ကျွန်တော်တို့ဟာ နေ့စဉ်ဘဝမှာ မိသားစုဝင်တွေ၊ မိတ်ဆွေတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆက်ဆံနေကြရင်း သဘောထားကွဲလွဲမှုတွေ၊ နားလည်မှုလွဲမှားမှုတွေနဲ့ စိတ်အနှောင့်အယှက်ဖြစ်စရာ အခြေအနေတွေကို မကြာခဏ ကြုံတွေ့ရတတ်ပါတယ်။ ဒီလိုအခြေအနေတွေ ဖြစ်ပေါ်လာတဲ့အခါ လူတစ်ယောက်နဲ့တစ်ယောက် တုံ့ပြန်ပုံချင်း မတူညီကြပါဘူး။
တချို့က ချက်ချင်းစိတ်ဆိုးပြီး ပြန်လည်တုံ့ပြန်တတ်ကြပါတယ်။ တချို့ကတော့ စိတ်ထဲမှာ မကျေနပ်မှုတွေရှိနေပေမဲ့ ထုတ်မပြောဘဲ နေတတ်ကြပါတယ်။ တချို့ကလည်း ပြဿနာကို ချက်ချင်းဖြေရှင်းဖို့ ကြိုးစားကြသလို တချို့ကတော့ အခြေအနေတည်ငြိမ်သွားတဲ့အထိ စောင့်ဆိုင်းတတ်ကြပါတယ်။
ဒါပေမဲ့ ပဋိပက္ခတစ်ခု ဖြစ်ပေါ်လာတဲ့အခါ ဘယ်လိုတုံ့ပြန်သင့်သလဲဆိုတာကို သိထားခြင်းတစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။ ကိုယ့်ရဲ့ စိတ်ခံစားချက်နဲ့ တုံ့ပြန်ပုံတွေကို နားလည်နိုင်ဖို့၊ တစ်ဖက်လူရဲ့ အမြင်ကိုလည်း ထည့်သွင်းစဉ်းစားနိုင်ဖို့နဲ့ ပြဿနာကို အတူတကွ ဖြေရှင်းနိုင်ဖို့ လိုအပ်ပါတယ်။
ဒီလိုစွမ်းရည်တွေကို ပဋိပက္ခကို ထိရောက်စွာ ကိုင်တွယ်နိုင်စွမ်း (Conflict Competence) လို့ ခေါ်ပါတယ်။ ဒီစွမ်းရည်ဟာ ပဋိပက္ခဖြစ်လာတဲ့အခါ ဘယ်လိုတုံ့ပြန်မလဲဆိုတာကို သိရှိခြင်းသာမက ကိုယ့်ရဲ့အပြုအမူတွေကို ပြန်လည်သုံးသပ်ပြီး ပိုမိုကောင်းမွန်တဲ့ နည်းလမ်းတွေနဲ့ ဆက်ဆံနိုင်ခြင်းလည်း ဖြစ်ပါတယ်။
ဒါဆိုရင် ဒီစွမ်းရည်ကို ဘယ်လိုတည်ဆောက်နိုင်မလဲ။ ပဋိပက္ခတွေကို ဘယ်လိုအဆင့်ဆင့် ကိုင်တွယ်ဖြေရှင်းနိုင်မလဲ။ လက်တွေ့အသုံးချနိုင်တဲ့ နည်းလမ်းသုံးခုနဲ့ ဖြေရှင်းရေးအဆင့်ငါးဆင့်ကို လေ့လာကြည့်ကြရအောင်။
ပဋိပက္ခကို ကိုင်တွယ်နိုင်စွမ်း တည်ဆောက်ရန် အဆင့်သုံးဆင့်

၁။ ကိုယ့်ရဲ့ စိတ်ကို ထိခိုက်စေတဲ့ အချက်တွေကို သိရှိခြင်း (Recognize Your Hot Buttons)
လူတိုင်းမှာ စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ အပြုအမူတွေ၊ စကားလုံးတွေ ဒါမှမဟုတ် အခြေအနေတွေ ရှိတတ်ကြပါတယ်။ တချို့လူတွေက ကိုယ့်ကို လျစ်လျူရှုခံရတဲ့အခါ စိတ်မကောင်းဖြစ်တတ်ကြပါတယ်။ တချို့ကတော့ ကိုယ့်ရဲ့အမြင်ကို တန်ဖိုးမထားဘူးလို့ ခံစားရတဲ့အခါ ဒေါသထွက်တတ်ကြပါတယ်။ တချို့က မမျှတတဲ့ ဆက်ဆံမှုတွေကို ကြုံတွေ့ရတဲ့အခါ ပြင်းပြင်းထန်ထန် တုံ့ပြန်တတ်ကြပါတယ်။
ဒီလို ကိုယ့်ရဲ့စိတ်ခံစားချက်ကို ပြင်းပြင်းထန်ထန် လှုံ့ဆော်ပေးတဲ့ အချက်တွေကို Hot Buttons လို့ ခေါ်ပါတယ်။
