ကြိုတင်ပြင်ဆင်တတ်တဲ့ စိတ်နေစိတ်ထားကိုပြုစုပျိုးထောင်ခြင်း (Developing a Proactive Mindset)

ကြိုတင်လုပ်ဆောင်လိုစိတ်ရှိသူများဟာ အလုပ်တစ်ခုကိုအစပြုလုပ်ဆောင်လေ့ရှိတာကြောင့် အခြားသူတွေက သူတို့ကို အောင်မြင်မှုကိုရယူနိုင်ကြတဲ့ခေါင်းဆောင်တွေလို့ မြင်ကြပါတယ်။ အလုပ်ခွင်မှာဆိုရင်လဲ ကိုယ့်ရဲ့စိတ် ကျေနပ်မှု၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာအခွင့်အလမ်းတွေနဲ့ ကျွမ်းကျင်မှုတွေကို တိုးမြှင့်လာစေဖို့ဆိုရင် ကြိုတင်ဖန်တီးလုပ်ဆောင်လိုတတ်တဲ့စိတ်ဓာတ်ရှိဖို့က အရေးကြီးလှပါတယ်။ ဒီသင်ခန်းစာမှာ –

  • ကြိုတင်လုပ်ဆောင်တတ်ခြင်းရဲ့အဓိပ္ပါယ်
  • ကြိုတင်ဖန်တီးလုပ်ဆောင်တတ်သူများရဲ့စရိုက်လက္ခဏာများ
  • ကြိုတင်လုပ်ဆောင်တတ်ခြင်းရဲ့ အကျိုးကျေးဇူးများနဲ့ 
  • အလုပ်ခွင်မှာတက်ကြွတဲ့ကြိုတင်လုပ်ဆောင်တတ်သူတစ်ယောက်ဖြစ်လာစေမယ့်နည်းလမ်းများကို လေ့လာရမှာဖြစ်ပါတယ်။

🔵 ကြိုတင်လုပ်ဆောင်တတ်ခြင်းရဲ့ အဓိပ္ပါယ်

ကြိုတင်လုပ်ဆောင်တတ်ခြင်းဆိုတာကတော့ တစ်ခုခုဖြစ်လာဖို့စောင့်ဆိုင်းနေမယ့်အစား ကိုယ်တိုင်တက်တက် ကြွကြွနဲ့ ဖန်တီးရယူဖို့အစပြုလုပ်ဆောင်ခြင်းပဲဖြစ်ပါတယ်။ ဒီလိုတက်ကြွတဲ့သူတွေဟာ အကြောင်းအရာ၊ အနေ အထားတစ်ခုနဲ့ပတ်သက်ပြီး ဖြစ်လာနိုင်ခြေရှိတဲ့အကျိုးဆက်တွေ၊ လိုအပ်နိုင်ခြေတွေကို ကြိုတင်မှန်းဆလေ့ရှိ ကြပါတယ်။ သူတို့ဟာ ဘဝအောင်မြင်ရေးနဲ့သက်ဆိုင်တဲ့အခွင့်အလမ်းတွေကိုရရှိဖို့အတွက် ကြုံတွေ့လာနိုင်တဲ့ စိန်ခေါ်မှုတွေကို ဘယ်လိုဖြေရှင်းရမလဲဆိုတာကို ကြိုတင်ပြင်ဆင်ထားတတ်ကြပါတယ်။

ကြိုတင်လုပ်ဆောင်တတ်ခြင်းစွမ်းရည်ကို အပိုင်းငါးခုနဲ့ခွဲခြားသတ်မှတ်လို့ရပါတယ်။ အဲဒါတွေကတော့ – 

  • ခန့်မှန်းတတ်ခြင်း (Predict)
  • ကြိုတင်ကာကွယ်တတ်ခြင်း (Prevent)
  • အစီအစဉ်ချမှတ်တတ်ခြင်း (Plan)
  • ပါဝင်ဆောင်ရွက်တတ်ခြင်း (Participate) နဲ့ 
  • လုပ်ငန်းကို တကယ်ဆောင်ရွက်ခြင်း (Perform) တို့ပဲဖြစ်ပါတယ်။ 

