ယနေ့ခေတ်မှာ AI ဟာ သတင်းအချက်အလက်တွေကို ဖန်တီး၊ ရယူပြီး မျှဝေတဲ့နေရာမှာ မရှိမဖြစ် အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့ပါပြီ။ ဆောင်းပါးတွေ ရေးသားတာ၊ တေးဂီတ ဖန်တီးတာကနေစလို့ အနုပညာလက်ရာတွေ ထုတ်လုပ်တာနဲ့ ကွန်ပျူတာ ကုဒ် (Code) တွေ ရေးသားတာအထိ ဖန်တီးမှုဆိုင်ရာနဲ့ ကျွမ်းကျင်မှုဆိုင်ရာ နယ်ပယ်အားလုံးနီးပါးမှာ AI နည်းပညာတွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြပြီ ဖြစ်ပါတယ်။
ဒီနည်းပညာတွေဟာ နေ့ည ၂၄ နာရီပတ်လုံး အလုပ်လုပ်နိုင်တာ၊ ထပ်တလဲလဲ လုပ်ရတဲ့ အလုပ်တွေကို လျှော့ချပေးနိုင်တာနဲ့ များပြားလှတဲ့ ဒေတာအချက်အလက်တွေကို အချိန်တိုအတွင်း ခွဲခြမ်းစိတ်ဖြာပေးနိုင်တာ စတဲ့ အားသာချက်တွေ ရှိနေပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာလည်း ဒီနည်းပညာတွေ တိုးတက်လာတာနဲ့အမျှ ရှုပ်ထွေးတဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာနဲ့ ဥပဒေဆိုင်ရာ မေးခွန်းတွေလည်း ပေါ်ပေါက်လာပါတယ်။
ဒီလို AI နဲ့ ပတ်သက်တဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာ၊ ဥပဒေပိုင်းဆိုင်ရာ ကိစ္စရပ်တွေအကြောင်း ပြောကြတဲ့နေရာမှာ ခိုးယူကူးချခြင်း (Plagiarism) နဲ့ မူပိုင်ခွင့် (Copyright) ဆိုတဲ့ ဝေါဟာရ နှစ်ခုအကြောင်း တွင်တွင်ကျယ်ကျယ် ပြောလေ့ရှိကြပါတယ်။ AI နဲ့ ဖန်တီးထားတဲ့ အကြောင်းအရာ (AI-generated content) တွေဟာ ကိုယ်တိုင်ဖန်တီးမှုနဲ့ ရှိနှင့်ပြီးသား လက်ရာတွေကို ပြန်လည်ကိုးကားပြီး ပြုပြင်ထားတာဖြစ်လို့ ခိုးယူကူးချခြင်း (Plagiarism) ဖြစ်၊ မဖြစ် ဆုံးဖြတ်ဖို့ ခက်ခဲလေ့ရှိပါတယ်။ ဒီလို သိမ်မွေ့တဲ့ အယူအဆပိုင်းဆိုင်ရာတွေအပြင်အခြားသူတွေရဲ့ မူပိုင်ခွင့်ဆိုင်ရာ ကြိုးပမ်းအားထုတ်မှုတွေကို လေးစားရင်း AI ကို ကျင့်ဝတ်နဲ့အညီ ဘယ်လို အသုံးချရမလဲဆိုတာကို ဆက်လက်လေ့လာကြရအောင်။
၁။ ခိုးယူကူးချခြင်း (Plagiarism)
ခိုးယူကူးချခြင်း (Plagiarism) ဆိုတာ အခြားသူတစ်ဦးရဲ့ လက်ရာ ဒါမှမဟုတ် စိတ်ကူးစိတ်သန်းတွေကို စနစ်တကျ အသိအမှတ်ပြု ကိုးကားခြင်း (Proper credit) မလုပ်ဘဲ၊ မိမိကိုယ်ပိုင် လက်ရာ ဒါမှမဟုတ် စိတ်ကူးအဖြစ် တင်ပြတာကို ဆိုလိုပါတယ်။ ပညာရပ်ဆိုင်ရာ၊ ကျွမ်းကျင်မှုဆိုင်ရာနဲ့ ဖန်တီးမှုဆိုင်ရာ နယ်ပယ်တွေမှာ ခိုးယူကူးချခြင်းကို ကိုယ်ကျင့်တရား ပျက်ပြားမှုအဖြစ် အထူးသတ်မှတ်ကြပါတယ်။ ခိုးယူကူးချခြင်းကြောင့် ကိုယ်တိုင် ကြိုးစားအားထုတ်မှုနဲ့ ရိုးသားမှုတို့ရဲ့ တန်ဖိုးကို ကျဆင်းစေပါတယ်။ ဥပမာအနေနဲ့ ကိုယ်ဟာ လုပ်ငန်းခွင်မှာ အကြံဉာဏ်တစ်ခု၊ ပြီးမြောက်ထားတဲ့ အလုပ်တစ်ခုခုကို တင်ပြတဲ့အခါ အဲ့ဒီအကြောင်းအရာဟာ ကိုယ့်ရဲ့ ကိုယ်ပိုင် အတွေးအခေါ်နဲ့ ကြိုးစားမှုတို့ရဲ့ ရလဒ် ဖြစ်တယ်ဆိုတဲ့ အခြေခံ မျှော်လင့်ချက်ဟာ အခြားသူတွေအားလုံးမှာ ရှိနှင့်နေတာဖြစ်ပါတယ်။ တကယ်လို့ ဒီအကြောင်းအရာဟာ ကိုယ့်ရဲ့ ကိုယ်ပိုင်စိတ်ကူးစိတ်သန်း၊ ကြိုးစားအားထုတ်မှုတို့ကြောင့် ရရှိထားတာ မဟုတ်ဘူးဆိုရင် အသိအမှတ်ပြု ကိုးကားခြင်း (Proper credit) ကို မဖြစ်မနေ လုပ်သင့်ပါတယ်။ ဒါမှသာ ခိုးယူကူးချခြင်း (Plagiarism) မမြောက်မှာ ဖြစ်ပါတယ်။
၁.၁။ အတွေ့ရများတဲ့ ခိုးယူကူးချခြင်း ပုံစံများ
လူအများစုက ပညာရပ် (academia) နယ်ပယ်မှာ စာတမ်းတစ်စောင်ကို “ခိုးယူတာ” လောက်ကိုပဲ ခိုးယူကူးချခြင်း (Plagiarism) လို့ သတ်မှတ်တတ်ကြပေမဲ့ Plagiarism ဟာ ပုံစံအမျိုးမျိုးနဲ့ ရှိနေနိုင်ပါတယ်။ အောက်မှာ အတွေ့ရများတဲ့ ခိုးယူကူးချခြင်း ပုံစံအချို့ကို ဖော်ပြထားပါတယ်။
