
ခေါင်းဆောင်မှု (leadership) ဆိုတာဘာလဲ။
ခေါင်းဆောင်မှု (leadership) ဆိုတာဟာ တိကျတဲ့ ရာထူးတစ်ခု မဟုတ်ဘဲ လူတစ်စုကို ဘုံရည်မှန်းချက် ပန်းတိုင်တစ်ခုဆီ ဦးတည်သွားနိုင်အောင် လမ်းညွှန်မှုပေးခြင်း၊ လှုံ့ဆော်ပေးခြင်းနှင့် လွှမ်းမိုးခြင်းစတဲ့ အရည်အချင်းတွေနဲ့ လုပ်ဆောင်မှုတွေကို ဆိုလိုပါတယ်။
ခေါင်းဆောင်မှုမှာ အဓိက အချက်တွေကတော့-
- ရည်မှန်းချက်
အောင်မြင်မှုအတွက် ရှင်းလင်းပြတ်သားတဲ့ ရည်မှန်းချက်တစ်ခုကို သတ်မှတ်နိုင်ခြင်း၊ အဲဒီရည်မှန်းချက်ကို တခြားသူတွေ သေသေချာချာ ယုံကြည် နားလည်သဘောပေါက်လာအောင် ရှင်းပြနိုင်ခြင်း။
- လွှမ်းမိုးနိုင်မှု
အမိန့်ပေး၊ စေခိုင်းတာမျိုး မဟုတ်ဘဲ တခြားသူတွေက ကိုယ့်ကို ယုံကြည်ပြီး စိတ်ဆန္ဒအလျောက် လိုက်ပါလာအောင် လှုံ့ဆော်နိုင်စွမ်းရှိခြင်း။
- ပူးပေါင်းဆောင်ရွက်ခြင်း
ကိုယ်တစ်ယောက်တည်း တော်နေရုံနဲ့ မပြီးဘဲ အဖွဲ့အစည်းထဲက လူတိုင်းရဲ့ စွမ်းဆောင်ရည်တွေကို ပေါင်းစပ်ပြီး အကောင်းဆုံးရလဒ်ရအောင် လုပ်ဆောင်နိုင်ခြင်း။
- ဆုံးဖြတ်ချက်ချခြင်း
စိန်ခေါ်မှုတွေကြုံလာတဲ့အခါ အချက်အလက်တွေကို သုံးသပ်ပြီး မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ လျင်မြန်စွာ ချမှတ်နိုင်ခြင်း။
အကျပ်အတည်း (Crisis) ဆိုတာဘာလဲ။
အကျပ်အတည်း (Crisis) ဆိုတာ မမျှော်လင့်ဘဲ ရုတ်တရက် ဖြစ်ပေါ်လာပြီး လူတစ်ဦးချင်း၊ အဖွဲ့အစည်း ဒါမှမဟုတ် လူ့အဖွဲ့အစည်းတစ်ခုလုံးကို မတည်ငြိမ်တဲ့၊ အန္တရာယ်ရှိတဲ့ အခြေအနေဆီကို ဦးတည်သွားစေနိုင်တဲ့ အရေးပေါ်အခြေအနေတစ်ခု ဖြစ်ပါတယ်။
အကျပ်အတည်းတစ်ခုမှာ ပါဝင်လေ့ရှိတဲ့ အဓိကအချက်တွေကတော့-
- ရုတ်တရက်ဖြစ်ပေါ်ခြင်း
ကြိုတင်ပြင်ဆင်ချိန်၊ သတိပေးချိန် နည်းပါးခြင်း သို့မဟုတ် လုံးဝမရှိခြင်း။
- မတည်ငြိမ်မှုနှင့် အန္တရာယ်
ဖြစ်ပေါ်လာတဲ့ အခြေအနေက အရာအားလုံးကို ပုံမှန်အတိုင်း မရှိတော့အောင် လှုပ်ခတ်ပြောင်းလဲသွားစေပြီး မကောင်းတဲ့ အကျိုးဆက်တွေ ဖြစ်လာနိုင်ပါတယ်။
- အရေးတကြီး ဆုံးဖြတ်ချက်ချဖို့ လိုအပ်ခြင်း
အခြေအနေကို ထိန်းချုပ်နိုင်ဖို့နဲ့ ဆိုးကျိုးတွေကို လျှော့ချ နိုင်ဖို့အတွက် အချိန်တို အတွင်းမှာ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ် လုပ်ဆောင်ရလေ့ရှိပါတယ်။
လုပ်ငန်းခွင် သို့မဟုတ် အဖွဲ့အစည်းတစ်ခုမှာ အကျပ်အတည်း၊ အခက်အခဲ သို့မဟုတ် အဖြစ်အပျက် တစ်ခု ကြုံလာရတဲ့အခါ ခေါင်းဆောင်နိုင်ခြင်း (leadership in crisis) ဆိုတာဘာလဲ။