ခန့်မှန်းတတ်ခြင်း (Predict)

ကြိုတင်လုပ်ဆောင်တတ်ဖို့အတွက် လိုအပ်တဲ့ပထမဆုံးအဆင့်ကတော့ ဖြစ်လာနိုင်တဲ့အခက်အခဲတွေ ဒါမှမ ဟုတ် အခွင့်အလမ်းတွေကို ကြိုတင်ခန့်မှန်းနိုင်တဲ့စွမ်းရည်ပဲဖြစ်ပါတယ်။ ဒီလိုလုပ်ဖို့ဆိုရင် ပတ်ဝန်းကျင်မှာဖြစ် နေတဲ့ပြောင်းလဲမှုတွေကို သတိထားပြီးအမြဲအဆင်သင့်ဖြစ်နေဖို့လိုပါတယ်။ ဒါဟာ အလုပ်မှာပဲဖြစ်စေ ကိုယ်ပိုင် ဘဝမှာပဲဖြစ်စေလိုအပ်ပါတယ်။ အနာဂတ်မှာဖြစ်လာနိုင်တဲ့အခြေအနေတွေကို ကြိုတင်ခန့်မှန်းနိုင်မယ်ဆိုရင်၊ ကိုယ့်အနေနဲ့ ပြင်ဆင်ဆောင်ရွက်ဖို့ပိုလွယ်လာပြီး ကြုံလာနိုင်တဲ့အခက်အခဲတွေကို လျှော့ချပေးနိုင်မှာဖြစ်သလို၊ ပေါ်လာမယ့်အခွင့်အလမ်းတွေကိုလည်း အပြည့်အဝအသုံးချနိုင်မှာဖြစ်ပါတယ်။

ကြိုတင်ကာကွယ်တတ်ခြင်း (Prevent)

ခန့်မှန်းခြင်းအားဖြင့် ဖြစ်လာနိုင်ခြေရှိတဲ့ပြဿနာများကို သိရှိပြီးပါက နောက်ထပ်အဆင့်မှာတော့ အဲဒီအရာတွေ ကို မဖြစ်လာစေဖို့အတွက် ကြိုတင်ကာကွယ်ခြင်းများကိုလုပ်ဆောင်ရပါမယ်။ ဆိုလိုတာကတော့ အရံအစီအစဉ် များချမှတ်ထားခြင်း၊  ဒါမှမဟုတ် ပြဿနာတစ်ခုမဖြစ်ခင်ကတည်းက ဖြေရှင်းဖို့ကြိုးစားထားခြင်းမျိုး ဖြစ်ပါ တယ်။ ဒီလိုကြိုတင်ကာကွယ်တတ်တဲ့အမြင်နဲ့လုပ်ဆောင်ခြင်းကြောင့် မလိုလားအပ်တဲ့အဟန့်အတားတွေကို ရှောင်ရှားနိုင်သလို၊ ရည်မှန်းချက်ဆီသွားရာလမ်းဟာလည်း ပိုပြီးချောမွေ့လာပါလိမ့်မယ်။

အစီအစဉ်ချမှတ်တတ်ခြင်း (Plan)

ကြိုတင်လုပ်ဆောင်တတ်ခြင်းဆိုတာ လက်ရှိဖြစ်နေတဲ့အရာတွေကို တုံ့ပြန်ရုံသက်သက်တင်မဟုတ်ပါဘူး။ ဒါဟာ အနာဂတ်အတွက် အစီအစဉ်ချတတ်ခြင်းလည်းဖြစ်ပါတယ်။ ထိရောက်တဲ့စီမံချက်တစ်ခုကိုချဖို့ဆိုရင် ရည်မှန်း ချက်တွေကို ရှင်းလင်းအောင်သတ်မှတ်နိုင်ဖို့လိုပါတယ်။ အဲ့ဒီရည်မှန်းချက်တွေကို ပြီးမြောက်အောင်လုပ်ဖို့အ တွက် မလွဲမသွေလိုက်နာရမယ့်နည်းလမ်းတွေကိုထုတ်ဖော်ရမယ်၊ သုံးစွဲမယ့်အရင်းအမြစ်တွေကိုလည်း ချမှတ်ရ မှာဖြစ်ပါတယ်။ ကိုယ့်ရည်မှန်းချက်တွေကိုရောက်ရှိဖို့ လိုအပ်တဲ့အဆင့်ဆင့်တွေကို ကြိုတင်ပြင်ဆင်ဖန်တီးထား ခြင်းက အခက်အခဲတွေကြားမှာတောင် အဆင်ပြေပြေနဲ့ဖြတ်သန်းနိုင်စေပါတယ်။ မျှော်လင့်မထားတဲ့အပြောင်း 