- တိုက်ရိုက်ကူးယူခြင်း (Direct Copying): စာသားတွေ ဒါမှမဟုတ် ပုံတွေကို (ဥပမာ – Google Images မှ ဓာတ်ပုံတစ်ပုံကို ယူတာမျိုး) ခွင့်ပြုချက် ဒါမှမဟုတ် ရည်ညွှန်းကိုးကားချက် မပါဘဲ ယူသုံးတာမျိုး ဖြစ်ပါတယ်။
- ရည်ညွှန်းချက်မပါဘဲ သဘောတရားကို ပြောင်းလဲရေးသားခြင်း (Paraphrasing Without Attribution): စာပိုဒ်တစ်ခုကို ကိုယ့်ရဲ့ ကိုယ်ပိုင် စကားလုံးတွေနဲ့ ပြောင်းလဲရေးသားခဲ့ရင်တောင် ကိုယ်ဟာ အခြားသူတစ်ဦးရဲ့ ထူးခြားတဲ့ စိတ်ကူး ဒါမှမဟုတ် အတွေးအခေါ်ကို အသုံးပြုနေတာ ဖြစ်တဲ့အတွက်ကြောင့် မူရင်း (Source) ကို ကိုးကားခြင်းမပြုရင် ဒါဟာ ခိုးယူကူးချခြင်းပဲ ဖြစ်ပါတယ်။
- AI နဲ့ ဖန်တီးထားတဲ့ အကြောင်းအရာကို မိမိကိုယ်ပိုင်အဖြစ် တင်ပြခြင်း (Submitting AI-Generated Content as Your Own): ဆောင်းပါးတွေ ဒါမှမဟုတ် စာတမ်းတစ်ခုလုံးကို ရေးသားဖို့ AI Chatbot တွေကို အသုံးပြုတာမျိုး ဖြစ်ပါတယ်။ အကယ်၍ AI က ရေးသားထားတဲ့ စာတမ်းတစ်ခုကို တင်ပြပြီး ဒါကို မိမိကိုယ်တိုင် ရေးသားခဲ့တာပါလို့ ပြောရင် အခြားလူ ဒါမှမဟုတ် အခြားအဖွဲ့အစည်းတစ်ခုရဲ့ လက်ရာကို ကိုယ့်ရဲ့ ကိုယ်ပိုင်ဖန်တီးမှုအဖြစ် လိမ်လည်တင်ပြနေတာသာဖြစ်လို့ ဒါဟာ ခိုးယူကူးချခြင်းတစ်မျိုးသာလျှင် ဖြစ်ပါတယ်။
၁.၂။ AI နှင့် မရည်ရွယ်ဘဲ ခိုးယူမိခြင်း (AI and Unintentional Plagiarism)
တစ်ခါတလေမှာ AI နည်းပညာတွေရဲ့ လုပ်ဆောင်ပုံ သဘာဝကြောင့် မရည်ရွယ်ဘဲ ခိုးယူကူးချခြင်းကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။ Generative AI ဟာ အချက်အလက်တွေရဲ့ မူရင်း (Source) မဟုတ်ပါဘူး။ ရှိနှင့်ပြီးသား လူသားတွေ ဖန်တီးထားတဲ့ ဒေတာအစုအဝေးကြီး (Datasets) ထဲက အချက်အလက်အချို့ကို ပြန်လည်ထုတ်ပြပေးတာသာ ဖြစ်ပါတယ်။ ဒါကြောင့် AI ဟာ လူသားစာရေးဆရာတစ်ဦးရဲ့ စကားစု ဒါမှမဟုတ် သီးသန့်စိတ်ကူးတစ်ခုကို ရင်းမြစ်မပါဘဲ ထုတ်ပြပေးမိနိုင်ပါတယ်။
ဥပမာတစ်ခုကို လေ့လာကြည့်ကြရအောင်။ သမိုင်းဘာသာရပ်ဆိုင်ရာ စာတမ်းတစ်ခု ရေးသားဖို့အတွက် Chatbot တစ်ခုကို အသုံးပြုနေတဲ့ ကျောင်းသားတစ်ယောက်ဟာ AI ကို စက်မှုတော်လှန်ရေး (Industrial Revolution) ဖြစ်ပွားရတဲ့ အကြောင်းရင်းတွေအကြောင်း စာပိုဒ်တစ်ပိုဒ် ရေးပေးပါလို့ ခိုင်းလိုက်ပါတယ်။ ဒီကျောင်းသားဟာ AI က ရေးပေးလိုက်တဲ့ စာပိုဒ်ကို တိုက်ရိုက်ကူးယူပြီး စာတမ်းထဲ ထည့်လိုက်ပါတယ်။ ဒီစကားလုံးတွေကို ကိုယ်တိုင် ရေးသားခဲ့တာ မဟုတ်တဲ့အပြင် AI က ဖန်တီးပေးခဲ့တာကို ဖွင့်ဟဖော်ပြခြင်းလည်း မရှိတဲ့အတွက် ပညာရပ်ဆိုင်ရာ စည်းမျဉ်းများစွာအရ ဒီကျောင်းသားဟာ ခိုးယူကူးချခြင်း (Plagiarism) ကို ကျူးလွန်ခဲ့သူ ဖြစ်သွားပါတယ်။
၁.၃။ ခိုးယူကူးချခြင်း (Plagiarism) ကို စစ်ဆေးဖို့ အသုံးပြုနိုင်မယ့် Tools များ
က။ Plagiarism Checkers (ခိုးယူကူးချမှုကို စစ်ဆေးသည့် Tool)
