မိမိကိုယ်ကို သိရှိခြင်း (Self-awareness)

⚜️Self-awareness ဆိုတာကတော့ မိမိကိုယ်ကို သိရှိခြင်းဖြစ်ပြီး လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးတဲ့ အရာတစ်ခုဖြစ်ပါတယ်။ မိမိကိုယ်ကိုသိရှိခြင်း- Self Awareness ကောင်းအောင် လေ့ကျင့်သင်ယူမှုတွေကို ဖော်ပြပေးပါမယ်။  

မိမိကိုယ်ကို ကောင်းစွာနားလည်ထားရင် ကိုယ်က ဘယ်လိုလူမျိုးလဲဆိုတာ သေချာသိနိုင်ပါတယ်။ ကိုယ့်ရဲ့ မူရင်းပုံစံ၊ လုပ်ရပ်တွေ၊ တန်ဖိုးထားမှု၊ ယုံကြည်မှု၊ စိတ်ခံစားချက်တွေနဲ့ အတွေးအမြင်တွေကို သေချာသိမြင်လာနိုင်မှာဖြစ်ပါတယ်။ ကိုယ့်ရဲ့ဖြစ်တည်မှုနဲ့ အမူအကျင့် အလေ့အထတွေ သိထားပြီးရင်တော့ ကိုယ့်ကိုကို အာရုံစိုက်နိုင်ပြီး စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေလည်း အပြုသဘောဆောင်တဲ့ဖက်ကနေ ကောင်းမွန်လာမှာပဲဖြစ်ပါတယ်။ 

မိမိကိုယ်ကိုသိရှိပြီဆိုရင် လူမှုရေးနယ်ပယ်တွေမှာ ကိုယ့်အပေါ် လူအများရဲ့ ထင်မြင်ချက်တွေကို အထူးဂရုစိုက်စရာမလိုတော့ဘဲ ကိုယ့်ရဲ့ မူရင်းအကျင့်လက္ခဏာနဲ့ ပျော်ရွှင်မှုတို့ပေါင်းစပ်ပြီး ကိုယ်လိုချင်တဲ့ အရာ၊ ဖြစ်ချင်တဲ့ဆန္ဒတွေကို အချိန်ကာလတစ်ခုအတွင်း ရယူလာနိုင်မှာပဲဖြစ်ပါတယ်။ ဒါကြောင့် မိမိကိုယ်ကိုသိရှိခြင်း-Self Awareness ရဲ့ သဘောသဘာဝတွေကို သေချာနားလည် သဘောပေါက်လာအောင် လေ့လာကြည့်လိုက်ရအောင် 

🔆မိမိကိုယ်ကိုသိရှိခြင်း-Self Awareness ဆိုတာဘာလဲ။

မိမိကိုယ်ကိုသိရှိခြင်း-Self Awareness က လူအချင်းချင်း ပေါင်းသင်းဆက်ဆံရေးမှာ အလိုအလျှောက် အဆင်ပြေချောမွေ့လာမှာဖြစ်ပြီး၊ အမြဲ သတိ ဝီရိယနဲ့ နေထိုင်တတ်လာမှာပဲဖြစ်ပါတယ်။ ကိုယ့်ရဲ့ စဉ်းစားတွေးခေါ်ပုံ၊ စိတ်ခံစားချက်၊ ယုံကြည်ချက်၊ အားသာချက်၊ အားနည်းချက်၊ စိန်ခေါ်မှုတွေနဲ့ ကိုယ့်ရဲ့ ဘဝထဲက အတားအဆီးတွေကို လေးလေးနက်နက် ထဲထဲဝင်ဝင် လေ့လာ ဆန်းစစ်မိလာမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုအချက်တွေကို သေချာနားလည်သဘောပေါက်ခြင်း မိမိကိုယ်ကိုယ်သိရှိနားလည်ခြင်းလို့ အဓိပ္ပါယ်ရပါတယ်။