ဥပမာအားဖြင့် လုပ်ငန်းခွင်မှာ အဖွဲ့ဝင်တစ်ယောက်က ကိုယ့်ရဲ့အကြံပြုချက်ကို အစည်းအဝေးအတွင်း လျစ်လျူရှုလိုက်တယ်ဆိုပါစို့။ အဲဒီအခါ ကိုယ်ဟာ စိတ်ဆိုးသွားပြီး ချက်ချင်းပြန်လည်ငြင်းခုံချင်စိတ် ဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီအခြေအနေမှာ ကိုယ်ဘာကြောင့် စိတ်ဆိုးသွားတာလဲဆိုတာကို ပြန်စဉ်းစားကြည့်ဖို့ လိုပါတယ်။
ကိုယ့်ရဲ့အမြင်ကို တန်ဖိုးမထားလို့လား။ ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုကို အသိအမှတ်မပြုလို့လား။ ဒါမှမဟုတ် တခြားသူတွေရှေ့မှာ ကိုယ့်ကို အလေးမထားသလို ခံစားရလို့လား။
ဒီအချက်တွေကို နားလည်လာတဲ့အခါ ကိုယ့်ရဲ့စိတ်ခံစားချက်တွေ ဘယ်လိုအခြေအနေမျိုးမှာ ပြင်းထန်လာတတ်သလဲဆိုတာကို ပိုမိုသိရှိလာနိုင်ပါတယ်။
လက်တွေ့ကျင့်သုံးနိုင်တဲ့ နည်းလမ်းတစ်ခုကတော့ စိတ်အနှောင့်အယှက်ဖြစ်ခဲ့တဲ့ အခြေအနေတွေကို မှတ်တမ်းရေးသားထားခြင်း ဖြစ်ပါတယ်။ ဥပမာ စိတ်အနှောင့်အယှက်ဖြစ်စေခဲ့တဲ့ အဖြစ်အပျက်၊ တစ်ဖက်လူရဲ့ ပြောဆိုပြုမူပုံ၊ ကိုယ်ခံစားခဲ့ရတဲ့ စိတ်ခံစားချက်နဲ့ ကိုယ်ဘယ်လိုတုံ့ပြန်ခဲ့သလဲဆိုတာတွေကို ရေးမှတ်ထားနိုင်ပါတယ်။
နောက်ပိုင်းမှာ စိတ်အေးသွားတဲ့အချိန် အဲဒီမှတ်တမ်းတွေကို ပြန်ဖတ်ကြည့်ပါ။ အဲဒီအခါ ကိုယ့်အတွက် ဘယ်အရာတွေက အရေးကြီးနေသလဲ၊ ဘယ်လိုအခြေအနေတွေမှာ စိတ်ခံစားချက်ပြင်းထန်လာတတ်သလဲဆိုတာကို ပိုမိုရှင်းလင်းစွာ သိလာနိုင်ပါတယ်။
အရေးကြီးတာက စိတ်အနှောင့်အယှက်ဖြစ်ခဲ့တဲ့ အတွေ့အကြုံတွေကို မကောင်းတဲ့အမှတ်တရတွေအဖြစ်ပဲ မထားဘဲ ကိုယ့်ကိုယ်ကို ပိုမိုနားလည်လာစေတဲ့ အခွင့်အလမ်းတွေအဖြစ် အသုံးချဖို့ ဖြစ်ပါတယ်။
၂။ ကိုယ့်ရဲ့ တုံ့ပြန်ပုံကို ပြောင်းလဲလေ့ကျင့်ခြင်း (Rescript Your Behavior)
ကိုယ့်ရဲ့ Hot Buttons တွေကို သိရှိလာပြီဆိုရင် နောက်တစ်ဆင့်အနေနဲ့ အဲဒီအချက်တွေကို ကြုံတွေ့တဲ့အခါ ကိုယ်ဘယ်လိုတုံ့ပြန်တတ်သလဲဆိုတာကို ပြန်လည်သုံးသပ်ဖို့ လိုပါတယ်။
လူတစ်ယောက်ရဲ့ တုံ့ပြန်ပုံမှာ ပုံမှန်ဖြစ်နေတဲ့ အလေ့အကျင့်တွေ ရှိတတ်ပါတယ်။ ဥပမာ တစ်ဖက်လူက ကိုယ့်ကို ဝေဖန်လိုက်တဲ့အခါ ချက်ချင်းပြန်လည်ငြင်းခုံခြင်း၊ အသံမြှင့်ပြောဆိုခြင်း ဒါမှမဟုတ် စကားမပြောတော့ဘဲ နေခြင်းမျိုး ဖြစ်နိုင်ပါတယ်။
ဒီလို ပုံမှန်တုံ့ပြန်နေတဲ့ အလေ့အကျင့်ကို Script လို့ နားလည်နိုင်ပါတယ်။ Rescript Your Behavior ဆိုတာကတော့ အဲဒီတုံ့ပြန်ပုံဟောင်းကို ပိုမိုကောင်းမွန်တဲ့ တုံ့ပြန်ပုံအသစ်နဲ့ အစားထိုးလေ့ကျင့်ခြင်း ဖြစ်ပါတယ်။
