ဆရာများနှင့် ကျောင်းသားများအတွက် ဒစ်ဂျစ်တယ် ကျန်းမာသုခ (Digital Wellbeing)

ဒစ်ဂျစ်တယ် နည်းပညာဟာ ယနေ့ခေတ် နေထိုင်မှု၊ သင်ယူမှုနဲ့ သင်ကြားမှု ပုံစံတွေကို အခြေခံကစလို့ အကြီးအကျယ် ပြောင်းလဲစေခဲ့ပါတယ်။ ဖုန်း၊ ကွန်ပျူတာတွေထဲကနေ အချိန်မရွေး သတင်းအချက်အလက်တွေကို ရယူနိုင်တဲ့အပြင် တစ်ကမ္ဘာလုံးမှာရှိတဲ့ အွန်လိုင်းပလက်ဖောင်းတွေနဲ့ ချိတ်ဆက်ပြီး ပူးပေါင်းဆောင်ရွက်နိုင်တဲ့အထိ နည်းပညာဟာ ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် ယခင်က မရှိခဲ့ဖူးတဲ့ အခွင့်အလမ်းကောင်းတွေကို ပေးစွမ်းနေပါတယ်။

ဒါပေမဲ့ ဖုန်း ဒါမှမဟုတ် ကွန်ပျူတာတွေဟာ စာသင်ခန်းထဲမှာရော အိမ်မှာပါ ကိုယ်နဲ့မကွာ ထပ်ချပ်ဆောင်ထားရတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာတဲ့အခါမှာ လူသားတွေရဲ့ ကျန်းမာရေးနဲ့ ဘဝပျော်ရွှင်မှုကိုပါ ထိခိုက်စေနိုင်တဲ့ စိန်ခေါ်မှုအသစ်တွေကိုလည်း သယ်ဆောင်လာပါတယ်။

ဒစ်ဂျစ်တယ်ကျန်းမာသုခ (Digital Wellbeing) ဆိုတာ ဒီဒစ်ဂျစ်တယ် နည်းပညာတွေကို စနစ်တကျ၊ ရည်ရွယ်ချက်ရှိရှိနဲ့ မိမိကျန်းမာရေးကို မထိခိုက်အောင် အသုံးချတတ်အောင် လေ့ကျင့်တာ ဖြစ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို မထိခိုက်စေဘဲ မိမိတို့ရဲ့ ရည်မှန်းချက်တွေကို ပေါက်မြောက်အောင် ဆောင်ရွက်တဲ့နေရာမှာ ဒစ်ဂျစ်တယ်နည်းပညာကို ကောင်းမွန်စွာ အသုံးပြုတတ်ရပါမယ်။

ဆရာတွေရော ကျောင်းသားတွေအတွက်ပါ ကောင်းမွန်တဲ့ ဒစ်ဂျစ်တယ် အလေ့အထတွေကို မွေးမြူဖို့ဆိုတာ အပိုဆောင်း ကျွမ်းကျင်မှုတစ်ခု မဟုတ်တော့ပါဘူး။ ဒါဟာ ရေရှည်အောင်မြင်မှုနဲ့ ဘဝရဲ့ ကြံ့ကြံ့ခံနိုင်ရည် (Resilience) အတွက် မရှိမဖြစ် လိုအပ်တဲ့ အရေးကြီး အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့ပါပြီ။

၁။ ဒစ်ဂျစ်တယ် ကျန်းမာသုခ (Digital Wellbeing) ဆိုတာ ဘာလဲ။

ဒစ်ဂျစ်တယ် ကျန်းမာသုခဆိုတာ အခြေခံအားဖြင့်တော့ လူတစ်ဦးချင်းစီနဲ့ နည်းပညာကြားက ဆက်နွယ်မှုကို ဆိုလိုတာဖြစ်ပြီး ဒစ်ဂျစ်တယ် နည်းပညာတွေက မိမိရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ခံစားချက်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်မှု ရှိနေသလဲဆိုတာကို အဓိကထား လေ့လာတာ ဖြစ်ပါတယ်။ ဒါဟာ နည်းပညာတွေကို ဘဝထဲကနေ လုံးဝ ဖယ်ထုတ်ပစ်ဖို့ မဟုတ်ဘဲ အွန်လိုင်းနဲ့ အော့ဖ်လိုင်း (Online and Offline) လှုပ်ရှားမှုတွေကြားမှာ ကောင်းမွန်တဲ့ မျှခြေတစ်ခုကို ရှာဖွေဖို့ပဲ ဖြစ်ပါတယ်။

