What is Privacy and Safety in AI Use?

၁.၃.၃ AI နည်းပညာသုံးစွဲရာမှာ ကိုယ်ရေးအချက်အလက်လုံခြုံမှုနဲ့ ဘေးအန္တရာယ် ကင်းရှင်းရေး 

၁။ ကိုယ်ရေးအချက်အလက် လုံခြုံမှု (Data Privacy) ဆိုတာ ဘာလဲ။

ကိုယ်ရေးအချက်အလက်လုံခြုံမှုဆိုတာ မိမိရဲ့ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို ဘယ်လိုစု ဆောင်းမလဲ၊ ဘယ်လိုသုံးမလဲ၊ ဘယ်လိုသိမ်းဆည်းမလဲနဲ့ ဘယ်သူတွေနဲ့ မျှဝေမလဲဆိုတာကို ကာယကံရှင်ကိုယ်တိုင် ထိန်းချုပ်ပိုင်ခွင့်ရှိခြင်းကို ဆိုလိုတာပါ။ ယနေ့ခေတ် ဒစ်ဂျစ်တယ်ကမ္ဘာမှာ ကိုယ်ရေးအချက်အလက်တွေဟာ အဖိုးတန်ဆုံး အရင်းအမြစ်တစ်ခု ဖြစ်လာပါတယ်။ အဖွဲ့အစည်းတွေဟာ ဝန်ဆောင်မှုတွေ ပိုကောင်းအောင်လုပ်ဖို့၊ အသုံးပြုသူတွေရဲ့သဘောသဘာဝကို နားလည်ဖို့နဲ့ နည်းပညာအသစ် တွေ တီထွင်ဖို့အတွက် အချက်အလက်တွေကို စုဆောင်းကြပါတယ်။ ဒါဟာ အသုံးပြုသူတွေအတွက် အကျိုး ကျေးဇူးရှိနိုင်သလို တစ်ဖက်မှာလည်း စနစ်တကျကာကွယ်မှုမရှိဘဲ စုဆောင်းတာ ဒါမှမဟုတ် အသုံးပြုသူတွေ သေချာနားမလည်တဲ့ နည်းလမ်းတွေနဲ့ အသုံးပြုမယ်ဆိုရင် အန္တရာယ်တွေ ရှိလာနိုင်ပါတယ်။

“ကိုယ်ရေးအချက်အလက် (Personal Data)” လို့ ပြောလိုက်ရင် လူအများစုက နာမည်၊ ဖုန်းနံပါတ် ဒါမှမဟုတ် နေရပ်လိပ်စာလိုမျိုး သိသာထင်ရှားတဲ့ အချက်အလက်တွေကိုပဲ ပြေးမြင်တတ်ကြပါတယ်။ ဒါပေမဲ့ ကိုယ်ရေးအချက်အလက်ဆိုတာ ဓာတ်ပုံတွေ၊ သွားလာခဲ့တဲ့တည်နေရာမှတ်တမ်း၊ အင်တာနက်အသုံးပြုမှု မှတ်တမ်း (Browsing activity)၊ အီးမေးလ်လိပ်စာ၊ ဘဏ္ဍာရေးမှတ်တမ်း၊ ကျန်းမာရေးအချက်အလက်တွေနဲ့ မိမိတို့ရဲ့အပြုအမူဓလေ့စရိုက်တွေအထိ ပါဝင်နိုင်ပါတယ်။ အချို့သောအချက်အလက်တွေကိုတော့ အလွဲသုံးစား လုပ်ခံရရင် ကာယကံရှင်ကို ဆိုးဆိုးရွားရွားထိခိုက်နစ်နာစေနိုင်တဲ့အတွက် အထူးထိခိုက်လွယ်သော အချက်အ လက်များ (Sensitive Data) အဖြစ် သတ်မှတ်ပါတယ်။ ဥပမာအားဖြင့် –

  • ဆေးမှတ်တမ်းများ
  • လက်ဗွေ သို့မဟုတ် မျက်နှာမှတ်မိခြင်းစနစ် (Biometric data)
  • ဘဏ်စာရင်းအချက်အလက်များနှင့်
  • ကိုယ်ရေးကိုယ်တာမှတ်ပုံတင်နံပါတ်များ ဖြစ်ကြပါတယ်။

AI စနစ်တွေ ထိရောက်စွာအလုပ်လုပ်နိုင်ဖို့အတွက် အချက်အလက်အမြောက်အမြား လိုအပ်တာကြောင့် ကိုယ်ရေးအချက်အလက်တွေကို ကာကွယ်ခြင်းဟာ တာဝန်ယူမှုရှိတဲ့ AI နည်းပညာ တီထွင်မှုနဲ့ သုံးစွဲမှုမှာ အဓိကအချက် ဖြစ်လာပါတယ်။

ဒီနေ့ခေတ် လုပ်ငန်းခွင်တွေမှာ AI (Artificial Intelligence)ကို အရှိန်အဟုန်နဲ့ ထည့်သွင်းအသုံးပြုလာကြတဲ့အခါ သမားရိုးကျအသုံးပြုနေတဲ့ဆိုက်ဘာလုံခြုံရေးအကာအကွယ်တွေနဲ့ မလုံလောက်တော့တဲ့အခြေအနေတစ်ခု ဖြစ် လာပါတယ်။ အရင်ကသုံးခဲ့တဲ့ NIST Cybersecurity Framework (CSF) လိုမျိုး စနစ်တွေဟာ အချက်အလက်တွေကို ခွင့်ပြုချက်မရှိဘဲ ခိုးယူတာမျိုးမခံရအောင် စနစ်တွေကို အပြင်ကနေ ကာကွယ်ပေးတာ ဖြစ်ပါတယ်။ ဒါပေမဲ့ သုံးစွဲသူက ခွင့်ပြုချက်ပေးထားလို့ AI ထဲ ရောက်သွားတဲ့ ဒေတာတွေကိုကျတော့ သူတို့က မကာကွယ်ပေးနိုင်ပါဘူး။

ဒါကြောင့်မို့လို့ လုပ်ငန်းတွေဟာ ဒေတာတွေကို စုဆောင်းကတည်းကနေ ဖျက်ဆီးပစ်တဲ့အထိ (Data Lifecycle) တစ်လျှောက်လုံး လုံခြုံအောင်ကာကွယ်ပေးတဲ့ NIST Privacy Framework ကို ပြောင်းလဲအသုံးပြု လာကြပါတယ်။ ဒီစနစ်ဟာ ကမ္ဘာ့ဥပဒေတွေဖြစ်တဲ့ GDPR နဲ့ CCPA တို့နဲ့လည်း ကိုက်ညီပြီး AI အုပ်ချုပ်မှုစနစ် (AI Governance) ကိုပါ ပိုမိုကျယ်ပြန့်အောင် ကူညီပေးပါတယ်။ 

