
အိမ်တစ်အိမ်မီးလောင်တဲ့အခါ ပထမဆုံးရောက်ရှိလာသူဟာ မီးသတ်သမားမဟုတ်ဘဲ ရေပုံးတစ်ပုံးနဲ့ အိမ်နီးချင်းဖြစ်နိုင်ပါတယ်။ ဒီလိုပါပဲ၊ အခြေခံစိတ်ပိုင်းဆိုင်ရာရှေးဦးသူနာပြုစုခြင်း (PFA) ဟာ ပရော်ဖက်ရှင် နယ်အကူအညီတွေမရောက်ခင်မှာ သာမန်လူတွေက ချက်ချင်းဆိုသလို စိတ်ပိုင်းဆိုင်ရာနဲ့ လက်တွေ့ကျတဲ့ ထောက်ပံ့မှုတွေကိုပေးနိုင်ဖို့အတွက်ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေမှာ သဘာဝဘေးအန္တရာယ်၊ ပဋိပက္ခ၊ နေရပ်စွန့်ခွာရမှုနဲ့ စီးပွားရေးအခက်အခဲ စတဲ့စိန်ခေါ်မှုတွေဟာ ဆက်တိုက်ဖြစ်ပေါ်နေပါတယ်။ ဒါကြောင့် ဆေးကုသမှုမဟုတ်တဲ့ အသိုက်အဝန်းအခြေပြုစိတ်ကျန်းမာရေးဆိုင်ရာအကူအညီတွေဟာ လိုအပ်လာပါတယ် ။
အခြေခံစိတ်ပိုင်းဆိုင်ရာ ရှေးဦးသူနာပြုစုခြင်း (PFA) ဆိုတာဟာ စိတ်ဒဏ်ရာကိုလျှော့ချပေးဖို့၊ ဘေး အန္တရာယ်ကနေကာကွယ်ပေးဖို့နဲ့ နောက်ထပ်အကူအညီတွေရရှိဖို့အတွက် လူသားဆန်ပြီးလက်တွေ့ကျတဲ့ ထောက်ပံ့ကူညီမှုတွေဖြစ်ပါတယ်။ လူငယ်တွေဟာ လူဦးရေအများဆုံးအုပ်စုဖြစ်ပြီး PFA ကိုလိုအပ်နေတဲ့ သူတို့ ရဲ့သူငယ်ချင်းတွေနဲ့အနီးဆုံးမှာရှိနေသလို၊ လူမှုအသိုက်အဝန်းအတွင်းမှာလည်း ယုံကြည်မှုရရှိသူတွေဖြစ်တဲ့အ တွက် PFA မှာ အရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်နိုင်ပါတယ်။
၁။ အကျပ်အတည်းဆိုတာ ဘာလဲ
အကျပ်အတည်းဆိုတာ ပြင်းထန်တဲ့ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ ဒါမှမဟုတ် လူမှုရေးဆိုင်ရာထိခိုက် ပျက်စီးမှုတွေကို ဖြစ်စေတဲ့ဖြစ်ရပ်တစ်ခု ဒါမှမဟုတ် ဖြစ်ရပ်အများအပြားကိုဆိုလိုပါတယ်။ စိတ်ပိုင်းဆိုင်ရာ ရှေးဦးသူနာပြုစုခြင်း (PFA) က ကူညီပေးနိုင်တဲ့အကျပ်အတည်းတွေ အများကြီးရှိပါတယ်။
(၁) တစ်ဦးချင်းဆိုင်ရာ အကျပ်အတည်းများ
PFA ကို ကိုယ်ပိုင်ဘဝအခြေအနေတွေမှာလည်း အသုံးပြုနိုင်ပါတယ်။ ဥပမာအားဖြင့် အလုပ်ပြုတ်တာ၊ ကားမတော်တဆမှုဖြစ်တာ ဒါမှမဟုတ် ချစ်ရသူ ဆုံးရှုံးတာမျိုးတွေလို အကျပ်အတည်းတွေ ကြုံလာတဲ့အခါ PFA ကကူညီနိုင်ပါတယ်။ ဒီလိုအကျပ်အတည်းတွေက ဖြစ်ပေါ်လာတဲ့အခြေအနေပေါ်မူတည်ပြီး စိတ်ခံစားမှုအမျိုးမျိုး ကို ဖြစ်ပေါ်စေနိုင်ပါတယ်။ များသောအားဖြင့်တော့ ထိတ်လန့်တာ၊ စိတ်ရှုပ်ထွေးတာ၊ ကြောက်ရွံ့တာ၊ ဝမ်းနည်း တာ ဒါမှမဟုတ် ဒေါသထွက်တာတွေ ဖြစ်တတ်ပြီး ဒီခံစားချက်တွေကြောင့် အခြေအနေကို ကောင်းကောင်း မကိုင်တွယ်နိုင်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ PFA က ဒီလို စိတ်သောကရောက်နေတဲ့လူတွေကို စိတ်တည်ငြိမ်ပြီး အားပေးမှုရတယ်လို့ ခံစားရစေပြီး အခြေအနေကို အပြုသဘောနဲ့ ကိုင်တွယ်နိုင်ဖို့ ဘာတွေလုပ်ရမလဲဆိုတာကို သိအောင်ကူညီပေးပါတယ်။ PFA အကြောင်း သိထားခြင်းက ကူညီသူတွေအနေနဲ့လည်း စိတ်ဖိစီးမှုများတဲ့ အခြေအနေတွေအပေါ် ကိုယ့်ရဲ့တုံ့ပြန်မှုတွေကို သိမြင်နိုင်ပြီး ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်မှုကိုလည်း မြှင့်တင်ပေးနိုင် ပါတယ်။
(၂) လူမှုရေးဆိုင်ရာ စိန်ခေါ်မှုများ