နည်းပညာကို သတိပြုပြီး ကောင်းကောင်းမွန်မွန် အသုံးချတတ်ရင် အလုပ်တွင်ကျယ်မှု၊ ဖန်တီးနိုင်စွမ်းနဲ့ လူမှုအသိုက်အဝန်း တိုးတက်မှုတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါပေမဲ့ ဒစ်ဂျစ်တယ် အသုံးပြုမှုဟာ အလွန်အကျွံ ဖြစ်လာတဲ့အခါ ဒါမှမဟုတ် ရည်ရွယ်ချက်မရှိဘဲ သုံးစွဲမိတဲ့အခါ အောက်ပါ ဆိုးကျိုးတွေကို ဖြစ်စေနိုင်ပါတယ်။

  • အာရုံစူးစိုက်မှု လျော့နည်းခြင်း – စက္ကန့်မလပ် တက်လာတဲ့ အသိပေးချက် (Notifications) တွေနဲ့ ဒစ်ဂျစ်တယ် အာရုံပြန့်လွင့်မှုတွေဟာ စာပေသင်ကြားမှုနဲ့ လုပ်ငန်းခွင် စွမ်းဆောင်ရည်တွေကို အဟန့်အတား ဖြစ်စေနိုင်ပါတယ်။
  • ကျန်းမာရေး ထိခိုက်ခြင်း – ဖုန်း Screen တွေကို အချိန်အကြာကြီး ကြည့်ရှုခြင်းဟာ မျက်စိညောင်းခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ်ခန္ဓာထားပုံ ပုံစံမမှန်ခြင်း (Poor posture) စတဲ့ ရုပ်ပိုင်းဆိုင်ရာ ပြဿနာတွေအပြင် စိုးရိမ်ပူပန်မှုလွန်ကဲခြင်းနဲ့ မိမိကိုယ်ကိုယ် ယုံကြည်မှု လျော့နည်းခြင်း စတဲ့ စိတ်ကျန်းမာရေး ပြဿနာတွေနဲ့လည်း ဆက်စပ်နေပါတယ်။
  • လူမှုဆက်ဆံရေး အခက်အခဲများ – နည်းပညာက လူသားတွေကို တစ်ကမ္ဘာလုံးနဲ့ ချိတ်ဆက်ပေးနိုင်ပေမဲ့ ဒစ်ဂျစ်တယ် ဆက်သွယ်ရေး တစ်ခုတည်းအပေါ်မှာပဲ အလွန်အကျွံ အားကိုးနေရင် အနှစ်သာရရှိတဲ့ လူချင်းတွေ့ဆုံပြီး ဆက်ဆံရတဲ့ အပိုင်းတွေမှာ အားနည်းသွားနိုင်ပါတယ်။

ဒါကြောင့်မို့ မိမိ ချမှတ်ထားတဲ့ ပန်းတိုင်တွေကို အထောက်အကူပြုနိုင်မယ့် နည်းပညာတွေကိုပဲ ရွေးချယ်အသုံးပြုဖို့ လိုအပ်လာပါတယ်။ ဥပမာအနေနဲ့ ကိုယ်လက်လှုပ်ရှားမှုဆိုင်ရာ လေ့ကျင့်ခန်းတွေ လုပ်ဖြစ်ဖို့အတွက် ကျန်းမာရေး App တစ်ခုကို သုံးတာမျိုး၊ ဒါမှမဟုတ် ပညာရပ် အသစ်တစ်ခုကို သင်ယူဖို့ အွန်လိုင်းသင်တန်းတစ်ခု တက်တာမျိုး ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ဒီဒစ်ဂျစ်တယ်ပစ္စည်းတွေဟာ “ဒစ်ဂျစ်တယ် ဆူညံသံ (Digital noise)” သက်သက် ဖြစ်နေပြီလား ဆိုတာကိုလည်း သတိပြုမိဖို့ လိုပါတယ်။

