AI ကို ကျင့်ဝတ်နှင့်အညီ အသုံးပြုခြင်း

၁။ AI ခေတ်တွင် ကျင့်ဝတ်နှင့် တာဝန်ယူမှု

AI ရဲ့ တိုးတက်လာမှုနဲ့အတူ ကမ္ဘာတစ်ဝှမ်းလုံးမှာ ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုတွေ များစွာ ဖြစ်ပေါ်လာပါတယ်။ ဥပမာအားဖြင့် ကျန်းမာရေးကဏ္ဍမှာ ရောဂါများစွာအတွက် ကုသနည်း အသစ်အဆန်းတွေကို ရှာဖွေထောက်လှမ်းရာမှာ AI ကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြပါတယ်။ ဒါ့အပြင် အလုပ်တွေကို အလိုအလျောက်လုပ်ပေးတဲ့ Automation စနစ်ကြောင့် အချိန်တိုအတွင်း အလုပ်တွေကို မြန်မြန်ဆန်ဆန် ပြီးမြောက်အောင် စွမ်းဆောင်နိုင်လာကြပါတယ်။ AI ဟာ ကောင်းမွန်တဲ့ အပြောင်းအလဲတွေကို ဖော်ဆောင်လာနိုင်တာ အမှန်တရားတစ်ခုဖြစ်ပေမဲ့ AI ရဲ့ လုပ်နိုင်စွမ်းတွေ အပေါ်ကိုတော့ အမြဲပဲ မေးခွန်းထုတ်နေဖို့ လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုရင် AI တွေဟာ သူတို့ကို လေ့ကျင့်သင်ကြားပေးထားတဲ့ အကန့်အသတ်ရှိတဲ့ ဒေတာတွေနဲ့ သူတို့ကို ဖန်တီးထားတဲ့ လူတွေရဲ့ အတွေးအခေါ်တွေနဲ့ လုပ်နိုင်စွမ်းတွေပေါ်မှာသာ အခြေခံထားလို့ ဖြစ်ပါတယ်။ AI သည် လူသားကို ကူညီရန်ဖြစ်ပြီး (Superintelligence မဟုတ်ပါက) လူသားဦးနှောက်ကို “လုံးဝအစားထိုးရန်” မဟုတ်သည့်အတွက် ကျင့်ဝတ်ပိုင်းဆိုင်ရာ လေသံ ပိုမိုမှန်ကန်စေရန်  “တစ်နည်းအားဖြင့် လူသားတို့၏ လုပ်ဆောင်ချက်အချို့ကို အစားထိုး ကူညီပေးရန် ပြုလုပ်ထားတာ ဖြစ်ပါတယ်။ လူသားတွေအနေနဲ့ ဘက်လိုက်မှုတွေ၊ မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေနဲ့ မကင်းနိုင်သလို AI နည်းပညာဟာလည်း ထိုနည်းတူပဲ မှားယွင်းတဲ့ အဖြေတွေ၊ ဘက်လိုက်တဲ့ ဆုံးဖြတ်ချက်တွေကို ပြုလုပ်လာနိုင်ခြေတွေ များစွာ ရှိနေပါတယ်။

ဒါကြောင့်ပဲ AI ကျင့်ဝတ်တွေဟာ အရေးတကြီး ဆွေးနွေးရမယ့် အရာတွေ ဖြစ်လာပါတယ်။ AI ဟာ အထက်မှာဖော်ပြခဲ့တဲ့ ဘက်လိုက်မှုတွေအပြင် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်ပြီး လူ့အခွင့်အရေးတွေကိုလည်း ထိပါးလာနိုင်တဲ့အခါမှာ နဂိုကတည်းက တန်းတူညီမျှမှုမရှိလို့ နစ်နာနေရတဲ့ လူ့အသိုင်းအဝိုင်းတွေဟာ ပိုပြီး အထိနာလာနိုင်ပါတယ်။  အထူးသဖြင့် AI စနစ်တွေကို တည်ဆောက်၊ လေ့ကျင့် (Train) ဖို့နဲ့ လည်ပတ်ဖို့အတွက် အလွန်အမင်း များပြားလှတဲ့ စွမ်းအင်နဲ့ ရေအရင်းအမြစ်တွေကို သုံးစွဲရတာကြောင့် ကာဗွန်ထုတ်လုပ်မှု မြင့်မားပြီး သဘာဝပတ်ဝန်းကျင်ကို တိုက်ရိုက် ထိခိုက်စေပါတယ်။ တစ်ချိန်တည်းမှာပဲ ကိုယ်ရေးအချက်အလက် လုံခြုံမှုမရှိခြင်း၊ စောင့်ကြည့်မှုစနစ် (Surveillance) တွေမှာ အလွဲသုံးစားပြုလုပ်ခြင်း စတဲ့ လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုတွေလည်း ပေါ်ပေါက်လာနေပါတယ်။ ရလဒ်အနေနဲ့ AI နည်းပညာဟာ လူတန်းစား ကွာဟမှုကို ထိန်းညှိပေးမယ့်အစား ရှိရင်းစွဲ မညီမျှမှုတွေကို ပိုမိုကြီးထွားလာစေပြီး လူမှုအသိုင်းအဝိုင်းအပေါ် ထိခိုက်မှုတွေ များစွာ ဖြစ်ပွားစေနိုင်ပါတယ်။ 