၂။ AI က အချက်အလက်တွေကို ဘယ်လိုသုံးသလဲ

AI စနစ်တွေဟာ လူတွေ အတွေ့အကြုံကနေ သင်ယူသလိုမျိုးပဲ အချက်အလက် (Data) တွေဆီကနေ သင်ယူကြတာပါ။ AI စနစ်တစ်ခုကို ဥပမာတွေ အများကြီးပေးလေလေ၊ သူက ပုံစံတွေကို ပိုပြီးခွဲခြားတတ်လာပြီး အဖြေတွေကို ပိုမိုတိကျစွာ ခန့်မှန်းလာနိုင်လေလေပါပဲ။ ဥပမာအားဖြင့် – ဘာသာစကားဆိုင်ရာ AI စနစ် (Language model) တစ်ခုဟာ စာသားအမြောက်အမြားကို ခွဲခြမ်းစိတ်ဖြာပြီး သင်ယူရသလို၊ ရုပ်ပုံမှတ်မိခြင်းစနစ် (Image recognition) တစ်ခုဟာလည်း ဓာတ်ပုံပေါင်း ထောင်နဲ့ချီ၊ သန်းနဲ့ချီကို လေ့လာပြီး သင်ယူရပါတယ်။ ဒီလိုလုပ်ငန်းစဉ်ကတစ်ဆင့် AI စနစ်တွေဟာ စကားပြောတွေကို နားလည်နိုင်ခြင်း၊ အကြောင်းအရာအသစ်တွေ ဖန်တီးပေးနိုင်ခြင်း၊ ပစ္စည်းတွေကို ညွှန်ကြားပြသပေးနိုင်ခြင်း (Recommend)၊ ခေတ်ရေစီးကြောင်းတွေကို ဖော်ထုတ်နိုင်ခြင်းနဲ့ ဆုံးဖြတ်ချက်ချရာမှာ အထောက်အကူပြုနိုင်ခြင်း စတာတွေကို လုပ်ဆောင်နိုင်လာတာပါ။

ဒီလိုစွမ်းဆောင်ရည်တွေကြောင့် AI ဟာ အလွန်အသုံးဝင်ပြီး စွမ်းအားထက်မြက်ပေမဲ့ တစ်ဖက်မှာလည်း အချက်အလက် အမြောက်အမြားကို စုဆောင်းစီမံဖို့ လိုအပ်လာပါတယ်။ မိမိတို့ဆီကနေ အချက်အလက်တွေ ဘယ်လောက်တောင် အစုဆောင်းခံနေရလဲ၊ ဘယ်လိုနေရာတွေမှာ သုံးနေလဲဆိုတာကို အသုံးပြုသူတွေအနေနဲ့ အမြဲတမ်း သတိမထားမိဘဲ ရှိနေတတ်ပါတယ်။ ဥပမာ – လမ်းညွှန် Application (Navigation app) တစ်ခုက လမ်းပြပေးဖို့အတွက် မိမိရဲ့ တည်နေရာအချက်အလက်ကို ခြေရာခံနေတတ်ပြီး၊ လူမှုကွန်ရက်စာမျက်နှာ (Social media) တွေကလည်း မိမိနှစ်သက်မယ့် အကြောင်းအရာတွေကို ပြသပေးဖို့ မိမိရဲ့ အွန်လိုင်းအပြုအမူတွေကို ခွဲခြမ်းစိတ်ဖြာနေတတ်ပါတယ်။ ကိစ္စုတော်တော်များများမှာတော့ ဒါဟာ အသုံးပြုသူတွေအတွက် ပိုကောင်းတဲ့ အတွေ့အကြုံကိုပေးစွမ်းနိုင်ပေမယ့် တစ်ဖက်မှာလည်း ပွင့်လင်းမြင်သာမှု (Transparency) နဲ့ အသိပေးသ ဘောတူညီချက်ရယူခြင်း (Informed Consent) ရဲ့ အရေးကြီးပုံကို မီးမောင်းထိုးပြနေပါတယ်။

AI စနစ်တွေဟာ ရိုးရိုးဒေတာသိမ်းတဲ့စနစ်တွေထက် ပိုပြီး အန္တရာယ်များတဲ့လုံခြုံရေးစိန်ခေါ်မှုတွေ ရှိပါတယ်။ ဘာလို့လဲဆိုတော့ သူတို့က ဒေတာတွေကို အကြီးအကျယ် စုဆောင်းတယ်၊ အမြဲတမ်း သင်ယူနေတယ်၊ ပြီးတော့ နောက်ကွယ်ကနေ ဘယ်လိုတွေးပြီး ဆုံးဖြတ်လိုက်လဲဆိုတာ သေချာမမြင်ရတဲ့ “Black-Box” စနစ်ဖြစ်နေလို့ပါ။ ကိုယ့်ရဲ့ကိုယ်ရေးဒေတာတွေ AI စနစ်ထဲ ရောက်သွားရင် အဆင့်ဆင့်ဖြတ်သန်းရလို့ ပေါက်ကြားဖို့ လမ်းကြောင်း တွေ အများကြီးရှိလာပါတယ်။

ရိုးရိုးဆိုက်ဘာလုံခြုံရေး (CSF) နှင့် Privacy Framework (PF) ကွာခြားချက်

  • NIST Cybersecurity Framework (CSF): အဓိကရည်ရွယ်ချက်က စနစ်နဲ့ဒေတာတွေကို အပြင်လူ တွေ ခွင့်ပြုချက်မရှိဘဲ ဝင်မသုံးရအောင် ကာကွယ်ဖို့ပါ။ ဟက်ကာတွေ၊ ဒေတာအခိုးခံရတာတွေကို ကာ ကွယ်ပေးပြီး “ကာကွယ်၊ စုံစမ်း၊ တုံ့ပြန်၊ ပြန်လည်ကုစား” ဆိုတဲ့ ပုံစံနဲ့ အလုပ်လုပ်ပါတယ်။
  • NIST Privacy Framework (PF v1.1): အဓိကကတော့ ခွင့်ပြုချက်ရထားတဲ့ ဒေတာတွေကို သုံးစွဲတဲ့နေရာမှာ ဖြစ်လာမယ့် Privacy ရန်ရှာမှုတွေကို စီမံတာပါ။ ဒေတာတွေကို လိုအပ်တာထက် ပိုစုဆောင်းမိတာ၊ လူဘယ်သူလဲဆိုတာ ပြန်ဖော်ထုတ်ခံရတာ (Re-identification)၊ AI ရဲ့ ဘက်လိုက်မှု (Algorithmic Bias) တွေကို ကာကွယ်ပေးပါတယ်။

လိုက်နာရမည့် အဆင့် ၃ ဆင့် (Ready, Set, Go)

အဖွဲ့အစည်းတွေအနေနဲ့ ဒီ Privacy စနစ်ကို အကောင်အထည်ဖော်ဖို့ လုပ်ငန်းစဉ် ၃ ခု ရှိပါတယ် – 

၁။ Ready (အဆင်သင့်ဖြစ်ပါစေ): ကိုယ့်လုပ်ငန်းရဲ့ ရည်မှန်းချက်၊ ဥပဒေပတ်ဝန်းကျင်နဲ့ ဘယ်လောက်အထိ အန္တရာယ်ကို လက်ခံနိုင်လဲဆိုတာ သတ်မှတ်ပါ။

၂။ Set (ပြင်ဆင်ပါ): ကိုယ့်ဆီမှာ ကိုယ်ရေးအချက်အလက်တွေ ဘယ်နေရာမှာ ရှိနေလဲဆိုတာ သေချာစာရင်း လုပ်ပြီး ဒေတာစီးဆင်းမှုကို မြေပုံဆွဲကြည့်ပါ။ 

၃။ Go (လုပ်ဆောင်ပါ): လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ ဦးစားပေးအစီအစဉ်တွေဆွဲပြီး အကာအကွယ်တွေ ထည့်သွင်းပါ။