ဥပမာအားဖြင့် ကျောင်းသားတစ်ယောက်ဟာ သုတေသန ပရောဂျက်တစ်ခုအတွက် လက်ပ်တော့ကို အသုံးပြုမယ်လို့ ရည်ရွယ်ထားပေမဲ့ တစ်နာရီလောက် ကြာတဲ့အခါမှာတော့ သတင်းတွေ ဒါမှမဟုတ် လူမှုမီဒီယာတွေပေါ်မှာ Doomscrolling (မကောင်းတဲ့ သတင်းဆိုးတွေကို စွဲစွဲမြဲမြဲ လိုက်ဖတ်နေခြင်း) လုပ်နေမိပြီဆိုရင်တော့ ဒါဟာ ဖြေရှင်းရမယ့် ဒစ်ဂျစ်တယ် ပြဿနာတစ်ရပ် ဖြစ်လာပါပြီ။ Doomscrolling ရဲ့ ဆိုးကျိုးတွေကတော့ ဒီနေ့ခေတ်မှာ အများသူငှာ သတိထားမိကြတဲ့အတိုင်း ပင်ပန်းနွမ်းနယ်မှုနဲ့ စိတ်ဖိစီးမှုတွေကို ဆိုးရွားစွာ ခံစားရမှာပဲ ဖြစ်ပါတယ်။

၂။ ကောင်းမွန်တဲ့ ဒစ်ဂျစ်တယ် အလေ့အထများနှင့် စည်းဘောင်များ

ရှင်းလင်းတဲ့ စည်းဘောင်တွေကို သတ်မှတ်ခြင်းဖြင့် ဆရာတွေနဲ့ ကျောင်းသားတွေအတွက် အနားယူဖို့နဲ့ အာရုံစူးစိုက်ဖို့ အချိန်တွေကို ပြန်လည်ရရှိစေနိုင်ပါတယ်။

ဖုန်း၊ ကွန်ပျူတာ မျက်နှာပြင်များကို ကြည့်ရှုချိန် (Screen Time) ကို ကန့်သတ်ရန်နှင့် အာရုံပြန့်လွင့်မှုများကို လျှော့ချရန် နည်းဗျူဟာများကို အောက်မှာ ဆက်လက် လေ့လာကြည့်ရအောင်။