ဒါကြောင့်မို့ လူမှုအကျိုးပြုမယ့် ခေါင်းဆောင်တွေအနေနဲ့ AI ကို ကျင့်ဝတ်နဲ့အညီ အသုံးပြုတတ်ဖို့၊ AI ရဲ့ ကောင်းကျိုးဆိုးပြစ်တွေကို မျှမျှတတ တွေးခေါ်တတ်ဖို့ လိုအပ်လာပါတယ်။ AI ကျင့်ဝတ်ပိုင်း ဆိုင်ရာတွေကို နားလည်တဲ့အခါ AI ကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ကြိုတင်ခန့်မှန်းပြီး ရှောင်ရှားနိုင်မယ်။ အနာဂတ် AI ခေတ်ကို ဘက်စုံထောင့်စုံကနေ မြင်ကြည့်နိုင်ပြီး AI နဲ့အတူ တွဲပါလာမယ့် အန္တရာယ်တွေနဲ့ အခွင့်အလမ်းတွေကို သုံးသပ်တတ်လာမယ်။ အဓိကအားဖြင့် AI အသုံးပြုမှုဆိုင်ရာ တရားမျှတမှု၊ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ လုံခြုံမှု စတဲ့ အကြောင်းအရာတွေကို ဆက်စပ်တွေးခေါ်နိုင်လာမယ်။ ဒါ့အပြင် AI ရဲ့ သဘာဝ ပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်မှုတွေ၊ အလုပ်အကိုင် ပြောင်းလဲလာမှုတွေကို လေ့လာသုံးသပ်ပြီး ဘက်စုံထောင့်စုံက ချဉ်းကပ်ထားပြီး မျှမျှတတရှိတဲ့ အချက်အလက်တွေပေါ်မှာ အခြေခံထားတဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်လာနိုင်မှာပဲ ဖြစ်ပါတယ်။ 

၂။ AI ကျင့်ဝတ်ဆိုင်ရာ စိန်ခေါ်မှုများနှင့် ခေါင်းဆောင်များ၏ အခန်းကဏ္ဍ

AI နည်းပညာဟာ အရှိန်အဟုန်နဲ့ တိုးတက်လာတဲ့အခါမှာ လူမှုအကျိုးပြုခေါင်းဆောင်တွေအနေနဲ့ AI ဒေတာနဲ့ ကိုယ်ရေးလုံခြုံမှု၊ ဘက်လိုက်မှုနဲ့ ပွင့်လင်းမြင်သာမှုဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းနိုင်တဲ့ စွမ်းရည်တွေ ရှိဖို့ အလွန်အရေးကြီးလာပါတယ်။ ဟားဗတ်တက္ကသိုလ်ရဲ့ စဉ်ဆက်မပြတ်ပညာရေးဌာနမှာ AI ကျင့်ဝတ်ဆိုင်ရာ ဘာသာရပ်ကို ပညာသင်ကြားပေးနေတဲ့ ဆရာ Michael Impink ကတော့ AI ကျင့်ဝတ်ပိုင်းကိစ္စရပ်များကို ဖြေရှင်းဖို့အတွက် ပထမဆုံးအနေနဲ့ ဒီပြဿနာတွေ ရှိနေတယ်ဆိုတာကို သတိပြုဖို့က အလွန်အရေးကြီးတယ်လို့ ဆိုပါတယ်။ ဘာကြောင့်လဲဆိုရင်တော့ ဒီပြဿနာတွေ ရှိနေတယ်ဆိုတာကို သိမှပဲ ဖြေရှင်းဖို့ နည်းလမ်းတွေကို ရှာဖွေဖို့ ဆက်လက်ကြိုးစားနိုင်မှာ ဖြစ်ပါတယ်။