အလဲတွေကြုံလာတဲ့အခါမှာတောင် ကိုယ့်လမ်းကြောင်းကိုမလွဲသွားဘဲ ရည်မှန်းချက်ဆီကို တည်တည်ငြိမ်ငြိမ်နဲ့ ရောက်ရှိနိုင်စေပါတယ်။

ပါဝင်ဆောင်ရွက်တတ်ခြင်း (Participate)

ကြိုတင်လုပ်ဆောင်တတ်တဲ့စွမ်းရည်ကိုရရှိဖို့ဆိုရင် ပတ်ဝန်းကျင်နဲ့တက်ကြွစွာပူးပေါင်းပြီး လူမှုကွန်ယက်တည် ဆောက်မှုနဲ့ အသိုင်းအဝိုင်းအတွက်ပါဝင်မှုတွေကိုလုပ်သင့်ပါတယ်။ ဒါက ကိုယ့်ရဲ့အမြင်တွေကို ကျယ်ပြန့်လာစေ နိုင်သလို၊ အဓိပ္ပါယ်ရှိတဲ့ဆက်ဆံရေးတွေနဲ့ ချမှတ်ထားတဲ့ရည်မှန်းချက်တွေကိုရောက်အောင်လည်း ကူညီပေးနိုင် ပါတယ်။

လုပ်ငန်းကို လက်တွေ့လုပ်ဆောင်ခြင်း (Perform)

ကြိုတင်လုပ်ဆောင်တတ်ခြင်းစွမ်းရည်ကိုရရှိဖို့ဆိုရင် ပေးထားတဲ့ကတိကဝတ်နဲ့အညီ စီမံချက်တွေကိုအပြီးထိ လုပ်ဆောင်နိုင်ဖို့လိုပါတယ်။ အကျိုးရလဒ်တွေရဖို့အတွက် စည်းကမ်း၊ ကြိုးစားမှုနဲ့ ပြောင်းလဲနိုင်မှုတို့ကို လိုအပ် ပါတယ်။ တက်ကြွစွာဆောင်ရွက်ပြီး အမြဲအကောင်းဆုံးဖြစ်အောင်ကြိုးစားမယ်ဆိုရင် မျှော်လင့်ထားတဲ့အောင် မြင်မှုကို ရရှိနိုင်ပါတယ်။

🔵ကြိုတင်ဖန်တီးလုပ်ဆောင်တတ်သူများရဲ့စရိုက်လက္ခဏာများ

ကြိုတင်ဖန်တီးလုပ်ဆောင်တတ်သူတွေမှာ အောက်ပါစရိုက်လက္ခဏာတွေကို တွေ့ရလေ့ရှိပါတယ်။

  • အစပြုလုပ်ဆောင်ဖို့ တက်ကြွခြင်း (Initiative):

အစပြုလုပ်ဆောင်ဖို့တက်ကြွခြင်းဆိုတာက အခြေအနေတစ်ခုကို ချက်ချင်းသုံးသပ်ပြီး ကိုယ်တိုင်စတင်ဆောင် ရွက်နိုင်တဲ့စွမ်းရည်ကိုဆိုလိုခြင်းပဲဖြစ်ပါတယ်။ ကြိုတင်လုပ်ဆောင်လိုစိတ်ရှိသူတွေဟာ အခွင့်အရေးကိုစောင့် နေရတာထက် ကိုယ်တိုင်ရှာဖွေတတ်ကြပါတယ်။

  • ရေရှည်အမြင်ရှိခြင်း (Long-term perspective):

