
📘 သင်ခန်းစာ ၁ : ရည်မှန်းချက်ဆိုတာဘာလဲ?
ရည်မှန်းချက်ဆိုတာ ကိုယ့်ရဲ့ဘဝမှာ မတော်တဆဖြစ်လာတာမျိုးမဟုတ်ဘဲ၊ သေချာရွေးချယ်ထားတဲ့ ဦးတည်ချက်တစ်ခု ဖြစ်ပါတယ်။ဉပမာ “တစ်နှစ်အတွင်း ကွန်ပျူတာအခြေခံကျွမ်းကျင်အောင်လုပ်မယ် ဆိုတာက ရည်မှန်းချက်တစ်ခု ဖြစ်ပါတယ်။
ရည်မှန်းချက်တစ်ခုမှာ အဓိကပါဝင်ရမယ့်အချက်တွေကတော့ –
- ဘာလုပ်ချင်တာလဲ (ရည်ရွယ်ချက်)
- ဘယ်အချိန်အတိုင်းအတာတွင်းမှာ ပြီးမြောက်စေချင်တာလဲ (အချိန်ကန့်သတ်မှု)
- ဘယ်လိုလုပ်ဆောင်မလဲ (အစီအစဉ်) စတာတွေဖြစ်ပါတယ်။
၁ -၁ ရည်မှန်းချက်ချမှတ်ခြင်းရဲ့ အရေးပါမှု
ဘယ်ကိစ္စကိုဆောင်ရွက်ရာမှာမဆို ရည်မှန်းချက်ချမှတ်ခြင်းက အရေးပါပါတယ်။ ရည်မှန်းချက်ချမှတ် ခြင်းအားဖြင့် ဦးတည်ချက်ရှင်းလင်းမှုရှိစေပြီး ဘယ်အရာကိုဦးစားပေးရမယ် ဆိုတာသိနိုင်ပါတယ်။ ရည်မှန်းချက်ရှိတာကြောင့် ရရှိတဲ့အချိန်နဲ့အင်အားကို စနစ်တကျ စီမံပြီး အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ်ချမှတ်ထားတဲ့ ရည်မှန်းချက်အောင်မြင်ဖို့အတွက် အားစိုက်ပြီးလုပ်ဆောင်ရတာကြောင့် စိတ်ဓာတ်တက်ကြွပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုတိုးလာစေပါတယ်။
၁ -၂ ရည်မှန်းချက်အမျိုးအစားများ
✅ ပုဂ္ဂလိကရည်မှန်းချက် (Personal Goal)
ပုဂ္ဂလိကရည်မှန်းချက်ဆိုတာကတော့ မိမိဘဝရဲ့ အခန်းအခန်းကဏ္ဍအလိုက် တိုးတက်မှုရရှိစေနိုင်ဖို့ အတွက် ချမှတ်ထားတဲ့ ရည်မှန်းချက်တွေပဲဖြစ်ပါတယ်။ ပညာရေး၊ ကျန်းမာရေး၊ ငွေကြေးစီမံခန့်ခွဲမှု နဲ့ တစ်ကိုယ်ရည်ဖွံဖြိုးတိုးတက်မှု စတာတွေကို ဆန်းစစ်ပြီး မိမိလိုချင်တဲ့ရလဒ် နဲ့ ဦးတည်ချက်အတိုင်း ရရှိအောင် လုပ်ဆောင်နိုင်ဖို့အတွက်ချမှတ်ထားတဲ့ရည်မှန်းချက်တွေပဲဖြစ်ပါတယ်။
ဥပမာ –
- ကျန်းမာရေး (ဥပမာ – နေ့စဉ်လေ့ကျင့်ခန်း ၃၀ မိနစ်လုပ်မယ်)
- ငွေကြေးစီမံခန့်ခွဲမှု (ဥပမာ – လစဉ်လစာရဲ့ ၂၀% စုမယ်)
- ကိုယ်ပိုင်ဖွံ့ဖြိုးမှု (ဥပမာ – တစ်လ စာအုပ် ၂ အုပ်ဖတ်မယ်)
✅ ပရော်ဖက်ရှင်နယ် ရည်မှန်းချက် (Professional Goal)