ဒါပေမဲ့ AI ဟာ အရှိန်အဟုန်နဲ့ တိုးတက်နေတဲ့ နည်းပညာဖြစ်တဲ့အတွက် AI ကျင့်ဝတ်ပိုင်းဆိုင်ရာ ပြဿနာတွေအားလုံးကို ဖြေရှင်းဖို့ နည်းဥပဒေပြုရေးနဲ့ မူဘောင်ချမှတ်ရေး ကိစ္စရပ်တွေဟာ နည်းပညာရဲ့ တိုးတက်မှုကို အမှီလိုက်နိုင်ဖို့ အခက်အခဲတွေ ရှိနေပါတယ်။ ဒီလိုမူဘောင်တွေကနေတစ်ဆင့် AI နည်းပညာတွေဟာ လူမှုအဖွဲ့အစည်းအတွက် ကောင်းကျိုးတွေ တိုးပွားစေပြီး ဆိုးကျိုးတွေ လျော့ပါးစေဖို့ အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။ 

ဒါ့အပြင် AI ကို အသုံးပြုနေရသူအားလုံးအနေနဲ့ ကျင့်ဝတ်နဲ့ မလျော်ညီတဲ့ AI အသုံးပြုမှုတွေရဲ့ ဆိုးကျိုးတွေနဲ့ အန္တရာယ်တွေကို နားလည်သဘောပေါက်ပြီး AI ကို ကျင့်ဝတ်နဲ့အညီ အသုံးပြုတတ်ဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ ဒီအတွက် အားလုံးလက်လှမ်းမီတဲ့ AI ကျင့်ဝတ်ပိုင်းဆိုင်ရာ ရင်းမြစ်များကို ဖန်တီးဖြန့်ဝေပြီး AI ကို ကျင့်ဝတ်နဲ့အညီ အသုံးပြုတတ်ဖို့ လူထုကို အသိပညာပေးနိုင်ပါတယ်။ ဒါဟာ AI နည်းပညာပိုင်းဆိုင်ရာ ကျင့်ဝတ်အခက်အခဲကို ဖြေရှင်းဖို့ နည်းပညာကို တန်ပြန်အသုံးပြုရာလည်း ရောက်ပါတယ်။ ဥပမာအနေနဲ့ လူမှုမီဒီယာတွေမှာ ပြန့်နေလေ့ရှိတဲ့ ဗွီဒီယို၊ အသံဖိုင်၊ စာသားတွေကို အတု၊အစစ် ခွဲခြားရာမှာ AI နည်းပညာကို အသုံးပြုလို့ရပါတယ်။ ဒီလို AI နည်းပညာတွေဟာ သတင်းအချက်အလက်တွေကို ဆန်းစစ်ရာမှာ ဘက်လိုက်မှုကင်းပြီး လူသားတွေထက် ပိုပြီး မြန်မြန်ဆန်ဆန်လည်း စစ်ဆေးပေးနိုင်ပါတယ်။ 

၃။ AI ကျင့်ဝတ်ဆိုင်ရာ အခြေခံမူများ

ကျင့်ဝတ်နဲ့ညီပြီး အချက်အလက်ပိုင်းဆိုင်ရာ တိကျသေချာမှုရှိတဲ့ AI စနစ်တွေကို တည်ဆောက်ဖို့ဆိုတာ ကိုယ်ရေးလုံခြုံမှု၊ ဘက်မလိုက်မှုနဲ့ ပွင့်လင်းမြင်သာမှုဆိုတဲ့ အချက်အလက်တွေအပေါ်မှာ မူတည်နေပါတယ်။ ဒါကြောင့်မို့ AI ကို အသုံးချတဲ့နေရာမှာ ကျင့်ဝတ်နဲ့ ညီတဲ့ အခြေခံမူဘောင်တွေကို ချမှတ်ဖို့ဟာ အလွန်အရေးကြီးလာပါတယ်။  

လူသားများ၊ လူမှု့အသိုင်းအဝိုင်းများနဲ့ သဘာဝပတ်ဝန်းကျင် ကောင်းကျိုးတို့အတွက် ရည်ရွယ်ထားတဲ့ AI စနစ်များကို ဖော်ဆောင်ရာမှာ အောက်ပါ စံတန်ဖိုးလေးခုကို အခြေခံအုတ်မြစ်အနေနဲ့ UNESCO က သတ်မှတ်ထားပါတယ်။