ရေရှည်အမြင်ရှိခြင်းဆိုတာကတော့ သူတို့ဟာပြဿနာတစ်ခုကိုဖြေရှင်းနေချိန်မှာပဲ ရှေ့အနာဂတ်ကိုထည့်သွင်း တွက်ဆနိုင်ခြင်းကိုဆိုလိုပါတယ်။ ကြိုတင်လုပ်ဆောင်တတ်သူတွေက အနာဂတ်မှာဖြစ်လာနိုင်တဲ့အခက်အခဲ တွေကို ကြိုတင်မြင်တတ်ကြပြီး လက်ရှိလုပ်ဆောင်မှုတွေက သူတို့ရဲ့အဖွဲ့ ဒါမှမဟုတ် အဖွဲ့အစည်းရဲ့အနာဂတ်ကို ဘယ်လိုသက်ရောက်မှုရှိမလဲဆိုတာကို တွေးတတ်ကြပါတယ်။

  • ကြံ့ကြံ့ခံနိုင်စွမ်း (Resilience):

ကြံ့ကြံ့ခံနိုင်တဲ့လူဆိုတာ အခက်အခဲနဲ့ရင်ဆိုင်လာတဲ့အခါ လွယ်လွယ်နဲ့မလက်လျှော့တတ်သူပါ။ သူတို့ဟာ အခြေ အနေအသစ်တွေထဲကိုရောက်ရှိလာတဲ့အခါ အခက်အခဲတွေကိုကြုံရပေမယ့် အမြဲတမ်းအနိုင်ယူဖို့ ကြိုးစားတတ် ကြပါတယ်။

  • ရည်မှန်းချက်ရှိမှု (Goal orientation):

ရည်မှန်းချက်ရှိခြင်းဆိုတာက သတ်မှတ်ထားတဲ့အောင်မြင်မှုကိုရယူဖို့ ကြိုးစားတတ်တဲ့အရည်အချင်းတစ်ခုပါ။ ကြိုတင်လုပ်ဆောင်လိုသူတွေဟာ သူတို့လိုချင်၊ရချင်တဲ့ရည်မှန်းချက်ကိုသိပြီး အဲဒီအတွက်ကြိုးစားလုပ်ဆောင် တတ်ကြပါတယ်။

  • တိုးတက်လိုတဲ့စိတ်ထား (Growth mindset):

တိုးတက်လိုတဲ့စိတ်ထားဆိုတာက မျှော်လင့်ချက်တစ်ခုတည်းနဲ့မနေဘဲ အမြဲတိုးတက်ဖို့ကြိုးစားတတ်တဲ့သဘော ထားပါ။ ကြိုတင်လုပ်ဆောင်တတ်သူတွေဟာ အခက်အခဲတွေနဲ့နောက်ကျမှုတွေကို အခွင့်အလမ်းအဖြစ် မြင်တတ်ပြီး၊ ကိုယ်ပိုင်စွမ်းရည်တွေကို ပြောင်းလဲတိုးတက်လာနိုင်တဲ့အရာတွေအဖြစ် ယုံကြည်တတ်ကြပါတယ်။

🔵 ကြိုတင်လုပ်ဆောင်တတ်ခြင်း၏ အကျိုးကျေးဇူးများ

ကြိုတင်လုပ်ဆောင်တတ်ခြင်းကြောင့် နေ့စဉ်ဘဝမှာရော လုပ်ငန်းခွင်မှာပါ အကျိုးကျေးဇူးများစွာကိုရရှိ နိုင်ပါ တယ်။ အရေးကြီးတဲ့အကျိုးရလဒ်တွေကတော့ –

  • ကိုယ့်အခြေအနေကို ကိုယ်တိုင်ထိန်းချုပ်နိုင်ခြင်း

ကြိုတင်လုပ်ဆောင်တတ်တဲ့သူတွေဟာ ဖြစ်လာတာကိုစောင့်မနေနဲ့ ကိုယ်ပိုင်အကြံဉာဏ်နဲ့ လုပ်ဆောင်တတ်ပါ တယ်။ ဒီလိုလုပ်ခြင်းက သူတို့ရဲ့ရည်မှန်းချက်နဲ့ကိုက်ညီတဲ့ရလဒ်ကိုဖန်တီးနိုင်စွမ်းရှိလာစေပါတယ်။