🔆Self-awareness ရှိဖို့ဘာ​ကြောင့်လိုအပ်တာလဲ။

“Eurich Group” ဆိုတဲ့ သုတေသနအဖွဲ့အစည်းရဲ့ လေ့လာချက်တွေအရ မိမိကိုယ်ကိုသိရှိခြင်း-Self Awarenessရှိတဲ့သူတွေက ဘဝမှာ အခြားလူတွေထက် ပိုပြီး ပျော်ရွှင်ကြသလို၊ ကောင်းမွန်တဲ့ ပေါင်းသင်းဆက်ဆံရေးကိုလည်း တည်ဆောက်နိုင်ကြောင်းကို တွေ့ရှိထားပါတယ်။ ဒါ့အပြင် ကျောင်းကိစ္စ၊ အလုပ်ကိစ္စတွေကို ဆောင်ရွက်တဲ့အချိန်မှာလည်း မိမိကိုယ်ကိုသိရှိခြင်း-Self Awareness ရှိတဲ့သူတွေက အခြား Self Awareness မရှိတဲ့သူတွေထက် ပိုပြီး လုပ်ကိုင်နိုင်စွမ်းက တိုးတက်နေတာကို တွေ့ရပါတယ်။ 

အကယ်၍ သင်က မိမိကိုယ်ကိုသိရှိခြင်း-Self Awareness အားကောင်းသူတယောက်ဖြစ်နေပြီဆိုရင် တခြားလူအပေါ် အပြစ်တင်တာတွေ နဲ့ ယုတ္တိမရှိတဲ့ မျှော်လင့်ချက်တွေ ထားရှိမှာ မဟုတ်တော့ပါဘူး။ နောက်ပြီး ကိုယ့်ကိုကို စစ်မှန်တဲ့ ကိုယ်ရည်ကိုယ်သွေးတွေကို အမြဲမပြတ် တိုးတက်လာအောင် လုပ်ဆောင်ချင်ရင်တော့ ပထမဦးဆုံးအနေနဲ့ ကိုယ့်ကိုကို နားလည် သဘောပေါက်ထားဖို့ လိုအပ်ပြီး နားလည် သဘောပေါက်အောင်လည်း ကြိုးစားဖို့ လိုအပ်ပါတယ်။ 

🔆လူငယ်တွေအတွက် မိမိကိုယ်ကိုသိရှိခြင်း-Self Awareness က ဘာကြောင့် လိုအပ်တာလဲ

လူငယ်တွေ အရွယ်ရောက်လာတဲ့အချိန်က ပြောင်းလဲမှု မျိုးစုံကို ရှာဖွေတဲ့ အချိန်ဖြစ်ပြီး ကိုယ့်ကိုကို ယုံကြည်မှုတွေ တဖြေးဖြေး ရှိလာပြီး ကိစ္စရပ်တိုင်းလိုလို အဆင်ပြေ ချောမွေ့အောင် ဖန်တီးလာနိုင်ပါတယ်။ ဒါပေမယ့် လူငယ်တွေအနေနဲ့ ကိုယ့်ကိုကို နားလည်သဘောပေါက် လက်ခံထားနိုင်ဖို့က အရေးကြီးပါတယ်။ မိမိကိုယ်ကိုသိရှိခြင်း-Self Awarenessက ဘာကြောင့်အရေးကြီးလဲဆိုတော့ ဆုံးဖြတ်ချက်တွေ မှန်မှန်ချတတ်လာနိုင်ဖို့၊ ဆက်ဆံရေးတွေ ကောင်းမွန်လာဖို့၊ ဘဝအခက်အခဲတွေနဲ့ ထိထိရောက်ရောက် ကျော်ဖြတ်နိုင်ဖို့ နဲ့ ကိုယ့်ပုံစံက ပတ်ဝန်းကျင်ရဲ့ အမြင်တွေအပေါ် မမူတည်ဘဲ ကိုယ်ပိုင်ပုံစံနဲ့ ရှင်သန်လာနိုင်ဖို့အတွက် ဖြစ်ပါတယ်။ ဒါတွေက ကိုယ့်ဘဝကို ထိန်းချုပ်ပြီး ကိုယ့်စိတ်ကြိုက် လမ်းကြောင်းမှန်မှန်နဲ့ မောင်းနှင်ပေးပါတယ်။

