Johari Window

လူတစ်ယောက်အကြောင်းကို နားလည်ဖို့ဆိုရင် အဲဒီလူက ကိုယ့်ကိုယ်ကိုယ် ဘယ်လိုမြင်သလဲဆိုတာကို အရင်ဆုံး စဉ်းစားကြည့်ဖို့ လိုပါတယ်။ လူတိုင်းမှာ ကိုယ်တိုင်သိရှိနားလည်ထားတဲ့ အရည်အချင်းတွေ၊ အပြုအမူတွေ၊ စိတ်နေသဘောထားတွေနဲ့ ကိုယ်တိုင်တောင် သတိမထားမိသေးတဲ့ အရည်အချင်းတွေ၊ အလေ့အကျင့်တွေလည်း ရှိနေတတ်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် သိရှိနားလည်ထားမှုဟာ အမြဲတမ်း ပြည့်စုံနေတယ်လို့ မဆိုနိုင်ပါဘူး။ ဥပမာအားဖြင့် ကိုယ့်ကိုယ်ကိုယ် စိတ်ရှည်သူတစ်ယောက်လို့ ထင်ထားနိုင်ပါတယ်။ ဒါပေမဲ့ အခြားသူတွေနဲ့ အလုပ်လုပ်တဲ့အခါ အမြင်မတူညီမှုတွေ ကြုံလာရင် စိတ်မရှည်တတ်တာမျိုး ရှိနိုင်ပါတယ်။ အဲဒီလို အခြေအနေတွေမှာ ကိုယ်တိုင်မသိရှိထားတဲ့ ကိုယ့်ရဲ့အပြုအမူတချို့ကို အခြားသူတွေက ပိုပြီး သတိထားမိနိုင်ပါတယ်။ 

ဒါကြောင့် လူတစ်ယောက်ရဲ့ ကိုယ်ပိုင်အမှတ်အသား (Identity) နဲ့ ကိုယ်ရည်ကိုယ်သွေး (Personality) ကို နားလည်ဖို့ဆိုရင် ကိုယ်တိုင်မြင်တဲ့အမြင်တစ်ခုတည်းကိုသာ အားကိုးလို့ မရပါဘူး။ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုမြင်သလဲ၊ အခြားသူတွေက ကိုယ့်ကို ဘယ်လိုမြင်သလဲဆိုတဲ့ အမြင်နှစ်မျိုးလုံးကို ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။ ဒီအယူအဆကို နားလည်လွယ်စေဖို့ စိတ်ပညာရှင် Joseph Luft နဲ့ Harrington Ingham တို့က ၁၉၅၅ ခုနှစ်မှာ Johari Window ဆိုတဲ့ အယူအဆတစ်ခုကို မိတ်ဆက်ခဲ့ပါတယ်။ Johari ဆိုတဲ့အမည်ဟာ သူတို့နှစ်ဦးရဲ့ အမည်တွေဖြစ်တဲ့ Joseph နဲ့ Harrington တို့ကို ပေါင်းစပ်ထားတာ ဖြစ်ပါတယ်။ Johari Window ဟာ ကိုယ်တိုင်သိရှိထားတဲ့ အကြောင်းအရာတွေနဲ့ အခြားသူတွေ သိရှိထားတဲ့ အကြောင်းအရာတွေကို နှိုင်းယှဉ်ပြီး ကိုယ့်ကိုယ်ကိုယ် ပိုမိုနားလည်လာစေဖို့ အသုံးပြုတဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။

Johari Window ကို အပိုင်းလေးပိုင်း ခွဲခြားထားပါတယ်။ အဲဒီအပိုင်းလေးပိုင်းဟာ ကိုယ်တိုင်သိရှိထားမှု (Known to Self) နဲ့ အခြားသူများသိရှိထားမှု (Known to Others) ဆိုတဲ့ အချက်နှစ်ချက်အပေါ် အခြေခံထားပါတယ်။ ဒီအချက်နှစ်ချက်ကို ပေါင်းစပ်လိုက်တဲ့အခါ အောက်ပါအပိုင်းလေးပိုင်းကို တွေ့ရမှာ ဖြစ်ပါတယ်။ 