  • အလုပ်ထိရောက်မှု ပိုများခြင်း

ပြဿနာတွေကိုကြိုတင်မြင်နိုင်ခြင်းနဲ့ အချိန်မီဖြေရှင်းလုပ်ဆောင်တတ်ခြင်းကြောင့် လုပ်ငန်းစဉ်တွေက ပိုချော မွေ့လာပြီး အချိန်နဲ့အရင်းအမြစ်အသုံးချမှုဟာလည်း ပိုပြီးထိရောက်လာပါတယ်။

  • ပြဿနာဖြေရှင်းနိုင်စွမ်း တိုးလာခြင်း

ကြိုတင်လုပ်ဆောင်တတ်မှုက ပြဿနာတက်မှအဖြေရှာမယ်ဆိုတဲ့ပုံစံမျိုးမဟုတ်တဲ့အတွက်၊ ဖြစ်လာနိုင်တာကို ကြိုတင်ဖော်ထုတ်ဖြေရှင်းနိုင်စွမ်းကိုတိုးတက်စေပါတယ်။ ဒီအမြင်က ကိုယ့်ရဲ့တီထွင်နိုင်စွမ်းနဲ့ ကြံ့ကြံ့ခံနိုင်မှုကို လည်း တိုးလာစေပါတယ်။

  • အချိန်စီမံမှုကောင်းမွန်လာခြင်း

အရေးကြီးမှုနဲ့အရေးပေါ်မှုအပေါ်မူတည်ပြီး အလုပ်တွေကိုဦးစားပေးစီစဉ်ထားတတ်တဲ့အတွက် အချိန်ကိုထိထိ ရောက်ရောက်ခွဲဝေတတ်ပြီး ရည်မှန်းချက်နဲ့သက်ဆိုင်တဲ့အလုပ်တွေကို ဦးစားပေးဖော်ဆောင်နိုင်ပါတယ်။

  • ဆုံးဖြတ်ချက်ချနိုင်မှု တိုးတက်ခြင်း

ကြိုတင်လုပ်ဆောင်တတ်သူတွေက သတင်းအချက်အလက်တွေကိုစုစည်းပြီး ရလဒ်အမျိုးမျိုးကိုစဉ်းစားတတ် တာကြောင့် ဆုံးဖြတ်ချက်ချတဲ့အခါမှာ ပိုပြီးသေသပ်ကောင်းမွန်အောင် ချမှတ်နိုင်ပါတယ်။

  • စိတ်ဖိစီးမှုလျော့နည်းခြင်း

ပြဿနာတွေကိုဖြေရှင်းဖို့ ကြိုတင်ပြင်ဆင်ထားတာကြောင့် မမျှော်လင့်တဲ့အခြေအနေတွေကြုံလာတဲ့အခါ စိတ် အနှောင့်အယှက်နဲ့စိတ်ဖိစီးမှုတွေခံစားရခြင်းကိုလည်းလျော့နည်းစေနိုင်ပါတယ်။ ကိုယ့်အခြေအနေကို ကိုယ်ထိန်း ချုပ်နိုင်တဲ့ခံစားမှုကလည်း စိတ်အေးချမ်းမှုကို ပိုမိုရရှိစေနိုင်ပါတယ်။

  • စွမ်းရည်အမြဲတိုးတက်နေခြင်း

ကြိုတင်လုပ်ဆောင်တတ်သူတွေဟာ ကိုယ့်ကိုယ်ကိုပြန်လည်သုံးသပ်တတ်ပြီး အတွေ့အကြုံမှတဆင့်သင်ယူ တတ်ကြပါတယ်။ ကိုယ့်ကိုယ်ကိုဖွံ့ဖြိုးတိုးတက်အောင်အခွင့်အလမ်းရှာဖွေတတ်တဲ့အတွက် ကိုယ့်စွမ်းရည်နဲ့ လုပ်ဆောင်မှုတွေဟာလည်း အမြဲတိုးတက်နေပါတယ်။