  • ဒစ်ဂျစ်တယ်နည်းပညာများကို အသုံးမပြုမယ့် (Tech-free) နေရာ ဒါမှမဟုတ် အချိန်တွေကို သတ်မှတ်ထားပါ။ ဆရာတွေအတွက် ဆိုရင် အလုပ်နဲ့ ကိုယ်ပိုင်အချိန်တွေ ရောထွေးမသွားစေဖို့အတွက် သတ်မှတ်ထားတဲ့ အချိန်နောက်ပိုင်းမှာ ဒါမှမဟုတ် ရုံးပိတ်ရက်တွေမှာ အလုပ်အီးမေးလ်တွေကို မစစ်ဆေးတာမျိုး ပြုလုပ်နိုင်ပါတယ်။ ကျောင်းသားတွေအတွက် ဆိုရင်တော့ အိပ်ရေးဝဝ အိပ်စက်နိုင်ဖို့ အိပ်ရာမဝင်ခင် ဘယ်နှစ်နာရီ အလိုအထိသာ ဖုန်းသုံးပါမယ်ဆိုတဲ့ အလေ့အထမျိုးကို ကျင့်သုံးနိုင်ပါတယ်။
  • ကျောင်းသားတွေရော ဆရာတွေပါ App အသစ်တွေ၊ ပလက်ဖောင်းအသစ်တွေ ပေါ်လာတိုင်း အမှီလိုက်ရမယ်လို့ ခံစားရလေ့ ရှိပါတယ်။ အရာအားလုံးကို တစ်ပြိုင်နက်တည်းမှာ ကျွမ်းကျင်အောင် ကြိုးစားနေမယ့်အစား မိမိရဲ့ ရည်မှန်းချက်တွေကို တကယ် အထောက်အကူပြုနိုင်မယ့် နည်းပညာ အနည်းငယ်အပေါ်မှာပဲ အာရုံစိုက်လေ့လာတာက ပိုပြီး ထိရောက်ပါတယ်။
  • အသိပေးချက် (Notifications) တွေကို ပိတ်ထားပါ။ ခဏခဏ မြည်နေတဲ့ ဖုန်းသံတွေဟာ အာရုံစူးစိုက်နိုင်စွမ်းကို လျော့ကျစေပါတယ်။ မလိုအပ်တဲ့ အသိပေးချက်တွေကို ပိတ်ထားခြင်းအားဖြင့် မိမိပြုလုပ်နေတဲ့ အရာပေါ် အကောင်းဆုံး အာရုံစိုက်နိုင်ပြီး လေးလေးနက်နက် တွေးခေါ်နိုင်မယ့် အချိန်တစ်ခုကို ရရှိလာမှာ ဖြစ်ပါတယ်။
  • စာသင်ချိန်တွေထဲမှာ စိတ်တည်ငြိမ်စေမယ့် လေ့ကျင့်ခန်းများကိုလည်း ပေါင်းစပ်ထည့်သွင်းပါ။ ဆရာတွေအနေနဲ့ ကျောင်းတက်ရက်အတွင်းမှာ ကျောင်းသားတွေကို ကူညီတဲ့အနေနဲ့ စိတ်ငြိမ်သက်စေမယ့် လေ့ကျင့်ခန်းလေးတွေ ဖန်တီးပေးနိုင်ပါတယ်။ ဥပမာ – အသက်ရှူလေ့ကျင့်ခန်း တိုတိုလေးတွေ လုပ်ခိုင်းတာမျိုး၊ ဒါမှမဟုတ် ကွန်ပျူတာမသုံးဘဲ ပြင်ပစာအုပ်ကို ဖတ်ခိုင်းတာမျိုး စတဲ့ Activity လေးတွေကို ထည့်သွင်းပေးနိုင်ပါတယ်။

ဒီလို ပြုလုပ်ခြင်းအားဖြင့် မိမိတို့ဟာ ဒစ်ဂျစ်တယ်ပစ္စည်းတွေရဲ့ ထိန်းချုပ်မှုကို ခံနေရမယ့်အစား ဒစ်ဂျစ်တယ်ပစ္စည်းတွေကို စနစ်တကျ ပြန်လည်ထိန်းသိမ်းသုံးစွဲတတ်လာမှာ ဖြစ်ပါတယ်။

၃။ အွန်လိုင်း ဘေးကင်းလုံခြုံရေး၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးနှင့် တာဝန်ယူမှုရှိသော ဒစ်ဂျစ်တယ် အမူအကျင့်

သတင်းအချက်အလက်တွေ အလွန်အကျွံ ရရှိနေတာအပြင် အွန်လိုင်းပေါ်က သတင်းတွေ၊ ပို့စ်တွေ၊ မှတ်ချက်တွေဟာ မိမိကို စိတ်ဖိစီးစေတာ၊ စိတ်တိုလွယ်တာနဲ့ “သူများတွေ လုပ်နေတာကို ကိုယ်က မလုပ်နိုင်ဘူးလား၊ နောက်ကျကျန်ရစ်ခဲ့ပြီလား” ဆိုတဲ့ စိုးရိမ်စိတ် (FOMO – Fear of Missing Out) တွေကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။

ဒီလိုတွေ ဖြစ်လာတဲ့အခါမှာ အချို့သော အကြောင်းအရာတွေက မိမိရဲ့ စိတ်ခံစားမှုကို ဘယ်လို ဖြစ်ပေါ်စေလဲဆိုတာကို ကိုယ့်ကိုယ်ကိုယ် ပြန်လည်ဆန်းစစ်တဲ့ သတိပြုပြီး သုံးစွဲခြင်း (Mindful consumption) ကို လေ့ကျင့်ဖို့ လိုအပ်လာပါတယ်။ အကယ်၍ အကောင့်အချို့ကို Follow လုပ်ထားခြင်းက မိမိကိုယ်ကိုယ် သူတစ်ပါးနဲ့ နှိုင်းယှဉ်မိပြီး စိတ်ဆင်းရဲစရာ ဖြစ်နေရင် အကောင်းဆုံး နည်းဗျူဟာကတော့ ဒီအကောင့်တွေကို Unfollow ဒါမှမဟုတ် Mute လုပ်ထားလိုက်တာပဲ ဖြစ်ပါတယ်။