ဥပမာအားဖြင့် ဇနီးမောင်နှံနှစ်ဦးဟာ တစ်ဦးနဲ့တစ်ဦးရဲ့ စိတ်ကို ထိခိုက်စေတဲ့ အပြုအမူတွေကြောင့် မကြာခဏ စကားများတတ်ကြတယ်ဆိုပါစို့။ အဲဒီအခါ ခင်ပွန်းဖြစ်သူက စိတ်ဆိုးလာတိုင်း ချက်ချင်းပြင်းပြင်းထန်ထန် ပြန်ပြောမယ့်အစား အပြုံးလေးနဲ့ အေးအေးဆေးဆေး ပြောဆိုကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ပြဿနာကို လျစ်လျူရှုလိုက်တာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့မကျေနပ်ချက်ကို ပြောဆိုနေဆဲဖြစ်ပေမဲ့ ပြောဆိုပုံကို ပြောင်းလဲလိုက်တာ ဖြစ်ပါတယ်။ ဒီလိုပြောင်းလဲလိုက်ခြင်းကြောင့် တစ်ဖက်လူကလည်း စကားကို ပိုမိုအေးဆေးစွာ လက်ခံနိုင်လာပြီး အပြန်အလှန် ဆက်သွယ်ပြောဆိုမှု ပိုမိုကောင်းမွန်လာနိုင်ပါတယ်။
နောက်ထပ်အသုံးဝင်တဲ့ နည်းလမ်းတစ်ခုကတော့ စိတ်ခံစားချက်တွေ ပြင်းထန်လာတဲ့အချိန် ချက်ချင်းတုံ့ပြန်မယ့်အစား ခဏရပ်တန့်ခြင်း ဖြစ်ပါတယ်။ လိုအပ်ရင် အဲဒီနေရာကနေ ခဏထွက်သွားပြီး အသက်ကို ဖြည်းဖြည်းချင်း ရှူသွင်းရှူထုတ်လုပ်ပါ။ စိတ်အေးသွားတဲ့အခါ ပြန်လာပြီး ပြဿနာကို ဆွေးနွေးနိုင်ပါတယ်။
ဒီလိုလုပ်ဆောင်ခြင်းဟာ ပြဿနာကို ရှောင်ရှားခြင်း မဟုတ်ပါဘူး။ စိတ်ခံစားချက်ကြောင့် မသင့်တော်တဲ့ စကားလုံးတွေ ပြောမိခြင်း၊ နောက်မှ နောင်တရစရာ အပြုအမူတွေ လုပ်မိခြင်းကို လျှော့ချဖို့ ဖြစ်ပါတယ်။
ဒါကြောင့် ကိုယ့်ရဲ့တုံ့ပြန်ပုံကို ပြောင်းလဲလေ့ကျင့်ခြင်းဆိုတာ စိတ်ခံစားချက်တွေကို ဖိနှိပ်ထားခြင်း မဟုတ်ဘဲ စိတ်ခံစားချက်ရှိနေသော်လည်း ပိုမိုသင့်တော်တဲ့ နည်းလမ်းနဲ့ ဖော်ပြနိုင်အောင် လေ့ကျင့်ခြင်း ဖြစ်ပါတယ်။
၃။ လူနဲ့ ပြဿနာကို သီးခြားခွဲခြားမြင်တတ်ခြင်း (Separate the Person from the Problem)
ပဋိပက္ခတွေမှာ မကြာခဏ ကြုံတွေ့ရတတ်တဲ့ အမှားတစ်ခုကတော့ လူတစ်ယောက်ရဲ့ အပြုအမူတစ်ခုကို အဲဒီလူရဲ့ ကိုယ်ရည်ကိုယ်သွေးတစ်ခုလုံးနဲ့ ဆက်စပ်ပြီး ဆုံးဖြတ်လိုက်ခြင်း ဖြစ်ပါတယ်။
ဥပမာ ကိုယ့်ရဲ့မိတ်ဆွေတစ်ယောက်က ကတိပေးထားတဲ့အချိန်မှာ မလာခဲ့ဘူးဆိုပါစို့။ အဲဒီအခါ သူ့ကို စိတ်မကျေနပ်ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အဲဒီအပြုအမူတစ်ခုကြောင့် သူဟာ မိတ်ဆွေကောင်းမဟုတ်တော့ဘူး၊ ကိုယ့်ကို လုံးဝဂရုမစိုက်ဘူးလို့ သတ်မှတ်လိုက်မယ်ဆိုရင် ပြဿနာက ပိုမိုကြီးထွားလာနိုင်ပါတယ်။
တကယ်တော့ သူနောက်ကျခဲ့တဲ့အကြောင်းရင်းမှာ မမျှော်လင့်ထားတဲ့ အခြေအနေတစ်ခုခု ရှိနေနိုင်ပါတယ်။ ဒါကြောင့် သူ့ရဲ့အပြုအမူကို ပြဿနာတစ်ခုအဖြစ် သီးခြားကြည့်ပြီး အကြောင်းရင်းကို နားလည်ဖို့ ကြိုးစားသင့်ပါတယ်။