လူမှုရေးအရ ဘေးဖယ်ခံရပြီးအထီးကျန်နေတဲ့အုပ်စုတွေနဲ့ လူပုဂ္ဂိုလ်တွေကို စေတနာ့ဝန်ထမ်းတွေဟာ စိတ်ပိုင်းဆိုင်ရာအရကူညီထောက်ပံ့ပေးနေကြပါတယ်။ ဥပမာအားဖြင့် အိမ်တွင်းအကြမ်းဖက်မှုခံစားနေရတဲ့ အမျိုးသမီး တွေနဲ့ ကလေးတွေ၊ လူမှုရေးအရဖယ်ကြဉ်ခံရတဲ့မိသားစုတွေ၊ အိမ်ခြေမဲ့တွေ၊ သက်ကြီးရွယ်အိုတွေ ဒါမှမဟုတ် စိတ်ရောဂါကုဆေးရုံနဲ့ အကျဉ်းထောင်လိုနေရာမျိုးတွေမှာ နေထိုင်ရတဲ့သူတွေကို ကူညီပေးတာမျိုး ဖြစ်ပါတယ်။ လူမှုရေးအရဖယ်ကြဉ်ခံ ရတာနဲ့ အထီးကျန်တာတွေက ကိုယ်ဟာ ဒီနေရာနဲ့မဆိုင်ဘူးလို့ ခံစားရတာမျိုး၊ တန်ဖိုးမရှိဘူးလို့ ထင်တာမျိုးနဲ့ ကိုယ့်ကိုယ်ကိုယ်စွမ်းရည်မရှိတော့ဘူးလို့ ခံစားရတာမျိုးတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် မျှော်လင့်ချက် ပျောက်ဆုံးပြီး အသက်ရှင်လိုစိတ်မရှိတော့တာ၊ စိတ်ဓာတ်ကျဆင်းတာ ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ်နာကျင် အောင်လုပ်တာတွေအထိ ဖြစ်လာနိုင်ပါတယ်။ PFA က ဒီလိုလူတွေကို သူတို့ကိုဂရုစိုက်တယ်၊ နားလည်ပေး တယ်၊ အကူအညီပေးသူနဲ့ ဆက်သွယ်မှုရှိတယ်လို့ ခံစားရစေပြီး စိတ်ခံစားမှု၊ လူမှုရေးနဲ့ လက်တွေ့ကျတဲ့လိုအပ် ချက်တွေကို ဖြည့်ဆည်းပေးနိုင်မယ့်တခြားလူတွေ ဒါမှမဟုတ် ဝန်ဆောင်မှုတွေနဲ့ ချိတ်ဆက်ပေးနိုင်ပါတယ်။
(၃) ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုများ
တစ်ကမ္ဘာလုံးက အဖွဲ့အစည်းအများစုဟာ ကျန်းမာရေးနဲ့ပတ်သက်တဲ့ လုပ်ငန်းတွေမှာ ပါဝင်နေကြပါ တယ်။ ဥပမာအားဖြင့် ပရော်ဖက်ရှင်နယ်မဟုတ်တဲ့လူတွေကို ရုပ်ပိုင်းဆိုင်ရာ ရှေးဦးသူနာပြုစုခြင်း သင်တန်းပေး တာကနေ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာမသန်စွမ်းသူတွေ၊ HIV/AIDS၊ ကင်ဆာ၊ ဦးနှောက်နဲ့ အာရုံကြော ရောဂါတွေ၊ Alzheimer ရောဂါနဲ့ စိတ်ကျရောဂါတွေခံစားနေရတဲ့သူတွေကို ကူညီပံ့ပိုးပေးတာတွေအထိ လုပ်ဆောင်နေကြပါတယ်။ ဒီအဖွဲ့တွေက အီဘိုလာ (Ebola)၊ ကာလဝမ်းရောဂါနဲ့ ဇီကာ (Zika) ရောဂါလို ကပ်ရောဂါတွေကိုလည်း တုံ့ပြန်ဆောင်ရွက်ပေးကြပါတယ်။ PFA က ရောဂါခံစားနေရသူတွေသာမကဘဲ သူတို့ရဲ့ရောဂါနဲ့ဘဝအပြောင်းအလဲတွေကြောင့် စိတ်သောကရောက်နေရတဲ့ ချစ်ရသူတွေကိုပါ ကူညီနိုင်ပါတယ်။ PFA ဟာ ရောဂါအမည်တပ်တဲ့အချိန်မှာတင်မကဘဲ ရောဂါခံစားနေရသူ စိတ်သောကရောက်တဲ့အခါမျိုးလို ရော ဂါကာလတစ်လျှောက်လုံးမှာလည်း ကူညီပေးနိုင်ပါတယ်။ မိသားစုဝင်တွေအတွက် ရောဂါကို ပျောက်ကင်း အောင် မလုပ်ပေးနိုင်တဲ့အတွက် ဖြစ်လာတဲ့စိတ်ပျက်ဝမ်းနည်းမှုတွေကို ဖြေရှင်းဖို့လည်း ကူညီနိုင်ပါတယ်။ အနာ ဂတ်အတွက် ငွေကြေးဆိုင်ရာစိုးရိမ်မှုတွေနဲ့ပတ်သက်တဲ့ ကြောက်ရွံ့မှုတွေလည်း ရှိနိုင်ပါတယ်။ မိသားစုထဲမှာ ရောဂါတစ်ခုခုရှိနေတာက လူမှုရေးအရဖယ်ကြဉ်ခံရတာနဲ့ အထီးကျန်တာမျိုးတွေကို ဖြစ်စေနိုင်ပြီး ဒီအရာတွေ ကိုလည်း PFA နဲ့ ကိုင်တွယ်ဖြေရှင်းနိုင်ပါတယ်။ PFA က ချစ်ရသူတစ်ဦးဆုံးရှုံးသွားတဲ့အခါ ဝမ်းနည်းပူဆွေးမှု တွေကို ကိုင်တွယ်ဖြေရှင်းရာမှာ မိသားစုဝင်တွေကို ကူညီပေးနိုင်ပါတယ်။
(၄) သဘာဝဘေးအန္တရာယ်များ
ငလျင်၊ ရေကြီးတာနဲ့ မီးလောင်တာလို ဘေးအန္တရာယ်တွေဟာ လူအများအပြားကို တစ်ချိန်တည်းမှာ ထိခိုက်စေပြီး အိမ်တွေ၊ အသက်တွေကို ဆုံးရှုံးစေတတ်ပါတယ်။ သဘာဝဘေးအန္တရာယ်တွေဟာ ကြောက်စရာ ကောင်းပြီး ရှုပ်ထွေးမှုတွေနဲ့ထိတ်လန့်မှုတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ သဘာဝဘေးသင့်သူတွေဟာ ရုပ်ပိုင်း ဆိုင်ရာထိခိုက်တာ၊ တခြားသူတွေဒဏ်ရာရတာ ဒါမှမဟုတ် သေဆုံးတာကို မျက်မြင်တွေ့ရှိရတာ၊ ကိုယ့်အသက် အန္တရာယ်အတွက် ကြောက်ရွံ့တာ၊ မိသားစုနဲ့ချစ်ရသူတွေနဲ့ ကွဲကွာတာနဲ့ ယာယီ ဒါမှမဟုတ် အမြဲတမ်း နေရာပြောင်းရွှေ့ရတာတွေနဲ့ကြုံတွေ့ရနိုင်ပါတယ်။ ဒီအတွေ့အကြုံတွေအားလုံးဟာ အဲဒီအချိန်မှာရော အဲဒီ နောက်ပိုင်းမှာပါ ကိုင်တွယ်ရခက်ခဲတဲ့အရာတွေဖြစ်ပါတယ်။ PFA က ထိခိုက်ခံစားရတဲ့သူတွေကို စိတ်တည် ငြိမ်အောင်၊ ပံ့ပိုးမှုရအောင်နဲ့ ချိတ်ဆက်မှုရှိအောင် ကူညီပေးခြင်းဖြင့် သဘာဝဘေးအန္တရာယ်လို စိတ်ဒဏ်ရာရ စေတဲ့အတွေ့အကြုံတွေရဲ့ ရေရှည်ဆိုးကျိုးတွေကို ကာကွယ်ပေးနိုင်ပါတယ်။
(၅) လူတွေကြောင့်ဖြစ်တဲ့ ဘေးအန္တရာယ်များ
လူသားတွေရဲ့အပြုအမူတွေကြောင့် ဖြစ်ပေါ်လာတဲ့ ဘေးအန္တရာယ်အမျိုးမျိုးလည်းရှိပါတယ်။ ဥပမာ အားဖြင့် စက်ရုံတွေနဲ့ မိုင်းတွင်းတွေမှာ မီးလောင်တာ၊ ပေါက်ကွဲတာ၊ သယ်ယူပို့ဆောင်ရေးယာဉ်တွေကြောင့် ဖြစ်တဲ့ မတော်တဆမှုကြီးတွေ ဒါမှမဟုတ် ပွဲတော်တွေမှာ စင်တွေပြိုကျလို့ ဖြစ်တဲ့ ထိတ်လန့်မှုတွေ စတာတွေ ဖြစ်ပါတယ်။ သဘာဝဘေးအန္တရာယ်တွေလိုပဲ လူတွေကြောင့်ဖြစ်တဲ့ ဘေးအန္တရာယ်တွေဟာ ကြောက်စရာ ကောင်းပြီး ထိတ်လန့်မှုနဲ့ ရှုပ်ထွေးမှုတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ လူတွေကြောင့်ဖြစ်တာ ဒါမှမဟုတ် လူ့အပြု အမူနဲ့ဆက်နွှယ်နေတာဟာ အဓိကကွာခြားချက်ဖြစ်ပြီး ဒါက ဘေးသင့်သူတွေရဲ့ အခြားသူတွေအပေါ်ယုံကြည် မှုကိုလည်း ထိခိုက်စေနိုင်ပါတယ်။
(၆) အကြမ်းဖက်မှု
အိမ်တွင်းပဋိပက္ခ၊ လိင်ပိုင်းဆိုင်ရာနဲ့ ကျား၊ မ အခြေပြု အကြမ်းဖက်မှု၊ ရာဇဝတ်မှုဆိုင်ရာ အကြမ်းဖက် မှု၊ ဂိုဏ်းအုပ်စုနဲ့ဆက်နွှယ်တဲ့ အကြမ်းဖက်မှု၊ မုန်းတီးမှုနဲ့ အမုန်းပွားစေသောအကြမ်းဖက်မှုတွေမှာ လူအများ အပြားဟာ မျက်မြင်တွေ့ရှိတာ ဒါမှမဟုတ် ကိုယ်တိုင်ခံစားရတာမျိုးတွေ ရှိပါတယ်။ အကြမ်းဖက်မှုဆိုတာ အစွဲအလမ်းနဲ့ ပုံသဏ္ဌာန်ခွဲခြားတာမျိုး၊ တစ်ဦးချင်းစီရဲ့ ဝိသေသလက္ခဏာ၊ ပေါင်းသင်းဆက်ဆံမှု၊ ဘာသာရေး၊ လူမျိုးစု စတာတွေကို အခြေခံပြီး တရားစီရင်တာမျိုးကြောင့် လူတစ်ဦးချင်း သို့မဟုတ် လူအုပ်စုတစ်စုအပေါ် ဖြစ်ပေါ်လာတဲ့အကြမ်းဖက်မှု ဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့ ကျား၊ မ၊ အသက်အရွယ်၊ လူမျိုးစုတစ်ခုမှာ ပါဝင်နေတာ၊ မသန်စွမ်းမှုနဲ့ အတူနေထိုင်ရတာ၊ လိင်စိတ်ခံယူမှုကွဲပြားတာ ဒါမှမဟုတ် ရွှေ့ပြောင်းနေထိုင်သူ ဖြစ်နေတာတွေက အကြမ်းဖက်မှုနဲ့ ကြုံတွေ့ရနိုင်ခြေကို မြှင့်တင်ပေးနိုင်တဲ့ အချက်တွေပဲ ဖြစ်ပါတယ်။
အကြမ်းဖက်မှုအတွေ့အကြုံတွေဟာ ကြောက်စရာကောင်းပြီး ပြင်းထန်တဲ့ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်း ဆိုင်ရာတုံ့ပြန်မှုတွေကို ဖြစ်စေတတ်ပါတယ်။ အကြမ်းဖက်မှုအတွေ့အကြုံတွေအပေါ် လူတွေရဲ့တုံ့ပြန်ပုံဟာ အကြမ်းဖက်မှုရဲ့ ပြင်းထန်မှု၊ ဘယ်လိုအကျိုးဆက်တွေဖြစ်ခဲ့လဲ၊ ဘယ်သူက ကျူးလွန်ခဲ့လဲ၊ တခြားသူတွေ ဘယ် လိုတုံ့ပြန်ခဲ့လဲ၊ ဘယ်လိုအကူအညီတွေပေးခဲ့လဲ စတဲ့အချက်တွေအပေါ် မူတည်ပါတယ်။ PFA ရရှိတာက ထိခိုက်ခံစားရတဲ့သူကို စိတ်တည်ငြိမ်အောင် ကူညီပေးပြီး အနာဂတ်မှာ ဘယ်လိုလုံခြုံအောင် နေရမလဲဆိုတာကို ဆုံးဖြတ်နိုင်ဖို့အတွက် အလွန်အဖိုးတန်တဲ့အကူအညီတစ်ခု ဖြစ်နိုင်ပါတယ်။
(၇) လက်နက်ကိုင်ပဋိပက္ခများ