အလုပ်အကိုင်ဘက်တွင် ကျွမ်းကျင်မှု တိုးတက်စေရန် ရည်ရွယ်သည်။
- ကျွမ်းကျင်မှုအသစ်တစ်ခု သင်ယူခြင်း
- စီမံခန့်ခွဲနိုင်သူအဖြစ် ရာထူးတိုးခြင်း
- ပညာရေးနဲ့အလုပ်အတွေ့အကြုံ တိုးမြှင့်ခြင်း
🟡 အချိန်ကာလအပေါ်မူတည်ပြီး ရည်မှန်းချက်ကို ရေရှည် နဲ့ ရေတိုဆိုပြီး (၂) မျိုးခွဲနိုင်ပါတယ်။
🔹 ရေတို ရည်မှန်းချက်များ (Short-term Goals)
- တစ်ပတ်၊ တစ်လ၊ သုံးလ စသဖြင့် အချိန်တိုအတွင်း ပြည့်မြောက်နိုင်သော ရည်မှန်းချက်များ။
- ဥပမာ – “ဒီတပတ်အတွင်း Google Sheet ကျွမ်းကျင်အောင် သင်ယူမယ်။”
🔹 ရေရှည် ရည်မှန်းချက်များ (Long-term Goals)
- တစ်နှစ်နဲ့အထက် အချိန်လိုအပ်သော ရည်မှန်းချက်များ။
- ဥပမာ – “၃ နှစ်အတွင်း ကိုယ်ပိုင်လုပ်ငန်းတစ်ခု စတင်တည်ထောင်မယ်။”
ရေတိုရည်မှန်းချက်တွေဟာ ရေရှည်ရည်မှန်းချက်တွေဆီရောက်ဖို့အတွက် ချဉ်းကပ်ရာလမ်းတစ်ခု ဖြစ် ပါတယ်။
📘 သင်ခန်းစာ ၂ : ကိုယ်ပိုင်ရည်မှန်းချက် ချမှတ်ခြင်း
ကိုယ်ပိုင်ရည်မှန်းချက်ချမှတ်ရာမှာ ကိုယ့်ရဲ့ တန်ဖိုးထားမှုနဲ့ ဘဝဦးတည်ချက်တွေကို ထည့်သွင်းစဥ်းစား ဖို့လိုအပ်ပါတယ်။
🟡 တန်ဖိုးထားမှု
ရည်မှန်းချက်တစ်ခုကို သတ်မှတ်ရာမှာ မိမိဘဝအတွက် အရေးအကြီးဆုံးဖြစ်တဲ့ တန်ဖိုးထားမှု (core values) တွေကို သိထားရပါမယ်။တန်ဖိုးထားမှုဆိုတာ ဘဝမှာ အဓိကအရေးပါတဲ့ အရာဖြစ်ပြီးတော့ မိမိလုပ်ရပ်တိုင်းမှာ ထင်ဟပ်နေပါတယ်။
ဥပမာ –
- မိသားစုကို ဦးစားပေးတန်ဖိုးထားတယ်ဆိုရင် မိသားစုအတွက် ပိုပြီးအချိန်ပေးနိုင်မယ့် ရည်မှန်း ချက်မျိုး ချမှတ်နိုင် ပါတယ်။
- ပညာရေးကို တန်ဖိုးထားတယ်ဆိုရင် သင်ယူမှုနဲ့ဆိုင်တဲ့ ရည်မှန်းချက်တွေ ချမှတ်နိုင်ပါတယ်။
🟡 ဘဝဦးတည်ချက်
ကိုယ့်ရဲ့ဘဝကို ဘယ်အတိုင်းအတာအထိ မျှော်မှန်းထားလဲ၊ ဘယ်လိုလူဖြစ်ချင်လဲ ဆိုတဲ့ ရှုမြင်ချက် တစ်ခုဖြစ်ပါတယ်။ဘဝဦးတည်ချက်ကိုချမှတ်ဖို့ဆိုရင် ပထမဆုံး ကိုယ့်ကိုယ်ကိုဆန်းစစ်မှုတွေ လုပ်ရပါ မယ်။
“ငါ ဘယ်အရာတွေကို စိတ်ဝင်စားလဲ ?”
“ငါ့ဘဝထဲမှာ အရေးအကြီးဆုံးအရာကဘာလဲ?”
“ငါ ဘယ်လိုလူမျိုးဖြစ်ချင်လဲ?”