၃။ ကိုယ်ရေးအချက်အလက်လုံခြုံမှုက ဘာကြောင့်အရေးကြီးတာလဲ

ကိုယ်ရေးအချက်အလက်လုံခြုံမှုဆိုတာ လျှို့ဝှက်ချက်တွေကို ဖုံးကွယ်ထားဖို့သက်သက် မဟုတ်ပါဘူး။ ဒါဟာ လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာ၊ ကိုယ်ပိုင်လွတ်လပ်ခွင့်၊ လွတ်လပ်စွာ ဆုံးဖြတ်နိုင်မှုနဲ့ ယုံကြည်မှုတို့နဲ့ တိုက်ရိုက်ဆက်စပ်နေတာပါ။ လူတွေအနေနဲ့ မိမိတို့ရဲ့ အချက်အလက်တွေကို ဘေးကင်းလုံခြုံစွာ ကာကွယ်ထားတယ်လို့ ယုံကြည်စိတ်ချရတဲ့အခါ ဒစ်ဂျစ်တယ်ဝန်ဆောင်မှုတွေကို ပိုမိုရဲရဲဝံဝံ သုံးစွဲရဲကြပြီး နည်းပညာသစ်တွေရဲ့ အကျိုးကျေးဇူးကို ခံစားရရှိနိုင်မှာ ဖြစ်ပါတယ်။ အပြန်အလှန်အားဖြင့် ကာကွယ်မှုတွေ အားနည်းနေရင်တော့ လူတွေဟာ အွန်လိုင်းဝန်ဆောင်မှုတွေကို သုံးဖို့ ဝန်လေးလာကြမှာဖြစ်ပြီး မလိုလားအပ်တဲ့ ခေါင်းပုံဖြတ်အမြတ်ထုတ်မှုတွေရဲ့ သားကောင် ဖြစ်သွားနိုင်ပါတယ်။

အထူးသဖြင့် အချက်အလက်တစ်ခုဟာ အွန်လိုင်းပေါ်ကို ရောက်သွားပြီးရင် ၎င်းကို ပြန်လည်ဖျက်သိမ်းဖို့ အလွန်ခက်ခဲသွားတတ် (သို့မဟုတ်) လုံးဝဖျက်လို့မရတော့တာကြောင့် ကိုယ်ရေးအချက်အလက်လုံခြုံမှုဟာ အထူးအရေးကြီးပါတယ်။ အဲဒီအချက်အလက်တွေကို မိမိတို့ မမျှော်လင့်ထားတဲ့ နည်းလမ်းတွေနဲ့ ကူးယူတာ၊ သိမ်းဆည်းတာ၊ မျှဝေတာ ဒါမှမဟုတ် အခြားအချက်အလက်တွေနဲ့ ပေါင်းစပ်တာမျိုးတွေ လုပ်ဆောင်နိုင်လို့ပါပဲ။ ဒါကြောင့် ကိုယ်ရေးအချက်အလက်လုံခြုံမှုကို နားလည်ထားခြင်းက မိမိအနေနဲ့ ဘယ်အချက်အလက်တွေကို၊ ဘယ်သူတွေနဲ့ မျှဝေမလဲဆိုတာကို မှန်ကန်စွာ ဆုံးဖြတ်နိုင်ဖို့ အထောက်အကူပြုပါတယ်။

၃.၁ AI သင်ယူမှုစနစ် (AI Training Pipelines) တွင်းရှိ နည်းပညာပိုင်းဆိုင်ရာအားနည်းချက်များ

AI မော်ဒယ်တွေ ပိုပြီးအသုံးဝင်လာဖို့အတွက် ဒေတာအမြောက်အမြားနဲ့ လေ့ကျင့်ပေးရပါတယ်။ ဒါပေမဲ့ အဲဒီထဲမှာ သုံးစွဲသူတွေအတွက် အလွန်စိုးရိမ်ရတဲ့ နည်းပညာဆိုင်ရာ ခြိမ်းခြောက်မှုတွေ ရှိနေပါတယ် –

  • Membership Inference Attacks (အဖွဲ့ဝင်အဖြစ် စုံစမ်းတိုက်ခိုက်ခြင်း): AI မော်ဒယ်တစ်ခုဟာ သူသင်ယူခဲ့ရတဲ့ဒေတာတွေကို တွေ့ရင် ပိုပြီး ယုံကြည်မှုရှိရှိ အဖြေထုတ်ပေးတတ်ပါတယ် (Overfitting လို့ ခေါ်ပါတယ်)။ လူလိမ်တွေက ဒါကို အခွင့်ကောင်းယူပြီး စမ်းသပ်မေးခွန်းတွေ မေးကြည့်ကာ ကိုယ့်ရဲ့ လျှို့ဝှက်ကျန်းမာရေးမှတ်တမ်း သို့မဟုတ် ဒေတာတွေဟာ ဒီ AI ကို လေ့ကျင့်ပေးဖို့ အသုံးပြုခဲ့သလား ဆိုတာကို ရာခိုင်နှုန်းအတော်များများ မှန်းဆဖော်ထုတ်သွားနိုင်ပါတယ်။
  • Gradient Leakage (အချက်အလက် စိမ့်ထွက်ခြင်း): လုပ်ငန်းခွင်တွေမှာ ဒေတာအစစ်တွေကို တစ်နေရာတည်းမစုဘဲ အဝေးကနေ ပူးပေါင်းလေ့ကျင့်တဲ့အခါ ဒေတာအစစ်တွေ မပေးရပေမဲ့ AI ရဲ့ ပြောင်းလဲမှု (Gradients) တွေကို ပို့ပေးရပါတယ်။ ဒါပေမဲ့ အဲဒီပို့လိုက်တဲ့ အချက်အလက်တွေထဲကနေ ဒေတာအစစ်တွေကို လူလိမ်တွေက ပုံဖော်ယူသွားနိုင်တာကို သုတေသနတွေအရ တွေ့ရှိထားပါတယ်။
  • Data Memorization (ဒေတာတွေကို အလွတ်မှတ်မိပြီး ပေါက်ကြားခြင်း): Generative AI စနစ်တွေ၊ အထူးသဖြင့် Large Language Models (LLMs) တွေဟာ သူတို့ကို သင်ပေးလိုက်တဲ့ ဒေတာထဲက စာသားတွေကို အလွတ်မှတ်မိနေတတ်ပါတယ်။ အကာအကွယ် သေချာမလုပ်ထားရင် အပြင်ကလူတစ် ယောက်က လာမေးတဲ့အခါ ကိုယ့်ရဲ့ကိုယ်ရေးကိုယ်တာအချက်အလက် (PII) တွေကို AI က အလိုအလျောက်အဖြေအဖြစ် ထုတ်ပေးမိသွားတတ်ပါတယ်။

၃.၂ နည်းပညာပိုင်းဆိုင်ရာ ပြန်လည်ကာကွယ်မှုများ (PETs)

ဒီလိုအန္တရာယ်တွေကနေ ကာကွယ်ဖို့ ခေတ်မီဒေတာစနစ်တွေမှာ Privacy-Enhancing Technologies (PETs) လို့ခေါ်တဲ့ နည်းပညာတွေကို သုံးရပါမယ် –

  • Differential Privacy (DP): ဒေတာဘေ့စ်ထဲကို သင်္ချာနည်းအရ ဆူညံသံ (Noise) တွေ ထည့် ပေးလိုက်တာပါ။ ဒါကြောင့် လူတစ်ယောက်ရဲ့ဒေတာ ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ AI ရဲ့ အဖြေထွက်ပေါ်မှုအပေါ် သက်ရောက်မှုမရှိစေဘဲ လူတစ်ဦးချင်းစီကို ကာကွယ်ပေးပါတယ်။
  • Homomorphic Encryption (ဟိုမိုမော်ဖစ် လျှို့ဝှက်ကုဒ်စနစ်): ဒါကတော့ ဒေတာတွေကို လျှို့ဝှက်