၁။ လူ့အခွင့်အရေး၊ လွတ်လပ်ခွင့်နဲ့ လူ့ဂုဏ်သိက္ခာကို လေးစားကာကွယ်ပြီး မြှင့်တင်ခြင်း

၂။ ငြိမ်းချမ်းပြီး တရားမျှတတဲ့ လူ့အဖွဲ့အစည်းတွေကို တည်ဆောက်ခြင်း

၃။ မတူကွဲပြားမှုတွေကို လက်ခံပြီး လူတိုင်းပါဝင်နိုင်အောင် ဆောင်ရွက်ခြင်း

၄။ သဘာဝပတ်ဝန်းကျင်နဲ့ ဂေဟစနစ်တွေ ရေရှည်ဖွံ့ဖြိုးတိုးတက်စေခြင်း

ဒီစံတန်ဖိုးတွေကို အခြေခံပြီး ဖွဲ့စည်းထားတဲ့ UNESCO ရဲ့ AI ကျင့်ဝတ်ဆိုင်ရာ အခြေခံမူ (၁၀) ချက်ကို အောက်မှာ လေ့လာဖတ်ရှုနိုင်ပါတယ်။

၁။ အလွန်အကျွံမဖြစ်စေရေးနဲ့ အန္တရာယ်မကျရောက်စေရေး

AI ကို အသုံးပြုရာမှာ ကျိုးကြောင်းဆီလျော်တဲ့ ရည်ရွယ်ချက် (legitimate aim) တစ်ခု ရှိဖို့ လိုပြီး ဒီရည်ရွယ်ချက်ကို ကျော်လွန်ပြီး AI ကို အသုံးပြုတာမျိုး မဖြစ်ဖို့လိုပါတယ်။ ဒီလို ကျော်လွန်ပြီး အသုံးပြုမိလို့ အန္တရာယ်ဖြစ်ပေါ်လာနိုင်ခြေတွေကို တားဆီးဖို့အတွက် ဖြစ်ပေါ်လာနိုင်တဲ့ အကျိုးဆက်တွေကို ကြိုတင် ဆန်းစစ်ထားဖို့လိုပါတယ်။

၂။ လုံခြုံမှု

မလိုလားအပ်တဲ့ အန္တရာယ်တွေနဲ့ အသုံးပြုနေတဲ့ AI စနစ်ကို တိုက်ခိုက်လို့ ရစေမယ့် အားနည်းချက်တွေကို ရှောင်ကွင်းဖြေရှင်းနိုင်ရပါမယ်။

၃။ ကိုယ်ရေးလုံခြုံမှုနှင့် ဒေတာကာကွယ်ရေး 

AI ကို အသုံးပြုနေတဲ့ တစ်လျှောက်လုံးမှာ ကိုယ်ရေးလုံခြုံမှုကို ကာကွယ်ပြီး ပိုပြီးလုံခြုံအောင် လုပ်ဆောင်ရပါမယ်။ ဒါ့အပြင် လုံလောက်တဲ့ ဒေတာကာကွယ်ရေး မူဘောင်တွေကိုလည်း တည်ဆောက်ထားရပါမယ်။

၄။ အဖွဲ့အစည်းများစွာ ပါဝင်တဲ့ အုပ်ချုပ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု 

ဒေတာအသုံးပြုရာမှာ နိုင်ငံတကာဥပဒေနဲ့ ကိုယ့်နိုင်ငံမှာ ပြဌာန်းထားတဲ့ ဥပဒေတွေကို လေးစားလိုက်နာရပါမယ်။ ဒါ့အပြင် AI ဥပဒေဆိုင်ရာအကြောင်းအရာတွေကို ဆွေးနွေးတဲ့အခါမှာ မတူကွဲပြားတဲ့ အဖွဲ့အစည်းတွေ ပါဝင်ဖို့ အထူး လိုအပ်ပါတယ်။