စသဖြင့်ကိုယ့်ကိုယ်ကိုသိမြင်လာအောင်အရင်ဆုံးဆန်းစစ်ရပါမယ်။
၂ – ၁ လူတွေအနေနဲ့ အများဆုံးတိုးတက်လိုသည့် ဘဝနယ်ပယ်နဲ့ ရည်မှန်းချက်များ
ကိုယ်ပိုင်ရည်မှန်းချက်များကို သတ်မှတ်ရာတွင် လူအများစုက အောက်ပါဘဝနယ်ပယ်တွေမှာ ဖွံ့ဖြိုး တိုးတက်လိုကြပါတယ် –
✅ ကျန်းမာရေး – ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်မှုတို့ကို မြှင့်တင်ခြင်း။
ဥပမာ – “လာမယ့် တစ်လအတွင်း ကိုယ့်ရဲ့ ခန္ဓာကိုယ်အလေးချိန်ကို ၂ ကီလိုဂရမ် လျှော့ချနိုင်အောင် ကြိုးစားမယ်။”
✅ ငွေကြေး – ဝင်ငွေတိုးခြင်း၊ အောင်မြင်သော ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခြင်း၊ သို့မဟုတ် ငွေကြေးစုဆောင်းခြင်းတို့ကို ရည်မှန်းခြင်း။
ဥပမာ – “လာမယ့် ၆ လအတွင်း ကျပ် သိန်း ၁၀၀ ရအောင် စုဆောင်းမယ်။”
✅ ဆက်ဆံရေး – မိသားစု၊ သူငယ်ချင်းများနှင့် ဆက်ဆံရေး ပိုမိုခိုင်မာအောင် တည်ဆောက်ခြင်း၊ သို့မဟုတ် လူမှုဘဝ ဆက်ဆံရေးကို တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ခြင်း။
ဥပမာ – “မိသားစုဝင်တွေနဲ့အတူ တစ်ပတ်ကို တစ်ကြိမ် ညစာအတူစားဖို့ အချိန်ပေးမယ်။”
✅ ကိုယ်ပိုင်ဖွံ့ဖြိုးတိုးတက်မှု – ဗဟုသုတများ တိုးပွားစေရန် စာအုပ်များ ဖတ်ရှုခြင်း၊ ကျွမ်းကျင်မှုအသစ်များ သင်ယူခြင်း၊ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ ရင့်ကျက် တိုးတက်လာစေရန် ကြိုးစားခြင်း။
ဥပမာ – “တစ်နှစ်အတွင်း စာအုပ် ၁၂ အုပ် ဖတ်ပြီး ကိုယ့်ရဲ့ ဗဟုသုတကို တိုးပွားအောင် လုပ်ဆောင် မယ်။”
၂ – ၂ ကိုယ်ပိုင်ရည်မှန်းချက်ချမှတ်နည်း ဗျူဟာများ
ကိုယ့်ရဲ့ ရည်မှန်းချက်တွေကို သေချာပြီး တိတိကျကျ ချမှတ်နိုင်ဖို့အတွက် အောက်ပါနည်းစနစ်တွေကို အသုံးပြုနိုင်ပါတယ် –
(၁) SMART Framework – Specific, Measurable, Achievable, Relevant, Time-bound
Specific (တိကျသော): ရှင်းလင်းပြီး တိကျသော ရည်မှန်းချက်မျိုးဖြစ်ရမယ်။
- “တစ်လအတွင်း စာအုပ်တစ်အုပ် ဖတ်မယ်။” (မတိကျ)
- “လာမယ့် ၃ ပတ်အတွင်း စိတ်ပညာအကြောင်း စာအုပ် ‘Thinking, Fast and Slow’ ကို အခန်း ၅ ခန်း ဖတ်မယ်။” (တိကျ)
Measurable (တိုင်းတာနိုင်သော): တိုင်းတာနိုင်သော ရည်မှန်းချက်မျိုး ဖြစ်ရမယ် ။
- “အင်္ဂလိပ်စာ တိုးတက်အောင် လုပ်မယ်။” (တိုင်းတာမရ)
- “တစ်ပတ်ကို အင်္ဂလိပ်သတင်းဆောင်းပါး ၃ ပုဒ် ဖတ်ပြီး၊ စကားလုံး အသစ် ၁၀ လုံးစီမှတ်ထား မယ်။” (တိုင်းတာနိုင်)