Open Area ဆိုတာ ကိုယ်တိုင်လည်း သိရှိထားပြီး အခြားသူတွေကလည်း သိရှိထားတဲ့ ကိုယ့်ရဲ့ အရည်အချင်း၊ အပြုအမူ၊ စိတ်နေသဘောထားနဲ့ အချက်အလက်တွေကို ဆိုလိုပါတယ်။ ဥပမာအားဖြင့် ကိုယ်ဟာ စကားပြောကောင်းသူတစ်ယောက်ဖြစ်တယ်၊ အဖွဲ့လိုက်အလုပ်လုပ်ရတာကို နှစ်သက်တယ်၊ တာဝန်ယူတတ်တယ်ဆိုတာကို ကိုယ်တိုင်လည်း သိရှိထားပြီး မိတ်ဆွေတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေကလည်း သိရှိထားတာမျိုး ဖြစ်ပါတယ်။ ဒီအပိုင်းမှာ ကိုယ့်အကြောင်းကို ကိုယ်တိုင်သိရှိထားသလို အခြားသူတွေကိုလည်း ဖော်ပြထားတဲ့အတွက် အချင်းချင်း နားလည်မှုနဲ့ ဆက်သွယ်ပြောဆိုမှု ပိုမိုကောင်းမွန်လာနိုင်ပါတယ်။ ဥပမာအားဖြင့် အဖွဲ့လိုက်လုပ်ငန်းတစ်ခုမှာ ကိုယ်ဟာ စီစဉ်ညှိနှိုင်းမှု ကောင်းသူတစ်ယောက်ဖြစ်တယ်ဆိုတာကို ကိုယ်တိုင်ရော အသင်းသားတွေကပါ သိရှိထားရင် လုပ်ငန်းတာဝန်တွေကို ပိုမိုထိရောက်စွာ ခွဲဝေနိုင်ပါတယ်။ ဒါကြောင့် Open Area ဟာ ကိုယ့်ကိုယ်ကိုယ်နဲ့ အခြားသူတွေကြားမှာ အပြန်အလှန် နားလည်မှုကို မျှဝေထားတဲ့ အပိုင်းတစ်ခု ဖြစ်ပါတယ်။

Blind Area ဆိုတာ ကိုယ်တိုင်သတိမထားမိပေမဲ့ အခြားသူတွေက သတိထားမိပြီး သိရှိထားတဲ့ ကိုယ့်ရဲ့ အပြုအမူ၊ အလေ့အကျင့် ဒါမှမဟုတ် စိတ်နေသဘောထားတွေကို ဆိုလိုပါတယ်။ ဥပမာအားဖြင့် ကိုယ်ဟာ အခြားသူတွေရဲ့ စကားကို ဖြတ်ပြောတတ်တယ်ဆိုတာကို ကိုယ်တိုင်သတိမထားမိနိုင်ပါဘူး။ ဒါပေမဲ့ ကိုယ့်ရဲ့ မိတ်ဆွေတွေ၊ လုပ်ဖော်ကိုင်ဖက်တွေကတော့ အဲဒီအပြုအမူကို သတိထားမိနေနိုင်ပါတယ်။ အလားတူ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနည်းသူတစ်ယောက်လို့ ထင်ထားပေမဲ့ အခြားသူတွေက ကိုယ့်ကို ဆုံးဖြတ်ချက်ချနိုင်စွမ်းရှိသူ၊ ပြဿနာဖြေရှင်းနိုင်သူတစ်ယောက်အဖြစ် မြင်နေတာမျိုးလည်း ရှိနိုင်ပါတယ်။

ဒီအပိုင်းကို Blind Area လို့ ခေါ်ရတဲ့အကြောင်းရင်းက ကိုယ်တိုင်မမြင်နိုင်၊ သတိမထားမိနိုင်တဲ့ ကိုယ့်ရဲ့အချက်တွေ ဖြစ်နေလို့ပါ။ Blind Area ကို လျှော့ချနိုင်ရင် ပိုမို စစ်မှန်တဲ့ မိမိကိုယ်ကို နားလည်မှုကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒီလို လျှော့ချနိုင်ဖို့ဆိုရင် အခြားသူတွေဆီက Feedback ရယူခြင်းနည်းလမ်းကို အသုံးပြုနိုင်ပါတယ်။ ဥပမာ ကိုယ့်ရဲ့ အပြုအမူနဲ့ အလုပ်လုပ်ပုံအပေါ် မိတ်ဆွေ၊ ဆရာ၊ ဆရာမ ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်တွေရဲ့ အမြင်ကို မေးမြန်းနိုင်ပါတယ်။ အခြားသူတွေရဲ့ အမြင်ကို နားထောင်ခြင်းအားဖြင့် ကိုယ်တိုင်သတိမထားမိခဲ့တဲ့ အားသာချက်တွေနဲ့ ပြုပြင်သင့်တဲ့ အားနည်းချက်တွေကို ပိုမိုသိရှိလာနိုင်ပါတယ်။