ကုဒ်ပြောင်းထားတဲ့ အခြေအနေမှာတင် ကုဒ်ပြန်ဖြေစရာမလိုဘဲ တိုက်ရိုက်တွက်ချက်မှုတွေ လုပ်ခိုင်းလို့ ရတဲ့ နည်းပညာဖြစ်လို့ ဒေတာတွေ လုံးဝလုံခြုံနေမှာ ဖြစ်ပါတယ်။

  • Anonymization (အမည်ဝှက်ခြင်း): နာမည်၊ ဖုန်းနံပါတ် စတဲ့သက်သေအထောက်အထားတွေကို ပုံဖျက်တာ၊ Mask အုပ်တာတွေ လုပ်ပြီး ဒေတာထဲက လူက ဘယ်သူလဲဆိုတာ ပြန်ရှာမရအောင် လုပ်တာ ဖြစ်ပါတယ်။

၄။ အွန်လိုင်းပေါ်တွင် မိမိ၏ ကိုယ်ရေးအချက်အလက်များကို ကာကွယ်ခြင်း

ဒစ်ဂျစ်တယ်နည်းပညာတွေဟာ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝထဲမှာ ပိုမိုအသားကျလာတာနဲ့အမျှ ကိုယ်ရေးအချက်အလက်တွေကို ကာကွယ်ဖို့အတွက် ကိုယ်တိုင်တက်ကြွစွာ အားထုတ်ဖို့ လိုအပ်လာပါတယ်။ ကျွန်တော်တို့ အွန်လိုင်းပေါ်မှာ လုပ်ဆောင်သမျှ အရာတိုင်းဟာ ဒစ်ဂျစ်တယ်ခြေရာ (Digital Footprint) အဖြစ် ကျန်ရစ်ခဲ့ပါတယ်။ ဒစ်ဂျစ်တယ်ခြေရာဆိုတာ လူမှုကွန်ရက်ပေါ်က ပို့စ်တွေ၊ အွန်လိုင်းကနေ ပစ္စည်းဝယ်ယူမှုတွေ၊ ဝဘ်ဆိုက်တွေဆီ ဝင်ရောက်ကြည့်ရှုမှုတွေ၊ မှတ်ချက် (Comment) ရေးသားမှုတွေ၊ တင်လိုက်တဲ့ ဓာတ်ပုံတွေနဲ့ မိုဘိုင်းလ်ဖုန်း App အသုံးပြုမှုတွေကတစ်ဆင့် ချန်ထားခဲ့မိတဲ့ အချက်အလက်တွေကို ဆိုလိုတာပါ။ အချိန်ကြာလာတာနဲ့အမျှ ဒီလိုသေးငယ်တယ်လို့ ထင်ရတဲ့ အချက်အလက်စလေးတွေ စုမိသွားတဲ့အခါ လူတစ်ယောက်ရဲ့ လူနေမှုဘဝ၊ အလေ့အထ၊ စိတ်ဝင်စားမှုနဲ့ ပတ်သက်ဆက်နွှယ်မှုတွေအကြောင်းကို အံ့သြစရာကောင်းလောက်အောင် အသေးစိတ် ပုံဖော်ပေးနိုင်သွားပါတယ်။

ကိုယ်ရေးအချက်အလက်တွေကို ကာကွယ်နိုင်မယ့် အထိရောက်ဆုံး နည်းလမ်းတစ်ခုကတော့ ခိုင်မာဆန်းပြားတဲ့ လျှို့ဝှက်နံပါတ် (Strong Password) တွေကို အသုံးပြုခြင်းပဲ ဖြစ်ပါတယ်။ စိတ်မကောင်းစရာကတော့ လူတော်တော်များများဟာ ခန့်မှန်းရလွယ်ကူတဲ့ ရိုးရှင်းတဲ့ Password တွေကို ဆက်လက်သုံးစွဲနေကြဆဲ ဖြစ်ပါတယ်။ ဆိုင်ဘာရာဇဝတ်ကောင်တွေဟာ ဒီလိုအားနည်းတဲ့ Password တွေကို အလွယ်တကူ ခိုးယူပြီး အကောင့်တွေထဲကို ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်လေ့ရှိကြပါတယ်။ ခိုင်မာတဲ့ Password တစ်ခုဟာ ထူးခြားရမယ်၊ ခန့်မှန်းရခက်ရမယ်၊ ပြီးတော့ အကောင့်တစ်ခုချင်းစီအတွက် သီးသန့်စီ ဖြစ်ရပါမယ်။ Password စီမံခန့်ခွဲသည့်ဆော့ဖ်ဝဲ (Password Manager) တွေကို အသုံးပြုခြင်းဖြင့် ခက်ခဲဆန်းပြားတဲ့ Password တွေကို ဘေးကင်းစွာ မှတ်သားသိမ်းဆည်းထားနိုင်ပြီး အကောင့်အများကြီးမှာ Password တစ်ခုတည်း တူညီစွာ သုံးမိခြင်းမျိုးကို ရှောင်ရှားနိုင်ပါတယ်။

နောက်ထပ် အရေးကြီးတဲ့ လုံခြုံရေးအစီအမံတစ်ခုကတော့ အဆင့်ဆင့်အတည်ပြုခြင်းစနစ် (Multi-factor authentication – MFA) ဖြစ်ပါတယ်။ MFA စနစ်ဟာ အသုံးပြုသူတွေအနေနဲ့ အကောင့်ထဲဝင်ဖို့အတွက် နည်းလမ်းနှစ်ခု သို့မဟုတ် နှစ်ခုထက်ပိုပြီး မိမိရဲ့ ကိုယ်ပိုင်အထောက်အထားကို သက်သေပြဖို့ လိုအပ်ပါတယ်။ သင့်ရဲ့ Password ကို တစ်ယောက်ယောက်က သိသွားခဲ့ရင်တောင်မှ အပိုဆောင်းအတည်ပြုချက် (ဥပမာ- ဖုန်းထဲကိုပို့တဲ့ ကုဒ်နံပါတ်) ရှိနေဦးမှာမို့လို့ လိမ်လည်သူတွေ အကောင့်ထဲ ဝင်ရောက်နိုင်ခြေကို သိသိသာသာ လျှော့ချပေးနိုင်ပါတယ်။