ကျောင်းသူ၊ ကျောင်းသားတွေ တင်ပြလာတဲ့ စာတမ်းတွေထဲမှာဖြစ်ဖြစ်၊ မိမိကိုယ်တိုင် ရေးသားနေတဲ့ စာတမ်းတွေမှာဖြစ်ဖြစ် အခြားနေရာကနေ တိုက်ရိုက် ကူးယူထားတာမျိုး ရှိ၊ မရှိကို စစ်ဆေးဖို့အတွက် Turnitin, CopyLeaks, Grammarly (Plagiarism Checker) ဒါမှမဟုတ် အခမဲ့သုံးနိုင်တဲ့ SmallSEOTools စတဲ့ ဝဘ်ဆိုက်တွေကို အသုံးပြုနိုင်ပါတယ်။ အသုံးပြုပုံကတော့ စစ်ဆေးလိုတဲ့ စာသားတွေကို Copy ယူပြီး အဆိုပါဆိုက်တွေရဲ့ စာတန်းကွက်ထဲမှာ Paste လုပ်ကာ (သို့မဟုတ် Document ဖိုင်ကို Upload တင်ကာ) စစ်ဆေးနိုင်ပါတယ်။ သတိထားရမယ့် အချက်ကတော့ ဒီကိရိယာတွေဟာ အင်တာနက်ပေါ်က စာသားတွေနဲ့ တူညီမှု ရာခိုင်နှုန်း (Similarity Index) ကိုပဲ ပြသပေးတာ ဖြစ်ပါတယ်။ ဒါကြောင့် ရာခိုင်နှုန်း မြင့်နေရင်တောင် ကျောင်းသားက သေချာကိုးကားချက် (Citation) ထည့်ထားသလားဆိုတာကို ဆရာကိုယ်တိုင် ပြန်လည်ဆန်းစစ်ဖို့ လိုအပ်ပါတယ်။
ခ။ QuillBot (စာသားကို ပြန်လည်ပြုပြင်ရေးသားပေးသည့် Tool)
QuillBot ဟာ စာသားတွေကို ရှိပြီး အဓိပ္ပာယ်တွေကို မပျက်ပြယ်စေဘဲ စကားလုံးတွေကို ပြောင်းလဲ ရေးသားပေးတဲ့ (Paraphrasing) နေရာမှာ အလွန်အသုံးဝင်တဲ့ AI tool တစ်ခုဖြစ်ပါတယ်။ မိမိတို့ ဖတ်ရှုလိုက်တဲ့ မူရင်းစာတမ်းထဲက စိတ်ကူးကို ပိုမိုနားလည်လွယ်အောင် ဒါမှမဟုတ် မိမိတို့ရဲ့ ကိုယ်ပိုင်အရေးအသားပုံစံ ဖြစ်သွားအောင် QuillBot ရဲ့ Paraphraser ကို သုံးနိုင်ပါတယ်။ ဒါပေမဲ့ QuillBot က ပြောင်းလဲပေးလိုက်တဲ့ စာသားကို သုံးတဲ့အခါမှာတော့ မူရင်းအတွေးအခေါ် ပိုင်ရှင်ကို မဖြစ်မနေ ကိုးကားချက် (Citation) ထည့်သွင်းပေးရပါမယ်။
၂။ မူပိုင်ခွင့်နဲ့ ပိုင်ဆိုင်ခွင့်ကို နားလည်ခြင်း (Understanding Copyright and Ownership)
ခိုးယူကူးချခြင်း (Plagiarism) ဟာ ကိုယ်ကျင့်တရားဆိုင်ရာ ကိစ္စရပ်ဖြစ်ပေမဲ့ မူပိုင်ခွင့် (Copyright) ကတော့ ဉာဏပစ္စည်း (Intellectual property) နဲ့ သက်ဆိုင်တဲ့ ဥပဒေဆိုင်ရာ ကိစ္စဖြစ်ပါတယ်။ မူပိုင်ခွင့်ဟာ မူရင်းလက်ရာတွေကို ဥပဒေအရ အကာအကွယ်ပေးထားပြီး ဖန်တီးသူကို အဲ့ဒီလက်ရာကို ဘယ်လိုအသုံးပြုနိုင်လဲဆိုတဲ့ သီးသန့်အခွင့်အရေးတွေကို ပေးအပ်ထားပါတယ်။
ဉာဏပစ္စည်း (Intellectual property) ဆိုတာ လူသားတွေရဲ့ ဦးနှောက်ဉာဏ်ရည်၊ စိတ်ကူးစိတ်သန်းနဲ့ တီထွင်ဖန်တီးနိုင်စွမ်းတို့ကြောင့် ထွက်ပေါ်လာတဲ့ ဒြပ်မဲ့ပိုင်ဆိုင်မှုတွေကို ဆိုလိုတာပါ။ မိမိတို့မှာရှိတဲ့ မြေယာတွေ၊ အဆောက်အအုံတွေလို ဒြပ်ရှိပစ္စည်းတွေကို ဥပဒေအရ ကာကွယ်ပိုင်ဆိုင်ခွင့် ရှိသလိုမျိုးပဲ၊ လူသားတွေရဲ့ ဉာဏ်ပညာနဲ့ ဖန်တီးထားတဲ့ မူရင်းလက်ရာတွေကိုလည်း ဉာဏပစ္စည်းဆိုင်ရာ ဥပဒေတွေနဲ့ စနစ်တကျ အကာအကွယ်ပေးထားတာ ဖြစ်ပါတယ်။
ဒီလို ဉာဏပစ္စည်း ကာကွယ်မှုတွေထဲကမှ မူပိုင်ခွင့် (Copyright) ဆိုတာကတော့ မူရင်းလက်ရာတွေကို ဥပဒေအရ အကာအကွယ်ပေးထားပြီး၊ ဖန်တီးသူမှာ အဲဒီလက်ရာနဲ့ ပတ်သက်ပြီး အသုံးချခွင့်တွေကို ကန့်သတ်နိုင်တဲ့ သီးသန့်အခွင့်အရေးတွေကို ပေးအပ်ထားတာပါ။ မူပိုင်ခွင့်ဟာ အောက်မှာ ဖော်ပြထားတာတွေ အပါအဝင် ဖန်တီးမှုဆိုင်ရာ အကြောင်းအရာ အမျိုးမျိုးနဲ့ သက်ဆိုင်ပါတယ်။
- စာအုပ်တွေ၊ ဆောင်းပါးတွေနဲ့ ပန်းချီကားတွေ
- ဓာတ်ပုံတွေ၊ ရုပ်ရှင်ဗီဒီယိုတွေနဲ့ အသံသွင်းထားတာတွေ
- ကွန်ပျူတာ ကုဒ်တွေနဲ့ ဗိသုကာလက်ရာ ပုံစံဒီဇိုင်းတွေ
၂.၁။ ခိုးယူကူးချခြင်း (Plagiarism) နှင့် မူပိုင်ခွင့် ချိုးဖောက်ခြင်း (Copyright Infringement)
ခိုးယူကူးချခြင်း (Plagiarism) နှင့် မူပိုင်ခွင့် ချိုးဖောက်ခြင်း (Copyright Infringement) ဆိုတာ ဘယ်လိုအဓိပ္ပာယ်မျိုး ရှိလဲဆိုတာကို လေ့လာကြည့်ရအောင်။
