ပဋိပက္ခဆိုတာ ဘာလဲ (What Is Conflict?)

ကျွန်တော်တို့ဟာ နေ့စဉ်ဘဝမှာ မိသားစုဝင်တွေ၊ မိတ်ဆွေတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အတူနေထိုင်လုပ်ကိုင် ရင်း သဘောထားမတူတာတွေ၊ အမြင်ကွဲလွဲတာတွေ၊ စိတ်မကျေနပ်စရာအခြေအနေတွေကို ကြုံတွေ့ရတတ် ပါတယ်။ တစ်ခါတလေမှာ ကိုယ်လိုချင်တဲ့အရာနဲ့ တစ်ဖက်လူလိုချင်တဲ့အရာ မတူညီတာကြောင့် အငြင်းပွားမှု တွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ တစ်ခါတလေမှာတော့ နှစ်ဖက်စလုံးက ရည်ရွယ်ချက်ကောင်းတွေနဲ့ လုပ်ဆောင် နေပေမဲ့ အဲဒီရည်ရွယ်ချက်ကို အကောင်အထည်ဖော်မယ့်နည်းလမ်းတွေ မတူညီတာကြောင့် သဘောထားကွဲ လွဲမှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

ဒီလိုအခြေအနေတွေကို ကျွန်တော်တို့က ပဋိပက္ခ (Conflict) လို့ ခေါ်လေ့ရှိပါတယ်။ ဒါပေမဲ့ ပဋိပက္ခဆိုတဲ့ စကားလုံးကို ကြားလိုက်တာနဲ့ ရန်ဖြစ်ခြင်း၊ ငြင်းခုံခြင်း၊ စိတ်ဆိုးခြင်း ဒါမှမဟုတ် ဆက်ဆံရေးပျက်စီးခြင်းတို့ကိုပဲ တွေးမိတတ်ကြပါတယ်။ တကယ်တော့ ပဋိပက္ခဆိုတာ အဲဒီလို အပြုအမူတွေနဲ့ပဲ သတ်မှတ်ထားတာ မဟုတ်ပါဘူး။

လူနှစ်ယောက် စကားမများသေးပေမဲ့ သူတို့အကြား ပဋိပက္ခရှိနေနိုင်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အပြုံးမပျက် ဆက်ဆံနေပေမဲ့ အတွင်းစိတ်မှာ မကျေနပ်မှုတွေ ရှိနေနိုင်ပါတယ်။ ဒါကြောင့် ပဋိပက္ခကို နားလည်ဖို့ဆိုရင် ဘယ်သူမှန်တယ်၊ ဘယ်သူမှားတယ်ဆိုတာကို အရင်ဆုံး ဆုံးဖြတ်ဖို့ မလိုပါဘူး။ ပထမဆုံး နားလည်ဖို့လိုတာက ပဋိပက္ခဆိုတာ ဘာလဲ၊ ဘာကြောင့်ဖြစ်လာသလဲ၊ လူတွေကြားမှာ ဘယ်လိုအခြေအနေတွေ ကြောင့် ပေါ်ပေါက်လာတတ်သလဲဆိုတာပဲ ဖြစ်ပါတယ်။

ပဋိပက္ခကို အဓိပ္ပာယ်ဖွင့်ဆိုထားတဲ့ ရှင်းလင်းချက်တွေ အများကြီးရှိပါတယ်။ အဘိဓာန်တွေမှာလည်း အဓိပ္ပာယ်အမျိုးမျိုး ဖော်ပြထားပါတယ်။ ဒါပေမဲ့ ပဋိပက္ခစီမံခန့်ခွဲမှု (Conflict Management) ကို လေ့လာတဲ့အခါ ပညာရပ်ဆိုင်ရာ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေကို နားလည်ထားခြင်းက ပိုပြီးအသုံးဝင်ပါတယ်။

မူရင်းသင်ခန်းစာမှာ ပဋိပက္ခဆိုတာ တစ်ဦးနဲ့တစ်ဦး အပြန်အလှန်မှီခိုဆက်နွယ်နေသူတွေကြားမှာ အကျိုးစီးပွား၊ ရည်မှန်းချက်၊ အခြေခံမူ၊ တန်ဖိုးထားမှု ဒါမှမဟုတ် စိတ်ခံစားချက်တွေ မကိုက်ညီသလို ဖြစ်နေတဲ့ အခြေအနေတစ်ခု ဖြစ်ကြောင်း ရှင်းပြထားပါတယ်။

ဒီအဓိပ္ပာယ်ဖွင့်ဆိုချက်မှာ အရေးကြီးတဲ့ အချက်နှစ်ချက် ပါဝင်ပါတယ်။ ပထမအချက်က လူတွေဟာ တစ်ဦးနဲ့တစ်ဦး အပြန်အလှန်မှီခိုဆက်နွယ်နေကြခြင်း (Interdependence) ဖြစ်ပါတယ်။ ဒုတိယအချက်ကတော့ သူတို့ရဲ့ အကျိုးစီးပွား၊ ရည်မှန်းချက်နဲ့ တန်ဖိုးထားမှုတွေဟာ မကိုက်ညီသလို ထင်မြင်ခံစားရခြင်း (Apparently Incompatible Interests) ဖြစ်ပါတယ်။