ဒါ့အပြင် အွန်လိုင်းပေါ်မှာ ဘာတွေမျှဝေနေသလဲဆိုတာကို အမြဲသတိပြုဖို့လည်း လိုအပ်ပါတယ်။ လူတော်တော်များများဟာ လူမှုကွန်ရက်စာမျက်နှာတွေ၊ အများပြည်သူမြင်နိုင်တဲ့ Profile တွေ ဒါမှမဟုတ် အွန်လိုင်းဆွေးနွေးမှုတွေကတစ်ဆင့် မိမိတို့ရဲ့ ထိခိုက်လွယ်တဲ့ အချက်အလက်တွေကို မသိစိတ်ကနေ ထုတ်ဖော်ပြသမိတတ်ကြပါတယ်။ ဥပမာ – အိမ်လိပ်စာ၊ မှတ်ပုံတင်နံပါတ်၊ ဘဏ္ဍာရေးအချက်အလက်တွေနဲ့ ခရီးသွားမယ့် အစီအစဉ်တွေလိုမျိုး အချက်အလက်တွေကို အွန်လိုင်းပေါ်မှာ အများမြင်အောင် ဘယ်တော့မှ မတင်သင့်ပါဘူး။ အွန်လိုင်းပေါ်မှာ အချက်အလက်တစ်ခုခု မတင်ခင်မှာ “ဒါကို တင်လိုက်ရင် နောင်တစ်ချိန်မှာ ကိုယ်ရေးအချက်အလက် ဒါမှမဟုတ် လုံခြုံရေးဆိုင်ရာ အန္တရာယ်တွေ ရှိလာနိုင်မလား” ဆိုတာကို ခဏလောက် အမြဲတမ်း စဉ်းစားသင့်ပါတယ်။

၅။ AI Chatbot များနှင့် Platform များကို ဘေးကင်းစွာ အသုံးပြုခြင်း

AI Chatbot တွေဟာ မေးခွန်းတွေကို ဖြေပေးနိုင်ခြင်း၊ စာသားတွေ ရေးသားပေးနိုင်ခြင်း၊ အကြံပြုချက်တွေ ပေးနိုင်ခြင်းနဲ့ အလုပ်အမျိုးမျိုးမှာ ကူညီပေးနိုင်ခြင်းတို့ကြောင့် အလွန်ရေပန်းစားလာပါတယ်။ ဒီကိရိယာတွေဟာ သင်ယူမှုနဲ့ လုပ်ငန်းစွမ်းဆောင်ရည်အတွက် အဖိုးတန်တဲ့ အရင်းအမြစ်တွေ ဖြစ်ပေမယ့် အသုံးပြုသူတွေအနေနဲ့ တာဝန်ယူမှုရှိရှိ ဘယ်လိုသုံးရမလဲဆိုတာကို နားလည်ထားဖို့ လိုပါတယ်။ အများစု မှားတတ်ကြတဲ့အချက်ကတော့ AI Chatbot တွေကို ဘာမဆို ပြောလို့ရပြီး အကျိုးဆက်မရှိနိုင်တဲ့ လုံးဝကိုယ်ပိုင် လျှို့ဝှက်နေရာတစ်ခုလို သဘောထားမိကြတာပဲ ဖြစ်ပါတယ်။ တကယ်တော့ အသုံးပြုသူတွေအနေနဲ့ အထူးသတိထားရမှာဖြစ်ပြီး ထိခိုက်လွယ်တဲ့ သို့မဟုတ် လျှို့ဝှက်အချက်အလက်တွေကို မျှဝေခြင်းကနေ ရှောင်ကြဉ်ရပါမယ်။

ဥပမာအားဖြင့် – အများသုံး AI စနစ်တွေထဲကို Password တွေ၊ ဘဏ်အချက်အလက်တွေ၊ ကိုယ်ရေးကိုယ်တာ မှတ်ပုံတင်နံပါတ်တွေ၊ ဆေးမှတ်တမ်းတွေ၊ မိမိလုပ်ငန်းရဲ့ လျှို့ဝှက်ချက်တွေ သို့မဟုတ် အဖွဲ့အစည်းဆိုင်ရာ ထိခိုက်လွယ်တဲ့ အချက်အလက်တွေကို ဘယ်တော့မှ မထည့်သွင်းသင့်ပါဘူး။ AI Platform တစ်ခုမှာ ကိုယ်ရေးအချက်အလက် ကာကွယ်ရေးစနစ် ရှိထားတယ်ဆိုရင်တောင်မှ ဒစ်ဂျစ်တယ်စနစ်ထဲကို ထည့်လိုက်တဲ့ အချက်အလက်တွေဟာ တစ်ချိန်ချိန်မှာ သိမ်းဆည်းခံရတာ၊ ပြန်လည်စီမံတာ ဒါမှမဟုတ် ပြန်လည်သုံးသပ်ခံရတာမျိုး ရှိနိုင်တယ်လို့ အမြဲတမ်း ယူဆထားရပါမယ်။ ဒါကြောင့် ဖြစ်နိုင်ရင် မိမိရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ဖယ်ရှားပြီး မည်သူမည်ဝါဖြစ်ကြောင်း မသိနိုင်အောင် အမည်ဝှက် (Anonymize) ပြုလုပ်ပြီးမှ သုံးစွဲတာက အကောင်းဆုံး အလေ့အထ ဖြစ်ပါတယ်။

ဒါ့အပြင် AI ကို သုံးတဲ့အခါ ဝေဖန်ပိုင်းခြားနိုင်တဲ့ စဉ်းစားတွေးခေါ်မှု (Critical thinking) လည်း ရှိဖို့လိုပါတယ်။ AI စနစ်တွေဟာ အံ့သြစရာကောင်းတဲ့ အဖြေတွေကို ထုတ်ပေးနိုင်ပေမယ့် သူတို့ဟာ အမှားကင်းတဲ့အရာတွေ မဟုတ်ပါဘူး။ အချက်အလက် အမှားတွေ၊ မပြည့်စုံတဲ့ ရှင်းလင်းချက်တွေ သို့မဟုတ် သူတို့ကို လေ့ကျင့်ပေးထားတဲ့ ဒေတာတွေထဲက ဘက်လိုက်မှု (Bias) တွေ ပါဝင်နေတဲ့ အကြောင်းအရာတွေကိုလည်း ထုတ်ပေးမိတတ်ပါတယ်။ ပညာရှင်တွေကတော့ မျှတမှုရှိခြင်း (Fairness)၊ တာဝန်ခံမှုရှိခြင်း (Accountability)၊ ကိုယ်ရေးအချက်အလက်လုံခြုံမှု (Privacy) နဲ့ ပွင့်လင်းမြင်သာမှု (Transparency) စတာတွေကို AI တီထွင်ဖန်တီးမှုမှာ အရေးကြီးတဲ့ ကျင့်ဝတ်ဆိုင်ရာ ထည့်သွင်းစဉ်းစားရမယ့် အချက်တွေအဖြစ် ထောက်ပြထားကြပါတယ်။ ဒါကြောင့် အသုံးပြုသူတွေအနေနဲ့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်တဲ့အခါ AI က ထုတ်ပေးတဲ့ အဖြေတစ်ခုတည်းအပေါ်မှာပဲ ပုံအောမယုံကြည်ဘဲ စိတ်ချရတဲ့ တခြားအရင်းအမြစ်တွေကို သုံးပြီး အချက်အလက်တွေကို သေချာပြန်လည်စစ်ဆေးသင့်ပါတယ်။

၆။ AI နည်းပညာသုံး လိမ်လည်မှုများနှင့် အွန်လိုင်းအန္တရာယ်များ

AI နည်းပညာတွေ ပိုမိုအဆင့်မြင့်လာတာနဲ့အမျှ ရာဇဝတ်ကောင်တွေဟာလည်း ငွေလိမ်လည်မှုနဲ့ မသမာတဲ့လုပ်ငန်းတွေမှာ AI ကို ပိုမိုအသုံးပြုလာကြပါတယ်။ ရှေးယခင် လိမ်လည်မှုတွေဟာ စာလုံးပေါင်းမှားယွင်းနေတဲ့ အီးမေးလ်တွေ ဒါမှမဟုတ် သိသာထင်ရှားတဲ့ လှည့်စားမှုတွေဖြစ်လို့ ရိပ်မိရလွယ်ကူပါတယ်။ ဒါပေမဲ့ အခုအခါမှာတော့ AI ကြောင့် လိမ်လည်သူတွေဟာ တကယ့်လူစစ်စစ်နဲ့ အလွန်တူတဲ့ ယုံကြည်စိတ်ချရလောက်စရာ မက်ဆေ့ခ်ျတွေ၊ အသံဖိုင်တွေနဲ့ ဗီဒီယိုအတုတွေကိုပါ ဖန်တီးလာနိုင်ကြပြီ ဖြစ်ပါတယ်။