- ခိုးယူကူးချခြင်း (Plagiarism) ဟာ ရိုးသားမှုနဲ့ သက်ဆိုင်ပါတယ်။ အကယ်၍ ရှိတ်စပီးယားရဲ့ ပြဇာတ်တစ်ခုကို မိမိကိုယ်တိုင် ရေးသားခဲ့တာပါလို့ ပြောရင် သင်ဟာ ခိုးယူကူးချခြင်းကို ကျူးလွန်ရာရောက်ပါတယ်။
- မူပိုင်ခွင့် ချိုးဖောက်ခြင်း (Copyright Infringement) ကတော့ ဥပဒေနဲ့ သက်ဆိုင်ပါတယ်။ ဥပမာအနေနဲ့ ခေတ်ပေါ် ပေါ့ပ်သီချင်းတစ်ပုဒ် ဒါမှမဟုတ် မူပိုင်ခွင့်ရှိတဲ့ ဓာတ်ပုံတစ်ပုံကို ပိုင်ရှင်ရဲ့ ခွင့်ပြုချက် ဒါမှမဟုတ် တရားဝင် လိုင်စင်မရှိဘဲ အသုံးပြုတဲ့အခါမျိုးမှာ (ကိုယ်က ရည်ညွှန်းကိုးကားချက် ပေးထားခဲ့ရင်တောင်) ဒါဟာ မူပိုင်ခွင့် ချိုးဖောက်ခြင်း ဖြစ်ပါတယ်။
၂.၂။ မြန်မာနိုင်ငံရှိ မူပိုင်ခွင့်ဥပဒေ
မြန်မာနိုင်ငံမှာ ယခင်က ၁၉၁၄ ခုနှစ် အင်္ဂလိပ်ခေတ်ကတည်းက ပြဋ္ဌာန်းခဲ့တဲ့ မူပိုင်ခွင့် အက်ဥပဒေဟောင်းကို ရာစုနှစ်တစ်ခုကျော်ကြာ အသုံးပြုခဲ့ကြပေမဲ့ ခေတ်မီသော မူပိုင်ခွင့်စနစ်တစ်ရပ်ကို တည်ဆောက်ဖို့နဲ့ ဒစ်ဂျစ်တယ်လက်ရာတွေ အပါအဝင် စာပေ၊ အနုပညာနဲ့ အခြားဖန်တီးမှုလက်ရာတွေကို ပိုမိုထိရောက်စွာ ကာကွယ်နိုင်ဖို့အတွက် မြန်မာနိုင်ငံ မူပိုင်ခွင့်ဥပဒေ (The Copyright Law) အသစ်ကို ၂၀၁၉ ခုနှစ်မှာ အတည်ပြုပြဋ္ဌာန်းခဲ့ပြီး ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့မှာတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တရားဝင် စတင်အသက်ဝင်ခဲ့ပါတယ်။
ဒီဥပဒေအရ စာပေ ဒါမှမဟုတ် အနုပညာလက်ရာတစ်ခုကို ဖန်တီးပြီး ဒြပ်ထည်တစ်ခုခုအဖြစ် ပုံဖော်လိုက်တာနဲ့ မူပိုင်ခွင့်ရုံးမှာ မှတ်ပုံတင်ထားသည်ဖြစ်စေ၊ မထားသည်ဖြစ်စေ ဥပဒေအရ မူပိုင်ခွင့် အလိုအလျောက် စတင်ရရှိပါတယ်။ အထွေထွေ စာပေနဲ့ အနုပညာ လက်ရာတွေအတွက် မူပိုင်ခွင့်သက်တမ်းဟာ ဖန်တီးသူ လူသားအသက်ထင်ရှားရှိသရွေ့ ကာလအပြင် ၎င်းကွယ်လွန်ပြီးနောက် နှစ်ပေါင်း (၅၀) အထိ ဆက်လက်တည်ရှိပြီး ဥပဒေအရ ကာကွယ်ပေးထားပါတယ်။ ဓာတ်ပုံနဲ့ ရုပ်ရှင်ဗီဒီယိုတွေအပါအဝင် အချို့သောလက်ရာအမျိုးအစားတွေအတွက်ကတော့ ဥပဒေက သတ်မှတ်ထားတဲ့အတိုင်း လက်ရာထုတ်ဝေတဲ့နှစ်ကစပြီး နှစ်ပေါင်း (၅၀) အထိ ကာကွယ်ပေးထားပါတယ်။
ထို့ပြင် ဥပဒေအရ ဖန်တီးသူဟာ မိမိလက်ရာကို ပုံနှိပ်ခြင်း၊ ရောင်းချခြင်း၊ လိုင်စင်လွှဲပြောင်းခြင်းတို့ လုပ်နိုင်တဲ့ “စီးပွားရေးဆိုင်ရာ အခွင့်အရေး (Economic Rights)” ကို ရရှိသလို၊ ငွေကြေးနဲ့ လွှဲပြောင်းလို့မရဘဲ မိမိအမည်ကို ဖန်တီးသူအဖြစ် အမြဲဖော်ပြခွင့်နဲ့ လက်ရာပုံဖျက်ခြင်း၊ ဂုဏ်သိက္ခာထိခိုက်စေတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ကန့်ကွက်နိုင်တဲ့ “နာမ်ပိုင်းဆိုင်ရာ အခွင့်အရေး (Moral Rights)” ကိုလည်း ရရှိမှာ ဖြစ်ပါတယ်။
တစ်ဖက်တွင်လည်း ဤဥပဒေအသစ်အရ မူပိုင်ခွင့်ကို စီးပွားဖြစ် တရားမဝင် ချိုးဖောက်ကြောင်း ထင်ရှားလျှင် တရားမကြောင်းအရ နစ်နာကြေးပေးရုံတင်မကဘဲ ပြစ်မှုကြောင်းအရပါ ထိရောက်စွာ အရေးယူခံရနိုင်ပြီး၊ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ထောင်ဒဏ်၊ ငွေဒဏ် သို့မဟုတ် ဒဏ်နှစ်ရပ်လုံး ချမှတ်ခံရနိုင်ပါတယ်။
၂.၃။ ပိုင်ဆိုင်ခွင့်နဲ့ AI (Ownership and AI)
AI နဲ့ ဖန်တီးထားတဲ့ အကြောင်းအရာကို ဘယ်သူက ပိုင်ဆိုင်သလဲ ဆိုတဲ့ မေးခွန်းဟာ လက်ရှိမှာ ဥပဒေကြောင်းအရ အဓိက ဆွေးနွေးငြင်းခုံနေရတဲ့ အကြောင်းအရာ ဖြစ်ပါတယ်။