အပြန်အလှန်မှီခိုဆက်နွယ်မှုဆိုတာ လူနှစ်ယောက်ဟာ ကိုယ်ပိုင်အမြင်တွေ၊ ကိုယ်ပိုင်လိုအပ်ချက်တွေနဲ့ ကိုယ်ပိုင် ဆုံးဖြတ်ချက်တွေ ရှိနေပေမဲ့ သူတို့ရဲ့လုပ်ဆောင်ချက်တွေ၊ ဆုံးဖြတ်ချက်တွေ ဒါမှမဟုတ် ရလဒ်တွေဟာ တစ်ယောက်နဲ့တစ်ယောက် ဆက်စပ်နေခြင်းကို ဆိုလိုပါတယ်။

ဥပမာအားဖြင့် ကုမ္ပဏီတစ်ခုမှာ အရောင်းဌာနနဲ့ လူ့စွမ်းအားအရင်းအမြစ်ဌာန (Human Resources Department) တို့ဟာ မတူညီတဲ့တာဝန်တွေကို ထမ်းဆောင်နေကြပါတယ်။ အရောင်းဌာနက ရောင်းအားတိုး တက်ဖို့၊ ဖောက်သည်တွေ ပိုမိုရရှိဖို့နဲ့ အရောင်းရည်မှန်းချက်တွေ ပြည့်မီဖို့ အာရုံစိုက်ပါတယ်။ လူ့စွမ်းအား အရင်းအမြစ်ဌာနကတော့ သင့်တော်တဲ့ဝန်ထမ်းတွေ ခန့်အပ်နိုင်ဖို့၊ ဝန်ထမ်းတွေရဲ့ အရည်အချင်း ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ အလုပ်လုပ်နိုင်တဲ့ ပတ်ဝန်းကျင်ကောင်းတစ်ခု ဖန်တီးနိုင်ဖို့ အာရုံစိုက်ပါတယ်။

ဌာနနှစ်ခုရဲ့ တာဝန်တွေ မတူညီပေမဲ့ သူတို့ဟာ ကုမ္ပဏီတစ်ခုတည်းအတွက် အလုပ်လုပ်နေကြတာ ဖြစ်ပါတယ်။ အရောင်းဌာနက ဝန်ထမ်းအသစ်တွေ အမြန်ခန့်အပ်ပေးဖို့ လိုအပ်နိုင်ပါတယ်။ ဒါပေမဲ့ လူ့စွမ်းအားအရင်းအမြစ် ဌာနကတော့ သင့်တော်တဲ့လူကို ရွေးချယ်ဖို့ အချိန်ယူရမယ်လို့ ယူဆနိုင်ပါတယ်။

ဒီနေရာမှာ ဌာနနှစ်ခုစလုံးရဲ့ ရည်ရွယ်ချက်က ကုမ္ပဏီအောင်မြင်ဖို့ ဖြစ်ပါတယ်။ ဒါပေမဲ့ လုပ်ဆောင်ရမယ့် နည်းလမ်းနဲ့ ဦးစားပေးရမယ့် အချက်တွေ မတူညီတာကြောင့် ပဋိပက္ခ ဖြစ်ပေါ်လာနိုင်ပါတယ်။

ဒီဥပမာကနေ ကျွန်တော်တို့ နားလည်နိုင်တာက ပဋိပက္ခဆိုတာ ရည်ရွယ်ချက်မတူတဲ့ လူတွေကြားမှာပဲ ဖြစ်ပေါ်တာ မဟုတ်ပါဘူး။ တူညီတဲ့ ရည်ရွယ်ချက်ရှိသူတွေကြားမှာလည်း အဲဒီရည်ရွယ်ချက်ကို ရောက်ရှိဖို့ ရွေးချယ်တဲ့ နည်းလမ်းတွေ မတူညီတဲ့အခါ ပဋိပက္ခဖြစ်ပေါ်လာနိုင်ပါတယ်။

ပဋိပက္ခကို နားလည်ဖို့ နောက်ထပ်အရေးကြီးတဲ့ အချက်တစ်ခုကတော့ လူတွေကြားမှာ အကျိုးစီးပွားနဲ့ လိုအပ်ချက်တွေ မကိုက်ညီသလို ထင်မြင်ခံစားရခြင်း ဖြစ်ပါတယ်။

Apparently Incompatible ဆိုတဲ့ အသုံးအနှုန်းမှာ Apparently က အပေါ်ယံကြည့်လိုက်ရင် ဒါမှမဟုတ် ထင်မြင်ခံစားရပုံအရလို့ အဓိပ္ပာယ်ရပါတယ်။ Incompatible ကတော့ တစ်ခုနဲ့တစ်ခု မကိုက်ညီခြင်း၊ အတူတကွ ဖြည့်ဆည်းဖို့ ခက်ခဲနေခြင်းကို ဆိုလိုပါတယ်။

ဒီနေရာမှာ အရေးကြီးတာက လူနှစ်ယောက်ရဲ့ အကျိုးစီးပွားတွေဟာ တကယ်ဆန့်ကျင်နေတာ မဟုတ်ပေမဲ့ သူတို့ရဲ့ အမြင်မှာ ဆန့်ကျင်နေသလို ထင်မြင်ခံစားရနိုင်ခြင်း ဖြစ်ပါတယ်။