Hidden Area ဆိုတာ ကိုယ်တိုင်သိရှိထားပေမဲ့ အခြားသူတွေကို မျှဝေမထားတဲ့ ကိုယ့်ရဲ့ အတွေးအမြင်၊ ခံစားချက်၊ အတွေ့အကြုံ၊ စိုးရိမ်ပူပန်မှုနဲ့ အချက်အလက်တွေကို ဆိုလိုပါတယ်။ ဥပမာအားဖြင့် ကိုယ်ဟာ လူအများရှေ့မှာ စကားပြောတဲ့အခါ စိတ်လှုပ်ရှားတတ်ပေမဲ့ အဲဒီအကြောင်းကို အခြားသူတွေကို မပြောပြထားတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် ကိုယ့်မှာ အမှန်တကယ် ထားရှိထားတဲ့ အနာဂတ်ရည်မှန်းချက်တစ်ခု ရှိနေနိုင်ပေမဲ့ အခြားသူတွေရဲ့ အမြင်ကို စိုးရိမ်တဲ့အတွက် မျှဝေမထားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒီအပိုင်းဟာ ကိုယ်တိုင်သိရှိထားတဲ့ အရာတွေဖြစ်ပေမဲ့ အခြားသူတွေ မသိရှိတဲ့အတွက် ကိုယ်ပိုင်အချက်အလက် (Private Information) လို့လည်း နားလည်နိုင်ပါတယ်။

အခြားသူတွေ ကိုယ့်အကြောင်းကို ပိုမိုနားလည်လာစေပြီး အပြန်အလှန်ယုံကြည်မှုနဲ့ ဆက်ဆံရေးကို တိုးတက်စေဖို့ဆိုရင်တော့ Hidden Area ကို လျှော့ချဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ဒီလိုလုပ်ရာမှာ အသုံးပြုနိုင်တဲ့ နည်းလမ်းတစ်ခုကတော့ Self-disclosure ဖြစ်ပါတယ်။ Self-disclosure ဆိုတာ ကိုယ့်အကြောင်းထဲက သင့်တော်တဲ့အချက်အလက်တွေကို အခြားသူတွေနဲ့ မျှဝေဖော်ပြခြင်း ဖြစ်ပါတယ်။ ဥပမာအားဖြင့် အဖွဲ့လိုက်လုပ်ငန်းတစ်ခုမှာ ကိုယ်ဟာ အတွေ့အကြုံမရှိသေးတဲ့အတွက် အကူအညီ လိုအပ်နေတယ်ဆိုတာကို အသင်းသားတွေကို ပြောပြနိုင်ပါတယ်။ ဒီလိုမျှဝေခြင်းအားဖြင့် အခြားသူတွေက ကိုယ့်ရဲ့လိုအပ်ချက်ကို ပိုမိုနားလည်လာပြီး သင့်တော်တဲ့အကူအညီ ပေးနိုင်ပါတယ်။ ဒါပေမဲ့ ကိုယ်ပိုင်အချက်အလက်အားလုံးကို အခြားသူတွေကို ပြောပြဖို့ မလိုအပ်ပါဘူး။ ဘယ်အကြောင်းအရာကို ဘယ်သူနဲ့ မျှဝေမလဲဆိုတာကို ကိုယ်တိုင်ဆုံးဖြတ်ပိုင်ခွင့်ရှိပါတယ်။ မိမိရဲ့ အချက်အလက်တွေကို ကိုယ် တကယ်ယုံကြည်ရတဲ့ ဆက်ဆံရေးမျိုးရှိတဲ့ လူတွေနဲ့ လုံခြုံတဲ့ပတ်ဝန်းကျင်မှာသာ သင့်တော်သလို မျှဝေဖို့ လိုအပ်ပါတယ်။

Unknown Area ဆိုတာ ကိုယ်တိုင်လည်း မသိရှိသေးသလို အခြားသူတွေကလည်း မသိရှိသေးတဲ့ ကိုယ့်ရဲ့ အရည်အချင်း၊ စွမ်းဆောင်ရည်၊ ခံစားချက်နဲ့ ဖြစ်နိုင်ခြေတွေကို ဆိုလိုပါတယ်။ ဥပမာအားဖြင့် ကိုယ်ဟာ လူအများရှေ့မှာ စကားပြောနိုင်စွမ်းရှိတယ်ဆိုတာကို မသိရှိသေးတာမျိုး ဖြစ်နိုင်ပါတယ်။ အခွင့်အရေးတစ်ခုရလာပြီး လူအများရှေ့မှာ စကားပြောကြည့်တဲ့အခါမှသာ ကိုယ့်မှာ အဲဒီအရည်အချင်းရှိတယ်ဆိုတာကို သိရှိလာနိုင်ပါတယ်။ အလားတူ ကိုယ့်ရဲ့ ဖန်တီးနိုင်စွမ်း၊ ဦးဆောင်နိုင်စွမ်း ဒါမှမဟုတ် ပြဿနာဖြေရှင်းနိုင်စွမ်းတွေကိုလည်း အတွေ့အကြုံအသစ်တွေ မရရှိသေးတဲ့အတွက် မသိရှိသေးတာမျိုး ဖြစ်နိုင်ပါတယ်။