လက်ရှိမှာ စိုးရိမ်စရာ အကောင်းဆုံးအရာတစ်ခုကတော့ Deepfakes (ဒစ်ဂျစ်တယ်နည်းပညာသုံး ရုပ်သံအတု ဖန်တီးခြင်း) ပဲ ဖြစ်ပါတယ်။ Deepfake နည်းပညာဟာ AI ကို အသုံးပြုပြီး ဓာတ်ပုံ၊ အသံဖိုင်နဲ့ ဗီဒီယိုတွေကို အစစ်လိုမျိုး ထင်ယောင်ထင်မှားဖြစ်အောင် ပြုလုပ်တာ သို့မဟုတ် ပြုပြင်ဖန်တီးတာ ဖြစ်ပါတယ်။ Deepfake ဗီဒီယိုတစ်ခုထဲမှာ အများပြည်သူသိတဲ့ ပုဂ္ဂိုလ်တစ်ဦးက သူတစ်ခါမှ မပြောခဲ့ဖူးတဲ့ စကားတွေကို ပြောနေတာမျိုး မြင်တွေ့ရနိုင်သလို၊ မိမိရဲ့ မိသားစုဝင် ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်တစ်ဦးရဲ့ အသံကိုတုပပြီး အရေးပေါ် အကူအညီတောင်းခံတဲ့ အသံဖိုင်မျိုးကိုလည်း ဖန်တီးနိုင်ပါတယ်။ ဒီနည်းပညာတွေကို သတင်းအမှားတွေ ဖြန့်ဝေဖို့၊ သိက္ခာချဖို့ ဒါမှမဟုတ် ငွေကြေးလိမ်လည်ဖို့အတွက် အသုံးချနိုင်ပါတယ်။

အလားတူပဲ Phishing (ငါးမျှားချိတ်သဖွယ် အချက်အလက်နှိုက်ယူခြင်း) တိုက်ခိုက်မှုတွေဟာလည်း AI ကြောင့် ပိုမိုပါးနပ်လာပါတယ်။ တိုက်ခိုက်သူတွေဟာ ယုံကြည်ရတဲ့ အဖွဲ့အစည်းတွေရဲ့ ပုံစံအတိုင်း လိမ်လည်ထားတဲ့ တစ်ဦးချင်းစီအတွက် သီးသန့်ဖန်တီးထားသော (Personalized) အီးမေးလ်တွေကို ဖန်တီးလာနိုင်လို့ ခွဲခြားရ ပိုခက်ခဲလာပါတယ်။ ဒီမက်ဆေ့ခ်ျတွေဟာ အလွန်အရေးကြီးနေသယောင် ပုံစံမျိုး ဖန်တီးပြီး Link တွေကို နှိပ်မိအောင် သို့မဟုတ် ထိခိုက်လွယ်တဲ့ အချက်အလက်တွေကို ထုတ်ပြောမိအောင် လှုံ့ဆော်တတ်ပါတယ်။ ဒီလိုတိုက်ခိုက်မှုတွေအတွက် အကောင်းဆုံး ကာကွယ်ရေးနည်းလမ်းကတော့ သံသယရှိခြင်းနှင့် ပြန်လည်စစ်ဆေးခြင်း (Skepticism and verification) ပဲ ဖြစ်ပါတယ်။ မက်ဆေ့ခ်ျတွေကို သေချာစစ်ဆေးပါ၊ တစ်ဖက်က တောင်းဆိုလာတာတွေကို သီးသန့်လမ်းကြောင်းကနေ တဆင့် ပြန်လည်အတည်ပြုပါ၊ ပြီးတော့ တစ်ဖက်လူရဲ့ မည်သူမည်ဝါဖြစ်ကြောင်း ရာနှုန်းပြည့် မသေချာမချင်း မိမိရဲ့ အချက်အလက်တွေကို ဘယ်တော့မှ မျှဝေခြင်း မပြုပါနဲ့။

၆.၁ AI ကိုသုံး၍ ဖန်တီးထားသော အဆင့်မြင့် လိမ်လည်မှုများ (AI Scams)

ယခုအခါ AI အသုံးပြုပြီး လူလိမ်တွေဟာ အသံနဲ့ ဗီဒီယိုတွေကို အချိန်နဲ့တပြေးညီ (Real-time) အတုလုပ်ပြီး ပိုမို ကြောက်စရာကောင်းအောင် လိမ်လည်လာနိုင်ကြပါတယ် –

  • CEO Fraud (အလုပ်ရှင်အတုဖြင့် လိမ်ခြင်း): ကုမ္ပဏီအကြီးအကဲတွေရဲ့ လူထုရှေ့ စကားပြောသံတွေကို AI ထဲ ထည့်ပြီး အသံတု (Voice Clone) လုပ်ကာ လက်အောက်ဝန်ထမ်းတွေကို “ငွေအမြန်လွှဲပါ” ဟု ဖုန်းဆက်လိမ်တာမျိုး ဖြစ်ပါတယ်။ (ယူကေက စွမ်းအင်ကုမ္ပဏီတစ်ခုမှာ ဤနည်းဖြင့် ယူရို ၂၂၀,၀၀၀ အလိမ်ခံခဲ့ရဖူးပါတယ်)။
  • မိသားစု အရေးပေါ် လိမ်လည်မှု: ကလေးတွေ ဆိုရှယ်မီဒီယာ (TikTok, Instagram) ပေါ် တင်ထားတဲ့ အသံတိုလေးတွေကို ယူပြီး အသံတုလုပ်ကာ မိဘတွေဆီ “သမီး ပြန်ပေးဆွဲခံရလို့၊ ဒုက္ခရောက်လို့ ငွေအမြန်လွှဲပေးပါ” ဆိုပြီး ငိုယိုကာ ဖုန်းဆက်လိမ်တာမျိုး ဖြစ်ပါတယ်။
  • Synthetic Video (ဗီဒီယိုအတုဖြင့် လိမ်ခြင်း): မျက်နှာတွေကိုပါ AI နဲ့ ပြောင်းလဲပြီး (Deepfake) ဗီဒီယိုကောလ် (Video Call) ခေါ်ကာ လူကိုယ်တိုင် ဖုန်းဆက်နေသယောင် လှည့်စားတာ ဖြစ်ပါတယ်။

၆.၂ လူလိမ်ဟုတ်မဟုတ် ကိုယ်တိုင် စစ်ဆေးနိုင်မည့် အချက်များ (Manual Diagnostics)

အကယ်၍ ဗီဒီယိုကောလ် သို့မဟုတ် အသံဖိုင်တစ်ခုကို သံသယရှိရင် အောက်ပါအချက်တွေကို သေချာကြည့်ပါ –