လက်နက်ကိုင်ပဋိပက္ခအခြေအနေတွေမှာ အကြမ်းဖက်မှု၊ စစ်ပွဲနဲ့ တခြားမျိုးစုံတဲ့အကြမ်းဖက်မှုတွေဟာ နိုင်ငံနှစ်နိုင်ငံ သို့မဟုတ် လက်နက်ကိုင်အဖွဲ့အစည်းနှစ်ခု သို့မဟုတ် နှစ်ခုထက်ပိုတဲ့အဖွဲ့တွေကြားမှာ ဖြစ်ပွား တတ်ပါတယ်။ ထိခိုက်ခံစားရတဲ့သူတွေဟာ သူတို့ရဲ့လုံခြုံရေး၊ သူတို့ချစ်ရတဲ့သူတွေရဲ့ လုံခြုံရေးအတွက် အဆက် မပြတ်ကြောက်ရွံ့မှုနဲ့ စိုးရိမ်ပူပန်မှုတွေနဲ့အတူနေထိုင်ရတာ ဒါမှမဟုတ် ဝမ်းနည်းပူဆွေးမှုတွေနဲ့ အတူနေထိုင်ရ တာမျိုးတွေ ဖြစ်တတ်ပါတယ်။ လက်နက်ကိုင်ပဋိပက္ခ အခြေအနေတစ်ခုမှာ နေထိုင်ရတာက အန္တရာယ်များပြီး ကြောက်စရာကောင်းပါတယ်။ ဒါက ကိုင်တွယ်ရခက်ခဲတဲ့လူမှုရေးနဲ့ စိတ်ခံစားမှုဆိုင်ရာတုံ့ပြန်မှုတွေနဲ့ စိန်ခေါ်မှု အမျိုးမျိုးကို ဖြစ်ပေါ်စေနိုင်ပါတယ်။
ဒီအထဲမှာ ကြောက်ရွံ့တာ၊ ဒေါသထွက်တာ၊ ရှုပ်ထွေးတာ ဒါမှမဟုတ် ဝမ်းနည်းတာတွေ၊ အခြားသူတွေ ကို မယုံကြည်နိုင်တာ၊ စည်းလုံးမှုပျောက်ဆုံးတာနဲ့ သစ္စာဖောက်ခံရတယ်လို့ ခံစားရတာတွေ၊ ရန်လိုတဲ့အပြု အမူတွေ၊ အန္တရာယ်ရှိတဲ့အပြုအမူတွေကို လုပ်ဆောင်တာ၊ ကိုယ့်ကိုယ်ကိုယ် ကာကွယ်လိုစိတ်နည်းပါးတာ၊ ကိုယ့် ကိုယ်ကိုယ် အပြစ်တင်တာ၊ အပြစ်ရှိတယ်လို့ ခံစားရတာ၊ လူမှုရေးအရအထီးကျန်တာ စတာတွေ ပါဝင်ပါတယ်။ PFA ပေးရာမှာ ပထမဆုံးအဆင့်ကတော့ ထိခိုက်ခံစားရတဲ့သူနဲ့ အကူအညီပေးတဲ့သူရဲ့လုံခြုံရေးကို သေချာ အောင်လုပ်ဖို့ပါပဲ။ လူတိုင်း လုံခြုံပြီးအန္တရာယ်ကင်းတဲ့နေရာ ရောက်တဲ့အခါ PFA က ထိခိုက်ခံစားရတဲ့သူကို စိတ်တည်ငြိမ်စေပြီး ပံ့ပိုးမှုနဲ့ဂရုစိုက်မှုတွေကိုရတယ်လို့ ခံစားရအောင် ကူညီပေးနိုင်ပါတယ်။ သူတို့ ပိုမိုတည် ငြိမ်လာတဲ့အခါ PFA က အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းဖို့ ဘယ်လိုလုပ်ဆောင်မှုတွေ လုပ်ရမလဲဆိုတာကို အာရုံစိုက်နိုင်အောင် ကူညီနိုင်ပါတယ်။
(၈) အတင်းအကြပ် ရွှေ့ပြောင်းနေထိုင်ခြင်း
တစ်ကမ္ဘာလုံးမှာ လူတွေဟာ အရင်ကထက် ပိုမိုရွှေ့ပြောင်းနေထိုင်နေကြပြီး ဒီလိုရွှေ့ပြောင်းရတဲ့အ ကြောင်းရင်းတွေလည်း အများကြီးရှိပါတယ်။ ရွှေ့ပြောင်းနေထိုင်သူအများအပြားဟာ စီးပွားရေးအခွင့်အလမ်း တွေနဲ့ မတူညီတဲ့ဘဝပုံစံတွေကို ရှာဖွေဖို့အတွက် ဆန္ဒအလျောက်ရွှေ့ပြောင်းကြပါတယ်။ တချို့ကတော့ ပဋိပက္ခ၊ ဖိနှိပ်မှု၊ နှိပ်စက်ညှဉ်းပန်းမှုတွေကြောင့် ဒါမှမဟုတ် ဘေးအန္တရာယ်တွေ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းမှု ဒါမှမဟုတ် ဆင်းရဲမွဲတေမှုတွေကြောင့် သူတို့ရဲ့အိမ်တွေကို စွန့်ခွာဖို့ အတင်းအကြပ်ခိုင်းစေခံရပါတယ်။ အိမ်တွေ ကိုစွန့်ခွာဖို့ အတင်းအကြပ်ခိုင်းစေခံရတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေဟာ အထူးသဖြင့် ထိခိုက်လွယ်တဲ့ အုပ်စုတစ်ခု ဖြစ်ပါတယ်။ သူတို့ဟာ သူတို့ရင်းနှီးတဲ့ဘဝတွေကို စွန့်ခွာပြီး လျှောက်ရတဲ့ခရီးတစ်လျှောက်မှာအခက်အခဲတွေနဲ့ အလွန်အမင်းကြုံတွေ့ရလေ့ရှိပါတယ်။