လက်ရှိမှာ AI ကိုယ်တိုင်ဟာ လက်ရာတစ်ခုရဲ့ တရားဝင် ပိုင်ရှင် ဒါမှမဟုတ် “ဖန်တီးသူ” မဖြစ်နိုင်ပါဘူး။ ဥပမာအားဖြင့် DABUS အမှုအကြောင်း လေ့လာကြည့်ရအောင်။ DABUS အမှု ဆိုတာကတော့ လူမဟုတ်တဲ့ AI စနစ်တစ်ခုကို တီထွင်သူ (Inventor) အဖြစ် တရားဝင် သတ်မှတ်ပေးလို့ ရ၊ မရဆိုတာကို ကမ္ဘာ့တရားရုံးတွေမှာ စိန်ခေါ်ခဲ့တဲ့ သမိုင်းဝင်အမှု ဖြစ်ပါတယ်။ အမေရိကန် သုတေသီ Dr. Stephen Thaler က သူတည်ဆောက်ထားတဲ့ ကိုယ်တိုင် အလိုအလျောက် စဉ်းစားတွေးခေါ်တဲ့ DABUS ဆိုတဲ့ AI စနစ်ကို သုံးပြီး တီထွင်ထားတဲ့ စားသောက်ကုန်ထည့်တဲ့ ဗူးဒီဇိုင်းတစ်မျိုးနဲ့ မီးအချက်ပြ ကိရိယာတစ်ခုတို့ကို ကမ္ဘာ့နိုင်ငံအနှံ့မှာ မူပိုင်ခွင့် (Patent) လျှောက်ထားခဲ့တာပါ။ အမေရိကန်၊ ဗြိတိန်၊ ဥရောပနဲ့ အိန္ဒိယ အပါအဝင် နိုင်ငံအများစုက ဥပဒေအရ တီထွင်သူဆိုတာ သဘာဝလူသား (Natural Person) သာ ဖြစ်ရမယ်လို့ ဆိုကာ ပြတ်ပြတ်သားသား ပယ်ချခဲ့ပြီး တောင်အာဖရိက နိုင်ငံတစ်ခုတည်းကသာ ထူးခြားချက်အနေနဲ့ လက်ခံခဲ့ပါတယ်။ ဒီအမှုဟာ လက်ရှိ ၂၀၂၆ ခုနှစ်အထိ နိုင်ငံတကာ မူပိုင်ခွင့်ဥပဒေတွေမှာ လူသားတွေကိုသာ အဓိက အသိအမှတ်ပြုထားဆဲ ဖြစ်တယ်ဆိုတာကို ပြသနေတဲ့ အဓိက သာဓကတစ်ခု ဖြစ်ပါတယ်။
ပိုင်ဆိုင်ခွင့် (Ownership) ဆိုတာဟာ လူသားရဲ့ ပါဝင်ပတ်သက်မှု ပမာဏပေါ်မှာ အများကြီး မူတည်နေပါတယ်။ အကယ်၍ လူတစ်ဦးဟာ အသေးစိတ်ကျတဲ့ ညွှန်ကြားချက် (Prompt) ကို အသုံးပြုပြီး ထူးခြားတဲ့ ကျွမ်းကျင်မှု၊ ဆုံးဖြတ်ချက်နဲ့ ဖန်တီးနိုင်စွမ်းတို့ကို အသုံးပြုခဲ့ရင် ထိုလူသားကို မူရင်းဖန်တီးသူအဖြစ် သတ်မှတ်နိုင်ပါတယ်။ ဒါပေမဲ့ ရှိနှင့်ပြီးသား လက်ရာတစ်ခုကို အသေးအဖွဲလေး ပြင်ဆင်ဖို့အတွက် ကွန်ပျူတာကို အသုံးပြုတတ်ရုံနဲ့တော့ လက်ရာအသစ်တစ်ခုကို ပိုင်ဆိုင်ပါတယ်ဆိုပြီး မူပိုင်ခွင့်ကို အလိုအလျောက် ရရှိနိုင်မှာတော့ မဟုတ်ပါဘူး။
၃။ AI ဖြင့် ဖန်တီးထားသော အချက်အလက်များကို မရည်ရွယ်ဘဲ ကူးယူခိုးချမိခြင်း
AI က စာသား၊ ရုပ်ရှင်၊ သီချင်းတစ်ခုခုကို “ဖန်တီး” လိုက်ပြီ ဆိုပါစို့။ AI ဖန်တီးပေးထားတာ ဖြစ်တဲ့အတွက် ဒီစာသား၊ ရုပ်ရှင်၊ သီချင်းတွေဟာ အလိုအလျောက် မူရင်းလက်ရာ ဖြစ်တယ် ဒါမှမဟုတ် အခမဲ့ အသုံးပြုနိုင်တယ်လို့ ထင်မြင်ယူဆတာဟာ မှားယွင်းတဲ့ အယူအဆ ဖြစ်ပါတယ်။ အတည်ပြုချက်မရှိဘဲ AI က ထွက်ပေါ်လာတဲ့ ရလဒ်တွေအပေါ် အလွန်အကျွံ အားကိုးခြင်းဟာ အန္တရာယ်များစွာကို ဖြစ်စေနိုင်ပါတယ်။
၃.၁။ မူပိုင်ခွင့်ရှိပြီးသား အကြောင်းအရာတွေကို ပြန်လည်ထုတ်လုပ်မိခြင်း
AI တွေဟာ ရှိနှင့်ပြီးသား အချက်အလက်တွေကနေ သင်ယူထားတာဖြစ်တဲ့အတွက် မူပိုင်ခွင့်ရှိတဲ့ လက်ရာတစ်ခုကို သိသိသာသာ ထပ်တူကျအောင် ပြန်လည်ထုတ်လုပ်ပေးမိနိုင်ပါတယ်။ အကယ်၍ ကိုယ်က ဒီအကြောင်းအရာကို အများသူငှာတွေဆီ ထုတ်ဝေမိလိုက်ရင် မရည်ရွယ်ဘဲ မူပိုင်ခွင့် ချိုးဖောက်မှုအတွက် ဥပဒေကြောင်းအရ အကျိုးဆက်တွေကို ရင်ဆိုင်ရနိုင်ပါတယ်။
AI တွေဟာ မမှန်ကန်တဲ့၊ ဘက်လိုက်မှုရှိတဲ့ ဒါမှမဟုတ် လုံးဝ လုပ်ကြံဖန်တီးထားတဲ့ အချက်အလက်တွေကို ထုတ်လုပ်တတ်ပါတယ်။ ဥပမာတွေကို လေ့လာကြည့်ရအောင်။
- လုပ်ကြံဖန်တီးထားတဲ့ ကိုးကားချက်များ – AI ဟာ အမှန်တကယ် မရှိဘဲနဲ့ အဟုတ်အမှန်လို ထင်ရတဲ့ ကိုးကားချက် ဒါမှမဟုတ် သိပ္ပံနည်းကျ ရည်ညွှန်းချက်တစ်ခုကို လုပ်ကြံဖန်တီးပေးနိုင်ပါတယ်။
- ခေတ်နောက်ကျတဲ့ အချက်အလက်များ – AI တွေမှာ သူတို့ရဲ့ လေ့ကျင့်သင်ကြားမှုအတွက် သတ်မှတ်ရက်စွဲတွေ (Cutoff dates) ရှိတတ်ကြပါတယ်။ ဆိုလိုတာကတော့ AI တွေဟာ သူတို့ကို လေ့ကျင့်သင်ကြားခဲ့တဲ့ ခုနှစ်က အကြောင်းအရာတွေကိုသာ သိမှာဖြစ်ပြီး လတ်တလော ဖြစ်ရပ်တွေကို သိရှိနိုင်မှာ မဟုတ်ပါဘူး။