လူ့အဖွဲ့အစည်းတစ်ခုလုံးအနေနဲ့လည်း ကျင့်ဝတ်နဲ့ညီစွာ ဒစ်ဂျစ်တယ်နည်းပညာများကို အသုံးချဖို့ လိုအပ်ပါတယ်။ အွန်လိုင်းကို အသုံးပြုတဲ့အခါ အခြားသူတွေကို လေးစားသမှုရှိရှိ၊ တန်ဖိုးထားပြီး ဆက်ဆံတတ်ရပါမယ်။ ပညာသင်ကြားပေးတဲ့ ဆရာ၊ ဆရာမတွေအနေနဲ့ မိမိရဲ့ ကျောင်းသူကျောင်းသားတွေ ဒစ်ဂျစ်တယ် နည်းပညာတွေကို ကျင့်ဝတ်နဲ့အညီ ဘေးကင်းလုံခြုံစွာ  အသုံးပြုတတ်ဖို့ အသိပေးသင်ကြားထားဖို့ လိုအပ်ပါတယ်။ 

ဒါ့အပြင် ယနေ့ခေတ်မှာ အလွန်အတွေ့ရများလာတဲ့ Cyberbullying (အွန်လိုင်းပေါ်မှ အနိုင်ကျင့်စော်ကားမှု) ကိစ္စတွေကိုလည်း သတိပြုမိပြီး ကောင်းမွန်စွာ ဖြေရှင်းတတ်ဖို့ လိုအပ်ပါတယ်။  အွန်လိုင်းပေါ်မှာ နှောင့်ယှက်စော်ကားခံရခြင်းဟာ လူတစ်ယောက်ရဲ့ မိမိကိုယ်ကိုယုံကြည်မှုနဲ့ ကြံ့ကြံ့ခံနိုင်ရည်ကို ပြင်းပြင်းထန်ထန် ပျက်စီးစေနိုင်ပါတယ်။ ကျောင်းသူကျောင်းသားတွေအနေနဲ့ မိမိတို့ရဲ့ စိတ်ထဲမှာ မလုံခြုံတော့ဘူးလို့ ခံစားလာရတဲ့အခါမှာ မိမိတို့ ယုံကြည်ရတဲ့ လူကြီးတွေနဲ့ လျှို့ဝှက်တိုင်ပင် ဆွေးနွေးနိုင်ကြောင်း ဒါမှမဟုတ် အမည်မဖော်ဘဲ တိုင်ကြား၊ တိုင်ပင်လို့ရမယ့် နေရာတွေကို ဖန်တီးပေးထားတာဖို့ စသဖြင့် Cyberbullying (အွန်လိုင်းပေါ်မှ အနိုင်ကျင့်စော်ကားမှု) ကို တန်ပြန်နိုင်မယ့်နည်းလမ်းတွေကို ဖော်ထုတ်ထားဖို့ အလွန်အရေးကြီးပါတယ်။

နောက်ထပ် ဒစ်ဂျစ်တယ် ပြဿနာတစ်ရပ်ကတော့ နာမည်၊ နေရပ်လိပ်စာ၊ ဘဏ်အကောင့်နဲ့ လျှို့ဝှက်နံပါတ်စတဲ့ ကိုယ်ရေးအချက်အလက်တွေ အွန်လိုင်းပေါ်မှာ ပေါက်ကြားတာမျိုး ဖြစ်ပါတယ်။  ကိုယ်ရေးအချက်အလက်တွေကို ကာကွယ်ခြင်းဟာ အခြေခံ ဒစ်ဂျစ်တယ် အခွင့်အရေးတစ်ခု ဖြစ်ပါတယ်။ ကျောင်းသူကျောင်းသားတွေကို အွန်လိုင်းမှာ တစ်ခုခု မတင်ခင် သေချာစဉ်းစားတတ်ဖို့နဲ့ သူစိမ်းတွေ ဒါမှမဟုတ် မယုံကြည်ရတဲ့ ပလက်ဖောင်းတွေမှာ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို မျှဝေခြင်း မပြုမိဖို့ သေချာသင်ကြားပေးသင့်ပါတယ်။