  • ဆက်ဆံရေးကောင်းမွန်လာခြင်း

ကြိုတင်လုပ်ဆောင်တတ်သူတွေဟာ အဆက်အသွယ်ကိုကြိုတင်လုပ်ထားပြီး ပြဿနာကိုအမြဲအချိန်မီဖြေရှင်း တတ်မှုကြောင့် သူတို့နဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ ဖောက်သည်တွေ၊ အဖွဲ့ဝင်တွေအကြား ဆက်ဆံရေးဟာလည်း ကောင်းမွန်လာပါတယ်။ ယုံကြည်စိတ်ချစရာကောင်းတဲ့သူတစ်ယောက်အဖြစ် ဆက်ဆံရေးတွေကို ပိုမိုခိုင်မြဲလာ စေပါတယ်။

🔵 အလုပ်ခွင်မှာ တက်ကြွတဲ့ကြိုတင်လုပ်ဆောင်တတ်သူတစ်ယောက်ဖြစ်လာစေမယ့်နည်းလမ်းများ

ကိုယ့်ရဲ့အလုပ်အကိုင်မှာထူးချွန်ဖို့ဆိုရင် တက်ကြွစွာကြိုတင်လုပ်ဆောင်တတ်မှုစွမ်းရည် (proactivity)က မရှိမ ဖြစ်အရေးကြီးပါတယ်။ ကိုယ့်တာဝန်တွေကို ကိုယ်တိုင်ဆောင်ရွက်ပြီး ကိုယ့်ရဲ့တိုးတက်ဖွံ့ဖြိုးမှုအတွက် အခွင့်အ လမ်းတွေကိုကိုယ်တိုင်ရှာဖွေဖို့၊ အဖွဲ့အတွက်ဆန်းသစ်တဲ့အကြံဉာဏ်တွေကို တက်တက်ကြွကြွပေးနိုင်ဖို့လိုပါ တယ်။ ဒါကြောင့် အလုပ်ခွင်မှာပိုမိုတက်ကြွဖို့ လုပ်ဆောင်သင့်တဲ့အချက် ၅ ချက်ကို ဖော်ပြပေးထားပါတယ်။

  • မျှော်မှန်းစဉ်းစားနိုင်မှု (Strategic Thinking)ကို တိုးတက်အောင်လုပ်ပါ

လုပ်ငန်းခွင်မှာရှိတဲ့ကိုယ့်ရဲ့လက်ရှိအခြေအနေကို ချက်ချင်းသုံးသပ်ပြီး၊ ကိုယ့်အားသာချက်နဲ့အားနည်းချက်တွေ ကို ခွဲခြားကြည့်ပါ။ ကိုယ့်ရဲ့အနာဂတ်မျှော်လင့်ချက်ကိုတည်ဆောက်ပြီး မျှော်လင့်ချက်ဆီရောက်ဖို့ ဗျူဟာကျတဲ့ အစီအစဉ်တစ်ခုကိုရေးဆွဲပါ။ ပြဿနာတွေကိုကြိုတင်ခန့်မှန်းပြီး နည်းဗျူဟာတွေကို ပြောင်းလဲဖို့လိုတဲ့အခါ ပြောင်းနိုင်ဖို့စီမံပါ။

  • SMART ရည်မှန်းချက်များ သတ်မှတ်ပါ

SMART ရည်မှန်းချက်ချမှတ်ခြင်းဆိုတာက Specific (တိကျမှုရှိသော), Measurable (တိုင်းတာနိုင်သော), Achievable (အောင်မြင်နိုင်သော), Relevant (သက်ဆိုင်သော), Time-bound (အချိန်ကန့်သတ်ထားသော) ဆိုတဲ့သတ်မှတ်ချက်တွေနဲ့ပြည့်စုံတဲ့ရည်မှန်းချက်တစ်ခုကို သေချာသတ်မှတ်ထားဖို့ပါ။ ကိုယ့်ရဲ့အလုပ်အောင်မြင် မှု၊ ကိုယ်တိုင်တိုးတက်မှု၊ ကျန်းမာရေး၊ လူမှုဆက်ဆံရေးစတာတွေအတွက် ရည်မှန်းချက်တွေကိုခွဲခြားရေးထား ပြီး အကောင်အထည်ဖော်လုပ်ဆောင်ဖို့ အဆင့်လိုက်သတ်မှတ်ထားတဲ့ဇယားတစ်ခုကို တည်ဆောက်ပါ။