၅။ တာဝန်ယူမှုနဲ့ တာဝန်ခံမှု
AI စနစ်တွေကို (audit) စာရင်းစစ်လို့ရပြီး ခြေရာခံလို့ရရပါမယ်။ လူ့အခွင့်အရေးစံနှုန်းတွေနဲ့ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်အောင်လည်း အမြဲ စောင့်ကြည့်ပြီး စစ်ဆေးနေဖို့ သက်ရောက်မှုဆိုင်ရာ အကဲဖြတ်ရေး (impact assessment) နဲ့ စစ်ဆေးရေးစနစ် (due diligence mechanisms) တွေကို အထူးလိုအပ်ပါတယ်။

၆။ ပွင့်လင်းမြင်သာမှုနဲ့ ရှင်းလင်းပြနိုင်မှု (Transparency and Explainability – T&E )
AI ကို ကျင့်ဝတ်နဲ့အညီ အသုံးပြုနိုင်ဖို့ဆိုတာ ပွင့်လင်းမြင်သာရှိမှုနဲ့ ရှင်းလင်းပြနိုင်မှု (T&E) နဲ့ တိုက်ရိုက် သက်ဆိုင်နေပါတယ်။ ဒါပေမဲ့ ပွင့်လင်းမြင်သာရှိမှုနဲ့ ရှင်းလင်းပြနိုင်မှုဟာ နောက်ခံအခြေအနေတွေပေါ် မူတည်ပြီး အပြောင်းအလဲ ရှိနိုင်ပါတယ်။ ကိုယ်ရေးလုံခြုံမှုလိုမျိုး တခြားသော အခြေခံမူတွေနဲ့လည်း ကိုက်ညီအောင် ညှိုနှိုင်းစဉ်းစားဖို့လိုပါတယ်။

၇။ လူသားက နောက်ဆုံးဆုံးဖြတ်ခွင့်ရှိခြင်း
AI က ဘယ်လောက်ပဲ smart ဖြစ်နေပါစေ နောက်ဆုံး ဆုံးဖြတ်ချက်ကိုတော့ လူသားကပဲ ချမှတ်သင့်ပါတယ်။ အဓိကအချက်ကတော့ AI ဟာ လူသားတွေရဲ့ တာဝန်ယူမှုနဲ့ တာဝန်ခံမှုကို အစားထိုးမသွားဖို့ လိုအပ်ပါတယ်။

၈။ ရေရှည်တည်တံ့မှု
AI ကို သုံးတဲ့အခါမှာ ပတ်ဝန်းကျင်နဲ့ လူမှုဖွံ့ဖြိုးတိုးတက်မှုကို မထိခိုက်ဘဲ ရေရှည်တည်တံ့မှုကို  ဦးစားပေးသင့်ပါတယ်။ AI နည်းပညာတွေကို ဆန်းစစ်အကဲဖြတ်တဲ့အခါမှာ ရေရှည်တည်တံ့မှုအပေါ် AI ရဲ့ အကျိုးသက်ရောက်မှုကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။ 

၉။ အသိပညာနဲ့ AI စာတတ်မြောက်မှု

AI နဲ့ ဒေတာအကြောင်းကို လူထုက နားလည်နိုင်ဖို့ ပွင့်လင်းပြီး လက်လှမ်းမီတဲ့ ပညာရေး၊ ဒစ်ဂျစ်တယ်ကျွမ်းကျင်မှု၊ AI ကျင့်ဝတ်သင်တန်းတွေနှင့် မီဒီယာအသိပညာတွေကို မြှင့်တင်ရပါမယ်။

၁၀။ တရားမျှတမှုနဲ့ ခွဲခြားမှုမရှိရေး

AI ကို ဖန်တီးသူတွေနဲ့ အသုံးပြုသူတွေဟာ လူမှုတရားမျှတမှုနှင့် ခွဲခြားဆက်ဆံမှုမရှိစေဖို့ ကြိုးစားဆောင်ရွက်ရပါမယ်။ ဒါ့အပြင် AI ရဲ့ အကျိုးကျေးဇူးတွေကို လူတိုင်းလက်လှမ်းမီစေနိုင်ဖို့ အားလုံးပါဝင်တဲ့ ချဉ်းကပ်မှုမျိုးကို အသုံးပြုရပါမယ်။

၄။ ကျင့်ဝတ်နှင့်ညီသော AI အသုံးပြုမှုဆိုင်ရာ စစ်ဆေးရမည့်အချက်များ (Checklist)