တကယ်ကတော့ ကောင်းမွန်တဲ့ ဒစ်ဂျစ်တယ် အသုံးပြုသူတစ်ယောက် ဖြစ်ဖို့ဆိုတာ အဆိုးတွေကို ရှောင်ကြဉ်ဖို့တင် မဟုတ်ပါဘူး။ နည်းပညာကို အသုံးပြုပြီး အခြားသူတွေကို ကူညီပံ့ပိုးပေးဖို့လည်း ဖြစ်ပါတယ်။ ဥပမာ လူမှုအကျိုးပြု ကိစ္စတွေမှာ ပါဝင်တာမျိုး ဒါမှမဟုတ် အွန်လိုင်းကနေတစ်ဆင့် အလှူအတန်း ပွဲလမ်းတွေကို စီစဉ်ပေးတာမျိုး စသဖြင့် ဖြစ်ပါတယ်။

၄။ သင်ယူမှုနှင့် သင်ကြားမှုကို ပံ့ပိုးရန် နည်းပညာကို အသုံးပြုခြင်း

စနစ်တကျ အသုံးချတတ်မယ်ဆိုရင် ဒစ်ဂျစ်တယ် နည်းပညာတွေဟာ ပညာရေးအတွက် အားလုံးပါဝင်နိုင်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပေးနိုင်တဲ့ အလွန်အစွမ်းထက်တဲ့ အရာတွေ ဖြစ်ပါတယ်။ အဓိကကတော့ ဒစ်ဂျစ်တယ် နုံးချည့်ပင်ပန်းမှု (Digital fatigue) ကို လျှော့ချပြီး အာရုံဝင်စားမှုကို အမြင့်ဆုံးဖြစ်စေမယ့် နည်းလမ်းမျိုးကို အသုံးပြုဖို့ပဲ ဖြစ်ပါတယ်။

စိတ်ခွန်အားတွေကို ထိန်းသိမ်းဖို့နဲ့ ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းမှုကို သက်သာစေဖို့အတွက် အလုပ်ကို အာရုံစိုက်လုပ်မယ့် အချိန်နဲ့ ခဏတာ အနားယူမယ့် အချိန်ကို တစ်လှည့်စီ သတ်မှတ်တဲ့ နည်းလမ်းကို အသုံးပြုပါ။ ဥပမာ မိမိလုပ်မယ့်အလုပ်ကို ရွေးချယ်ပြီး ဘာအာရုံမှမပျံ့လွင့်ဘဲ ၂၅ မိနစ် ပြည့်အောင် အပြည့်အဝ အာရုံစိုက်လုပ်ပါ။ ပြီးနောက် ၂၅ မိနစ်ပြည့်ရင် ရေသောက်တာ၊ လမ်းလျှောက်တာမျိုးလုပ်ပြီး ၅ မိနစ် ခဏတာ စိတ်အပန်းဖြေ အနားယူပါ။ ဒီအတိုင်း ၄ ကြိမ် ပြည့်အောင် လုပ်ပြီးသွားရင်တော့ ၁၅ မိနစ်ကနေ မိနစ် ၃၀ အထိ ကြာကြာ အနားယူပေးရမှာ ဖြစ်ပါတယ်။

အလုပ်တွေကို တစ်ပြိုင်နက် လုပ်ခြင်း (Multitasking) ကို ရှောင်ကြဉ်ပါ။ ကွန်ပျူတာ Tabs တွေအများကြီး ဖွင့်ထားပြီး လာသမျှ အသိပေးချက် (Notifications) တွေ မှန်သမျှကို လိုက်ဖတ်နေပြီရင်တော့ ဘယ်အလုပ်ကိုမှ ထိထိရောက်ရောက်နဲ့ ပြီးမြောက်အောင် ဆောင်ရွက်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် မိမိအလုပ်ရဲ့ အရည်အသွေး ပိုကောင်းလာစေဖို့ အချိန်တစ်ခုမှာ အလုပ်တစ်ခုတည်းကိုပဲ အာရုံစိုက်ပြီး လုပ်ဆောင်သင့်ပါတယ်။