- ဆင်ခြင်တွေးခေါ်ခြင်း (Logic) ကင်းမဲ့ခြင်း – AI မှာ လူသားတွေရဲ့ ခံစားချက်နဲ့ စစ်မှန်တဲ့ ဖန်တီးနိုင်စွမ်း မရှိပါဘူး။ AI ဟာ ကမ္ဘာလောကကို အမှန်တကယ် နားလည်တာထက် သင်္ချာဆိုင်ရာ ပုံစံ (Pattern) တွေပေါ်မှာ အခြေခံပြီး ဆုံးဖြတ်ချက်တွေ ချမှတ်တာသာ ဖြစ်ပါတယ်။
၃.၂။ အတည်မပြုရသေးတဲ့ AI အကြောင်းအရာတွေကို အသုံးပြုခြင်းဆိုင်ရာ အကျိုးဆက်များ
AI ကို တာဝန်ယူမှုမရှိဘဲ အလွဲသုံးမိပါက ပညာရပ်ဆိုင်ရာ၊ လုပ်ငန်းခွင်ဆိုင်ရာနှင့် ဥပဒေကြောင်းအရ ကြီးမားသော ထိခိုက်နစ်နာမှုများကို ရင်ဆိုင်ရနိုင်ပါသည်။ ကျောင်းသူ၊ ကျောင်းသားတွေအနေနဲ့ မူရင်းမဟုတ်တဲ့ စာတမ်းတွေကို တင်ပြမိတဲ့အခါ အမှတ်လျှော့ခံရတာ ဒါမှမဟုတ် စည်းကမ်းပိုင်းဆိုင်ရာ အရေးယူမှုတွေကို ရင်ဆိုင်ရနိုင်တဲ့ ပညာရပ်ဆိုင်ရာ အပြစ်ပေးမှုများ ရှိလာနိုင်ပါတယ်။ ဒါ့အပြင် ဘက်လိုက်တဲ့ ဒါမှမဟုတ် မှားယွင်းတဲ့ အချက်အလက်တွေကို အချက်အလက်အမှန်အဖြစ် တင်ပြမိရင်လည်း လုပ်ငန်းခွင်မှာ အလုပ်ရှင်တွေက ကိုယ့်ကို မယုံကြည်တော့တဲ့အထိ ဂုဏ်သိက္ခာ ထိခိုက်မှုတွေ ကြုံတွေ့ရနိုင်ပါတယ်။ ကိုယ်က AI နဲ့ ဖန်တီးလိုက်တဲ့အရာတွေဟာ ရှိနှင့်ပြီးသား ပစ္စည်းတွေရဲ့ မူပိုင်ခွင့်တွေကို သွားရောက်ချိုးဖောက်မိတဲ့ ကိစ္စမျိုး ဖြစ်လာရင်လည်း တရားစွဲဆိုခံရတဲ့အထိ ဥပဒေကြောင်းအရ အရေးယူခံရမှုတွေကိုပါ ရင်ဆိုင်ရနိုင်ပါတယ်။
ဥပမာအနေနဲ့ စီးပွားရေးလုပ်ငန်းတစ်ခုဟာ စျေးကွက်ရှာဖွေရေး ဆောင်ပုဒ် (Slogan) တစ်ခုကို ထုတ်လုပ်ဖို့ AI ကို အသုံးပြုမိနိုင်ပါတယ်။ အကယ်၍ AI က ထုတ်ပေးလိုက်တဲ့ ဆောင်ပုဒ်ဟာ အခြားကုမ္ပဏီတစ်ခုက ကုန်အမှတ်တံဆိပ် (Trademark) မှတ်ပုံတင်ထားပြီးသား ဖြစ်နေခဲ့ရင် ဒီစကားစုဟာ မူရင်းမဟုတ်ကြောင်း မသိရှိခဲ့ရင်တောင် ဒီစီးပွားရေးလုပ်ငန်းဟာ ကုန်ကျစရိတ်ကြီးမားတဲ့ ဥပဒေကြောင်းအရ တရားစွဲဆိုမှုတွေကို ရင်ဆိုင်ရနိုင်ပါတယ်။
၄။ AI နဲ့ ဖန်တီးထားတဲ့ လက်ရာတွေကို ကိုးကားခြင်းနဲ့ ရည်ညွှန်းခြင်း
ပညာရပ်ဆိုင်ရာ ဂုဏ်သိက္ခာနဲ့ ပွင့်လင်းမြင်သာမှုရှိကြောင်း သက်သေခံဖို့အတွက် ကိုယ်ရေးသား ဖန်တီးထားတဲ့ လက်ရာတွေမှာ AI ကို ဘယ်အချိန်နဲ့ ဘယ်လို အသုံးပြုခဲ့လဲဆိုတာကို ပြသထားဖို့ လိုအပ်ပါတယ်။ ဥပမာ AI ကို အစီအစဉ်ဆွဲတာ ဒါမှမဟုတ် စိတ်ကူးစိတ်သန်းတွေကို ရုပ်လုံးပေါ်လာအောင် မူကြမ်းရေးတာ စသဖြင့် အဓိကကျတဲ့ နေရာတွေမှာ အသုံးပြုခဲ့ရင် AI အသုံးပြုထားကြောင်းကို အသိအမှတ်ပြု ဖော်ပြသင့်ပါတယ်။ သို့သော်လည်း အခြေခံ သဒ္ဒါစစ်ဆေးတာ ဒါမှမဟုတ် ဆောင်းပါးရှည်တစ်ခုကို အကျဉ်းချုပ်ခိုင်းတာလိုမျိုး အသေးအဖွဲ အသုံးပြုမှုအချို့အတွက်ကတော့ ကိုယ့်ရဲ့ ကျောင်း၊ အဖွဲ့အစည်းရဲ့ စည်းမျဉ်းတွေပေါ်မူတည်ပြီး တရားဝင် ကိုးကားချက် မလိုအပ်တာမျိုးလည်း ဖြစ်နေနိုင်ပါတယ်။
AI ကို တက္ကသိုလ်ကျောင်းတွေမှာ စာတမ်းရေးတဲ့အခါနဲ့ အခြားသောကိစ္စရပ်တွေမှာ ဘယ်လို ကိုးကားလို့ ရမလဲဆိုတာကို အောက်မှာ လေ့လာကြည့်ရအောင်။
- APA ပုံစံဖြင့် ကိုးကားခြင်း
OpenAI. (2023). ChatGPT (Mar 14 version) [Large language model]. [https://chat.openai.com](https://chat.openai.com).
- MLA ပုံစံဖြင့် ကိုးကားခြင်း
“Explain the concept of AI bias” prompt. ChatGPT, OpenAI, 10 Mar. 2026, [https://chat.openai.com/](https://chat.openai.com/).