အကျပ်အတည်းကာလ ခေါင်းဆောင်မှုရဲ့ အဓိကအချက်တွေကတော့-
- ဆုံးဖြတ်ချက်တွေ လျင်မြန်စွာချမှတ်နိုင်ခြင်း
အကျပ်အတည်း ကြုံရချိန်မှာ အချိန်က အရေးကြီးပါတယ်။ အချိန်မီ၊ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ဖို့ လိုပါတယ်။
- ပွင့်လင်းမြင်သာစွာ ဆက်သွယ်ပြောဆိုခြင်း
ခေါင်းဆောင်တွေဟာ ဝန်ထမ်းတွေ သို့မဟုတ် လုပ်ဖော်ကိုင်ဖက်တွေကို ပွင့်ပွင့်လင်းလင်း၊ ရိုးရိုးသားသား ဆက်သွယ်ပြောဆိုဖို့ အရေးကြီးပါတယ်။ အမှန်တရားကို ဖုံးကွယ်ထားတာက ယုံကြည်မှုကို ပျက်ပြားစေနိုင်ပါတယ်။
- စိတ်ဓာတ်ခွန်အားပေးခြင်း
အကျပ်အတည်းကာလမှာ လူတွေဟာ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေ၊ ကြောက်ရွံ့မှုတွေ ခံစားရတတ်ပါတယ်။ ခေါင်းဆောင်ကောင်း တစ်ယောက်ဟာ ဝန်ထမ်းတွေနဲ့ လုပ်ဖော်ကိုင်ဖက် တွေကို စိတ်ဓာတ် ခွန်အား ပေးနိုင်ရပါမယ်။
- ပြောင်းလဲမှုအတွက် ဦးဆောင်ခြင်း
အကျပ်အတည်း ဆိုတာဟာ ပြောင်းလဲမှုတွေ ဖြစ်လာဖို့ တွန်းအားပေးပါတယ်။ အနာဂတ်အတွက် ပိုမိုကောင်းမွန်တဲ့ စနစ်တွေ၊ နည်းလမ်းတွေကို ဖော်ဆောင်ဖို့ ဦးဆောင်နိုင်ရပါမယ်။
- လူတွေကို အလေးထားခြင်း
ခေါင်းဆောင်တွေဟာ အကျပ်အတည်း ကြုံတွေ့ချိန်မှာ လူတွေရဲ့ ဘေးကင်းရေး၊ ကျန်းမာရေးနဲ့ စိတ်ပိုင်း ဆိုင်ရာ အခြေအနေ တွေကို အလေးထား ဂရုစိုက်ဖို့ အရေးကြီးပါတယ်။
လုပ်ငန်းခွင် သို့မဟုတ် အဖွဲ့အစည်းတစ်ခုမှာ အကျပ်အတည်း၊ အခက်အခဲ သို့မဟုတ် အဖြစ်အပျက် တစ်ခု ကြုံလာရတဲ့အခါ ခေါင်းဆောင်ခြင်း အတွက် နည်းဗျူဟာများကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
၁။ ပွင့်လင်းမြင်သာပြီး အချိန်မီဆက်သွယ်ရေး (Communicate transparently and on time)
အကျပ်အတည်းကာလမှာ လူတွေဟာ ကြောက်ရွံ့မှုနဲ့ စိုးရိမ်ပူပန်မှုတွေ ခံစားရနိုင်ပါတယ်။ ဒါကြောင့် ခေါင်းဆောင်တွေအနေနဲ့ လိုအပ်တဲ့ အချက်အလက်တွေကို ပွင့်ပွင့်လင်းလင်း၊ ရိုးရိုးသားသားနဲ့ အချိန်မီ ပြောဆိုဆက်သွယ်ဖို့ အရေးကြီးပါတယ်။ အတင်းအဖျင်းသတင်းတွေ မပြန့်ပွားစေဖို့အတွက် သတင်းအမှန်ကို အချိန်နဲ့တစ်ပြေးညီ ပေးပို့ရပါမယ်။
၂။ ဆုံးဖြတ်ချက်ကို ခိုင်မာစွာချမှတ်ပြီး ချက်ချင်းဆောင်ရွက်ပါ (Make decisive actions and implement immediately)