ဒါ့အပြင်  အီလက်ထရွန်နစ် စစ်တမ်းတွေ ဒါမှမဟုတ် စိတ်ခံစားမှု မှတ်တမ်းတင်တဲ့ App (Mood-tracking apps) စတဲ့ ဒစ်ဂျစ်တယ် ကိရိယာတွေကို အသုံးပြုပြီး ကျောင်းသူကျောင်းသားတွေရဲ့ ကျန်းမာသုခကို စောင့်ကြည့်အကဲဖြတ်လို့လည်းရပါတယ်။ ဒါဆိုရင်တော့ ဆရာ၊ ဆရာမတွေအနေနဲ့ ကျောင်းသူကျောင်းသားတွေ ဘယ်အချိန်မှာ စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့နဲ့ အကူအညီတွေကို ပိုပြီး လိုအပ်နေလဲဆိုတာကို ကောင်းမွန်စွာ သိရှိနိုင်မှာ ဖြစ်ပါတယ်။

၅။ ရေရှည် ဒစ်ဂျစ်တယ် ကျန်းမာသုခဆိုင်ရာ အလေ့အထများ တည်ဆောက်ခြင်း

ဒစ်ဂျစ်တယ် ကျန်းမာသုခကို ရရှိဖို့ဆိုတာ တစ်ကြိမ်တည်းနဲ့ ပြီးသွားမယ့် အရာတစ်ခုတော့ မဟုတ်ပါဘူး။ ဒါဟာ အမြဲမပြတ် ပြန်လည်ဆန်းစစ်ပြီး ပြုပြင်ပြောင်းလဲနေရမယ့် လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါတယ်။ ဘဝတစ်လျှောက်လုံး ဒစ်ဂျစ်တယ် ကြံ့ကြံ့ခံနိုင်ရည် ရှိနေစေဖို့ဆိုရင် အချိန်ကြာလာတာနဲ့အမျှ နည်းပညာက မိမိအပေါ် ဘယ်လို သက်ရောက်မှု ရှိနေလဲဆိုတာကို ကိုယ့်ကိုယ်ကိုယ် သတိပြုမိဖို့ လိုအပ်ပါတယ်။ ဒစ်ဂျစ်တယ် ကျန်းမာသုခရရှိဖို့ လက်တွေ့လုပ်ဆောင်နိုင်မယ့် အချက်တွေကို လေ့လာကြည့်ရအောင်။

  • “ငါ အွန်လိုင်းပေါ်မှာ အချိန်ဘယ်လောက် ကုန်ဆုံးနေလဲ၊ အဲဒါက ငါ့ကို ဘယ်လို ခံစားရစေလဲ” ဆိုပြီးကိုယ့်ကိုယ်ကိုယ် ပုံမှန် ပြန်မေးပါ။ Screen-time စောင့်ကြည့်တဲ့ App တွေကို အသုံးပြုခြင်းကလည်း မိမိရဲ့ ဒစ်ဂျစ်တယ် အသုံးပြုမှု ပမာဏကို အမှန်အတိုင်း သိမြင်နိုင်ဖို့ ကူညီပေးနိုင်ပါတယ်။
  • မျက်စိညောင်းတာကို လျှော့ချဖို့ မိနစ် ၂၀ တိုင်းမှာ၊ ပေ ၂၀ အကွာမှာ ရှိတဲ့ အရာတစ်ခုခုကို အနည်းဆုံး စက္ကန့် ၂၀ ကြာအောင် လှမ်းကြည့်ပေးပါ။
  • မအိပ်ခင် တစ်နာရီအလိုမှာ ဖုန်း လုံးဝမကိုင်တော့ဘဲ နေမယ်ဆိုတဲ့ ဒစ်ဂျစ်တယ် ကျန်းမာသုခဆိုင်ရာ ကိုယ်ပိုင်ပန်းတိုင်တွေ ချမှတ်ပါ။
  • တစ်ပတ်မှာ တစ်ရက် ဒါမှမဟုတ် ရုံးပိတ်ရက်တွေမှာ နည်းပညာတွေနဲ့ ခဏတာ အဆက်အသွယ် ဖြတ်ထားခြင်းဟာ စိတ်ကို ပြန်လည်လန်းဆန်းစေပြီး မိမိဘဝရဲ့ ပန်းတိုင်တွေကို ပိုမို ရှင်းလင်းစွာ မြင်တွေ့နိုင်ဖို့ ကူညီပေးပါတယ်။
  • ဖုန်းမျက်နှာပြင် မလိုဘဲ စိတ်ကို ပျော်ရွှင်စေမယ့် ကိစ္စရပ်တွေကို ရှာဖွေပါ။ ဥပမာ ကိုယ်လက်လှုပ်ရှားမှု လုပ်တာ၊ ပန်းချီဆွဲတာ ဒါမှမဟုတ် သဘာဝပတ်ဝန်းကျင်နဲ့ ထိတွေ့တာမျိုး ဖြစ်ပါတယ်။