  • မျက်လုံး: မျက်တောင်ခတ်တာ ပုံမှန်မဟုတ်ခြင်း၊ စိုက်ကြည့်နေခြင်း၊ မျက်ဝန်းထဲက အလင်းပြန်မှုတွေ သဘာဝမကျခြင်း။
  • အရေပြား: မျက်နှာအရေပြားက ချောမွေ့လွန်းပြီး ဖယောင်းရုပ်လို ဖြစ်နေခြင်း၊ မုတ်ဆိတ်မွေး၊ ပါး သိုင်းမွေးနေရာတွေ ဝါးနေခြင်း။
  • နှုတ်ခမ်း လှုပ်ရှားမှု: ပြောနေတဲ့ အသံဗျည်းတွေနဲ့ နှုတ်ခမ်းလှုပ်ရှားမှုပုံစံ မကိုက်ညီခြင်း။
  • အသံအနေအထား: စက်ရုပ်လို အသံတစ်သံတည်းထွက်နေခြင်း၊ အသက်ရှူသံ မပါခြင်း၊ စာလုံးတွေ ပုံမှန်မဟုတ်ဘဲ ဆက်တိုက်ထွက်လာခြင်း။
  • နောက်ခံအသံ: စက်သံလို တဝီဝီမြည်နေခြင်း သို့မဟုတ် အသံအတုရဲ့အပြစ်အနာအဆာတွေကို ဖုံး ကွယ်ဖို့ နောက်ခံကနေ ဆူညံသံအတု (White Noise) တွေ ထည့်ထားခြင်း။

၇။ AI Chatbots များနှင့် မိမိဒေတာကိုမပေးရန် ပိတ်ထားနည်း (Opt-Out)

လေ့လာမှုတွေအရ ထိပ်တန်း AI တီထွင်တဲ့ ကုမ္ပဏီတွေဟာ ကျွန်တော်တို့ AI ထဲကို ရိုက်ထည့်လိုက်တဲ့ စာတွေ၊ Upload တင်လိုက်တဲ့ ဖိုင်တွေကို စနစ်ကနေ သဘောတူညီချက်မတောင်းဘဲ ပုံမှန်အတိုင်းဆိုရင် AI ကို လေ့ကျင့်ပေးဖို့ (Training အတွက်) ယူသုံးကြပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ စာတွေကို လူသားအကဲဖြတ်သူတွေက ဖတ်မိနိုင်သလို၊ နောက်ပိုင်းမှာ ပေါက်ကြားတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဥပမာ – Gemini လို စနစ်တွေက ကိုယ့်ရဲ့ Gmail နဲ့ YouTube ရာဇဝင်တွေကိုပါ ချိတ်ဆက်သုံးစွဲနိုင်လို့ ဒေတာရယူမှု အရမ်းကျယ်ပြန့်ပါတယ်။ အထူးသဖြင့် ဆေးမှတ်တမ်းဖိုင်တွေကို Chatbot ထဲ တင်တာက အလွန် အန္တရာယ်များပါတယ်။

ဒါကြောင့်မို့လို့ AI ထဲကို ကိုယ့်ဒေတာတွေ မယူစေချင်ရင် အောက်ပါအတိုင်း ဝင်ရောက် ပိတ်ထားရပါမယ် (Opt-Out လုပ်နည်း) –

  • ChatGPT (OpenAI): Profile -> Settings -> Data Controls ထဲသွားပြီး “Improve the model for everyone” ဆိုတာကို ပိတ် (Off) ထားပါ။ အမြဲတမ်း မှတ်တမ်းမကျန်ချင်ရင် Temporary Chat ကို သုံးပါ။
  • Claude (Anthropic): အကောင့်ထဲက Settings -> Privacy -> “Help Improve Claude” ထဲသွားပြီး ပိတ် (Off) ထားပါ။
  • Google Gemini: gemini.google.com သို့သွားပါ -> Settings & Help -> Activity ထဲသွားပြီး “Turn off and delete activity” ကို ရွေးချယ်ပါ။
  • Microsoft Copilot: Profile -> Privacy -> “Model training” ကို သွားပြီး Off လုပ်ပါ။
  • Grok (xAI): X (Twitter) ရဲ့ Settings -> Privacy & Safety -> Grok ထဲသွားပြီး “Allow public data/interactions…” ဆိုတဲ့ အမှန်ခြစ်ကို ဖြုတ်ထားပါ။

ဒီလို ပိတ်လိုက်ခြင်းဟာ နောင်လာမယ့် ဒေတာတွေအတွက်ပဲ အကျုံးဝင်ပြီး၊ AI ထဲ ရောက်သွားနှင့်ပြီးသား ဒေတာတွေကိုတော့ ပြန်ဖျက်ပေးမှာ မဟုတ်ပါဘူး။ ဒါ့အပြင် ပိတ်ထားရင်တောင် အလွဲသုံးစားမှု စစ်ဆေးဖို့အတွက် အနည်းဆုံး ၇၂ နာရီကနေ ရက် ၃၀ အထိ စကားပြောမှတ်တမ်းတွေကို စနစ်က ခေတ္တသိမ်းဆည်းထားတတ်ပါတယ်။

၈။ လူမှုအဖွဲ့အစည်း လုပ်ငန်းများအတွက် ဘေးကင်းလုံခြုံသော AI ကျင့်သုံးမှုများ

လူမှုအဖွဲ့အစည်းတွေဟာ အကျိုးခံစားခွင့်ရှိသူတွေ (Beneficiaries)၊ စေတနာ့ဝန်ထမ်းတွေ၊ အလှူရှင်တွေနဲ့ ထိခိုက်လွယ်တဲ့ လူဦးရေအစုအဖွဲ့တွေရဲ့ ထိခိုက်လွယ်သော အချက်အလက်တွေကို ကိုင်တွယ်ဆောင်ရွက်ရလေ့ ရှိပါတယ်။ ဒီအဖွဲ့အစည်းတွေအနေနဲ့ လုပ်ငန်းစွမ်းဆောင်ရည်နဲ့ ဝန်ဆောင်မှု ပိုမိုကောင်းမွန်အောင် AI ကိရိယာတွေကို ပိုမိုအသုံးပြုလာကြတဲ့အခါ ကိုယ်ရေးအချက်အလက်လုံခြုံမှုနဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးကို အဓိကထား ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။ AI ဟာ အဖွဲ့အစည်းတွေအတွက် အချက်အလက် ခွဲခြမ်းစိတ်ဖြာခြင်း၊ ဆက်သွယ်ရေး ကောင်းမွန်စေခြင်း၊ အစီရင်ခံစာများ ရေးသားခြင်းနဲ့ စီမံကိန်းချမှတ်ခြင်းတို့မှာ ကူညီပေးနိုင်ပါတယ်။ သို့သော်လည်း ဒီအကျိုးကျေးဇူးတွေကို ရယူရာမှာ တာဝန်ယူမှုရှိတဲ့ အချက်အလက်စီမံခန့်ခွဲမှု အလေ့အထတွေနဲ့ မျှတအောင် လုပ်ဆောင်ရပါမယ်။