  • အချိန်စီမံခန့်ခွဲမှုကို ပိုကောင်းအောင်လုပ်ပါ

အချိန်ကိုထိထိရောက်ရောက်သုံးနိုင်ဖို့အတွက် အလုပ်ကိုဦးစားပေးလုပ်ဆောင်ရမယ့်အစီအစဉ်သတ်မှတ်ခြင်း၊ deadline သတ်မှတ်ခြင်းနဲ့ ကိုယ်ဝါသနာပါရာလုပ်ဆောင်မှုတွေအတွက်လည်း အချိန်ခွဲထားဖို့လိုပါတယ်။ 

ကိုယ်အချိန်ဖြုန်းနေမိတဲ့အရာတွေကိုသိထားပြီး အချိန်သုံးစွဲမှုနဲ့ပတ်သက်ပြီးထိရောက်မှုမြှင့်ဖို့နည်းလမ်းတချို့ကို  တည်ဆောက်ပါ။ ဒီလိုလုပ်နိုင်တဲ့အခါ ကိုယ့်ရည်မှန်းချက်တွေကိုလုပ်ဆောင်နိုင်ဖို့အတွက် အချိန်တွေထွက်လာပြီး ကိုယ့်ကိုယ်ကိုဂရုစိုက်နိုင်တဲ့အခွင့်အလမ်းတွေပါ တိုးတက်လာမှာပါ။

  • တိုးတက်လိုစိတ် (Growth Mindset) ကိုဖော်ဆောင်ပါ

အခက်အခဲတွေကို ရှောင်ဖို့မဟုတ်ပဲ၊ တိုးတက်ဖို့အခွင့်အလမ်းအဖြစ် ရှုမြင်ပါ။ အတားအဆီးတွေကို ဇွဲ၊ လုံ့လသုံး ပြီး ကျော်လွှားနိုင်မယ့်အရာတွေအဖြစ်ယူဆပါ။ တိုးတက်လိုစိတ်ကိုမွေးမြူခြင်းအားဖြင့် ဖန်တီးနိုင်မှုလည်းတိုး လာနိုင်မှာဖြစ်သလို အခွင့်အလမ်းအသစ်တွေဆီသွားနိုင်တဲ့သတ္တိလည်း တိုးလာပါလိမ့်မယ်။

  • လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပွင့်လင်းစွာပြောဆိုဆက်ဆံပါ

ကိုယ့်အတွေးအမြင်၊ ခံစားချက်နဲ့ လိုအပ်ချက်တွေကို ရိုးရိုးသားသားနဲ့ပွင့်လင်းစွာ ကြိုတင်ဖွင့်ဟပြောဆိုပါ။ ဒါ့အပြင် လုပ်ဖော်ကိုင်ဖက်တွေရဲ့အမြင်တွေကို ဂရုစိုက်နားထောင်ပြီးပြန်တုံ့ပြန်ပါ။ အပြန်အလှန်အကြံပေးခြင်း၊ ပွင့်လင်းတဲ့ဆက်ဆံရေးရှိခြင်းအားဖြင့် အဖွဲ့အတွင်းသံယောဇဉ်ပိုမိုတိုးလာပြီး ပိုထိရောက်တဲ့ပူးပေါင်းဆောင် ရွက်မှုတွေကို ဖြစ်လာစေနိုင်ပါတယ်။

ဥပမာအနေနဲ့ အလုပ်အင်တာဗျူးတစ်ခုမှာကြိုတင်ပြင်ဆင်မှုမရှိသူနဲ့ ကြိုတင်ပြင်ဆင်တတ်သူတို့ရဲ့ကြားကကွာ ခြားပုံကို ဆက်လက်ဖော်ပြပေးပါ့မယ်။