လူမှုအကျိုးပြု ခေါင်းဆောင်တွေအနေနဲ့ စီမံကိန်းတွေ လုပ်နေစဉ်မှာ အချက်အလက်လုံခြုံမှု ရှိမရှိ၊ တိကျမှန်ကန်မှု ရှိမရှိနှင့် ရပ်ရွာလူထုအပေါ် ဘက်လိုက်မှု ကင်းရှင်းမှု ရှိမရှိတို့ကို စစ်ဆေးဖို့ လိုအပ်ပါတယ်။ ဒီအချက်အလက်တွေကို တစ်ချက်ချင်းစီအလိုက် အလွယ်တကူ စစ်ဆေးနိုင်ဖို့အတွက် လူမှုအကျိုးပြု ခေါင်းဆောင်များအတွက် တာဝန်သိသော AI အသုံးပြုမှုဆိုင်ရာ စစ်ဆေးရမည့်စာရင်းကို အောက်မှာ လေ့လာကြည့်ရအောင်။ 

ဇယား ၁။ လူမှုအကျိုးပြု ခေါင်းဆောင်များအတွက် တာဝန်သိသော AI အသုံးပြုမှုဆိုင်ရာ စစ်ဆေးခြင်း Checklist

နံပါတ်ကဏ္ဍစစ်ဆေးရမည့်အချက်လက်တွေ့လုပ်ဆောင်ရန် လမ်းညွှန်ချက်စစ်ဆေးပြီး [✓]
၁။မိဘပြည်သူများ၏ အချက်အလက်လုံခြုံရေးဒေသခံများ၏ ကိုယ်ရေးအချက်အလက်ကို ထိန်းသိမ်းရန်ရပ်ရွာလူထုရဲ့ နာမည်၊ ဖုန်းနံပါတ် သို့မဟုတ် ကိုယ်ရေးအချက်အလက်တွေကို AI ထဲ မထည့်ခင် ဖယ်ထုတ်ပါ။
မိမိသုံးမည့် AI tool မှ ချမှတ်ထားသည့် စည်းကမ်းချက်၊ သဘောတူညီချက်များကို သတိပြုရန်မိမိသုံးမယ့် AI tool ဟာ ရပ်ရွာအချက်အလက်တွေကို အလွဲသုံးစားမလုပ်ကြောင်း သို့မဟုတ် ခွင့်ပြုချက်မရှိဘဲ လေ့ကျင့်သင်ကြားရေး (Training) အတွက် သုံး၊ မသုံး ကြိုတင်လေ့လာထားပါ။
အချက်အလက် အနည်းဆုံးပဲ သုံးရန်ပရောဂျက်အတွက် မရှိမဖြစ်လိုအပ်တဲ့ အချက်အလက်လောက်ကိုပဲ AI ထဲ ထည့်သွင်းပါ။
၂။ အချက်အလက် တိကျမှန်ကန်မှုAI က ထွက်လာတဲ့ အချက်အလက်ကို ပြန်စစ်ရန်AI ဟာ တစ်ခါတရံ မှားယွင်းတတ်လို့ လူထုကို မချပြခင် ခိုင်လုံတဲ့ မူရင်းအရင်းအမြစ်တွေနဲ့ အမြဲတိုက်ဆိုင်စစ်ဆေးပါ။
Hallucinations များကို သတိပြုမိရန်AI က စာသားတွေ၊ အကိုးအကားတွေကို သူ့အလိုလို လုပ်ကြံဖန်တီးတတ်တာ (Hallucinations) ရှိလို့ သတိပြုပါ။
မူကြမ်းကို သိမ်းထားရန်AI အသုံးမပြုခင် မိမိတို့ကိုယ်တိုင် စဉ်းစားရေးသားထားတဲ့ ရပ်ရွာပရောဂျက် မူကြမ်းတွေကို မိမိရဲ့ ကိုယ်ပိုင်ဖိုင်များအဖြစ် သိမ်းဆည်းထားပါ။
၃။ဘက်လိုက်မှု ကင်းရှင်းရေးလူတိုင်း အကျုံးဝင်ပါဝင်နိုင်ကြောင်း သေချာစေရန်AI က ထုတ်ပေးတဲ့ အကြံဉာဏ်တွေဟာ ရပ်ရွာထဲက အုပ်စုတစ်ခုခု (ဥပမာ – လူနည်းစု သို့မဟုတ် အမျိုးသမီးများ) အပေါ် ဘက်လိုက်မှု ရှိမရှိ ဆန်းစစ်ပါ။
ဆန်ခါတင် စစ်ဆေးရန်AI ကို သင်ကြားပေးထားတဲ့ အချက်အလက်တွေမှာတင် ဘက်လိုက်မှုတွေ ပါနေနိုင်တာမို့ ထွက်လာတဲ့ ရလဒ်တွေကို လူမှုအကျိုးပြု ခေါင်းဆောင်တွေအနေနဲ့ သေချာစိစစ်ပါ။