Achievable (ရရှိနိုင်သော): လက်တွေ့ကျပြီးရရှိနိုင်တဲ့ ရည်မှန်းချက်မျိုး ဖြစ်ရမယ်။
- “တစ်လတည်းနဲ့ အခြေခံဂျပန်ဘာသာစကား တတ်မြောက်အောင် သင်ယူမယ်။” (လက်တွေ့မကျ)
- “၆လအတွင်း ဂျပန်ဘာသာစကား N5 အောင်မြင်အောင် သင်ယူမယ်။” (ရရှိနိုင်)
Relevant (သက်ဆိုင်ရာ): ဘဝဦးတည်ချက် နဲ့သက်ဆိုင်တဲ့ ရည်မှန်းချက်မျိုးဖြစ်ရမယ်။
- “အလုပ်နဲ့မသက်ဆိုင်တဲ့ software နည်းပညာတစ်ခုကို သင်ယူမယ်။” (မသက်ဆိုင်)
- “ကိုယ့်ရဲ့ အသက်မွေးဝမ်းကျောင်း တိုးတက်ရေးအတွက် လိုအပ်တဲ့ data analysis ဆော့ဖ်ဝဲလ် ကို လေ့လာသင်ယူမယ်။” (သက်ဆိုင်ရာ)
Time-bound (အချိန်ကန့်သတ်ချက်ရှိသော): ရည်မှန်းချက်အတွက် ပြီးဆုံးရမယ် အချိန်သတ်မှတ်ချက် ရှိရမယ်။
- “ကျွမ်းကျင်မှုအသစ်တစ်ခုကို သင်ယူမယ်။” (အချိန်မရှိ)”
- လာမယ့် ၂ လအတွင်း အွန်လိုင်းမှ digital marketing အသိမှတ်ပြုလက်မှတ် သင်တန်းကို ပြီးဆုံးအောင် တက်ရောက်မယ်။” (အချိန်ကန့်သတ်ချက်ရှိ)
SMART နည်းစနစ်ကို အသုံးပြုခြင်းဖြင့် ရည်မှန်းချက်တွေကို ပိုမိုထိရောက်စွာ သတ်မှတ်နိုင်မှာဖြစ်ပါ တယ်။
(၂) 🗓️ Action Plan Template – အပတ်စဉ်/လစဉ်လုပ်ဆောင်ချက်များကို စဉ်ဖော်ရေးသားခြင်း
လုပ်ဆောင်မှု စီမံချက်ပုံစံဆိုတာကတော့ သင့်ရဲ့ များပြားတဲ့ ရည်မှန်းချက်တွေကို အပတ်စဉ် သို့မဟုတ် လစဉ် လုပ်ဆောင်ရမယ့် သေးငယ်တဲ့ အဆင့်များအဖြစ် ခွဲခြမ်းပြီး စနစ်တကျ မှတ်တမ်းတင်ထားတဲ့ ပုံစံ တစ်ခု ဖြစ်ပါတယ်။ ဒါက ရည်မှန်းချက်ဆီကို ဦးတည်တဲ့ ရှင်းလင်းတဲ့ လမ်းပြမြေပုံတစ်ခုကို ပေးပြီး၊ ဘယ်အရာကို ဘယ်အချိန်မှာ လုပ်ရမယ်ဆိုတာကို သိရှိစေပါတယ်။
(၃) 📈 Goal Tracker App များအသုံးပြုခြင်း
ရည်မှန်းချက် ခြေရာခံ App များ (ဥပမာ- Trello, Notion, Habitica, Google Sheets) စတာတွေဟာ သင့်ရဲ့ ရည်မှန်းချက်တွေနဲ့တိုးတက်မှုတွေကို မှတ်တမ်းတင်ဖို့အသုံးပြုတဲ့ ဒီဂျစ်တယ်ကိရိယာတွေ ဖြစ်ပါတယ်။ ၎င်းတို့က သင့်ကို စေ့ဆော်မှုရှိနေစေရန်၊ တိုးတက်မှုကိုမြင်သာစေရန် နဲ့ လိုအပ်ရင် သင့်စီမံချက်ကို ချိန်ညှိရန် ကူညီပေးပါတယ်။
(၄) 🖊️ Reflection Journal – မိမိရဲ့ တိုးတက်မှုများကို မှတ်တမ်းတင်ခြင်း