ဒီအပိုင်းမှာ ရှိနေတဲ့အရာတွေကို ရှာဖွေတွေ့ရှိနိုင်ဖို့ Self-discovery နဲ့ Shared discovery တို့က အရေးကြီးပါတယ်။ Self-discovery ဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန်လည်ဆန်းစစ်ခြင်း၊ အတွေ့အကြုံအသစ်တွေ ရယူခြင်း၊ ကိုယ့်ရဲ့ စိတ်ဝင်စားမှုနဲ့ အရည်အချင်းတွေကို စူးစမ်းလေ့လာခြင်းတို့ကနေတစ်ဆင့် ကိုယ့်အကြောင်းကို ပိုမိုသိရှိလာခြင်း ဖြစ်ပါတယ်။ Shared discovery ဆိုတာ အခြားသူတွေနဲ့ အတူတကွ လုပ်ငန်းများ လုပ်ဆောင်ခြင်း၊ အတွေ့အကြုံတွေ မျှဝေခြင်းနဲ့ အပြန်အလှန် သင်ယူခြင်းတို့ကနေတစ်ဆင့် ကိုယ်တိုင်မသိရှိသေးတဲ့ အရည်အချင်းတွေကို ရှာဖွေတွေ့ရှိလာခြင်း ဖြစ်ပါတယ်။ ဒါကြောင့် Unknown Area ဟာ ကိုယ့်မှာ မရှိသေးတဲ့ အရည်အချင်းတွေကို ဆိုလိုတာမဟုတ်ဘဲ ကိုယ်တိုင်ရော အခြားသူတွေပါ ရှာဖွေတွေ့ရှိဖို့ ကျန်ရှိနေသေးတဲ့ ဖြစ်နိုင်ခြေတွေကို ကိုယ်စားပြုပါတယ်။

အနှစ်ချုပ်ရရင် Johari Window ရဲ့ အပိုင်းလေးပိုင်းဟာ အမြဲတမ်း တစ်ပုံစံတည်း ရှိနေမှာ မဟုတ်ပါဘူး။ လူတစ်ယောက်ရဲ့ အတွေ့အကြုံ၊ ပတ်ဝန်းကျင်၊ ဆက်ဆံရေးနဲ့ သင်ယူမှုတွေ ပြောင်းလဲလာတာနဲ့အမျှ အပိုင်းတစ်ခုချင်းစီရဲ့ အရွယ်အစားနဲ့ အကြောင်းအရာတွေလည်း ပြောင်းလဲနိုင်ပါတယ်။ ဒါ့အပြင် Open Area ကို ချဲ့ထွင်ဖို့ဆိုတာ ကိုယ့်အကြောင်းအားလုံးကို အခြားသူတွေကို ဖော်ပြရမယ်လို့ မဆိုလိုပါဘူး။ ကိုယ့်ရဲ့ ကိုယ်ပိုင်လုံခြုံမှုနဲ့ ကိုယ်ကိုယ်တိုင် ချမှတ်ထားတဲ့ စည်းဘောင် (Boundaries) တွေကို လေးစားဖို့လည်း အရေးကြီးပါတယ်။ အခြားသူတွေဆီက ရရှိတဲ့ Feedback တိုင်းဟာ မှန်ကန်တယ်လို့လည်း မယူဆသင့်ပါဘူး။ အပြုသဘောဆောင်ပြီး ယုံကြည်စိတ်ချရတဲ့ အမြင်တွေကို ရွေးချယ်စဉ်းစားဖို့ လိုအပ်ပါတယ်။ အရေးကြီးဆုံးကတော့ ကိုယ့်ကိုယ်ကိုယ် ပိုမိုသိရှိနားလည်လာဖို့၊ ကိုယ့်ရဲ့ အားသာချက်နဲ့ တိုးတက်ဖို့လိုအပ်တဲ့ အပိုင်းတွေကို လက်ခံနိုင်ဖို့၊ အခြားသူတွေဆီက သင်ယူနိုင်ဖို့ပဲ ဖြစ်ပါတယ်။

References

Hensley, W. E. (1983). An examination of the Johari Window as a research tool and a theoretical model. ERIC Document Reproduction Service. https://eric.ed.gov/?id=ED238039

Luft, J., & Ingham, H. (1955). The Johari Window: A graphic model of interpersonal awareness. Proceedings of the Western Training Laboratory in Group Development, University of California, Los Angeles.

Shapiro, D. E., Heil, J., & Hager, F. (1983). Validation of the Johari Window test as a measure of self-disclosure. The Journal of Social Psychology, 120(2), 289–290. https://doi.org/10.1080/00224545.1983.9713227

American Psychological Association. (2018). Johari window. In APA dictionary of psychology. https://dictionary.apa.org/johari-window