- IEEE နှင့် Chicago ပုံစံဖြင့် ကိုးကားခြင်း
ဒီပုံစံတွေကတော့ AI အသုံးပြုမှုကို ကျေးဇူးတင်လွှာကဏ္ဍ (Acknowledgments section) ဒါမှမဟုတ် အောက်ခြေမှတ်စု (Footnote) မှာ ဖော်ပြဖို့၊ AI ကို အသုံးပြုခဲ့တဲ့ သီးသန့်အပိုင်းတွေနဲ့ ပါဝင်ပတ်သက်မှု ပမာဏကို ခွဲခြားသတ်မှတ်ပြဖို့ လိုအပ်ပါတယ်။
ဒါ့အပြင် နောက်ဆက်တွဲ (Appendix) တစ်ခုကို ထည့်သွင်းခြင်းကိုလည်း ပြုလုပ်လို့ရပါတယ်။ နောက်ဆက်တွဲ (Appendix) မှာ အောက်ပါတို့ကို ထည့်နိုင်ပါတယ်။
- AI ရဲ့ အမည်နဲ့ ဗားရှင်း (ဥပမာ – Microsoft Copilot GPT-4)
- ၎င်းကို ဖန်တီးခဲ့တဲ့ ကုမ္ပဏီ (ဥပမာ – OpenAI)
- ၎င်းကို ကိုယ် ဘယ်လို အသုံးပြုခဲ့လဲဆိုတဲ့ အကျဉ်းချုပ် ဖော်ပြချက် (ဥပမာ – အကြမ်းဖျင်း ပုံကြမ်းကို စဉ်းစားရာမှာ ကူညီဖို့ အသုံးပြုခဲ့ပါတယ်)
သတိပြုရမှာကတော့ ကိုယ်ဟာ AI ကို အသုံးပြုခဲ့ရင်တောင် ကိုယ်နောက်ဆုံးတင်ပြလိုက်တဲ့ လက်ရာ၊ စာတမ်းအတွက် ကိုယ့်မှာပဲ တာဝန်ရှိနေဆဲ ဖြစ်ပါတယ်။ AI က ပေးထားတဲ့ အချက်အလက်တိုင်းကို သေချာ ဝေဖန်ဆန်းစစ်ရမှာဖြစ်ပြီး ယုံကြည်စိတ်ချရတဲ့ ရင်းမြစ်တွေနဲ့ တိုက်ဆိုင်ပြီး အချက်အလက်အားလုံးကို အတည်ပြုစစ်ဆေးရပါမယ်။
၅။ မူပိုင်ခွင့် ကင်းလွတ်တဲ့ ဓာတ်ပုံများနှင့် အရင်းအမြစ်များ (Copyright-Free Images and Resources)
ဒစ်ဂျစ်တယ် အကြောင်းအရာတွေကို ဖန်တီးတဲ့အခါ “ဓာတ်ပုံခိုးယူကူးချခြင်း” ကို အခုအခါမှာ ယခင်ကထက် ပိုပြီး လွယ်ကူစွာ ထောက်လှမ်းသိရှိနိုင်ပြီ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဥပဒေအရ လွတ်လပ်စွာ အသုံးပြုခွင့်ပေးထားတဲ့ ဓာတ်ပုံနဲ့ ရင်းမြစ်တွေကိုသာ ရွေးချယ်အသုံးပြုသင့်ပါတယ်။
၅.၁။ ဥပဒေအရ လွတ်လပ်စွာ အသုံးပြုခွင့်ပေးထားတဲ့ အရင်းအမြစ် အမျိုးအစားများ
- Public Domain (အများပြည်သူဆိုင်ရာ နယ်ပယ်) – ဒီအရာတွေဟာ မူပိုင်ခွင့် သက်တမ်းကုန်ဆုံးသွားတဲ့ ဒါမှမဟုတ် မူပိုင်ခွင့် လုံးဝမရှိခဲ့တဲ့ လက်ရာများ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှာ လွန်ခဲ့တဲ့ ၉၅ နှစ်ကျော်က (၁၉၃၀ မတိုင်မီ) ထုတ်ဝေခဲ့တဲ့ လက်ရာတွေဟာ ပုံမှန်အားဖြင့် Public Domain ထဲကို ရောက်ရှိသွားပါတယ်။
- Openly Licensed Materials – Creative Commons (CC) လိုင်စင်တွေဟာ ဖန်တီးသူတွေအနေနဲ့ ၎င်းတို့ရဲ့ လက်ရာတွေကို အများပြည်သူထံ သတ်မှတ်ထားတဲ့ အခြေအနေတွေအောက်မှာ (ဥပမာ ရည်ညွှန်းကိုးကားချက် (Credit) ပေးပြီးတော့) အသုံးပြုခွင့်ပေးထားပါတယ်။ Creative Commons (CC) လိုင်စင်တွေအကြောင်းကို သီးခြားခေါင်းစဉ်တစ်ခုအဖြစ် အောက်မှာ ဖော်ပြပေးထားလို့ အသေးစိတ် ဆက်လက်လေ့လာလို့ရပါတယ်။
- အခမဲ့ စတော့ခ် ဝဘ်ဆိုက်များ (Free Stock Websites) – စီးပွားရေးဆိုင်ရာ အသုံးပြုမှုအတွက်ပါ အခမဲ့ဖြစ်တဲ့ အရည်အသွေးမြင့် ပုံရိပ်တွေကို အောက်ပါ ဝဘ်ဆိုက်တွေကနေတစ်ဆင့် ဒေါင်းလုပ်ဆွဲပြီး အသုံးပြုနိုင်ပါတယ်။
- Pixabay (https://pixabay.com/) နှင့် Pexels (https://www.pexels.com/) – မည်သည့် ကန့်သတ်ချက်မှမရှိဘဲ လုံးဝ အခမဲ့ဖြစ်တဲ့ ဓာတ်ပုံနဲ့ ဗီဒီယို သန်းပေါင်းများစွာကို ပေးဆောင်ထားပါတယ်။
- Unsplash (https://unsplash.com/) – အရည်အသွေးမြင့် ဓာတ်ပုံတွေရှိတဲ့ ကြီးမားတဲ့ စာကြည့်တိုက်ကြီး ဖြစ်ပေမဲ့ အချို့သော ပရီမီယံ (Premium) ဓာတ်ပုံတွေ အတွက်ကတော့ ယခုအခါမှာ အခပေးစာရင်းသွင်းဖို့ လိုအပ်ပါတယ်။
- Vecteezy (https://www.vecteezy.com) – ဗက်တာ ဂရပ်ဖစ် (Vector graphics) တွေအတွက် ကောင်းမွန်တဲ့ ရင်းမြစ်တစ်ခု ဖြစ်ပေမဲ့ အကယ်၍ သင်ဟာ အခမဲ့ဗားရှင်းကို အသုံးပြုရင် သင့်ပရောဂျက်မှာ ကိုးကားမှုလင့်ခ် (ဥပမာ – vecteezy.com) ကို ထည့်သွင်းပေးရပါမယ်။
၅.၂။ Creative Commons (CC) လိုင်စင်
Creative Commons (CC) လိုင်စင် ဆိုတာ ဖန်တီးသူတွေအနေနဲ့ သူတို့ရဲ့ အနုပညာလက်ရာတွေကို အခြားသူတွေဆီ အခမဲ့ မျှဝေပေးနိုင်ဖို့နဲ့ သုံးစွဲသူများဘက်ကလည်း ဒီလက်ရာတွေကို တရားဝင် လွတ်လပ်စွာ အသုံးပြုနိုင်ဖို့ ဖန်တီးထားတဲ့ ဥပဒေကြောင်းအရ တရားဝင်တဲ့ စည်းမျဉ်းစနစ်တစ်ခု ဖြစ်ပါတယ်။ တစ်နည်းပြောရရင် CC လိုင်စင်ဆိုတာ မူလဖန်တီးသူက မိမိရဲ့ လက်ရာကို ဘယ်သူမှ ယူမသုံးရဆိုပြီး တင်းတင်းကျပ်ကျပ် ပိတ်ပင်မယ့်အစား သတ်မှတ်ထားတဲ့ စည်းကမ်းများကို လိုက်နာမယ်ဆိုရင် ဒီလက်ရာကို ယူသုံးနိုင်ကြောင်း သွယ်ဝိုက်ပြီး ခွင့်ပြုပေးလိုက်တာမျိုး ဖြစ်ပါတယ်။