ဥပမာအားဖြင့် မိသားစုတစ်စုမှာ မိဘတွေက သားသမီးကို အိမ်နဲ့နီးတဲ့ တက္ကသိုလ်မှာ ပညာသင်စေချင်တယ်ဆိုပါစို့။ သားသမီးကတော့ နိုင်ငံခြားတက္ကသိုလ်တစ်ခုမှာ သွားရောက်ပညာသင်ချင်ပါတယ်။ အပေါ်ယံကြည့်လိုက်ရင် မိဘနဲ့ သားသမီးရဲ့ ဆန္ဒတွေဟာ ဆန့်ကျင်နေသလို ဖြစ်နေပါတယ်။

ဒါပေမဲ့ နည်းနည်းပိုပြီး နားထောင်ကြည့်လိုက်ရင် မိဘတွေရဲ့ အဓိကစိုးရိမ်မှုဟာ သားသမီးရဲ့ လုံခြုံရေး၊ ငွေကြေးကုန်ကျစရိတ်နဲ့ မိသားစုကနေ ဝေးကွာသွားမယ့် အခြေအနေတွေ ဖြစ်နေနိုင်ပါတယ်။ သားသမီးရဲ့ ဆန္ဒကတော့ ပိုမိုကောင်းမွန်တဲ့ ပညာရေးအခွင့်အလမ်းနဲ့ အနာဂတ်အလုပ်အကိုင်အတွက် ပြင်ဆင်နိုင်ဖို့ ဖြစ်နိုင်ပါတယ်။

ဒီနေရာမှာ နှစ်ဖက်လုံးက သားသမီးရဲ့ အနာဂတ်ကောင်းမွန်ဖို့ကိုပဲ လိုလားနေကြတာ ဖြစ်ပါတယ်။ မတူညီတာက အဲဒီအနာဂတ်ကို ဘယ်လိုတည်ဆောက်သင့်သလဲဆိုတဲ့ အမြင်တွေ ဖြစ်ပါတယ်။

ဒီလိုအခြေအနေမျိုးမှာ တစ်ဖက်လူရဲ့အပြင်ပန်းတောင်းဆိုချက်ကိုသာ ကြည့်ပြီး ဆုံးဖြတ်လိုက်မယ်ဆိုရင် ပဋိပက္ခဟာ ပိုမိုကြီးထွားလာနိုင်ပါတယ်။ ဒါပေမဲ့ တောင်းဆိုချက်တွေရဲ့ နောက်ကွယ်မှာရှိတဲ့ စိုးရိမ်မှုတွေ၊ လိုအပ်ချက်တွေနဲ့ ရည်ရွယ်ချက်တွေကို နားလည်လာရင် နှစ်ဖက်စလုံးအတွက် လက်ခံနိုင်မယ့် နည်းလမ်း တစ်ခုကို ရှာဖွေနိုင်ပါတယ်။

ပဋိပက္ခစီမံခန့်ခွဲမှုဆိုင်ရာ ပညာရှင် Ralph Kilmann ကလည်း လူနှစ်ယောက်ရဲ့ လိုအပ်ချက်တွေ မကိုက်ညီသလို ဖြစ်နေတဲ့အခါ နှစ်ဖက်လုံးရဲ့လိုအပ်ချက်တွေကို ဘယ်လိုဖြည့်ဆည်းနိုင်မလဲဆိုတာ စဉ်းစားဖို့ အရေးကြီးကြောင်း ရှင်းပြထားပါတယ်။

ဒါပေမဲ့ ပဋိပက္ခတိုင်းဟာ နားလည်မှုလွဲမှားခြင်းကြောင့်ပဲ ဖြစ်ပေါ်တာ မဟုတ်ပါဘူး။ တစ်ခါတလေမှာ အရင်း အမြစ်အကန့်အသတ်၊ အကျိုးစီးပွားအမှန်တကယ်ဆန့်ကျင်နေခြင်း ဒါမှမဟုတ် အခြေခံတန်ဖိုးထားမှုတွေ မတူညီခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒီလိုအခြေအနေတွေမှာ နှစ်ဖက်လုံးရဲ့လိုအပ်ချက်အားလုံးကို အပြည့်အဝ ဖြည့်ဆည်းနိုင်မှာ မဟုတ်ပေမဲ့ ပိုမိုမျှတတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ရှာဖွေနိုင်ပါတယ်။

ပဋိပက္ခတွေဟာ အကြောင်းရင်းတစ်ခုတည်းကြောင့် ဖြစ်ပေါ်တာ မဟုတ်ပါဘူး။ လူတွေရဲ့ လိုအပ်ချက်တွေ၊ မျှော်လင့်ချက်တွေ၊ အတွေ့အကြုံတွေ၊ ဆက်သွယ်ပြောဆိုပုံတွေနဲ့ လုပ်ငန်းဆိုင်ရာ အခြေအနေတွေ ပေါင်းစပ်ပြီး ဖြစ်ပေါ်လာတတ်ပါတယ်။