ဆင်ခြင်သုံးသပ်မှု ဂျာနယ်ဆိုတာကတော့ သင့်ရဲ့ တိုးတက်မှုတွေ၊ သင်ယူခဲ့ရတဲ့ အရာတွေ၊ စိန်ခေါ်မှုတွေကနေရရှိခဲ့တဲ့ အသိအမြင်တွေကို မှတ်တမ်းတင်ဖို့အတွက် အသုံးပြုတဲ့ ကိုယ်ပိုင်ဂျာနယ် တစ်ခုဖြစ်ပါတယ်။ ၎င်းက မိမိကိုယ်ကိုသိရှိနားလည်မှုကို မြှင့်တင်ပေးပြီး မိမိရဲ့ တစ်ကိုယ်ရည် တိုးတက်မှုကို အထောက်အကူဖြစ်စေပါတယ်။
(၅) Life Wheel ဖြင့် ရည်မှန်းချက် ချမှတ်ခြင်း
Life Wheel (ဘဝစက်ဝိုင်း) ဆိုတာ – ဘဝနယ်ပယ်အမျိုးမျိုးကို အကဲဖြတ်ဖော်ပြပြီး ဘယ်နယ်ပယ်မှာပိုတိုးတက်ဖို့လိုနေသလဲဆိုတာသိဖို့အတွက် အသုံးပြုတဲ့ အသုံးပြုသည့် တိုင်းတာမှုစနစ် တစ်ခုဖြစ်ပါတယ်။
👉 အသုံးပြုပုံ
- မိမိဆန်းစစ်လိုတဲ့ ဘဝနယ်ပယ်တွေကို ရွေးချယ်ပါ – ကျန်းမာရေး၊ ငွေကြေး၊ လူမှုဆက်ဆံရေး၊ အလုပ်အကိုင်၊ တစ်ကိုယ်ရည်ဖွံ့ဖြိုးမှု၊ စိတ်အေးချမ်းမှု ၊ စသည်ဖြင့်။
- တစ်ခုချင်းစီကို ၁ မှ ၁၀ အထိ ရမှတ်ပေးပါ – သင့်အမြင်အရ နယ်ပယ်တစ်ခုချင်းစီအပေါ် စိတ်ကျေနပ်မှုကို မူတည်ပြီးအမှတ်ပေးပါ။
- ရမှတ်နည်းသော နယ်ပယ်ကို ရည်မှန်းချက်ထားပြီး အကောင်းဆုံးဖြစ်အောင်စီစဉ်ပါ။
- ဘယ်နယ်ပယ်က သင့်ဘဝကို အပြုသဘောသက်ရောက်မှုအရှိဆုံးလဲဆိုတာ စဉ်းစားပါ။
➕ ဥပမာ –
သင့် ကျန်းမာရေး မှာ ရမှတ်က ၅ ပဲဖြစ်နေတယ်ဆိုပါစို့ –
“နေ့စဥ် လေ့ကျင့်ခန်းလုပ်ဖို့ စတင်မယ်” ဆိုပြီး ရည်မှန်းချက်ချမှတ်နိုင်ပါတယ်။

📘 သင်ခန်းစာ ၃: အလုပ်အကိုင်ဆိုင်ရာ ရည်မှန်းချက်များ
🟡 အလုပ်အကိုင် စီမံချက်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး
အလုပ်အကိုင်ဆိုင်ရာ ရည်မှန်းချက်ဆိုတာက မိမိရဲ့အသက်မွေးဝမ်းကျောင်းမှုအတွက် သတ်မှတ်ထားတဲ့ ဦးတည်ချက်တွေကို ဆိုလိုပါတယ်။ ထိုရည်မှန်းချက်တွေက လုပ်ငန်းခွင်အတွင်းရာထူးတိုးမြှင့်ခြင်း၊ လုပ်ငန်းအောင်မြင်မှုရရှိခြင်းနဲ့ ဦးဆောင်နိုင်မှု မြှင့်တင်ခြင်းတို့အတွက် အခြေခံအုတ်မြစ်ဖြစ်ပါတယ်။
အလုပ်အကိုင်စီမံချက် (Career Plan) မှာ ပါဝင်သင့်တဲ့အချက်တွေကတော့ –
- မိမိရဲ့ လက်ရှိအခြေအနေ
- ရောက်ချင်တဲ့ ရာထူး၊ လုပ်ငန်းအဆင့်
- လိုအပ်တဲ့ ကျွမ်းကျင်မှု
- တိုးတက်လာအောင် လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်အဆင့်ဆင့်
ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး (Skills Development) –
- ပညာရေးဆိုင်ရာ သင်တန်းများတက်ခြင်း
- လက်တွေ့အတွေ့အကြုံတွေအပေါ်အခြေခံပြီး တိုးတက်ရေးဆောင်ရွက်ခြင်း
- Mentorship သို့မဟုတ် ပြည်တွင်းပြည်ပသင်တန်းများတက်ရောက်ခြင်း