ဒီနေရာမှာ မှတ်သားထားသင့်တဲ့ အတွေးအခေါ်တစ်ခု ရှိပါတယ်။
ကိုယ်နဲ့ တစ်ဖက်လူဟာ တစ်ယောက်နဲ့တစ်ယောက် ဆန့်ကျင်ဘက်ဖြစ်နေတာ မဟုတ်ဘဲ နှစ်ယောက်စလုံးက ပြဿနာကို အတူတကွ ရင်ဆိုင်ဖြေရှင်းနေကြတာ ဖြစ်ပါတယ်။
ဥပမာ ဇနီးမောင်နှံနှစ်ဦး စကားများနေတဲ့အခါ တစ်ယောက်ကိုတစ်ယောက် အနိုင်ယူဖို့ ကြိုးစားနေမယ့်အစား သူတို့နှစ်ဦးကြားမှာ ဖြစ်ပေါ်နေတဲ့ ပြဿနာကို ဘယ်လိုဖြေရှင်းမလဲဆိုတာကို အာရုံစိုက်နိုင်ပါတယ်။
ဒီလိုစဉ်းစားတတ်လာတဲ့အခါ တစ်ဖက်လူကို အပြစ်တင်လိုစိတ် လျော့နည်းလာပြီး သူ့ရဲ့အခြေအနေကိုလည်း နားလည်ပေးနိုင်တဲ့ စာနာနားလည်မှု (Empathy) ပိုမိုတိုးတက်လာနိုင်ပါတယ်။
Harvard Negotiation Project မှ Fisher, Ury နှင့် Patton တို့ရဲ့ Getting to Yes စာအုပ်မှာလည်း လူတွေကို ပြဿနာနဲ့ သီးခြားခွဲခြားစဉ်းစားဖို့ အလေးပေးဖော်ပြထားပါတယ်။ ပဋိပက္ခကို ဖြေရှင်းတဲ့အခါ လူတစ်ဦးချင်းစီရဲ့ ခံစားချက်နဲ့ ဆက်ဆံရေးကို ထည့်သွင်းစဉ်းစားရင်း ပြဿနာကို အဓိကထားဆွေးနွေးဖို့ အရေးကြီးပါတယ်။
ဒီအဆင့်သုံးဆင့်ကို လက်တွေ့ကျင့်သုံးလာခြင်းအားဖြင့် ကိုယ့်ရဲ့တုံ့ပြန်ပုံကို ပိုမိုနားလည်လာပြီး ပဋိပက္ခတွေကို ပိုမိုတည်ငြိမ်စွာ ရင်ဆိုင်နိုင်လာမှာ ဖြစ်ပါတယ်။
ပဋိပက္ခကို ဖြေရှင်းရန် လိုက်နာနိုင်တဲ့ အဆင့်ငါးဆင့် (Five Steps to Conflict Resolution)
တစ်ခါတလေမှာ ကိုယ့်ရဲ့စိတ်ခံစားချက်တွေကို နားလည်ပြီး တုံ့ပြန်ပုံကို ပြောင်းလဲဖို့ ကြိုးစားပေမဲ့ ပဋိပက္ခက ဆက်လက်ရှိနေနိုင်ပါတယ်။ အဲဒီလိုအခြေအနေမျိုးမှာ တစ်ဖက်လူနဲ့ အတူတကွ ဆွေးနွေးပြီး ပြဿနာကို အဆင့်ဆင့် ဖြေရှင်းဖို့ လိုအပ်ပါတယ်။
ပဋိပက္ခဖြေရှင်းရေးမှာ အသုံးပြုနိုင်တဲ့ လက်တွေ့ကျတဲ့ နည်းလမ်းတစ်ခုကတော့ အဆင့်ငါးဆင့် ပါဝင်တဲ့ Conflict Resolution Framework ဖြစ်ပါတယ်။

အဆင့် (၁) အခြေအနေကို ရှင်းလင်းစွာ ဖော်ပြခြင်း (Set the Scene)
ပဋိပက္ခတစ်ခုကို ဖြေရှင်းဖို့ စတင်တဲ့အခါ ပထမဆုံးလုပ်ဆောင်ရမှာက ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုတာကို နှစ်ဖက်စလုံး နားလည်နိုင်အောင် ရှင်းပြခြင်း ဖြစ်ပါတယ်။
ဒီအဆင့်မှာ ဘယ်အချိန်က ဖြစ်ခဲ့တာလဲ၊ ဘယ်နေရာမှာ ဖြစ်ခဲ့တာလဲ၊ ဘယ်လိုအပြုအမူ ဒါမှမဟုတ် စကားပြောဆိုမှုတွေ ဖြစ်ခဲ့သလဲဆိုတာကို တိတိကျကျ ဖော်ပြဖို့ လိုပါတယ်။
ဥပမာအားဖြင့် လုပ်ဖော်ကိုင်ဖက်တစ်ယောက်က အစည်းအဝေးအတွင်း ကိုယ့်ရဲ့အကြံပြုချက်ကို တုံ့ပြန်ပြောဆိုခဲ့တဲ့အခါ စိတ်မကောင်းဖြစ်သွားတယ်ဆိုပါစို့။
