ်မယ် စသည်ဖြင့် သတ်မှတ်ထားရပါမယ်။ ဥပမာ – Manager ရာထူးရဖို့ဆိုရင် Digital marketing assistant အနေနဲ့ အလုပ်စဝင်မယ်။ 2 နှစ်ကြာတဲ့အခါ assistant ရာထူးကတစ်ဆင့် coordinator ရာထူးကို တစ်ဆင့်ထပ်ကူးမယ်။
🔻Actions တွေချမှတ်ပါ။
Short terms goals တွေကို ရောက်ရှိဖို့ actions တွေကို ချမှတ်ပါ။ မိမိအလုပ်အတွက် LinkedIn လိုမျိုး app မှာ အလုပ်တွေကိုလည်း ရှာဖွေနေလို့ရပါတယ်။ ဥပမာ – ပြည့်ဖြိုးက short term goal တွေကို ပြည့်မီဖို့ digital marketing နဲ့ပတ်သက်တဲ့ သင်တန်းတွေကို ထပ်တက်မယ်။ personal blog တွေ social media campaign တွေမှာပါဝင်ပြီး portfolio ပြင်ထားမယ်။ digital marketing workshop တွေ၊ webinars တွေတက်မယ်။ volunteer အလုပ်တွေလုပ်ပြီး network ကို တည်ဆောက်ထားမယ်။ အထက်လူကြီးတွေဆီက ပညာတွေသင်ယူပြီး personality ကိုပါကောင်းအောင် တည်ဆောက်မယ်။ LinkedIn မှာလည်း profile ကိုတည်ဆောက်ထားပြီး အမြဲ update လုပ်ပြီး မိမိနဲ့ကိုက်ညီမယ့် အလုပ်တွေကိုလည်း LinkedIn ကနေ အမြဲကြည့်ရပါမယ်။

🔻လိုအပ်တဲ့အကူအညီတွေကိုယူမယ်
Career တစ်ခုကိုတည်ဆောက်တဲ့အခါ ပြင်ပက အကူအညီတွေကိုလည်း လိုအပ်ပါတယ်။ ဥပမာ – လုပ်ဖော်ကိုင်ဖက်အချင်းချင်းအကြံပေးတာ၊ mentor တစ်ယောက်ထားရှိပြီး အကြံဉာဏ်ယူတာ၊ မိမိအထက်လူကြီးရဲ့ အတွေ့အကြုံအရပြောပြတဲ့ သင်တန်းတွေ၊ workshop တွေကိုတက်တာ စတဲ့ အကူအညီတွေကိုယူဖို့လည်းလိုအပ်ပါတယ်။ ဥပမာ – ပြည့်ဖြိုးက ကျောင်းတုန်းက ဆရာကို mentor အနေနဲ့ အကူအညီတောင်းပြီး ဆရာပေးတဲ့အကြံဉာဏ်တိုင်းဆောင်ရွက်တယ်။

🔻Self-assessment လုပ်မယ်
Career map တည်ဆောက်ထားတဲ့ ကာလအတွင်း မိမိရဲ့တိုးတက်မှု၊ skill gap စတာတွေကို အမြဲစစ်ဆေး အကဲ ဖြတ်နေဖို့လိုအပ်ပါလိမ့်မယ်။ ဒါမှသာ မိမိက အားစိုက်ထုတ်ဖို့လိုသေးတာလား plan ပြောင်းဖို့ လိုအပ်နေ တာလားဆိုတာကို မိမိကသာ အသိဆုံးဖြစ်ပါလိမ့်မယ်။ ဥပမာ – ပြည့်ဖြိုးက ချမှတ်ထားတဲ့ ၄ နှစ်ကာလအတွင်း အမြဲမိမိကိုယ်ကို assessment လုပ်နေပါတယ်။ digital marketing ပြိုင်ပွဲတွေမှာဝင်ရောက်ယှဉ်ပြိုင်ပြီး မိမိရဲ့ skill gap တွေကိုဖြည့်ကာ တိုးတက်မှု၊ ဆုတ်ယုတ်မှုတွေကို အမြဲ အကဲဖြတ်နေပါတယ်။

ဒီလို career map တစ်ခုတည်ဆောက်ပြီး မိမိရဲ့ professional life တစ်ခုကို တည်ဆောက်သွားနိုင်ပါတယ်။

⚙️Example of experience worker career mapping

အတွေ့အကြုံရှိပြီး လုပ်ငန်းခွင်ကို ဝင်နေပြီဖြစ်တဲ့လူတစ်ယောက်အနေနဲ့ career map ကိုဘယ်လိုဆွဲလို့ရ သလဲဆိုတာကို ဒီ ဥပမာလေးနဲ့အတူလေ့လာလိုက်ရအောင်။
“မေဖြိုးက software engineer တစ်ယောက်အဖြစ်လုပ်ကိုင်နေတာ ၂ နှစ်ရှိပြီ။ မေဖြိုးက သူမရဲ့ career ကို data science role အနေနဲ့ ကူးပြောင်းချင်တယ်။ ဒါကြောင့် မေဖြိုးက career map တစ်ခုကို ခုလို တည်ဆောက်ခဲ့တယ်။”

Career map တစ်ခုကို တည်ဆောက်တဲ့အခါ ဘယ်လို visualize လုပ်မလဲ။ Digital tools တွေကို ဘယ်လိုသုံးမလဲ။

Career map တစ်ခုကို visualize လုပ်ဖို့အတွက် digital tools တွေကိုသုံးပြီး တည်ဆောက်လို့ရပါတယ်။ ဥပမာ – Mural ( https://www.mural.co), Miro (https://www.miro.com) စတာတွေကို အသုံးပြုပြီး  ဆွဲလို့ရပါတယ်။ ခုလို templates တွေအဆင်သင့်ရှိပါတယ်။ မိမိနဲ့ကိုက်ညီမယ့်၊ မိမိဆွဲချင်တဲ့ဒီဇိုင်းပေါ်မူတည်ပြီး တည်ဆောက်ပြုပြင် လို့ရပါတယ်။