ဆရာ၊ ဆရာမတွေအနေနဲ့ ဒစ်ဂျစ်တယ် စာတတ်မြောက်မှု (Digital literacy) ကို အခြားသော အဓိက ဘာသာရပ်တွေလိုပဲ သဘောထားပြီး ဘေးကင်းလုံခြုံမှု၊ စိန်ခေါ်မှုနဲ့ ကိုယ်ပိုင်ဆုံးဖြတ်နိုင်စွမ်း စတဲ့ အခြေခံ သဘောတရားတွေကို သေချာသင်ကြားပေးခြင်းအားဖြင့် မိမိရဲ့ ကျောင်းသူကျောင်းသားတွေဟာ အရှိန်အဟုန်နဲ့ ပြောင်းလဲနေတဲ့ ကမ္ဘာကြီးထဲမှာ အောင်မြင်စွာ ရှင်သန်နိုင်ဖို့ ကူညီပြင်ဆင်ပေးနိုင်မှာ ဖြစ်ပါတယ်။

အထက်မှာ ဖော်ပြခဲ့တဲ့အတိုင်း ဒစ်ဂျစ်တယ် ကျန်းမာသုခကို ရရှိဖို့ဆိုတာ ဒစ်ဂျစ်တယ် ကမ္ဘာနဲ့ အစစ်အမှန် ကမ္ဘာကြားမှာ မျှခြေတစ်ခုကို ရှာဖွေတာ ဖြစ်ပါတယ်။ ဒါဟာ ကိုယ့်ရဲ့ ဒစ်ဂျစ်တယ် အလေ့အထတွေကို သတိပြုဖို့၊ ကိုယ့်ရဲ့ နေ့စဉ်ဘဝမှာ တားထားရမယ့် စည်းဘောင်တွေကို ကာကွယ်ဖို့နဲ့ ရွေးချယ်မှုတွေကို မှန်ကန်စွာ လုပ်ဆောင်တတ်ဖို့ ဖြစ်ပါတယ်။

ဆရာဆရာမတွေအနေနဲ့ မိမိရဲ့ ကိုယ်ပိုင်ဒစ်ဂျစ်တယ် ကျန်းမာသုခကို ဂရုစိုက်ခြင်းဖြင့် မိမိရဲ့ သက်မွေးဝမ်းကျောင်း လုပ်ငန်းကို ကျန်းမာပျော်ရွှင်စွာ ဆောင်ရွက်သွားနိုင်မှာ ဖြစ်ပါတယ်။ ထိုနည်းတူစွာပဲ ကျောင်းသူကျောင်းသားတွေအတွက်ကတော့ ဒီအလေ့အထတွေဟာ ပညာရေး အောင်မြင်မှုနဲ့ ကိုယ်ပိုင်ပျော်ရွှင်မှုတို့အတွက် အုတ်မြစ်ပဲ ဖြစ်ပါတယ်။