ပြီးတော့ သူတို့ဟာ နိုင်ငံခြားမှာနေထိုင်ဖို့အတွက် ငွေကြေး၊ လူမှုရေးနဲ့ စိတ်ပိုင်းဆိုင်ရာရုန်းကန်ရမှုတွေနဲ့ ရင်ဆိုင်ရပါတယ်။ အများစုဟာ သူငယ်ချင်း၊ မိသားစု ဒါမှမဟုတ် ပံ့ပိုးကူညီမှုစနစ်မရှိဘဲ အထီးကျန်တယ်လို့ ခံစားရပြီး ကိုယ်က ဒီနေရာမှာမသက်ဆိုင်ဘူးလို့ ခံစားရပါတယ်။ ကိုယ်ပိုင်လက္ခဏာဆုံးရှုံးတာက အဖြစ်များပြီး လူမှုရေးဆိုင်ရာအဆင့်အတန်း ဆုံးရှုံးတာကလည်း ခက်ခဲပါတယ်။ ဒါတွေနဲ့အတူ ခွဲခြားဆက်ဆံမှုတွေနဲ့ အမုန်း ပွားမှုတွေလည်း ကြုံတွေ့ရတတ်ပါတယ်။ အတင်းအကြပ်ရွှေ့ပြောင်းနေထိုင်ရခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ စိတ် ပိုင်းဆိုင်ရာနဲ့ လူမှုရေးဆိုင်ရာကောင်းမွန်မှုအတွက် စိန်ခေါ်မှုတွေထဲမှာ ရွှေ့ပြောင်းနေထိုင်ခြင်းမပြုခင်ကတည်းက ရှိနေတဲ့ ပြဿနာတွေ (ဥပမာ- ခွဲခြားဆက်ဆံခံရတဲ့ လူနည်းစုတစ်စု ဖြစ်နေတာ)၊ အရေးပေါ်အခြေအနေကြောင့် ဖြစ်ပေါ်လာတဲ့ ပြဿနာတွေ (ဥပမာ- မိသားစုနဲ့ ကွဲကွာတာ ဒါမှမဟုတ် အသက်မွေးဝမ်းကျောင်း ပျက်စီးတာ)၊ နဲ့ ရွှေ့ပြောင်းပြီးနောက်ဖြစ်ပေါ်လာတဲ့ ပြဿနာတွေ (ဥပမာ- ကျန်းမာရေး သို့မဟုတ် အခြားဝန်ဆောင်မှုတွေ ရယူခွင့်မရှိတာ) တွေ ပါဝင်ပါတယ်။
၂။ အကျပ်အတည်းအပေါ် ပုံမှန်တုံ့ပြန်မှုများ
အကျပ်အတည်းတစ်ခုကြုံလာတဲ့အခါမှာ လူတွေဟာ စိတ်ဖိစီးမှုကိုခံစားရပြီး အောက်ပါတုံ့ပြန်မှုတွေနဲ့ ကြုံတွေ့ ရလေ့ရှိပါတယ် ။
- စိတ်ပိုင်းဆိုင်ရာ: ကြောက်ရွံ့ခြင်း၊ ဝမ်းနည်းခြင်း၊ ဒေါသထွက်ခြင်း
- ရုပ်ပိုင်းဆိုင်ရာ: နှလုံးခုန်မြန်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း
- သိမြင်မှုပိုင်းဆိုင်ရာ: ရှုပ်ထွေးခြင်း၊ မေ့တတ်ခြင်း
- အပြုအမူပိုင်းဆိုင်ရာ: ရှောင်ဖယ်နေခြင်း၊ ရန်လိုခြင်း
Hobfoll နဲ့ သူ့ရဲ့တွဲဖက်သုတေသနပညာရှင်များ ၂၀၀၇ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့သုတေသနအရ စိတ်ဒဏ်ရာတစ်ခု ကြုံတွေ့ပြီးနောက် လူတစ်ယောက်ပြန်လည်နာလန်ထူဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့အချက်ငါးချက်ရှိပါတယ်။ အဲ့ဒါတွေကတော့ –
- ဘေးကင်းလုံခြုံမှု (safety)၊
- စိတ်တည်ငြိမ်မှု (calming)၊
- ကိုယ့်ကိုယ်ကိုယ်နဲ့ အစုအဖွဲ့လိုက် စွမ်းဆောင်နိုင်မှု (self/collective efficacy)၊
- အချင်းချင်းဆက်သွယ်မှု (connectedness) နဲ့
- မျှော်လင့်ချက် (hope) တို့ပဲ ဖြစ်ပါတယ် ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ အဆိုအရ လူအများစုဟာ အသိုက်အဝန်းရဲ့ထောက်ပံ့မှုနဲ့ဆိုရင် စိတ်ဖိစီးမှုကနေ တဖြည်းဖြည်းပြန်လည်ကောင်းမွန်လာကြပြီး ကုသမှုတွေကို မလိုအပ်ကြတော့ပါဘူး ။
၃။ အခြေခံစိတ်ပိုင်းဆိုင်ရာရှေးဦးသူနာပြုစုခြင်းဆိုတာ ဘာလဲ
PFA ဆိုတာ…
- စိတ်သောကရောက်နေတဲ့လူကို နှစ်သိမ့်ပေးပြီး ဘေးကင်းလုံခြုံတယ်၊ စိတ်တည်ငြိမ်တယ်လို့ ခံစားရအောင် ကူညီပေးခြင်း၊
- ဘာတွေလိုအပ်လဲ၊ ဘယ်လိုပူပန်မှုတွေရှိလဲဆိုတာကို သိအောင်လုပ်ခြင်း၊
- နောက်ထပ် ထိခိုက်မှုတွေမဖြစ်အောင် ကာကွယ်ပေးခြင်း၊
- စိတ်ပိုင်းဆိုင်ရာ ထောက်ခံမှုပေးခြင်း၊
- အစားအစာ၊ ရေ၊ စောင် ဒါမှမဟုတ် ယာယီနေဖို့နေရာလိုမျိုး ချက်ချင်းလိုအပ်နေတဲ့ အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးခြင်းနဲ့
- သတင်းအချက်အလက်တွေ၊ ဝန်ဆောင်မှုတွေနဲ့ လူမှုရေးအရထောက်ပံ့မှုတွေ ရရှိအောင် ကူညီပေးခြင်းတို့ပဲဖြစ်ပါတယ်။
PFA ရဲ့ အဓိကရည်ရွယ်ချက်ဟာ စိတ်ဒဏ်ရာကို လျှော့ချပေးဖို့၊ နောက်ထပ်ထိခိုက်မှုတွေကနေ ကာကွယ်ပေးဖို့နဲ့ ရင်ဆိုင်ဖြေရှင်းနိုင်စွမ်းကို မြှင့်တင်ပေးဖို့ပဲ ဖြစ်ပါတယ် ။
PFA ဆိုတာ ဒါတွေ မဟုတ်ပါဘူး…
- ကျွမ်းကျင်သူတွေပဲ လုပ်ရတဲ့အရာ မဟုတ်ပါဘူး။
- ပရော်ဖက်ရှင်နယ် အကြံပေးကုထုံး (counselling) မဟုတ်ပါဘူး။