ဥပမာအားဖြင့် လူနှစ်ယောက်ဟာ တူညီတဲ့အချက်အလက်တစ်ခုကို ကြားရပေမဲ့ အဓိပ္ပာယ်ဖွင့်ဆိုပုံ မတူညီနိုင်ပါတယ်။ တစ်ယောက်အတွက် သာမန်စကားတစ်ခွန်းဟာ နောက်တစ်ယောက်အတွက် မလေးစားတဲ့ စကားတစ်ခွန်းလို ခံစားရနိုင်ပါတယ်။

တစ်ခါတလေမှာတော့ လုပ်ငန်းတာဝန်တွေ မရှင်းလင်းတာ၊ အချိန်နဲ့ ငွေကြေးအရင်းအမြစ်တွေ အကန့်အသတ် ရှိတာ၊ တာဝန်ခွဲဝေမှုမမျှတတာနဲ့ ဆက်သွယ်ပြောဆိုမှု အားနည်းတာတွေကြောင့်လည်း ပဋိပက္ခဖြစ်လာ နိုင်ပါတယ်။

Chartered Institute of Personnel and Development (CIPD) ရဲ့ လုပ်ငန်းခွင်ဆိုင်ရာ လမ်းညွှန်ချက်တွေမှာလည်း ဆက်သွယ်ရေးအားနည်းခြင်း၊ မမျှတစွာ ဆက်ဆံခံရခြင်း၊ တာဝန်မရှင်းလင်းခြင်း၊ အလုပ်ပမာဏများပြားခြင်းနဲ့ ယုံကြည်မှုလျော့နည်းခြင်းတို့ကို ပဋိပက္ခဖြစ်ပေါ်စေနိုင်တဲ့ အကြောင်းရင်းတွေ အဖြစ် ဖော်ပြထားပါတယ်။

ဒီအချက်တွေကို ကြည့်လိုက်ရင် ပဋိပက္ခတစ်ခု ဖြစ်ပေါ်လာတဲ့အခါ လူတစ်ယောက်ရဲ့ စိတ်နေသဘောထားကိုပဲ အပြစ်တင်လို့မရဘူးဆိုတာ နားလည်နိုင်ပါတယ်။ တစ်ခါတလေ ပြဿနာဟာ လူတစ်ယောက်မှာ မဟုတ်ဘဲ လူတွေ အတူတကွ အလုပ်လုပ်နေတဲ့ စနစ်၊ တာဝန်ခွဲဝေပုံ ဒါမှမဟုတ် ဆက်သွယ်ပြောဆိုပုံမှာ ရှိနေနိုင်ပါတယ်။

ပဋိပက္ခ (Conflict) နဲ့ အငြင်းပွားမှု (Argument) ဟာ ဆက်စပ်နေပေမဲ့ အတိအကျတူညီတဲ့အရာတွေ မဟုတ်ပါဘူး။

ပဋိပက္ခဆိုတာ လူတွေကြားမှာ လိုအပ်ချက်၊ အကျိုးစီးပွား ဒါမှမဟုတ် အမြင်တွေ မကိုက်ညီတဲ့ အခြေအနေကို ဆိုလိုပါတယ်။ အငြင်းပွားမှုကတော့ အဲဒီမကိုက်ညီမှုကို စကားနဲ့ ဖော်ပြတုံ့ပြန်တဲ့ ပုံစံတစ်မျိုး ဖြစ်ပါတယ်။

ဥပမာအားဖြင့် လုပ်ဖော်ကိုင်ဖက်နှစ်ယောက်ဟာ လုပ်ငန်းတစ်ခုကို ဘယ်လိုဆောင်ရွက်သင့်သလဲဆိုတာ သဘောထားကွဲလွဲနေကြတယ်ဆိုပါစို့။ သူတို့နှစ်ယောက်လုံးက အဲဒီအကြောင်းကို မပြောကြသေးပေမဲ့ အတွင်းစိတ်မှာ မကျေနပ်မှုတွေ ရှိနေနိုင်ပါတယ်။ ဒီအခြေအနေမှာ ပဋိပက္ခရှိနေပြီလို့ ဆိုနိုင်ပါတယ်။

နောက်ပိုင်းမှာ သူတို့နှစ်ယောက်က အသံမြှင့်ပြီး ငြင်းခုံလာကြတယ်ဆိုရင် အဲဒီပဋိပက္ခဟာ အငြင်းပွားမှုအဖြစ် ပေါ်လွင်လာတာ ဖြစ်ပါတယ်။

American Psychological Association ရဲ့ စိတ်ပညာအဘိဓာန်မှာလည်း ပဋိပက္ခကို ဆန့်ကျင်ဘက် လိုအပ်ချက်တွေ၊ ရည်မှန်းချက်တွေ ဒါမှမဟုတ် စိတ်ခံစားချက်တွေကြောင့် ဖြစ်ပေါ်လာတဲ့ အခြေအနေတစ်ခု အဖြစ် ဖော်ပြထားပါတယ်။

ဒါကြောင့် ပဋိပက္ခကို စီမံခန့်ခွဲတယ်ဆိုတာ လူတွေကို ငြင်းခုံမှုမဖြစ်အောင် တားဆီးခြင်းတစ်ခုတည်း မဟုတ် ပါဘူး။ အဲဒီအငြင်းပွားမှုရဲ့ နောက်ကွယ်မှာရှိတဲ့ အကြောင်းရင်းတွေကို နားလည်ပြီး သင့်တော်တဲ့နည်းလမ်းနဲ့ ကိုင်တွယ်ဖြေရှင်းခြင်း ဖြစ်ပါတယ်။