၄။ရိုးသားဖြောင့်မတ်မှုကိုယ်ပိုင်ဖန်တီးမှု ဖြစ်စေရန်AI ထုတ်ပေးတဲ့ အစီရင်ခံစာတွေကို မိမိတို့က ကိုယ်ပိုင် ရာနှုန်းပြည့် ဖန်တီးထားတယ်ဆိုပြီး ရပ်ရွာလူထု ဒါမှမဟုတ် အလှူရှင်တွေကို မတင်ပြသင့်ပါ။
နယ်နိမိတ် သတ်မှတ်ပါရန်စာလုံးပေါင်း၊ သဒ္ဒါပြင်တဲ့ နေရာမျိုးမှာ AI ကို လွတ်လပ်စွာ သုံးနိုင်ပေမယ့်၊ အဓိက စိတ်ကူးစိတ်သန်းတွေကို AI နဲ့ ရေးဆွဲခဲ့ရင် အဖွဲ့ဝင်တွေကို ပွင့်ပွင့်လင်းလင်း ပြောပြထားပါ။
၅။ ပွင့်လင်းမြင်သာမှုAI သုံးထားကြောင်း အသိပေးရန်ပရောဂျက် အဆိုပြုလွှာ သို့မဟုတ် အစီရင်ခံစာရဲ့ နောက်ဆက်တွဲမှာ ဘယ် AI tool ကို သုံးထားတယ်ဆိုတာ ရပ်ရွာလူထုကို အသိပေးပါ။
ဓာတ်ပုံအသုံးပြုခွင့်လိုင်စင် သတိပြုရန်ရပ်ရွာစီမံကိန်းတွေရဲ့ ပိုစတာတွေမှာ AI က ထုတ်ပေးတဲ့ပုံကို သုံးရင် အခမဲ့သုံးခွင့်ရှိ၊ မရှိနဲ့ မူပိုင်ခွင့်ဆိုင်ရာ အချက်အလက်တွေကို စစ်ဆေးပါ။
၆။ လူသားမှ စီမံခန့်ခွဲမှုAI tool ရဲ့ အားသာချက်၊ အားနည်းချက်တွေကို ကြိုတင် လေ့လာရန်ပရောဂျက်မှာ အသုံးပြုမယ့် AI tool ရဲ့ ကန့်သတ်ချက်နဲ့ အားနည်းချက်တွေကို အခြေခံအဆင့် လေ့လာထားပါ။
လူသားကပဲ အဆုံးအဖြတ်ပေးရန်AI က ထုတ်ပေးတဲ့ မည်သည့်အရာကိုမဆို ရပ်ရွာထဲမှာ အမှန်တကယ် အသုံးမပြုခင် လူမှုအကျိုးပြုခေါင်းဆောင်တွေကပဲ ကိုယ်တိုင် ဖတ်ရှုစစ်ဆေးပြီး အတည်ပြုချက် ပေးပါ။
ရပ်ရွာလူထုအသံကို နားထောင်ရန်AI သုံးပြီး စီမံကိန်းများ လုပ်ဆောင်တဲ့အခါ ဘေးကင်းစိတ်ချရမှု ရှိ၊ မရှိနဲ့ ပတ်သက်လို့ ဒေသခံတွေရဲ့ တုံ့ပြန်အကြံပြုချက်တွေကို အမြဲရယူပါ။

References

  1. IBM Responsible Technology Board, Clark, B., & Kosinski, M. (2026, April 20). What is AI ethics? IBM. https://www.ibm.com/think/topics/ai-ethics 
  2. Coursera. (2025, May 14). AI ethics: What it is and why it matters. Coursera. https://www.coursera.org/in/articles/ai-ethics
  1. Harvard Division of Continuing Education. (2025, March 11). Ethics in AI: Why it matters. Harvard Professional & Executive Development. https://professional.dce.harvard.edu/blog/ethics-in-ai-why-it-matters/
  2. UNESCO. (n.d.). Recommendation on the ethics of artificial intelligence. UNESCO. Retrieved June 8, 2026, from https://www.unesco.org/en/artificial-intelligence/recommendation-ethics