အဲဒီအခြေအနေမှာ –
“မနေ့က အစည်းအဝေးမှာ ကျွန်တော် အကြံပြုချက်တစ်ခု တင်ပြတဲ့အခါ အဲဒီအကြောင်းကို ဆွေးနွေးနေစဉ်မှာ အပြန်အလှန် ပြောဆိုမှုတချို့ ဖြစ်ခဲ့ပါတယ်။ အဲဒီအခြေအနေကို နည်းနည်းပြန်ဆွေးနွေးချင်ပါတယ်။”
လို့ စတင်ပြောနိုင်ပါတယ်။
ဒီလိုပြောဆိုခြင်းက တစ်ဖက်လူကို တိုက်ခိုက်ခြင်းမဟုတ်ဘဲ နှစ်ဖက်စလုံး သိရှိထားတဲ့ အဖြစ်အပျက်ကို အခြေခံပြီး ဆွေးနွေးမှုစတင်ခြင်း ဖြစ်ပါတယ်။
ဒီနေရာမှာ SVI (Situation, Behavior, Impact) ဆိုတဲ့ Feedback ပေးတဲ့ နည်းလမ်းကိုလည်း အသုံးပြုနိုင်ပါတယ်။
- Situation: ဘယ်အခြေအနေ၊ ဘယ်အချိန်မှာ ဖြစ်ခဲ့သလဲ။
- Behavior: ဘယ်လိုအပြုအမူ ဒါမှမဟုတ် ပြောဆိုမှု ဖြစ်ခဲ့သလဲ။
- Impact: အဲဒီအပြုအမူကြောင့် ကိုယ့်အပေါ် ဘယ်လိုသက်ရောက်မှု ရှိခဲ့သလဲ။
အရေးကြီးတာက အဖြစ်အပျက်ကို ကိုယ်မြင်တွေ့ခဲ့သလို ရှင်းပြဖို့နဲ့ တစ်ဖက်လူလည်း သဘောတူနိုင်တဲ့ အချက်အလက်တွေကို အခြေခံဖို့ ဖြစ်ပါတယ်။
အဆင့် (၂) အချက်အလက်နှင့် အမြင်များကို စုဆောင်းခြင်း (Gather Information)
အခြေအနေကို ရှင်းပြပြီးတဲ့အခါ နောက်တစ်ဆင့်အနေနဲ့ တစ်ဖက်လူရဲ့ အမြင်နဲ့ အတွေးအခေါ်တွေကို နားထောင်ဖို့ လိုပါတယ်။
ပဋိပက္ခတစ်ခုမှာ လူတစ်ယောက်ချင်းစီဟာ အဖြစ်အပျက်တစ်ခုတည်းကို မတူညီတဲ့ ရှုထောင့်တွေကနေ မြင်တွေ့နိုင်ကြပါတယ်။ ကိုယ့်အတွက် စိတ်ထိခိုက်စရာဖြစ်ခဲ့တဲ့ စကားတစ်ခွန်းဟာ တစ်ဖက်လူအတွက်တော့ သာမန်ပြောဆိုမှုတစ်ခု ဖြစ်နေနိုင်ပါတယ်။
ဒါကြောင့် ကိုယ့်ရဲ့အမြင်ကိုသာ အမှန်တရားတစ်ခုလို သတ်မှတ်မထားဘဲ တစ်ဖက်လူရဲ့ အမြင်ကိုလည်း သိရှိဖို့ ကြိုးစားသင့်ပါတယ်။
ဥပမာ –
“အဲဒီအချိန်မှာ ဘာကြောင့် အဲဒီလို ပြောဆိုခဲ့တာလဲ။ ကျွန်တော် နားလည်မှုလွဲနေတာရှိရင်လည်း သိချင်ပါတယ်။”
“အဲဒီအခြေအနေကို မင်းဘက်က ဘယ်လိုမြင်ခဲ့သလဲ။”
စတဲ့ မေးခွန်းတွေ မေးနိုင်ပါတယ်။
ဒီအဆင့်မှာ အရေးကြီးဆုံးက တစ်ဖက်လူ ပြောနေတဲ့အချိန် ကြားဖြတ်မပြောဘဲ သေချာနားထောင်ဖို့ ဖြစ်ပါတယ်။ သူ့ရဲ့အမြင်ကို နားလည်ဖို့ ကြိုးစားပြီး လိုအပ်ရင် မရှင်းလင်းတဲ့အချက်တွေကို ပြန်မေးနိုင်ပါတယ်။
တစ်ဖက်လူရဲ့ အမြင်ကို နားထောင်ပေးခြင်းဟာ သူပြောသမျှကို သဘောတူလိုက်ခြင်း မဟုတ်ပါဘူး။ သူ့ရဲ့အတွေးအခေါ်နဲ့ ခံစားချက်တွေကို နားလည်ဖို့ ကြိုးစားခြင်းသာ ဖြစ်ပါတယ်။
အဆင့် (၃) ပြဿနာရဲ့ အဓိကအကြောင်းရင်းကို သဘောတူညီစွာ သတ်မှတ်ခြင်း (Agree on the Problem)