ပဋိပက္ခဆိုတဲ့ စကားလုံးကို ကြားလိုက်တာနဲ့ ရှောင်ရှားသင့်တဲ့အရာတစ်ခုလို့ ခံစားမိနိုင်ပါတယ်။ ဒါပေမဲ့ ပဋိပက္ခတိုင်းဟာ မကောင်းတဲ့ရလဒ်ကိုပဲ ဖြစ်စေတာ မဟုတ်ပါဘူး။

တစ်ခါတလေမှာ ပဋိပက္ခဟာ လူတွေကြားမှာ အရင်က သတိမထားမိခဲ့တဲ့ ပြဿနာတွေကို မြင်တွေ့လာစေနိုင်ပါတယ်။ မတူညီတဲ့ အမြင်တွေကို နားထောင်ခွင့်ရစေပြီး ပိုမိုကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ဖို့လည်း အထောက်အကူပြုနိုင်ပါတယ်။

ဥပမာအားဖြင့် လုပ်ငန်းတစ်ခုမှာ ဝန်ထမ်းတစ်ယောက်က လက်ရှိအသုံးပြုနေတဲ့ လုပ်ငန်းစဉ်ဟာ အချိန်ကုန်လွန်းတယ်လို့ ထောက်ပြနိုင်ပါတယ်။ မန်နေဂျာကတော့ လက်ရှိနည်းလမ်းဟာ စိတ်ချရပြီးသားဖြစ်လို့ မပြောင်းလဲချင်တာ ဖြစ်နိုင်ပါတယ်။

အစပိုင်းမှာ ဒီအမြင်နှစ်ခုဟာ ပဋိပက္ခတစ်ခုလို ဖြစ်နေနိုင်ပါတယ်။ ဒါပေမဲ့ နှစ်ဖက်စလုံးက တစ်ယောက်ရဲ့ အကြောင်းပြချက်ကို တစ်ယောက် နားထောင်ပြီး စမ်းသပ်လေ့လာကြည့်မယ်ဆိုရင် အချိန်ကုန်သက်သာပြီး အရည်အသွေးကိုလည်း ထိန်းသိမ်းနိုင်တဲ့ နည်းလမ်းအသစ်တစ်ခုကို ရှာဖွေနိုင်ပါတယ်။

ဒီလိုအခြေအနေမျိုးမှာ ပဋိပက္ခဟာ တိုးတက်ပြောင်းလဲမှုအတွက် အခွင့်အလမ်းတစ်ခု ဖြစ်လာနိုင်ပါတယ်။

ဒါပေမဲ့ ပဋိပက္ခကို မသင့်တော်တဲ့ နည်းလမ်းတွေနဲ့ ကိုင်တွယ်မယ်ဆိုရင်တော့ ဆက်ဆံရေးပျက်စီးခြင်း၊ ယုံကြည်မှုလျော့နည်းခြင်း၊ စိတ်ဖိစီးမှုတိုးလာခြင်းနဲ့ လုပ်ငန်းစွမ်းဆောင်ရည်ကျဆင်းခြင်းတို့ကို ဖြစ်ပေါ်စေနိုင်ပါတယ်။

Thomas-Kilmann Conflict Mode Instrument ကို ဖော်ပြထားတဲ့ The Myers-Briggs Company ရဲ့ လမ်းညွှန်ချက်မှာလည်း ပဋိပက္ခကို ကောင်းမွန်စွာ ကိုင်တွယ်နိုင်တဲ့အခါ ပွင့်လင်းတဲ့ ဆွေးနွေးမှုနဲ့ ပိုမိုကောင်းမွန်တဲ့ ရလဒ်တွေအတွက် အခွင့်အလမ်း ဖြစ်လာနိုင်ကြောင်း ရှင်းပြထားပါတယ်။

ဒါကြောင့် ပဋိပက္ခရှိခြင်းထက် အဲဒီပဋိပက္ခကို ဘယ်လိုတုံ့ပြန်ကိုင်တွယ်သလဲဆိုတာက ပိုပြီးအရေးကြီးပါတယ်။

ပဋိပက္ခတစ်ခုကို ကြုံတွေ့ရတဲ့အခါ လူတိုင်းက တူညီတဲ့နည်းလမ်းနဲ့ တုံ့ပြန်ကြတာ မဟုတ်ပါဘူး။ တချို့က ကိုယ့်အမြင်ကို အခိုင်အမာ ကာကွယ်တတ်ကြပါတယ်။ တချို့ကတော့ ဆက်ဆံရေးမပျက်စေချင်တာကြောင့် တစ်ဖက်လူရဲ့ ဆန္ဒကို လိုက်လျောပေးတတ်ကြပါတယ်။ တချို့က အငြင်းပွားမှုကို ရှောင်ရှားတတ်ကြပြီး တချို့ကတော့ နှစ်ဖက်စလုံးအတွက် အဆင်ပြေမယ့် အဖြေတစ်ခုကို အတူတကွ ရှာဖွေတတ်ကြပါတယ်။