ဒါဆိုရင် ဘယ်လို စည်းကမ်းတွေ လိုက်နာရလေ့ရှိလဲဆိုတာ ဆက်လက်လေ့လာကြရအောင်။ အတွေ့ရများတဲ့ စည်းကမ်းတစ်ခုကတော့ မူရင်းဖန်တီးသူကို သေချာရည်ညွှန်းကိုးကားချက် (Credit) ပေးရမယ်၊ ပြီးတော့ ဒီလက်ရာကို သုံးပြီး စီးပွားရေးအရ ပိုက်ဆံရှာတာမျိုး မလုပ်ရဘူးဆိုတာမျိုး ဖြစ်ပါတယ်။ ဒါကြောင့် CC လိုင်စင်ဟာ ဖန်တီးသူနဲ့ ပြန်လည်အသုံးပြုချင်တဲ့သူအကြား ပေါင်းကူးတံတားတစ်ခုအဖြစ် လုပ်ဆောင်ပေးပါတယ်။
CC လက်ရာတွေကို အသုံးပြုခြင်းဖြင့် ဥပဒေကြောင်းအရ ပြဿနာတက်တာ ဒါမှမဟုတ် မူပိုင်ခွင့်ဆိုင်ရာ စိန်ခေါ်မှုတွေ ကြုံရတာမျိုးကနေ ကင်းဝေးစေတဲ့အပြင်၊ မိမိတို့ရဲ့ ပရောဂျက်တွေအတွက် လိုအပ်တဲ့ အရည်အသွေးမြင့် ဓာတ်ပုံ၊ တေးဂီတနဲ့ သတင်းအချက်အလက်တွေကိုလည်း ငွေကုန်ကြေးကျအများကြီး မရှိဘဲ လွယ်လွယ်ကူကူ ရှာဖွေရရှိနိုင်ပါတယ်။ ဒါ့အပြင် ပင်ပင်ပန်းပန်း ကြိုးစားအားထုတ်ခဲ့ရတဲ့ မူရင်းဖန်တီးသူအနေနဲ့လည်း ရသင့်ရထိုက်တဲ့ လေးစားမှုနဲ့ ရည်ညွှန်းဂုဏ်ပြုမှုတွေကို ပြန်လည်ရရှိစေတာကြောင့် အွန်လိုင်းလောကမှာ နှစ်ဦးနှစ်ဖက် တရားမျှတမှုရှိစေတဲ့ နည်းလမ်းကောင်းတစ်ခု ဖြစ်ပါတယ်။
လက်ရာတစ်ခုဟာ CC လိုင်စင်အောက်မှာ ရှိ၊ မရှိဆိုတာကို အညွှန်းစာတန်းတွေ ဒါမှမဟုတ် သီးသန့်ကဏ္ဍတွေကို ကြည့်ပြီး သိနိုင်သလို အောက်ပါ အချက်အလက်များကိုလည်း ဆန်းစစ်ပြီး သိရှိနိုင်ပါတယ်။
- အမည်ကို ရှာဖွေပါ – ဝဘ်ဆိုက်တော်တော်များများရဲ့ စာမျက်နှာအောက်ခြေမှာ ဒါမှမဟုတ် ပုံရဲ့ ဘေးနားမှာ “Creative Commons” ဆိုတဲ့ စကားလုံး ဒါမှမဟုတ် “CC” ဆိုတဲ့ စာလုံးတွေကို ပြသထားလေ့ ရှိပါတယ်။
- မူပိုင်ခွင့် (Rights) ကဏ္ဍကို စစ်ဆေးပါ – ကွန်ဂရက်စာကြည့်တိုက် (Library of Congress) လိုမျိုး ကျွမ်းကျင်မှုဆိုင်ရာ ဆိုက်တွေမှာဆိုရင် အဲဒီအရာကို အခမဲ့ သုံးလို့ရ၊ မရ သိနိုင်ဖို့ rights advisory လို့ ခေါ်တဲ့ မူပိုင်ခွင့်ဆိုင်ရာ အကြံပြုချက် ကဏ္ဍကို ရှာဖွေစစ်ဆေးပါ။
- Search Button တွေကို အသုံးပြုပါ – Vecteezy လိုမျိုး ဆိုက်တွေမှာဆိုရင် အခမဲ့ လိုင်စင် (Free license) ကို Toggle on လုပ်ပြီး (ခလုတ်ကို ဖွင့်ပြီး) ရှာဖွေနိုင်တာကြောင့် အခမဲ့ရနိုင်တဲ့ အရာတွေကိုပဲ သီးသန့် ရွေးချယ်ကြည့်ရှုနိုင်ပါတယ်။
- ရည်ညွှန်းကိုးကားမှု (Attribution) စည်းမျဉ်းများကို ကြည့်ပါ – Wikipedia လိုမျိုး အချို့ဝဘ်ဆိုက်တွေမှာ ဆိုရင် မူရင်းဖန်တီးသူကို ဘယ်လိုပုံစံနဲ့ တိတိကျကျ Credit ပေးရမလဲဆိုတာ ရှင်းပြထားတဲ့ လင့်ခ်တွေ ပါရှိတတ်ပါတယ်။
- ဖန်တီးသူထံ တိုက်ရိုက် မေးမြန်းပါ – အကယ်၍ Flickr လိုမျိုး ဆိုက်တစ်ခုခုကို သုံးနေပြီး စည်းကမ်းချက်တွေက ရှင်းရှင်းလင်းလင်း မရှိဘူးဆိုရင် ဒီဓာတ်ပုံကို ယူသုံးလို့ရ၊ မရ သိနိုင်ဖို့ ဓာတ်ပုံဆရာထံ တိုက်ရိုက် စာတိုပေးပို့ မေးမြန်းတာမျိုး ပြုလုပ်သင့်ပါတယ်။
ဒီလိုမျိုး တရားဝင် အရင်းအမြစ်တွေကို အသုံးပြုရင်တော့ ကိုယ် AI နဲ့ ဖန်တီးထားတဲ့ အရာတွေဟာ ဆန်းသစ်တီထွင်မှု ရှိရုံသာမကဘဲ ကျင့်ဝတ်နဲ့ ဥပဒေကြောင်းအရပါ ခိုင်မာမှု ရှိနေမှာ ဖြစ်ပါတယ်။
References
- Making Spider Sense. (n.d.). 10 free stock photo websites (and why it matters) [Video]. YouTube.
- Purdue University Libraries. (2026, April 27). How to Cite AI Generated Content – Artificial Intelligence (AI) – Research Guides at Purdue University Libraries. https://guides.lib.purdue.edu/ai
- San José State University Library. (2026, April 1). Artificial Intelligence (AI) & Plagiarism – Plagiarism. https://library.sjsu.edu/plagiarism
- Sinha, T. (2025, October 25). Ownership of AI generated content. A Deep Dive into Copyright Law in India. Khurana & Khurana.
- Tableau. (2026). What are the advantages and disadvantages of artificial intelligence (AI)?
- UCL – Library Skills. (2026, April 30). Acknowledging and referencing GenAI – References, citations and avoiding plagiarism – Library guides and databases at University College London, Global. UCL Library Services. https://library-guides.ucl.ac.uk/referencing-plagiarism