လူငယ်တွေ မိမိကိုယ်ကိုသိရှိခြင်း-Self Awarenessက ယုံကြည်မှုတွေ တိုးတက်စေမှာ ဖြစ်ပြီး သင်ယူမှုမှာလည်း အားကောင်းလာမှာ ဖြစ်သလို စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးမှာတောင် ပိုမိုကောင်းမွန်တဲ့ အကျိုးကျေးဇူးတွေ ရရှိလာမှာ ဖြစ်ပါတယ်။ ဒါတွေကြောင့် ကိုယ့်ကိုကို သိခြင်းက အရွယ်ရောက်လာတဲ့အချိန် အောင်မြင်ဖို့အတွက် အရေးကြီးတဲ့ ဘဝကျွမ်းကျင်မှု တစ်ခုဖြစ်ပါတယ်။ 

🔆မိမိကိုယ်ကိုသိရှိခြင်း-Self Awareness အမျိုးအစားများ

မိမိကိုယ်ကိုသိရှိခြင်း-Self Awarenessက အခြေအနေအမျိုးမျိုးပေါ်မူတည်ပြီး များပြားတဲ့ အမျိုးအစားတွေ ပေါ်ထွက်နိုင်ပါတယ်။ စိတ်ပညာရှင်တွေကတော့ မိမိကိုယ်ကိုသိရှိခြင်း-Self Awarenessကို လူအများကြား (public) နဲ့ ကိုယ်ပိုင်သီးသန့် (private) ဆိုပြီး အမျိုးအစား နှစ်မျိုးကို ခွဲခြားထားပါတယ်။ 

🔅လူအများကြား မိမိကိုယ်ကို သိမြင်နိုင်စွမ်း

ဒီအမျိုးအစားမှာတော့ လူတွေက ကိုယ့်ကို ဘယ်လိုမြင်နေတယ်ဆိုတာကို သိတဲ့အခါ ထွက်ပေါ်လာပါတယ်။ နောက်ပြီး လူအများကြား မိမိကိုယ်ကို သိမြင်ခြင်းစွမ်းရည်ဆိုတာ ကိုယ့်အပေါ် လူတွေရဲ့ အာရုံစိုက်ခံရတဲ့ အခြေအနေတွေကနေ ထွက်လာတာဖြစ်ပါတယ်။ 

ဒီအမျိုးအစားကို ကိုယ်တိုင်သိမြင်ခြင်းက လူအများကြား လူမှုဆက်ဆံရေး စံနှုန်းတွေနဲ့ ကိုက်ညီဖို့ ပြုပြင်လာစေပါတယ်။ လူတွေက ကိုယ့်ကို ကြည့်နေတယ်၊ အကဲဖြတ်နေတယ်ဆိုတဲ့ အသိကိုရလာတဲ့အခါ လူ့အဖွဲ့အစည်းနဲ့ ကိုက်ညီတဲ့ စံနှုန်းတွေကို စပြုပြင်လာကြပါတယ်။ 

တခါတလေ လူအများကြား သွားတဲ့အခါ လူတွေ ကိုယ့်ကို အကဲဖြတ်ဝေဖန်နေမလား၊ ပျက်ရယ်ပြုနေမလားဆိုတဲ့ စိုးရိမ်ပူပန်မှုတွေ ဖြစ်စေလာနိုင်ပါတယ်။ ဒါတွေက ကိုယ်နေဟန်ထား လှုပ်ရှားသွားလာမှုအပေါ် စိုးရိမ်မှု နဲ့ လူမှုရေးရာ စိုးရိမ်မှုဆိုတဲ့ စိုးရိမ်မှု နှစ်မျိုးကို သိမြင်နိုင်လာပါတယ်။ 