- ဘာတွေဖြစ်ခဲ့လဲဆိုတာကို ပြောပြဖို့ အတင်းအကျပ် မတောင်းဆိုပါဘူး။
- အဖြစ်အပျက်ရဲ့ အသေးစိတ်အချက်အလက်တွေကို ပြောဆိုဖို့ ဖိအားမပေးပါဘူး။
- စိတ်သောကဖြစ်စေတဲ့ အဖြစ်အပျက်ကို အသေးစိတ်ပြောပြဖို့ အားမပေးပါဘူး။
- လူတစ်ယောက်ရဲ့ ခံစားချက်နဲ့ တုံ့ပြန်မှုတွေကို ပြောပြဖို့ ဖိအားမပေးပါဘူး။
၄။ မော်ဒယ်များနှင့် ချဉ်းကပ်ပုံများ
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နဲ့ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ (IFRC) ရဲ့ မော်ဒယ်ဟာ ‘ကြည့်ပါ – နားထောင်ပါ – ချိတ်ဆက်ပါ’ (Look – Listen – Link) ဆိုတဲ့ အဆင့်သုံးဆင့်နဲ့ ဖွဲ့စည်းထားပါတယ်။

(၁) ကြည့်ပါ-နားထောင်ပါ-ချိတ်ဆက်ပါ မော်ဒယ်
- ကြည့်ပါ (Look) – ပထမဆုံးအနေနဲ့ ရုပ်ပိုင်းဆိုင်ရာ ဘေးကင်းလုံခြုံမှု ရှိ၊မရှိသေချာပါစေ။ ပြီးရင် အရေး ပေါ်လိုအပ်နေတဲ့အရာတွေနဲ့ စိတ်ထိခိုက်မှုအများဆုံးဖြစ်နေသူတွေကို ရှာဖွေပါ ။
- နားထောင်ပါ (Listen) – လေးစားမှုရှိရှိနဲ့ကိုယ့်ကိုယ်ကိုယ်မိတ်ဆက်ပါ။ ကူညီဖို့အတွက် ခွင့်ပြုချက် တောင်းပါ။ ပြီးတော့ ပွင့်လင်းတဲ့ကိုယ်ဟန်အနေအထားနဲ့ နားထောင်ခြင်း၊ မကြာခဏအားပေးစကား ပြောခြင်းနဲ့ စကားမဖြတ်ဘဲနားထောင်ခြင်းစတဲ့ တက်ကြွစွာနားထောင်ခြင်း (active listening) နည်း လမ်းတွေကို အသုံးပြုပါ ။
- ချိတ်ဆက်ပါ (Link) – အကူအညီလိုအပ်နေသူတွေကို လက်တွေ့ကျတဲ့ အကူအညီတွေ ပေးပါ (ဥပမာ- အစားအစာ၊ ခိုလှုံရာနေရာ၊ လုံခြုံတဲ့နေရာ) ။ လူမှုရေးဆိုင်ရာထောက်ပံ့မှုတွေနဲ့ ချိတ်ဆက်ပေးပါ ။ လို အပ်လာရင် ပရော်ဖက်ရှင်နယ်အကူအညီတွေဆီ လွှဲပြောင်းပေးဖို့လည်းစဉ်းစားပါ ။
(၂) Johns Hopkins ရဲ့ RAPID မော်ဒယ်
- Rapport and Reflective Listening (ရင်းနှီးမှုနှင့် စာနာနားထောင်ခြင်း) – ယုံကြည်မှု တည်ဆောက်ခြင်း၊ တက်ကြွစွာ နားထောင်ပေးခြင်း။
- Assessment (အကဲဖြတ်ခြင်း) – လိုအပ်ချက်များနှင့် စိတ်ပိုင်းဆိုင်ရာ ပူပန်မှုအတိုင်းအတာကို အကဲဖြတ်ခြင်း။
- Prioritization (ဦးစားပေးခြင်း) – မည်သည့်လိုအပ်ချက်က အရေးအကြီးဆုံးဖြစ်သည်ကို ဆုံးဖြတ်ခြင်း။
- Intervention (ကြားဝင်ဆောင်ရွက်ပေးခြင်း) – လက်တွေ့ကျတဲ့စိတ်ခံစားမှုဆိုင်ရာအကူအညီများကို ပေးခြင်း။
- Disposition (ညွှန်ကြားပေးခြင်း) – လိုအပ်ပါက ရေရှည်အကူအညီများ ရရှိစေရန် ညွှန်းပေးခြင်း သို့မဟုတ် ချိတ်ဆက်ပေးခြင်း။
(၃) SAFER-R မော်ဒယ်
- Stabilize (တည်ငြိမ်စေခြင်း) – လုံခြုံမှုရှိစေရန်နှင့် ပတ်ဝန်းကျင်ကို တည်ငြိမ်အေးချမ်းစေရန် လုပ်ဆောင်ပေးခြင်း။
- Acknowledge (အသိအမှတ်ပြုခြင်း) – ထိုသူ၏အတွေ့အကြုံနှင့် ခံစားချက်များကို အသိအမှတ်ပြုပေးခြင်း။
- Facilitate understanding (နားလည်အောင် ကူညီခြင်း) – ပုံမှန်စိတ်ဖိစီးမှု၊ တုံ့ပြန်မှုများကို ရှင်းပြခြင်း။
- Encourage coping (ရင်ဆိုင်နိုင်စွမ်းကို အားပေးခြင်း) – ကျန်းမာသော ရင်ဆိုင်ဖြေရှင်းနိုင်စွမ်းကို မြှင့်တင်ပေးခြင်း။
- Restore functioning (ပုံမှန်အတိုင်း ပြန်ဖြစ်စေခြင်း) – နေ့စဉ်ဘဝ လုပ်ငန်းဆောင်တာများသို့ ပြန်ရောက်စေရန် ကူညီခြင်း။
- Refer (ညွှန်းပေးခြင်း) – လိုအပ်ပါက ပရော်ဖက်ရှင်နယ် သို့မဟုတ် လူမှုအသိုက်အဝန်း အကူအညီများသို့ ချိတ်ဆက်ပေးခြင်း။