နှစ်ဖက်စလုံးရဲ့ အမြင်တွေကို နားထောင်ပြီးတဲ့အခါ တကယ်တမ်း ဘယ်အချက်က ပြဿနာဖြစ်နေတာလဲဆိုတာကို အတူတကွ သတ်မှတ်ဖို့ လိုပါတယ်။
ဒီအဆင့်ဟာ အလွန်အရေးကြီးပါတယ်။ အကြောင်းကတော့ လူတစ်ယောက်နဲ့တစ်ယောက် ပြဿနာကို မြင်ပုံချင်း မတူညီနိုင်လို့ပါပဲ။
ဥပမာအားဖြင့် လုပ်ဖော်ကိုင်ဖက်နှစ်ယောက် စကားများခဲ့ကြတယ်ဆိုပါစို့။ တစ်ယောက်က တစ်ဖက်လူရဲ့ စကားပြောပုံဟာ ရိုင်းစိုင်းတယ်လို့ ခံစားရနိုင်ပါတယ်။ တစ်ဖက်လူကတော့ သူ့ရဲ့စကားဟာ ဟာသသဘောနဲ့ ပြောခဲ့တာလို့ ယူဆနေနိုင်ပါတယ်။
ဒီနေရာမှာ ပြဿနာဟာ တစ်ဖက်လူက ရည်ရွယ်ချက်ရှိရှိ စိတ်ထိခိုက်အောင် လုပ်ခဲ့တာလို့ ချက်ချင်းသတ်မှတ်ဖို့ မလိုပါဘူး။ တကယ်တမ်း ပြဿနာက ဆက်သွယ်ပြောဆိုမှုမှာ နားလည်မှုလွဲမှားခြင်း ဖြစ်နေနိုင်ပါတယ်။
ဒါကြောင့် နှစ်ဖက်စလုံးရဲ့ အမြင်တွေကို ထည့်သွင်းစဉ်းစားပြီး အဓိကပြဿနာကို သဘောတူညီစွာ သတ်မှတ်နိုင်ဖို့ ကြိုးစားရပါမယ်။
တကယ်လို့ နှစ်ဖက်စလုံးက ပြဿနာရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို တစ်ထပ်တည်း သဘောမတူနိုင်သေးဘူးဆိုရင်တောင် တစ်ဖက်လူက ဘယ်အချက်ကို ပြဿနာလို့ မြင်နေသလဲဆိုတာကို အနည်းဆုံး နားလည်ထားဖို့ လိုပါတယ်။
အဆင့် (၄) ဖြစ်နိုင်တဲ့ ဖြေရှင်းနည်းတွေကို အတူတကွ စဉ်းစားခြင်း (Brainstorm Possible Solutions)
ပြဿနာရဲ့ အဓိကအချက်ကို နားလည်ပြီးတဲ့အခါ နောက်တစ်ဆင့်ကတော့ အဲဒီပြဿနာကို ဘယ်လိုဖြေရှင်းနိုင်မလဲဆိုတဲ့ နည်းလမ်းတွေကို အတူတကွ စဉ်းစားခြင်း ဖြစ်ပါတယ်။
ဒီအဆင့်မှာ ဖြေရှင်းနည်းတစ်ခုတည်းကို ချက်ချင်းရွေးချယ်ဖို့ မလိုသေးပါဘူး။ ဖြစ်နိုင်သမျှ နည်းလမ်းများများကို လွတ်လပ်စွာ အကြံပြုနိုင်ပါတယ်။
ဥပမာအားဖြင့် လုပ်ဖော်ကိုင်ဖက်နှစ်ယောက်ကြားမှာ ဆက်သွယ်ပြောဆိုမှု မကောင်းတာကြောင့် ပြဿနာဖြစ်ခဲ့တယ်ဆိုရင် –
- အရေးကြီးတဲ့ကိစ္စတွေကို မပြောခင် ကြိုတင်အသိပေးခြင်း။
- နားလည်မှုလွဲမှားနိုင်တဲ့ စကားလုံးတွေကို ရှောင်ရှားခြင်း။
- အမြင်မတူတဲ့အခါ တစ်ဦးနဲ့တစ်ဦး အေးအေးဆေးဆေး ဆွေးနွေးခြင်း။
- အပတ်စဉ် သီးခြားအချိန်တစ်ခု သတ်မှတ်ပြီး လုပ်ငန်းဆိုင်ရာ အခက်အခဲတွေကို ဆွေးနွေးခြင်း။
စတဲ့ နည်းလမ်းတွေကို အကြံပြုနိုင်ပါတယ်။
Brainstorming လုပ်တဲ့အခါ အစပိုင်းမှာ အကြံဉာဏ်တွေကို ချက်ချင်းဝေဖန်ပယ်ချဖို့ မလိုပါဘူး။ တချို့အကြံဉာဏ်တွေဟာ လက်တွေ့အသုံးချဖို့ ခက်ခဲနေနိုင်ပေမဲ့ ဆွေးနွေးမှုကနေ ပိုမိုကောင်းမွန်တဲ့ အကြံဉာဏ်အသစ်တွေ ထွက်ပေါ်လာနိုင်ပါတယ်။