ဥပမာ။ ။ အတန်း‌ရှေ့ထွက် စာရှင်းပြရရင်၊ စာဖတ်ပြရရင်၊ ခေါင်းစဥ်တခုအကြောင်းပြောပြရရင် ဒူးတုန်တာ၊ ဂနာမငြိမ်ဖြစ်တာကို သူငယ်ချင်းတွေကလည်း ပြောကြတယ်။ ကိုယ်တိုင်သိတယ်။ အဲ့ဒီကြောက်စိတ်ကို ဖျောက်ဖို့ဆိုရင် ဆရာမခေါ်တိုင်း အတန်း‌ရှေ့ထွက် စာဖတ်ဖို့ ဦးအောင် စာရင်းပေးတာ၊ အုပ်စုလိုက် ဆွေးနွေးတင်ပြချိန်မှာ မိမိက ဦးဆောင်ပြီး အတန်းကို ဆွေးနွေးတင်ပြတာ၊ အတန်းလွတ်ချိန်မှာ စင်ပေါ်တက်ပြီး လေ့ကျင့်တာ စတဲ့ အပြုအမူတွေကို မိမိကိုယ်တိုင် ဂရုတစိုက်ပြုပြင်ပြီး မိမိအားနည်းချက်ကို အားသာချက်အဖြစ် ပြောင်းလဲနိုင်မှာ ဖြစ်ပါတယ်။ 

🔅မိမိကိုယ်ပိုင် သီးသန့် သိမြင်နိုင်စွမ်း

ဒီအမျိုးအစားမှာ လူတွေရဲ့ သိမြင်နိုင်စွမ်းတွေနဲ့ ပတ်သက်ပြီး တစ်ဦးတည်း ကိုယ်ပိုင်သိမြင်မှု ဖြစ်ပါတယ်။ ဥပမာ- ကိုယ်က မှန်ကြည့်လိုက်တဲ့အခါ မှန်ပေါ်မှာ ထွက်ပေါ်လာတဲ့ ကိုယ့်မျက်နှာအသွင်အပြင်နဲ့ဖြစ်တည်မှုကို မြင်တွေ့ရသလို ဖြစ်ပါတယ်။ 

ကိုယ်ပိုင် သီးသန့် သိမြင်ခြင်းကို တိုးတက်လာအောင် ပြုလုပ်ဖို့ နည်းလမ်းတချို့ ရှိပါတယ်။ ဥပမာ၊ ဒိုင်ယာရီရေးခြင်း၊ တရားထိုင်ခြင်း၊ သတိရှိရှိနေခြင်း စတဲ့အရာတွေက ကိုယ့်ရဲ့ အတွင်းစိတ်၊ ခံစားချက်နဲ့ လှုပ်ရှားမှုတွေကို ပိုမိုသိမြင်လာစေပါတယ်။ 

ဥပမာ။ ။ အရေးကြီးတဲ့ စာမေးပွဲမှာ စာတွေမေ့သွားမှာ စိုးရိမ်တာ (ဒါမှမဟုတ်) ကိုယ်က တစုံတယောက်ကို မြင်မြင်ချင်း ကြိုက်နှစ်သက်သွားတဲ့အခါ နှလုံးခုန်နှုန်းမြင့်လာတာ စတဲ့အရာတွေကို ကိုယ်ပိုင်သီးသန့် သိမြင်နိုင်စွမ်းတွေပဲ ဖြစ်ပါတယ်။ 

🔆မိမိကိုယ်ကိုသိရှိခြင်း-Self Awarenessက အားနည်းရင်ကြုံ​တွေ့ရမယ့် အခက်အခဲများ။

လူတယောက်မှာ မိမိကိုယ်ကိုသိရှိနိုင်ခြင်း-Self Awareness မရှိဘူးဆိုရင် အခက်အခဲတွေ အများကြီး ကြုံတွေ့နိုင်ပါတယ်။ ယေဘူယျအားဖြင့်ဆိုရင် ကိုယ်စိတ်ဝင်စားတဲ့အရာတွေ နဲ့ လုပ်ဆောင်ချက်တွေကို ရှာမတွေ့တာမျိုးတွေ ဖြစ်တတ်ပါတယ်။  တစ်နည်းအားဖြင့်ပြောရရင် ရည်မှန်းချက် ပန်းတိုင်ပျောက်ဆုံးနေခြင်းလို့ ပြောလို့ရပါတယ်။ ဒါ့အပြင် ဘဝမှာ ဘာကြောင့် အသက်ရှင်သန်နေရသလဲ၊ ဘယ်အရာတွေက ပျော်ရွှင်မှုတွေ ပေးစွမ်းနေသလဲ၊ ဘာတွေဆက် လုပ်ဆောင်သွားရမလဲ၊ ကျောင်းစာကို ဘာကြောင့် သင်ကြားနေရသလဲ၊ ကျောင်းပြီးရင် ဘာဆက်လုပ်ရမလဲ စတဲ့ မေးခွန်းတွေထဲမှာ လမ်းပျောက်ဆုံးနေမှာ ဖြစ်ပါတယ်။ ဒီလိုအရာတွေကြောင့် မိမိကိုယ်ကိုသိရှိခြင်း-Self Awareness အားနည်းတဲ့ လူတယောက်မှာ စိတ်ဓာတ်ကျတာတွေ၊ ရှင်သန်နေရတဲ့ ဘဝမှာ အားမလို အားမရတာတွေ ဖြစ်လာနိုင်ပါတယ်။ 