(၄) Listen-Protect-Connect-Model & Teach မော်ဒယ်
Listen (နားထောင်ပါ) – ထိုသူ၏ အကြောင်းအရာကို အပြည့်အဝအာရုံစိုက်နားထောင်ပေးပါ။
Protect (ကာကွယ်ပါ) – နောက်ထပ်ထိခိုက်မှုများ သို့မဟုတ် စိတ်သောကရောက်ခြင်းမှ ကာကွယ်ပေးပါ။
Connect (ချိတ်ဆက်ပါ) – လူမှုရေးဆိုင်ရာ ထောက်ပံ့မှုများ၊ အသိုက်အဝန်းနှင့် အရင်းအမြစ်များသို့ ချိတ်ဆက်ပေးပါ။
Model (ပုံစံပြပါ) – သင်၏ ကိုယ်တိုင်အပြုအမူများမှတစ်ဆင့် စိတ်တည်ငြိမ်မှုနှင့် မျှော်လင့်ချက်ကိုပြသပါ။
Teach (သင်ကြားပေးပါ) – အခြေခံရင်ဆိုင်ဖြေရှင်းနိုင်စွမ်းနှင့် စိတ်ဖိစီးမှုထိန်းချုပ်နည်းများအတွက် အကြံဉာဏ်များကို မျှဝေပါ။
(၅) ABCDE မော်ဒယ်
Achieve rapport (ရင်းနှီးမှုရယူခြင်း) – ယုံကြည်မှုကို လျင်မြန်စွာ တည်ဆောက်ခြင်း။
Boiling down the problem (ပြဿနာကို ပုံဖော်ခြင်း) – အဓိကပြဿနာကို ဖော်ထုတ်ခြင်း။
Coping (ဖြေရှင်းနိုင်စွမ်း) – ယခင်က မည်သည့်အရာများက အကူအညီဖြစ်ခဲ့သည်နှင့် ဖြစ်နိုင်ချေရှိသော နည်းလမ်းများကို ရှာဖွေခြင်း။
Developing an action plan (လုပ်ငန်းစီမံချက် ရေးဆွဲခြင်း) – လက်တွေ့ကျပြီး ဖြစ်နိုင်ခြေရှိသော နောက်ထပ်အဆင့်များကို ရေးဆွဲခြင်း။
Encouraging (အားပေးခြင်း) – မျှော်လင့်ချက်ပေးခြင်းနှင့် အားသာချက်များကို အားဖြည့်ပေးခြင်း။
(၆) ကလေးများအတွက် စိတ်ပိုင်းဆိုင်ရာရှေးဦးသူနာပြုစုခြင်း (Save the Children မှ ပြင်ဆင်ထားသောပုံစံ)
အဓိကအချက်များ: ကလေးများနှင့် ဆယ်ကျော်သက်များအတွက် အသုံးပြုရန် ရည်ရွယ်၍ ရေးဆွဲထားခြင်း ဖြစ်ပါသည်။
- ကလေးအဆင့်သို့ ဆင်းပြီး ချဉ်းကပ်ခြင်း (မျက်လုံးချင်းဆုံခြင်း၊ နူးညံ့သောအသံဖြင့် ပြောဆိုခြင်း)။
- ရိုးရှင်းသော ဘာသာစကားနှင့် ဝါကျအတိုများကို အသုံးပြုခြင်း။
- ဖြစ်နိုင်ပါက နှစ်သိမ့်ပေးနိုင်သော အရာများ (စောင်၊ အရုပ်) ပေးခြင်း။
- ယုံကြည်ရသော လူကြီး သို့မဟုတ် ပြုစုစောင့်ရှောက်သူကို ပါဝင်စေခြင်း။
- စိုးရိမ်ပူပန်မှု လျှော့ချရန်အတွက် “သင်မြင်နေရတဲ့ အရာငါးခုကို ပြောပါ” ကဲ့သို့သော “စိတ်ကို မြေပြင်ပေါ်သို့ ပြန်ချ” နည်းလမ်းများကို အသုံးပြုခြင်း။
၅။ သီအိုရီအခြေခံအခြေအနေများ
အခြေအနေ ၁: ရေကြီးပြီးနောက်နေရပ်စွန့်ခွာရမှု ဒီအခြေအနေမှာ Hobfoll ရဲ့ အခြေခံအချက်တွေကို အသုံးချ နိုင်ပါတယ် ။ ဥပမာအားဖြင့်-
- လုံခြုံမှု (Safety): ရေဘေးကနေ ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးခြင်း ။
- စိတ်တည်ငြိမ်မှု (Calming): အသက်ရှူခြင်း လေ့ကျင့်ခန်းတွေ လုပ်ခိုင်းခြင်း ။
- ချိတ်ဆက်မှု (Connectedness): လူမှုအသိုက်အဝန်း ခိုလှုံရာနေရာတွေနဲ့ ချိတ်ဆက်ပေးခြင်း ။
အခြေအနေ ၂: လူမှုအသိုက်အဝန်းမှာ အကြမ်းဖက်မှုမြင်တွေ့ရခြင်း ဒီအခြေအနေမှာတော့ Look-Listen-Link မော်ဒယ်ကို အသုံးပြုနိုင်ပါတယ် ။
- ကြည့်ပါ (Look): ပထမဆုံး လုံခြုံတဲ့နေရာကို ရှာဖွေပါ ။
- နားထောင်ပါ (Listen): စာနာနားလည်ပေးခြင်းနဲ့ နားထောင်ပေးပါ ။
- ချိတ်ဆက်ပါ (Link): လုံခြုံတဲ့နေရာပေးနိုင်တဲ့ ဒေသခံဘာသာရေးခေါင်းဆောင်နဲ့ ချိတ်ဆက်ပေးပါ ။