အဓိကရည်ရွယ်ချက်ကတော့ တစ်ဖက်လူရဲ့ အကြံဉာဏ်ကို လက်ခံနားထောင်ပြီး နှစ်ဖက်စလုံးအတွက် အဆင်ပြေနိုင်မယ့် ရွေးချယ်စရာတွေကို ရှာဖွေဖို့ ဖြစ်ပါတယ်။
အဆင့် (၅) နှစ်ဖက်သဘောတူညီနိုင်တဲ့ လုပ်ဆောင်မှုအစီအစဉ်တစ်ခု ချမှတ်ခြင်း (Negotiate an Action Plan)
ဖြစ်နိုင်တဲ့ ဖြေရှင်းနည်းတွေကို စဉ်းစားပြီးတဲ့အခါ နောက်ဆုံးအဆင့်အနေနဲ့ နှစ်ဖက်စလုံး လက်ခံနိုင်တဲ့ လုပ်ဆောင်မှုအစီအစဉ်တစ်ခုကို ညှိနှိုင်းသဘောတူဖို့ လိုပါတယ်။
ဒီနေရာမှာ Negotiate ဆိုတာ နှစ်ဖက်စလုံးရဲ့ လိုအပ်ချက်နဲ့ အခြေအနေတွေကို ထည့်သွင်းစဉ်းစားပြီး လက်ခံနိုင်တဲ့ အဖြေတစ်ခုကို ရှာဖွေခြင်း ဖြစ်ပါတယ်။
ဥပမာအားဖြင့် အလုပ်တာဝန်ခွဲဝေမှု မမျှတတာကြောင့် ဝန်ထမ်းနှစ်ယောက်ကြားမှာ ပဋိပက္ခဖြစ်ခဲ့တယ်ဆိုပါစို့။ ဆွေးနွေးပြီးတဲ့အခါ နောက်တစ်ကြိမ် အလုပ်တာဝန်တွေကို ကြိုတင်သတ်မှတ်ထားဖို့နဲ့ အရေးပေါ်အလုပ်တွေ ပေါ်လာတဲ့အခါ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ကူညီဖို့ သဘောတူညီနိုင်ပါတယ်။
ဒါပေမဲ့ သဘောတူညီချက်တစ်ခု ရရှိရုံနဲ့ မလုံလောက်သေးပါဘူး။ ဘယ်သူက ဘာလုပ်မလဲ၊ ဘယ်အချိန်မှာ လုပ်မလဲ၊ ဘယ်လိုဆောင်ရွက်မလဲဆိုတာကို ရှင်းလင်းစွာ သတ်မှတ်ထားဖို့ လိုပါတယ်။
ဥပမာ –
- ဝန်ထမ်း A က အလုပ်တာဝန်တွေကို နေ့စဉ် ကြိုတင်မျှဝေပေးမယ်။
- ဝန်ထမ်း B က အလုပ်အခက်အခဲရှိလာရင် ကြိုတင်အသိပေးမယ်။
- နှစ်ဦးစလုံးက တစ်ပတ်အကြာမှာ လုပ်ဆောင်မှုအခြေအနေကို ပြန်လည်ဆွေးနွေးမယ်။
ဒီလိုမျိုး တိကျတဲ့ လုပ်ဆောင်မှုအစီအစဉ်တစ်ခု ရှိထားခြင်းက သဘောတူညီချက်ကို လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့ အထောက်အကူပြုပါတယ်။
အရေးကြီးတာက နှစ်ဖက်စလုံးက သဘောတူညီချက်ကို လက်ခံရုံသာမက မိမိတို့သဘောတူထားတဲ့ အချက်တွေကို လက်တွေ့လိုက်နာဖို့ တာဝန်ယူရမှာ ဖြစ်ပါတယ်။
ပဋိပက္ခကို ကြောက်ရွံ့မနေဘဲ စီမံခန့်ခွဲတတ်ဖို့
ပဋိပက္ခတွေဟာ လူမှုဆက်ဆံရေးနဲ့ လုပ်ငန်းခွင်တွေမှာ ရှောင်လွှဲလို့မရတဲ့ အခြေအနေတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ ပဋိပက္ခဖြစ်လာတိုင်း ဆက်ဆံရေးပျက်စီးသွားရမယ်လို့ မဆိုလိုပါဘူး။
တကယ်တော့ ပဋိပက္ခတစ်ခုကို ကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်းနိုင်မယ်ဆိုရင် အရင်က မသိရှိခဲ့တဲ့ ပြဿနာတွေကို ရှာဖွေတွေ့ရှိနိုင်ပြီး တစ်ဦးနဲ့တစ်ဦး ပိုမိုနားလည်လာနိုင်ပါတယ်။