၃ – ၁ အလုပ်အတွက် သင်ယူမှုရည်မှန်းချက် သတ်မှတ်ခြင်း
အလုပ်အတွက် သင်ယူမှုရည်မှန်းချက် (Learning Goals for Work) ဆိုတာ အလုပ်တစ်ခုမှာ ပိုမိုကျွမ်းကျင်လာဖို့၊ အဖွဲ့အစည်းအတွင်း အဖွဲ့ဝင်တစ်ဦးအနေနဲ့ တိုးတက်လာဖို့ စတာတွေအတွက် အရေးပါတဲ့အချက်တွေဖြစ်ပါတယ်။
ဥပမာ –
- “၆ လအတွင်း Project Management Professional (PMP) လက်မှတ်ရယူမယ်။”
- “သုံးလအတွင်း Excel တွင် Pivot Tables အသုံးပြုပုံအထူးကျွမ်းကျင်လာမယ်။”
- “ထိပ်တန်းဖောက်သည် ၅ ယောက်နဲ့ ချိတ်ဆက်ပြီး Relationship တည်ဆောက်မယ်။”
ဒီလိုရည်မှန်းချက်တွေအတွက် SMART ကိုအသုံးပြုသင့်ပါတယ် –
Specific, Measurable, Achievable, Relevant, Time-bound
၃ – ၂ လုပ်ငန်းအဖွဲ့အစည်းရဲ့ ရှုမြင်ချက်၊မျှော်မှန်းချက်တွေနဲ့ ကိုက်ညီအောင်လုပ်ခြင်း
အလုပ်အတွက် သတ်မှတ်ထားတဲ့ ရည်မှန်းချက်တွေဟာ အဖွဲ့အစည်း၏ ရှုမြင်ချက် (vision) တွေ မစ်ရှင် (mission) တွေနဲ့ ကိုက်ညီဖို့လိုအပ်ပါတယ်။
➕ ဥပမာ –
- အဖွဲ့အစည်းရဲ့ ရည်ရွယ်ချက်က “ဖောက်သည်အရေအတွက်မြှင့်တင်ရေး” ဖြစ်လျှင် –
သင့်ရည်မှန်းချက်က –
“ဖောက်သည်အရေအတွက်ကို တစ်လအတွင်း ၃၀% တိုးလာရမယ်ဆိုတာမျိုးဖြစ်နိုင်ပါတယ်။
အဖွဲ့အစည်းရဲ့ ရှုမြင်ချက်နဲ့ ကိုက်ညီခြင်းအားဖြင့် –
- သင့်ရဲ့လုပ်ဆောင်မှုတွေကို အဖွဲ့အစည်းက တန်ဖိုးထားလာမယ်
- အဖွဲ့တွင်းတာဝန်ယူမှုပိုတိုးလာနိုင်မယ်
- ဦးဆောင်မှုအခန်းကဏ္ဍတွေ ပိုရလာမယ် စတဲ့အားသာချက်တွေရရှိစေနိုင်ပါတယ်။
🟡 KPIs နှင့် OKRs အသုံးပြုခြင်း
✅ KPIs (Key Performance Indicators)
KPIs ဆိုတာကတော့ အရေးကြီးတဲ့ လုပ်ဆောင်မှုစံသတ်မှတ်ချက်တွေဖြစ်ပြီးတော့ မိမိရဲ့ ရည်မှန်းချက်နဲ့ တိုးတက်မှုတွေကို တိတိကျကျတိုင်းတာနိုင်ပါတယ်။
ဥပမာ –
- တစ်လအတွင်း လုပ်ငန်းအကောင်အထည်ဖော်မှု အောင်မြင်မှုနှုန်း – ၉၀%
- ဖောက်သည်ကိုတုံ့ပြန်နိုင်မှုအချိန် – ၂၄ နာရီအတွင်း
✅ ရည်မှန်းချက်များနှင့် အဓိက ရလဒ်များ (Objectives and Key Results – OKRs)
ရည်မှန်းချက် (Objective) နဲ့ ထိုရည်မှန်းချက်ရောက်ဖို့ တိုင်းတာနိုင်တဲ့ အဓိကရလဒ် (Key Results)တွေ ဖြစ်ပါတယ်။ OKRs ဆိုတာ လုပ်ငန်း သို့မဟုတ် တစ်ဦးချင်းရဲ့ရည်မှန်းချက်တွေကို တိကျပြီး၊ တိုင်းတာနိုင်တဲ့ ရလဒ်များဖြင့် ချိတ်ဆက်ပေးတဲ့ မူဘောင်တစ်ခု ဖြစ်ပါတယ်။ ၎င်းသည် ရည်မှန်းချက်ကို ရှင်းလင်းစွာ သတ်မှတ်ပေးပြီး ထိုရည်မှန်းချက်အောင်မြင်မှုအတွက် အဓိကအောင်မြင်မှု အမှတ်အသား တွေကို တိုင်းတာပေးပါတယ်။