ဒီလိုကွဲပြားတဲ့ တုံ့ပြန်ပုံတွေကို Kenneth Thomas နဲ့ Ralph Kilmann တို့ရဲ့ Thomas-Kilmann Conflict Mode Instrument (TKI) မှာ နည်းလမ်းငါးမျိုးအဖြစ် ဖော်ပြထားပါတယ်။ ဒီနည်းလမ်းတွေကို ကိုယ့်လိုအပ်ချက်ကို ဘယ်လောက်အခိုင်အမာ ဖော်ပြသလဲ (Assertiveness) နဲ့ တစ်ဖက်လူရဲ့ လိုအပ်ချက်ကို ဘယ်လောက်ထည့်သွင်းစဉ်းစားသလဲ (Cooperativeness) ဆိုတဲ့ အခြေခံရှုထောင့်နှစ်ခုနဲ့ ခွဲခြားထားပါတယ်။

ယှဉ်ပြိုင်ခြင်း (Competing) ဆိုတာ ကိုယ့်ရဲ့ ရည်မှန်းချက်နဲ့ လိုအပ်ချက်ကို အဓိကဦးစားပေးပြီး ကိုယ့်အမြင်အတိုင်း ဆောင်ရွက်ဖို့ ကြိုးစားခြင်း ဖြစ်ပါတယ်။ အရေးပေါ်ဆုံးဖြတ်ချက်ချရမယ့် အခြေအနေမျိုးမှာ အသုံးဝင်နိုင်ပေမဲ့ အမြဲတမ်း ဒီနည်းလမ်းကိုပဲ အသုံးပြုမယ်ဆိုရင် တခြားသူတွေရဲ့ အမြင်တွေကို လျစ်လျူရှုမိနိုင်ပါတယ်။

ပူးပေါင်းဖြေရှင်းခြင်း (Collaborating) ဆိုတာ နှစ်ဖက်စလုံးရဲ့ လိုအပ်ချက်တွေကို နားလည်ပြီး အတူတကွ ဖြည့်ဆည်းနိုင်မယ့် နည်းလမ်းတစ်ခုကို ရှာဖွေခြင်း ဖြစ်ပါတယ်။ ဒီနည်းလမ်းမှာ တစ်ဖက်လူရဲ့ အမြင်ကို နားထောင်ခြင်း၊ မတူညီတဲ့ လိုအပ်ချက်တွေကို ဆွေးနွေးခြင်းနဲ့ အဖြေအသစ်တွေ ရှာဖွေခြင်းတို့ ပါဝင်ပါတယ်။

အပေးအယူလုပ်ခြင်း (Compromising) ဆိုတာ နှစ်ဖက်စလုံးက ကိုယ့်လိုလားချက်တချို့ကို လျှော့ချပြီး အလယ်အလတ်သဘောတူညီချက်တစ်ခု ရရှိအောင် ကြိုးစားခြင်း ဖြစ်ပါတယ်။ ဥပမာ၊ လုပ်ငန်းနှစ်ခုအတွက် အစည်းအဝေးခန်းတစ်ခန်းတည်းကို လိုအပ်နေတယ်ဆိုရင် အသုံးပြုမယ့်အချိန်ကို ခွဲဝေသတ်မှတ်ခြင်းမျိုး ဖြစ်ပါတယ်။

ရှောင်ရှားခြင်း (Avoiding) ဆိုတာ ပဋိပက္ခကို ချက်ချင်းမရင်ဆိုင်ဘဲ ခဏရွှေ့ဆိုင်းထားခြင်း ဒါမှမဟုတ် ဆွေးနွေးမှုကို ရှောင်ရှားခြင်း ဖြစ်ပါတယ်။ စိတ်ခံစားချက်တွေ အလွန်ပြင်းထန်နေတဲ့အချိန်မှာ ခဏအနားယူဖို့ အသုံးဝင်နိုင်ပေမဲ့ အရေးကြီးတဲ့ ပြဿနာတွေကို အမြဲရှောင်ရှားနေမယ်ဆိုရင် မပြေလည်မှုတွေ ဆက်လက်တည်ရှိနေနိုင်ပါတယ်။

လိုက်လျောပေးခြင်း (Accommodating) ဆိုတာ ကိုယ့်လိုအပ်ချက်ထက် တစ်ဖက်လူရဲ့ လိုအပ်ချက်ကို ပိုမိုဦးစားပေးခြင်း ဖြစ်ပါတယ်။ တစ်ဖက်လူအတွက် အလွန်အရေးကြီးပြီး ကိုယ့်အတွက် အရေးမကြီးတဲ့ကိစ္စမျိုးမှာ သင့်တော်နိုင်ပါတယ်။ ဒါပေမဲ့ အမြဲတမ်း လိုက်လျောပေးနေမယ်ဆိုရင် ကိုယ့်ရဲ့ အရေးကြီးတဲ့ လိုအပ်ချက်တွေကို လျစ်လျူရှုမိနိုင်ပါတယ်။

ဒီနည်းလမ်းငါးမျိုးထဲမှာ အခြေအနေတိုင်းအတွက် အကောင်းဆုံးဖြစ်တဲ့ နည်းလမ်းတစ်မျိုးတည်း မရှိပါဘူး။ ပဋိပက္ခရဲ့ သဘောသဘာဝ၊ အရေးကြီးမှု၊ ရရှိနိုင်တဲ့အချိန်၊ နှစ်ဖက်ဆက်ဆံရေးနဲ့ ပါဝင်သူတွေရဲ့ လိုအပ်ချက်တွေအပေါ် မူတည်ပြီး သင့်တော်တဲ့နည်းလမ်းကို ရွေးချယ်ဖို့ လိုအပ်ပါတယ်။