ဒါကြောင့် မိမိကိုယ်ကိုသိရှိခြင်း-Self Awareness အားနည်းနေရင်တော့ အခက်အခဲနဲ့ စိန်ခေါ်မှုတွေက အသက်ရှင်နေစဉ်အတွင်း အမြဲမပြတ် ကြုံတွေ့နေရမှာ ဖြစ်ပါတယ်။

🔱မိမိကိုယ်ကိုသိရှိခြင်း-Self Awareness အား​ကောင်းဖို့ လုပ်​ဆောင်သင့်တဲ့ အရာတွေက အောက်ပါအတိုင်းဖြစ်ပါတယ်။ 

🔍(၁) ကိုယ့်ကိုကိုယ် ပြန်လည်သုံးသပ်ဖို့ အချိန်တစ်ခုယူခြင်း။ (Self-reflection)

  • ကိုယ့်ကိုကိုယ် ပြန်လည်သုံးသပ်ဖို့ အချိန်တစ်ခု​ပေးခြင်းက ကိုယ့်ရဲ့ အားသာချက်နဲ့ အားနည်းချက်တွေ (Strengths & Weaknesses)ကို ပြန်လည်ဆန်းစစ်​လေ့လာနိုင်​စေပါတယ်။ 
  • အားနည်းတဲ့ လုပ်​ဆောင်မှုတွေကို အားသာချက်အဖြစ် ​ပြောင်းလဲဖို့အတွက် အခွင့်အလမ်း​ပေးရုံသာမက ကိုယ်ဘာလုပ်နေရရင် ပိုအားသန်သည်ကို သိရှိ​စေတဲ့အတွက်​ လုပ်​ဆောင်မှုတိုင်းမှာ ယုံကြည်ချက်ရှိရှိနဲ့ ​အောင်မြင်စွာလုပ်​ဆောင်နိုင်မယ့် အကျိုး​ကျေးဇူးတွေကို ရရှိ​စေပါတယ်။
  • ကိုယ်ဘယ်အရာကို လုပ်ဆောင်ရင် ကိုယ်​ပျော်ရွှင်တယ်။ နှစ်သက်တယ်။ ဘယ်အရာကို​တော့ မကြိုက်နှစ်သက်ဘူး စတဲ့ ကိုယ်ရဲ့နှစ်သက်ခြင်း၊ မနှစ်သက်ခြင်းအ​ကြောင်းအရာတွေကိုလည်း ထဲထဲဝင်ဝင်သိရှိ​စေလာနိုင်ပါတယ်။ 
  •  ကိုယ်ယုံကြည်ရာ(Belief)က ဘာလဲ၊ ကိုယ့်ရည်မှန်းချက်၊ ပန်းတိုင်က (Goals & Purpose) ဘာလဲ၊  စတဲ့အရာတွေကိုပါ သတိထားမိ​စေတဲ့အတွက်​ကြောင့် ဦးတည်ရာလမ်း​ကြောင်း တည့်တည့်နဲ့ အနာဂတ်မှာ ​လျှောက်လှမ်း​နိုင်စေပါတယ်။ 

🔍(၂) သတိပဋ္ဌာန် (စိတ်အေးချမ်းစေတဲ့ ဝင်လေထွက်လေမှတ်ခြင်း ဒါမှမဟုတ် ယောဂကျင့်ခြင်း) လုပ်​​ဆောင်ခြင်း။ (Mindfulness)