အရေးကြီးတဲ့ မူဝါဒတစ်ခုကတော့ အချက်အလက် လိုအပ်သလောက်သာ စုဆောင်းခြင်း (Data Minimization) ပဲ ဖြစ်ပါတယ်။ အဖွဲ့အစည်းတွေအနေနဲ့ သတ်မှတ်ထားတဲ့ ရည်ရွယ်ချက်တစ်ခုအတွက် မရှိမဖြစ်လိုအပ်တဲ့ အချက်အလက်တွေကိုပဲ စုဆောင်းသင့်ပါတယ်။ အချက်အလက်တွေကို လိုအပ်တာထက် ပိုမိုစုဆောင်းခြင်းက ကိုယ်ရေးအချက်အလက် ပေါက်ကြားနိုင်ခြေ အန္တရာယ်ကို မြင့်မားစေသလို အဲဒီဒေတာတွေကို ကာကွယ်ဖို့အတွက်လည်း အပိုဆောင်း တာဝန်တွေ ဖြစ်လာစေပါတယ်။ အလားတူပဲ အဖွဲ့အစည်းတွေအနေနဲ့ AI စနစ်တွေထဲကို ဘယ်အချက်အလက်တွေ ထည့်လို့ရတယ်၊ ဘယ်အချက်အလက်တွေ မထည့်ရဘူးဆိုတဲ့ ရှင်းလင်းတဲ့ လမ်းညွှန်ချက်တွေကို ချမှတ်ထားရပါမယ်။

ပွင့်လင်းမြင်သာမှု (Transparency) ကလည်း တာဝန်ယူမှုရှိတဲ့ AI သုံးစွဲမှုရဲ့ အဓိကသော့ချက် ဖြစ်ပါတယ်။ လူမှုအသိုင်းအဝိုင်းက အဖွဲ့ဝင်တွေအနေနဲ့ သူတို့ရဲ့ အချက်အလက်တွေကို ဘယ်လိုစုဆောင်းပြီး ဘယ်လိုအသုံးပြုနေလဲဆိုတာကို ရှင်းရှင်းလင်းလင်း နားလည်ထားသင့်ပါတယ်။ အဖွဲ့အစည်းတွေအနေနဲ့ မိမိတို့ရဲ့ AI အသုံးပြုပုံ အလေ့အထတွေကို ပွင့်ပွင့်လင်းလင်း ချပြရမှာဖြစ်ပြီး သင့်တော်တဲ့အချိန်တိုင်းမှာ သဘောတူညီချက် (Consent) ရယူရပါမယ်။ လူတွေက သူတို့ရဲ့ အချက်အလက်တွေကို ဘယ်လိုကိုင်တွယ်နေသလဲဆိုတာ သိရှိနားလည်တဲ့အခါ ယုံကြည်မှု ပိုမိုခိုင်မာလာပြီး စိုးရိမ်ပူပန်မှုတွေကို လျော့ကျစေပါတယ်။

နောက်ဆုံးအနေနဲ့ AI ဟာ လူသားတွေရဲ့ ဆုံးဖြတ်ချက်ချမှတ်မှုကို အထောက်အကူပြုရုံသာ ဖြစ်ရပါမယ်၊ လူသားတွေရဲ့နေရာမှာ အစားထိုးတာမျိုး မဖြစ်ရပါဘူး။ လူတွေရဲ့ လူနေမှုဘဝ၊ ဝမ်းစာရှာဖွေမှု၊ ကျန်းမာရေး သို့မဟုတ် ဝန်ဆောင်မှုတွေ ရယူပိုင်ခွင့်အပေါ် သက်ရောက်မှုရှိစေမယ့် ဆုံးဖြတ်ချက်တွေမှာ လူသားတွေကိုယ်တိုင် အဓိပ္ပာယ်ပြည့်ဝစွာ ကြီးကြပ်ကွပ်ကဲခြင်း (Meaningful human oversight) အမြဲရှိနေရပါမယ်။ AI က အကြံပြုချက်တွေနဲ့ ထိုးထွင်းသိမြင်မှုတွေကို ပေးနိုင်ပေမယ့် နောက်ဆုံး ဆုံးဖြတ်ချက်အတွက်တော့ လူသားတွေမှာပဲ တာဝန်ရှိပါတယ်။ ပညာရှင်တွေကလည်း ယုံကြည်စိတ်ချရတဲ့ AI စနစ်တစ်ခု ဖြစ်လာဖို့အတွက် တာဝန်ခံမှု (Accountability)၊ ပွင့်လင်းမြင်သာမှု (Transparency)၊ မျှတမှု (Fairness) နဲ့ ကိုယ်ရေးအချက်အလက် လုံခြုံမှု (Privacy) တို့ဟာ အခြေခံအကျဆုံး တန်ဖိုးတွေဖြစ်တယ်လို့ အမြဲတစေ အလေးအနက် ပြောကြားလေ့ရှိပါတယ်။

၉။ မိသားစုများနှင့် တစ်ဦးချင်းစီအတွက် Digital Hygiene

AI ခေတ်မှာ အကောင့်တွေကို ခိုးယူတာနဲ့ လှည့်စားတာတွေ ပိုလွယ်လာတဲ့အတွက် မိသားစုတိုင်း ဒီအချက် တွေကို မဖြစ်မနေလုပ်ရပါမယ် –

  • စနစ်များကို အမြဲ Update လုပ်ပါ: ဖုန်း၊ ကွန်ပျူတာနဲ့ App တွေကို အမြဲတမ်း နောက်ဆုံးဗားရှင်း မြှင့်ထားပါ။
  • အကောင့်များကို အစွမ်းကုန် ကာကွယ်ပါ: ခန့်မှန်းရခက်တဲ့ Password တွေ၊ Passkeys တွေနဲ့ Multi-factor Authentication (MFA – နှစ်ဆင့်ခံလုံခြုံရေး) ကို မသုံးမဖြစ် သုံးပါ။
  • App တွေရဲ့ ခွင့်ပြုချက်တွေကို စစ်ဆေးပါ (Platform Auditing): App တွေက ကိုယ့်ရဲ့ တည်နေရာ (Geolocation) ကို နောက်ကွယ်ကနေ ခိုးယူမသုံးနိုင်အောင် ပိတ်ထားပါ။
  • ဇီဝအချက်အလက်များကို ထိန်းသိမ်းပါ (Biometric Exposure Control): ဆိုရှယ်မီဒီယာပေါ်မှာ ကိုယ့်ရဲ့ မျက်နှာ အနီးကပ်ဗီဒီယိုတွေ၊ အသံဖိုင်တွေကို အလွန်အကျွံ တင်တာမျိုး ရှောင်ကြဉ်ပါ။ အဲဒီအသံနဲ့ ဗီဒီယိုတွေကို ယူပြီး လူလိမ်တွေက AI သုံးကာ Deepfakes နဲ့ အသံတု (Voice Clone) တွေ လုပ်ပြီး ပြန်လည်လိမ်လည်နိုင်လို့ပါ။
  • မိသားစုအတွင်း တိုင်ပင်ဆွေးနွေးပါ: AI ရဲ့ စွမ်းဆောင်နိုင်ရည်တွေအကြောင်း မိသားစုချင်း ပြောပြထားပြီး အွန်လိုင်းပေါ်က သတင်းတု၊ သတင်းမှားတွေကို သတိထားဖို့ အချင်းချင်း သတိပေးပါ။

References

  1. European Parliamentary Research Service. The Ethics of Artificial Intelligence: Issues and Initiatives (2020).
  2. Institute for Ethics in Artificial Intelligence (TUM). AI Ethics: Why Does It Matter? (2020).
  3. AI Bias and Fairness Educational Resource. Concepts on bias, fairness, transparency, and explainability.
  4. OECD AI Principles.
  5. NIST AI Risk Management Framework.
  6. UNESCO Recommendation on the Ethics of Artificial Intelligence.
  7. Singapore Personal Data Protection Commission (PDPC) Guidance Resources.