ပဋိပက္ခတစ်ခုကို ရင်ဆိုင်ရတဲ့အခါ ကျွန်တော်တို့ရဲ့ ပထမဆုံးတုံ့ပြန်မှုက ကိုယ့်အမြင်မှန်ကန်ကြောင်း ရှင်းပြဖို့ ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ တစ်ဖက်လူရဲ့ အမြင်ကို မသိရသေးခင် ကိုယ့်အမြင်ကိုပဲ အခိုင်အမာ ပြောဆိုနေမယ်ဆိုရင် ပြဿနာရဲ့ အကြောင်းရင်းကို နားလည်ဖို့ ပိုမိုခက်ခဲလာနိုင်ပါတယ်။

ဒါကြောင့် ပဋိပက္ခကို ကိုင်တွယ်ဖြေရှင်းဖို့ မကြိုးစားခင် အခြေအနေကို နားလည်အောင် အရင်ဆုံး မေးခွန်းတွေ မေးကြည့်ဖို့ လိုပါတယ်။

ဥပမာအားဖြင့် “ကျွန်တော်တို့ နှစ်ယောက် တကယ်သဘောထားကွဲလွဲနေတာ ဘယ်အချက်လဲ” လို့ မေးကြည့်နိုင်ပါတယ်။ ဒီမေးခွန်းက အကြောင်းအရာများစွာကို တစ်ပြိုင်နက် ငြင်းခုံနေမယ့်အစား အဓိကမပြေလည်တဲ့ အချက်ကို ရှာဖွေဖို့ ကူညီပေးနိုင်ပါတယ်။

နောက်ထပ် “ဒီကိစ္စက တစ်ဖက်လူအတွက် ဘာကြောင့် အရေးကြီးနေတာလဲ” လို့ စဉ်းစားကြည့်နိုင်ပါတယ်။ ဒီလိုစဉ်းစားခြင်းအားဖြင့် တစ်ဖက်လူရဲ့ တောင်းဆိုချက်နောက်ကွယ်မှာ ရှိနေတဲ့ လိုအပ်ချက်တွေ၊ စိုးရိမ်မှုတွေနဲ့ တန်ဖိုးထားမှုတွေကို ပိုမိုနားလည်လာနိုင်ပါတယ်။

အရေးကြီးတဲ့ မေးခွန်းတစ်ခုကတော့ “ကျွန်တော်တို့ နှစ်ဖက်စလုံး သဘောတူနိုင်တဲ့ အချက်တစ်ခုခု ရှိနေသလား” ဆိုတာပါပဲ။ တစ်ခါတလေ လူတွေဟာ မတူညီတဲ့ အချက်တွေကိုပဲ အာရုံစိုက်နေကြတာကြောင့် တူညီတဲ့ ရည်ရွယ်ချက်တစ်ခု ရှိနေတယ်ဆိုတာကို မေ့လျော့နေတတ်ကြပါတယ်။

ဒီလိုမေးခွန်းတွေ မေးခြင်းဟာ တစ်ဖက်လူကို အနိုင်ယူဖို့ မဟုတ်ပါဘူး။ နှစ်ဖက်စလုံးရဲ့ အခြေအနေကို ပိုမိုနားလည်ပြီး သင့်တော်တဲ့ ဖြေရှင်းနည်းတစ်ခုကို ရှာဖွေနိုင်ဖို့ ဖြစ်ပါတယ်။

CIPD ရဲ့ လုပ်ငန်းခွင်ပဋိပက္ခဆိုင်ရာ လမ်းညွှန်ချက်မှာလည်း ပဋိပက္ခဖြစ်ပေါ်လာတဲ့အခါ ပါဝင်သူတွေရဲ့ စိုးရိမ်မှုတွေကို သေချာနားထောင်ဖို့၊ အဓိကအကြောင်းရင်းကို ရှာဖွေဖို့၊ ဘက်လိုက်မှုမရှိဘဲ အမြင်အားလုံးကို နားလည်ဖို့နဲ့ ရှေ့ဆက်နိုင်မယ့် နည်းလမ်းတွေကို ဆွေးနွေးဖို့ အကြံပြုထားပါတယ် ။

သို့သော် အနိုင်ကျင့်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ ခွဲခြားဆက်ဆံခြင်း ဒါမှမဟုတ် အကြမ်းဖက်ခြင်း ပါဝင်နေတဲ့ အခြေအနေတွေမှာတော့ သာမန်သဘောထားကွဲလွဲမှုတစ်ခုလို မဆက်ဆံသင့်ပါဘူး။ ဒီလိုကိစ္စတွေမှာ လုံခြုံရေးနဲ့ သင့်တော်တဲ့ တိုင်ကြားဖြေရှင်းရေးလုပ်ငန်းစဉ်တွေကို ဦးစားပေးဖို့ လိုပါတယ်။