အခြေအနေ ၃: စျေးမီးလောင်ပြီးနောက်လူငယ်စျေးသည်တစ်ဦး ဒီအခြေအနေမှာတော့ စိတ်ပိုင်းဆိုင်ရာအကူအ ညီမပေးခင် အခြေခံလိုအပ်ချက်တွေကိုဦးစားပေးသင့်ပါတယ် ။ ဥပမာ – ရေနဲ့ အရိပ်ရတဲ့နေရာကို ဦးစားပေးပြီး ပေးပါ။ ပြီးမှ နားထောင်ပေးပါ၊ ပြီးနောက် လုပ်ငန်းပြန်လည်ထူထောင်ရေးအစီအစဉ်တွေနဲ့ ချိတ်ဆက်ပေးပါ ။
၆။ ကိုယ်ကျင့်တရားဆိုင်ရာ အခြေခံမူများနှင့်နယ်နိမိတ်များ
PFA ပေးတဲ့အခါမှာ ယဉ်ကျေးမှုဓလေ့တွေကို နားလည်ပြီး “အန္တရာယ် မပြုပါနှင့်” (Do no harm) ဆိုတဲ့ မူကို လိုက်နာရပါမယ် ။ ကိုယ်ရေးကိုယ်တာကိစ္စတွေကို လေးစားပါ ။ ဘေးအန္တရာယ်ကနေ ကင်းဝေးဖို့ လိုအပ် မှသာ ခွင့်ပြုချက်နဲ့ အခြားသူတွေကို မျှဝေပေးသင့်ပါတယ် ။ ကိုယ့်ရဲ့ စွမ်းဆောင်နိုင်မှု အတိုင်းအတာကိုသိပါ ။ အကယ်၍ ကူညီပေးတဲ့သူက ကိုယ့်ကိုယ်ကိုယ် ဒါမှမဟုတ် အခြားသူတွေကို အန္တရာယ်ပေးမယ့်အခြေအနေမျိုး ဆိုရင်တော့ ပရော်ဖက်ရှင်နယ်တွေဆီလွှဲပြောင်းပေးရပါမယ်။ ယဉ်ကျေးမှုအရ သက်ဆိုင်ရာ နှုတ်ဆက်စကား တွေကိုသုံးနှုန်းပြီး မိသားစုနဲ့ အသိုက်အဝန်းရဲ့ ဆုံးဖြတ်ချက်ချမှု အခန်းကဏ္ဍကိုလည်း နားလည်ပေးရပါမယ် ။
၇။ ကူညီသူအတွက် ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ခြင်း
ကူညီပေးသူတွေဟာလည်း စိတ်ပင်ပန်းနွမ်းနယ်မှုလက္ခဏာတွေဖြစ်တဲ့ စိတ်တိုလွယ်ခြင်း၊ အိပ်မပျော် ခြင်း၊ စိတ်အားထက်သန်မှုဆုံးရှုံးခြင်းတို့နဲ့ ကြုံတွေ့ရနိုင်ပါတယ် ။ ဒါကြောင့် အနားယူခြင်း၊ အချင်းချင်းထောက်ပံ့ ကူညီခြင်း၊ စိတ်ကိုတည်ငြိမ်အောင် ထိန်းသိမ်းခြင်း၊ နယ်နိမိတ်သတ်မှတ်ခြင်း စတဲ့ နည်းလမ်းတွေကို အသုံးပြုပြီး ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ရပါမယ်။
Reference List
- American Psychological Association. (2020). Publication manual of the American Psychological Association (7th ed.).
- Hobfoll, S. E., Watson, P., Bell, C. C., Bryant, R. A., Brymer, M. J., Friedman, M. J., … & Ursano, R. J. (2007). Five essential elements of immediate and mid-term mass trauma intervention: Empirical evidence. Psychiatry: Interpersonal and Biological Processes, 70(4), 283-315. https://doi.org/10.1521/psyc.2007.70.4.283.
- International Federation of Red Cross and Red Crescent Societies. (2018). A guide to psychological first aid. https://pscentre.org.
- National Child Traumatic Stress Network, & National Center for PTSD. (2018). Psychological first aid: Field operations guide (2nd ed.). https://www.nctsn.org.
- World Health Organization. (2011). Psychological first aid: Guide for field workers. WHO, War Trauma Foundation, World Vision International.
https://www.who.int/publications/i/item/9789241548205.
- World Health Organization. (2021). Psychological first aid for all: Supporting people in the aftermath of crisis events [Video]. OpenWHO. https://openwho.org.
- World Health Organization, War Trauma Foundation, & World Vision International. (2013). Psychological first aid: Facilitator’s manual for orienting field workers. World Health Organization. https://apps.who.int/iris/handle/10665/102380