  • Mindfulnessနဲ့ ပက်သက်​တဲ့ Applicationတွေ အသုံးပြုခြင်း၊ သီချင်းများနား​ထောင်ခြင်း၊ ယောဂကျင့်ခြင်း၊ ဒါမှမဟုတ်  ဝင်လေထွက်လေမှတ်ခြင်းတွေ ပြုလုပ်နိုင်ပါတယ်။ ဒီနည်းလမ်းတွေကို အသုံးပြုခြင်းအားဖြင့် စိတ်အေးချမ်း​မှု၊ စိတ်ငြိမ်သက်မှုတွေကို ရရှိစေကာ အရာရာကို သတိယှဉ်ပြီး ကြည့်လာနိုင်ပါတယ်။ 
  • ဒါ့အပြင် ကိုယ်ကိုတိုင်ရဲ့ စိတ်​နေစိတ်ထားကိုလည်း သတိရှိရှိနဲ့ မြင်လာ​စေနိုင်ပါလိမ့်မယ်။

🔍(၃) ဂျာနယ်များ ​ရေးသားများ။ (Journaling)
    

  • နေ့စဉ် Diaryရေးခြင်း၊ မှတ်တမ်းရေးခြင်း၊ မှတ်စုတို ရေးခြင်းတွေက တစ်ကိုယ်ရည် တိုးတက်မှု အတွက် အထောက်အကူပြုကာ မနေ့ကထက် ဒီနေ့မှာ ပိုကောင်းတဲ့ လူဖြစ်အောင် ကြိုးစားဖို့အခွင့်အရေးတွေ ရရှိ​စေပါတယ်။
  • ဘာကြောင့်လဲဆိုတော့ တစ်​နေ့တာမှာ ကိုယ်ဘာ​တွေလုပ်​ဆောင်ခဲ့သလဲ။ ကိုယ်ဘာအခက်အခဲ​(Challenges)​တွေကို ရင်​ဆိုင်ခဲ့ရသလဲ။ အခြားသူအ​ပေါ် ကိုယ်ဘယ်လိုတုံ့ပြန်ခဲ့သလဲ။ မနက်ဖြန်အတွက် ဘယ်လိုရင်ဆိုင်ဖြတ်သန်းရမလဲ။ စတာ​တွေကို သိရှိနားလည်လာ​စေလာနိုင်တဲ့ အတွက်​ကြောင့်ဖြစ်ပါတယ်။

🔍(၄) ကိုယ့်အပေါ် စေတနာထားသော မိသားစုဝင် ဒါမှမဟုတ် သူငယ်ချင်းတွေဆီမှာ မိမိအပေါ် ထားရှိ​သောအမြင်၊တုံ့ပြန်ချက်များကို တောင်းခံခြင်း။ (Others’ Perceptions)

  • တစ်ခါတစ်လေ ကိုယ်ကိုယ်တိုင် မသိရှိလိုက်ဘဲ တခြားသူအ​ပေါ် ပြုလုပ်မိတဲ့ အမှားတွေကို ပြန်လည်သိရှိ​စေနိုင်ပါတယ်။
  • ဒါကြောင့် ​နောင်တစ်ချိန်မှာ တခြားသူတွေကို စိတ်မထိခိုက်​မိအောင် သတိပြုမိ​စေရုံသာမက တခြားသူတွေ ကိုယ့်အ​ပေါ်ထားတဲ့ မ​ကောင်းမြင်စိတ်များကိုလည်း ​ပြောင်းလဲသွား​စေနိုင်ပါသည်။

အခုပြောပြသွားတဲ့အရာတွေကတော့ မိမိကိုယ်ကိုသိရှိခြင်း Self Awareness ရဲ့ အရေးပါပုံတွေနဲ့ အကြောင်းအရာတွေကို လေ့လာပြီးပြီဖြစ်တာကြောင့် ကိုယ့်ဘဝမှာ ဘာတွေလိုအပ်နေလဲ၊ စိန်ခေါ်မှု၊ အခက်အခဲ၊ အတားအဆီးတွေနဲ့ စိတ်သက်သာအောင် ပြုလုပ်နိုင်တဲ့ နည်းလမ်းတွေကို ရှာဖွေရင်း မိမိကိုယ်ကိုယ် မြှင့်တင်လိုက်ပါ။