ကျွန်တော်တို့ဟာ လူမှုအသိုင်းအဝိုင်းတစ်ခုထဲမှာ အတူတကွ နေထိုင်နေကြတာဖြစ်လို့ အမြင်မတူတာတွေ၊ လိုအပ်ချက်မတူတာတွေနဲ့ ရည်မှန်းချက်ကွဲပြားတာတွေကို လုံးဝရှောင်ရှားဖို့ မလွယ်ကူပါဘူး။

လူတိုင်းမှာ ကိုယ်ပိုင်အတွေ့အကြုံတွေ၊ ယုံကြည်ချက်တွေ၊ စိတ်ခံစားချက်တွေနဲ့ တန်ဖိုးထားမှုတွေ ရှိကြပါတယ်။ ဒါကြောင့် လူနှစ်ယောက်ဟာ အခြေအနေတစ်ခုတည်းကို ကြုံတွေ့ရပေမဲ့ အဲဒီအခြေအနေကို မြင်ပုံ၊ နားလည်ပုံနဲ့ တုံ့ပြန်ပုံ မတူညီနိုင်ပါတယ်။

ဒီလိုမတူညီမှုတွေဟာ လူ့ဆက်ဆံရေးမှာ သဘာဝကျကျ ဖြစ်ပေါ်လာနိုင်တဲ့ အရာတွေ ဖြစ်ပါတယ်။ အရေးကြီးတာက မတူညီမှုတွေကို ဘယ်လိုနားလည်သလဲ၊ ဘယ်လိုတုံ့ပြန်သလဲ၊ ဘယ်လိုကိုင်တွယ်ဖြေရှင်းသလဲဆိုတာ ဖြစ်ပါတယ်။

ပဋိပက္ခတစ်ခု ဖြစ်ပေါ်လာတဲ့အခါ ဘယ်သူမှန်တယ်၊ ဘယ်သူမှားတယ်ဆိုတာကို ချက်ချင်းဆုံးဖြတ်မယ့်အစား နှစ်ဖက်စလုံးရဲ့ လိုအပ်ချက်တွေ၊ စိုးရိမ်မှုတွေနဲ့ ရည်ရွယ်ချက်တွေကို နားလည်ဖို့ ကြိုးစားကြည့်နိုင်ပါတယ်။

တစ်ခါတလေ ကျွန်တော်တို့ ဆန့်ကျင်နေတယ်လို့ ထင်ထားတဲ့ အရာတွေဟာ တကယ်တော့ တူညီတဲ့ ရည်ရွယ်ချက်တစ်ခုကို ရောက်ရှိဖို့ ရွေးချယ်ထားတဲ့ မတူညီတဲ့ နည်းလမ်းတွေ ဖြစ်နေနိုင်ပါတယ်။ ဒါပေမဲ့ တစ်ခါတလေမှာလည်း အကျိုးစီးပွားတွေ အမှန်တကယ် ဆန့်ကျင်နေနိုင်ပါတယ်။ အဲဒီလိုအခြေအနေမှာတောင် တစ်ဖက်လူရဲ့ အမြင်ကို နားလည်ခြင်းဟာ ပိုမိုမျှတပြီး လက်တွေ့ကျတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်နိုင်ဖို့ အထောက်အကူပြုနိုင်ပါတယ်။

ဒါကြောင့် ပဋိပက္ခစီမံခန့်ခွဲမှုရဲ့ အဓိကရည်ရွယ်ချက်ဟာ ပဋိပက္ခအားလုံးကို ပျောက်ကွယ်သွားစေဖို့ မဟုတ်ပါဘူး။ မတူညီမှုတွေကို ပိုမိုနားလည်ပြီး ထိခိုက်မှုတွေကို လျှော့ချနိုင်ဖို့၊ ဆက်ဆံရေးတွေကို ထိန်းသိမ်းနိုင်ဖို့နဲ့ ဖြစ်နိုင်သမျှ ပိုမိုကောင်းမွန်တဲ့ ရလဒ်တွေကို ရရှိနိုင်ဖို့ ဖြစ်ပါတယ်။

အချုပ်အားဖြင့်ဆိုရရင်တော့ ပဋိပက္ခဆိုတာ လူတွေကြားမှာ အပြန်အလှန်ဆက်နွယ်မှုရှိနေပြီး လိုအပ်ချက်တွေ၊ အကျိုးစီးပွားတွေ၊ ရည်မှန်းချက်တွေ ဒါမှမဟုတ် တန်ဖိုးထားမှုတွေ မကိုက်ညီသလို ဖြစ်နေတဲ့အခါ ပေါ်ပေါက်လာနိုင်တဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်။ ပဋိပက္ခကို နားလည်ခြင်းဟာ တစ်ဖက်လူကို အနိုင်ယူဖို့ ကြိုးစားခြင်းထက် မတူညီမှုတွေရဲ့ နောက်ကွယ်မှာရှိတဲ့ အကြောင်းရင်းတွေကို နားလည်ဖို့၊ အခြားသူတွေရဲ့ အမြင်တွေကို နားထောင်ဖို့နဲ့ ပိုမိုသင့်တော်တဲ့ ဖြေရှင်းနည်းတွေကို ရှာဖွေဖို့ စတင်ခြင်းပဲ ဖြစ်ပါတယ်။

ကိုးကားဖတ်ရှုရန်