ဒီလိုလုပ်ဆောင်နိုင်ဖို့ ကိုယ့်ရဲ့စိတ်ခံစားချက်ကို သိရှိခြင်း၊ တုံ့ပြန်ပုံကို ပြောင်းလဲလေ့ကျင့်ခြင်းနဲ့ လူတစ်ယောက်ကို ပြဿနာနဲ့ သီးခြားခွဲခြားမြင်တတ်ခြင်းတို့ဟာ အရေးကြီးပါတယ်။ အဲဒီအပြင် ပြဿနာတစ်ခု ဖြစ်ပေါ်လာတဲ့အခါ အခြေအနေကို ရှင်းလင်းစွာဖော်ပြခြင်း၊ တစ်ဖက်လူရဲ့အမြင်ကို နားထောင်ခြင်း၊ အဓိကပြဿနာကို သတ်မှတ်ခြင်း၊ ဖြေရှင်းနည်းတွေကို အတူတကွ စဉ်းစားခြင်းနဲ့ လက်တွေ့လုပ်ဆောင်နိုင်တဲ့ အစီအစဉ်တစ်ခု ချမှတ်ခြင်းတို့ကိုလည်း လိုက်နာနိုင်ပါတယ်။
ပဋိပက္ခကို ထိရောက်စွာ ကိုင်တွယ်နိုင်ခြင်းဆိုတာ ပြဿနာအားလုံးကို ချက်ချင်းဖြေရှင်းနိုင်ခြင်း မဟုတ်ပါဘူး။ တစ်ခါတလေမှာ နှစ်ဖက်စလုံးအတွက် အဆင်ပြေမယ့် အဖြေတစ်ခုကို ရှာဖွေဖို့ အချိန်ယူရနိုင်ပါတယ်။ အရေးကြီးတာက ပြဿနာကို လျစ်လျူရှုမထားဘဲ သင့်တော်တဲ့နည်းလမ်းနဲ့ ရင်ဆိုင်ဖြေရှင်းဖို့ ဖြစ်ပါတယ်။
ဒါကြောင့် ပဋိပက္ခကို ကြောက်ရွံ့ပြီး ရှောင်ရှားနေမယ့်အစား စီမံခန့်ခွဲတတ်တဲ့ အရည်အချင်းတစ်ခုအဖြစ် မြင်တတ်ဖို့ လိုပါတယ်။ ပဋိပက္ခဆိုတာ ကြောက်ရွံ့ရှောင်ရှားရမယ့် အရာတစ်ခုထက် နားလည်မှု၊ ဆက်သွယ်ပြောဆိုမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကတစ်ဆင့် စီမံခန့်ခွဲနိုင်တဲ့ အရာတစ်ခု ဖြစ်ပါတယ်။
ကိုယ်တိုင်ပြန်လည်စဉ်းစားကြည့်ရန်
အောက်ပါမေးခွန်းတွေကို ကိုယ်တိုင်ကြုံတွေ့ခဲ့ဖူးတဲ့ အခြေအနေတွေကို အခြေခံပြီး စဉ်းစားကြည့်ပါ။
- ဘယ်လိုစကားလုံးတွေ၊ အပြုအမူတွေ ဒါမှမဟုတ် အခြေအနေတွေက ကိုယ့်ကို စိတ်အနှောင့်အယှက် အဖြစ်ဆုံး ဖြစ်စေသလဲ။
- စိတ်ဆိုးနေတဲ့အချိန်မှာ ကိုယ့်ရဲ့ပုံမှန်တုံ့ပြန်ပုံက ဘယ်လိုရှိသလဲ။ အဲဒီတုံ့ပြန်ပုံကို ပိုမိုကောင်းမွန်အောင် ဘယ်လိုပြောင်းလဲနိုင်မလဲ။
- ကိုယ်နဲ့ တစ်ဖက်လူကြား ပဋိပက္ခဖြစ်လာတဲ့အခါ လူကို အပြစ်တင်မယ့်အစား ပြဿနာကို အတူတကွ ဖြေရှင်းဖို့ ဘယ်လိုကြိုးစားနိုင်မလဲ။
- ပဋိပက္ခတစ်ခုကို အဆင့်ငါးဆင့်နဲ့ ဖြေရှင်းမယ်ဆိုရင် ဘယ်အဆင့်က အခက်ခဲဆုံးလို့ ထင်သလဲ။ ဘာကြောင့်လဲ။
ကိုးကားဖတ်ရှုရန်
1. Fisher, R., Ury, W., & Patton, B. (2011). Getting to Yes: Negotiating Agreement Without Giving In (3rd ed.). Penguin Books.
2. University of Kansas. Community Tool Box. Training for Conflict Resolution
3. Society for Human Resource Management (SHRM). 10 Steps to Resolving Conflict
4. University of Toronto, Ontario Institute for Studies in Education. Negotiation and Mediation
5. American Psychological Association. How to Resolve Conflicts