အကျပ်အတည်းကာလမှာ အချိန်ဆွဲနေလို့ မရပါဘူး။ ခေါင်းဆောင်တွေဟာ အချက်အလက်တွေကို အမြန်ဆုံးစုဆောင်းပြီး ခိုင်မာတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ရပါမယ်။ အဲဒီဆုံးဖြတ်ချက်တွေကိုလည်း ချက်ချင်း လက်တွေ့အကောင်အထည်ဖော်ရပါမယ်။
၃။ ကိုယ်ချင်းစာတရားနဲ့ ခေါင်းဆောင်ပါ (Lead with empathy)
အကျပ်အတည်းကာလမှာ ဝန်ထမ်းတွေရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ဘေးကင်းလုံခြုံရေးကို အလေးထားဖို့ လိုအပ်ပါတယ်။ ခေါင်းဆောင်တွေဟာ ဝန်ထမ်းတွေရဲ့ ခံစားချက်တွေကို နားလည်ပေးပြီး ကူညီပံ့ပိုးပေးဖို့ အရေးကြီးပါတယ်။ ဒီလိုလုပ်ဆောင်ခြင်းအားဖြင့် ဝန်ထမ်းတွေရဲ့ ယုံကြည်မှုကို ရရှိစေနိုင်ပါတယ်။
၄။ အပြောင်းအလဲနဲ့ လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲပါ (Adapt to changes and be flexible)
အကျပ်အတည်းတွေဟာ မမျှော်လင့်ဘဲ ဖြစ်ပေါ်လာတတ်ပါတယ်။ ဒါကြောင့် ခေါင်းဆောင် တွေဟာ လက်ရှိအခြေအနေကို သုံးသပ်ပြီး လိုအပ်တဲ့ အပြောင်းအလဲတွေကို လျင်မြန်စွာ ပြုလုပ်နိုင်ရပါမယ်။ မူလ အစီအစဉ်တွေကို လိုအပ်သလို ပြင်ဆင် ပြောင်းလဲဖို့လည်း အဆင်သင့် ရှိနေရပါမယ်။
၅။ သင်ခန်းစာယူပြီး အနာဂတ်အတွက် ပြင်ဆင်ပါ (Learn and prepare for the future)
အကျပ်အတည်းတစ်ခု ပြီးဆုံးသွားတဲ့အခါ ခေါင်းဆောင်တွေအနေနဲ့ ဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေကနေ ဘာတွေ သင်ခန်းစာယူရမယ်ဆိုတာကို သုံးသပ်ရပါမယ်။ နောက်တစ်ကြိမ် အလားတူ အကျပ်အတည်းမျိုး ဖြစ်လာရင် ဘယ်လို ကိုင်တွယ်ဖြေရှင်းရမယ်ဆိုတဲ့ အစီအစဉ်တွေ၊ လုပ်ငန်းစဉ်တွေကို ကြိုတင် ပြင်ဆင် ထားသင့်ပါတယ်။
➤ Case Study (ဖြစ်ရပ်လေ့လာမှု) ၁
Tylenol ဥပမာ (၁၉၈၂ ခုနှစ်)
- ဖြစ်ရပ်: ၁၉၈၂ ခုနှစ်မှာ Johnson & Johnson ကုမ္ပဏီရဲ့ နာမည်ကြီး ဆေးဝါးဖြစ်တဲ့ Tylenol ဆေးပြားတွေထဲကို ဆိုက်ယာနိုက် အဆိပ်ထည့်သွင်းမှုကြောင့် ချီကာဂိုမှာ လူ (၇) ဦး သေဆုံးခဲ့ပါတယ်။ ဒီဖြစ်ရပ်ကြောင့် Tylenol ရဲ့ နာမည်နဲ့ ကုမ္ပဏီတစ်ခုလုံးရဲ့ ဂုဏ်သိက္ခာကိုပါ ထိခိုက်ခဲ့ပါတယ်။
- ခေါင်းဆောင်မှုပုံစံ: ကုမ္ပဏီရဲ့ CEO ဖြစ်တဲ့ James Burke ဟာ ဆုံးဖြတ်ချက်ကို လျင်မြန်စွာချမှတ်ပြီး ပွင့်လင်းမြင်သာစွာ ချပြခဲ့ပါတယ်။ သူဟာ ချက်ချင်းပဲ အမေရိကန် တစ်ဝန်းက Tylenol ဆေးတွေကို ပြန်သိမ်းဆည်းဖို့ အမိန့်ပေးခဲ့ပြီး၊ ပြည်သူ လူထုရဲ့ ဘေးကင်းလုံခြုံရေးကို အဓိကထားခဲ့ပါတယ်။ ဒီလိုလုပ်ဆောင်တာဟာ ဒေါ်လာ သန်းပေါင်းများစွာ အကုန်အကျ ခံရပေမယ့် ကုမ္ပဏီရဲ့ ရေရှည် ယုံကြည်မှုကို ပြန်လည် တည်ဆောက်ရာမှာ အဓိက အခန်း ကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။