အောင်မြင်တဲ့ IT ကုမ္ပဏီတစ်ခုမှာ ဒီဇိုင်နာအဖွဲ့ဝင်အသစ်ခန့်ဖို့အင်တာဗျူးလုပ်နေပါတယ်။ အင်တာဗျူး ဖြေမယ့် ကိုယ်စားလှယ် (၂) ဦးရှိပါတယ်။ ပထမတစ်ဦးကတော့ မိုးမိုးဖြစ်ပြီး မိုးမိုးက အင်တာဗျူးမတိုင်ခင် ၁ ရက်အလို မှပဲ အလုပ်အတွက်ပြင်ဆင်ပါတယ်။ သူမက “ဒီကုမ္ပဏီက UI/UX ဒီဇိုင်နာလိုတယ်ဆိုတာ မနေ့ကမှသိလိုက် တာ!”လို့ကိုယ့်ကိုယ်ကိုပြောရင်း ညဘက်တစ်ခုလုံး သူမရဲ့ Portfolio ကို အလျင်အမြန်ပြင်ဆင်ရင်း အိပ်ရေးပျက် ခဲ့ပါတယ်။ ဒါ့အပြင် သူမဟာ အင်တာဗျူးမှာ “ကျွန်မ ဘယ်လိုအလုပ်မျိုးလုပ်ခဲ့ဖူးလဲဆိုတာ…”  လို့ ရှေ့ဆက်မပြောတတ်ဘဲမေးခွန်းတွေကိုပဲ တုံ့ပြန်နေရပါတယ်။ အဆုံးမှာ “ကျွန်မကို စဉ်းစားဖို့ အချိန်လေးပေးပါ” လို့ပြောရင်းပဲ သူမရဲ့အလုပ်အတွေ့အကြုံတွေကို ပြောပြခွင့်ရမယ့်အခွင့် အလမ်းကိုလက်လွတ်သွားပါတယ်။

နောက်ထပ်တစ်ယောက်ကတော့ နေနေဖြစ်ပါတယ်။ နေနေက အင်တာဗျူးမတိုင်ခင် ၃ ရက်အလိုကတည်းက ဒီအင်တာဗျုးအတွက်အဆင်သင့်ဖြစ်နေပါပြီ။ သူမဟာ ကုမ္ပဏီရဲ့လက်ရှိ App ဒီဇိုင်းကို လေ့လာပြီး Redesign Proposal (၃) မျိုးကိုရေးဆွဲထားပါတယ်။ သူမရဲ့ Portfolio မှာ Case Study အပြည့်အစုံနဲ့ ကိုယ်ပိုင် Project တွေကို စနစ်တကျပြသထားပါတယ်။ အင်တာဗျူးမှာ “ကျွန်မလေ့လာ ထားတဲ့အတိုင်း ခင်ဗျားတို့ App ရဲ့ User Flow မှာ ဒီလိုအချက် (၃) ချက်ကို ပိုကောင်းအောင်လုပ်နိုင်မယ်” လို့ Data-Driven Approach နဲ့ ရှင်းပြ နိုင်ခဲ့ပါတယ်။ ရလဒ်အနေနဲ့ ကုမ္ပဏီဖက်က သူမကို ချက်ချင်းပဲ Offer Letter ပေးလိုက်ပါတယ်။

ဒီဥပမာမှာဆိုရင် အဓိကကွာခြားချက်အဖြစ်မှတ်သားရမှာက ကြိုတင်ပြင်ဆင်တတ်သူတွေဟာ ပြဿနာမဖြစ် ခင်ကတည်းက ကြိုတင်တားဆီးပြီး အခွင့်အလမ်းတွေကိုဖန်တီးယူတတ်ကြပါတယ်။ ကြိုတင်ပြင်ဆင်မှုမရှိသူ တွေကတော့ အဖြစ်အပျက်တွေရဲ့သားကောင်ဖြစ်ရတာများတတ်ကြောင်းကို သိရှိစေဖို့ဖြစ်ပါတယ်။

References

How To Be Proactive In Career and Personal Life Development
https://www.indeed.com/career-advice/career-development/why-is-being-proactiv