ဥပမာ –
- Objective (ရည်မှန်းချက်) – “Q3 (တတိယ သုံးလပတ်) အတွင်း ဖောက်သည် အရေအတွက် သိသိသာသာ တိုးမြှင့်ရန်”
- Key Results (အဓိက ရလဒ်များ) –
- ဖောက်သည် တွေရဲ့လိုအပ်ချက်ကို ၅၀ ရာနှုန်းတိုးမြှင့်ဖြည့်ဆည်းရန်။
- ဖောက်သည်အသစ် ၅၀ ဦးရရှိရန်။
- အွန်လိုင်းမှ ဖောက်သည်တွေရဲ့သုံးသပ်ချက် (reviews) ၁၀၀ ခု စုဆောင်းရန်။
အနှစ်ချုပ် – အလုပ်အကိုင်ဆိုင်ရာ ရည်မှန်းချက်တွေကို တိကျရှင်းလင်းစွာ သတ်မှတ်ခြင်း (ဥပမာ- OKRs မူဘောင်ကို အသုံးပြုခြင်း) ဖြင့် မိမိရဲ့ ပရော်ဖက်ရှင်နယ်ဘဝမှာ တသမတ်တည်း တိုးတက်မှုများ ရရှိနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင်၊ ၄င်းရည်မှန်းချက်တွေဟာ မိမိအဖွဲ့အစည်းရဲ့တိုးတက်ရေးအတွက်လည်း သိသိသာသာ မြှင့်တင်ပေးနိုင်မှာ ဖြစ်ပါတယ်။
Reference
Career Goals: How to Set Them and Why They’re Important. Retrieved from https://www.indeed.com/career-advice/career-development/career-goals MindTools. (n.d.).
Career Planning: Creating the Career You Want. Retrieved from https://www.mindtools.com/pages/article/newTMC_94.htm LinkedIn. (n.d.).
Skills Development: A Guide. Retrieved from https://www.linkedin.com/business/learning/blog/top-skills-and-trends/skills-development-a-guide The Balance Careers. (n.d.).
Why It’s Important to Set Learning Goals at Work. Retrieved from https://www.thebalancecareers.com/learning-goals-for-work-5259972 MindTools. (n.d.).
SMART Goals: How to Make Your Goals Achievable. Retrieved from https://www.mindtools.com/pages/article/smart-goals.htm Entrepreneur. (n.d.).
Aligning Personal Goals with Company Goals. Retrieved from https://www.entrepreneur.com/article/243764 Investopedia. (n.d.).
Key Performance Indicator (KPI): Definition, Types, and Examples. Retrieved from https://www.investopedia.com/terms/k/kpi.asp WhatMatters.com. (n.d.).
What are OKRs?. Retrieved from https://www.whatmatters.com/okrs/