➤ Case Study (ဖြစ်ရပ်လေ့လာမှု) ၂
နယူးဇီလန် ဝန်ကြီးချုပ် Jacinda Ardern (၂၀၁၉-၂၀၂၀)
- ဖြစ်ရပ်: ၂၀၁၉ ခုနှစ် Christchurch မြို့ရှိ ဗလီတွေမှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ၂၀၂၀ ပြည့်နှစ်မှာ COVID-19 ကပ်ရောဂါ ကူးစက်ပြန့်ပွားခဲ့ပါတယ်။
- ခေါင်းဆောင်မှုပုံစံ: ဝန်ကြီးချုပ် Ardern ဟာ ကိုယ်ချင်းစာတရားနဲ့ ပြတ်သားတဲ့ ဆုံးဖြတ်ချက်ကို တစ်ပြိုင်နက်တည်း ပြသနိုင်ခဲ့ပါတယ်။ ဗလီပစ်ခတ်မှု ဖြစ်စဉ်မှာဆိုရင် သူဟာ ပြည်သူလူထု ၏ ခံစားချက်ကို အလေးပေးပြီး၊ အာရုံစိုက် ဂရုစိုက်မှုတွေ ပေးခဲ့ပါတယ်။ ဒီဖြစ်ရပ်ပြီးပြီးချင်းမှာပဲ ပစ်ခတ်ခြင်းနှင့် သက်ဆိုင်သောဥပဒေကို ပြတ်ပြတ်သားသား ပြောင်းလဲပြဋ္ဌာန်းခဲ့ပါတယ်။ COVID-19 ကာလမှာလည်း သူဟာ ပြည်သူလူထုနဲ့ အတူ ပွင့်လင်းမြင်သာစွာ နေ့စဉ် ဆက်သွယ်ပြောဆိုခဲ့ပြီး၊ ရောဂါကာကွယ်ရေးအတွက် အစောဆုံးနဲ့ ပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့ပါတယ်။
➤ Case Study (ဖြစ်ရပ်လေ့လာမှု) ၃
Sir Ernest Shackleton (၁၉၁၄-၁၉၁၆)
- ဖြစ်ရပ်: ဗြိတိန် စူးစမ်းရှာဖွေသူ Shackleton ဟာ အန္တာတိကတိုက်ကို ဖြတ်ကျော်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ သင်္ဘော ‘Endurance’ ဟာ ရေခဲပြင်ထဲမှာ ပိတ်မိပြီး ပျက်စီးသွားခဲ့ပါတယ်။ သူတို့အဖွဲ့ဟာ ကမ္ဘာ့အအေးဆုံးနဲ့ အန္တရာယ်အများဆုံး နေရာမှာ (၂) နှစ်နီးပါး သောင်တင်ခဲ့ပါတယ်။
- ခေါင်းဆောင်မှုပုံစံ: Shackleton ရဲ့ ခေါင်းဆောင်မှုဟာ စိတ်ဓာတ်မြှင့်တင်ပေးနိုင်စွမ်းနဲ့ အဖွဲ့အစည်းကို စည်းလုံးစေခြင်း အတွက် ထူးခြားပါတယ်။ သူဟာ အဆိုးဆုံး အခြေအနေတွေမှာ တောင် အဖွဲ့ဝင်တွေ အပေါ် အားပေးစကားများပြောခြင်း၊ အခက်အခဲကြားတွင် မားမားမတ်မတ် ဦးဆော င်ရပ်တည်ပေးခြင်း၊ စိတ်ဓာတ် မယိုယွင်းအောင် စည်းရုံး အားပေးခြင်း ဖြင့် အဖွဲ့ဝင်တွေရဲ့ စိတ်ဓာတ်ကို မြှင့်တင်ပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် အသက်ရှင်ရပ်တည်ဖို့အတွက် ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့ပြီး အဖွဲ့ထဲမှာ ပုန်ကန်မှုတွေ မဖြစ်အောင် စီမံခန့်ခွဲခဲ့ပါတယ်။ နောက်ဆုံးမှာတော့ သူ့အဖွဲ့သားအားလုံးကို အသက်ရှင်လျက် ပြန်ခေါ်လာနိုင်ခဲ့ပါတယ်။
Materials