
Building trust in crisis or post-disaster settings (ပဋိပက္ခ သို့မဟုတ် ဘေးအန္တရာယ်ဖြစ်ပွားပြီးနောက်ပိုင်း အခြေအနေတွေမှာ ယုံကြည်မှုတည်ဆောက်ခြင်း) ဆိုတာ အဖွဲ့အစည်းတွေ၊ ခေါင်းဆောင်တွေနဲ့ လူမှုအသိုင်းအဝိုင်းက အကြပ်အတည်း သို့မဟုတ် သဘာဝဘေး ဖြစ်ပြီးနောက် မူလအတိုင်း ယုံကြည်မှုကို ပြန်လည်ရရှိဖို့နဲ့ ထိန်းသိမ်းဖို့အတွက် လုပ်ဆောင်တဲ့ အဓိကလုပ်ဆောင်ချက်တွေနဲ့ နည်းဗျူဟာ တွေကို ဆိုလိုတာဖြစ်ပါတယ်။
ရည်ရွယ်ချက်များ
ယုံကြည်မှု တည်ဆောက်ခြင်းရဲ့ အဓိက ရည်ရွယ်ချက် တွေကတော့-
- လုံခြုံစိတ်ချမှု ပြန်လည်ရရှိစေရန်
- သတင်းအချက်အလက်ကို ပွင့်လင်းမြင်သာစွာ ပေးနိုင်ရန်
- ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရန်
- ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ် အရှိန်မြှင့်ရန်
အကျိုးကျေးဇူးများ
ဒီလိုအရေးကြီးတဲ့ အခြေအနေမှာ ယုံကြည်မှု တည်ဆောက်နိုင်ခြင်းကနေ အောက်ပါ အကျိုး ကျေးဇူးတွေကို ရရှိစေပါတယ်။
၁. ပိုမိုထိရောက်တဲ့ အကူအညီပေးရေး
လူတွေက အာဏာပိုင်တွေကို ယုံကြည်တဲ့အခါ ကယ်ဆယ်ရေး စခန်းတွေ၊ ဆေးဝါး ကုသမှုတွေနဲ့ အစားအသောက် ဖြန့်ဝေမှုလိုမျိုး အကူအညီတွေကို ပိုမိုလွယ်ကူစွာ လက်ခံကြပါတယ်။
၂. စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်မှု
ယုံကြည်ရတဲ့ ခေါင်းဆောင်တွေနဲ့ အဖွဲ့အစည်းတွေရှိခြင်းက လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှုကို အထောက်အကူ ပြုစေပြီး စိုးရိမ် ပူပန်မှုနဲ့ စိတ်ဖိစီးမှုတွေကို လျှော့ချ ပေးပါတယ်။
၃. ခိုင်မာတဲ့ လူမှုအသိုင်းအဝိုင်း
ယုံကြည်မှုက လူမှု အသိုင်းအဝိုင်းအတွင်း အချင်းချင်းကို ပိုပြီး စည်းလုံးစေပါတယ်။ အခက်အခဲတွေကို အတူတကွ ရင်ဆိုင် ဖြေရှင်းနိုင်တဲ့ စိတ်ဓာတ်ကို တိုးပွား စေပါတယ်။
၄. ရေရှည်တည်တံ့တဲ့ ပြန်လည်ထူထောင်ရေး
ယုံကြည်မှု အပေါ်မှာ တည်ဆောက်ထားတဲ့ လုပ်ငန်းစဉ်တွေဟာ ရေရှည်မှာ ပိုပြီး တည်တံ့ ခိုင်မြဲပါတယ်။ ဒါကြောင့် လူမှု အသိုင်းအဝိုင်း တစ်ခုလုံးရဲ့ ခံနိုင်ရည်အားကို မြှင့်တင် ပေးပါတယ်။
၅. အုပ်ချုပ်မှု ကောင်းမွန်စေခြင်း
အစိုးရ သို့မဟုတ် အဖွဲ့အစည်းတစ်ခုက ပွင့်လင်း မြင်သာမှုနဲ့ တာဝန်ယူမှုရှိကြောင်း ပြသတဲ့အခါ ပြည်သူ လူထုရဲ့ နိုင်ငံရေး အဖွဲ့အစည်း တွေအပေါ် ယုံကြည်မှုကို ပြန်လည် ရရှိစေပြီး အုပ်ချုပ်မှုကို ပိုမို ကောင်းမွန်စေပါတယ်။
ဒါ့အပြင် ပဋိပက္ခ သို့မဟုတ် ဘေးအန္တရာယ်ဖြစ်ပွားပြီးနောက်ပိုင်း အခြေအနေတွေမှာ လူငယ်များအတွက် ယုံကြည်မှုတည်ဆောက်ခြင်း နဲ့ပတ်သက်သော နည်းလမ်းများမှာ-
၁။ လူငယ်တွေရဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုခြင်း (Recognizing the Role of Youth)
ဘေးအန္တရာ ယ်တစ်ခုဖြစ်ပြီးတဲ့နောက် လူငယ်တွေကို အကူအညီခံယူသူ တွေအဖြစ်သာ ရှုမြင် လေ့ရှိကြပါတယ်။ ဒါပေမဲ့ လူငယ်တွေဟာ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေမှာ အင်မတန် အရေးပါတဲ့ အခန်း ကဏ္ဍကနေ ပါဝင်နိုင်တဲ့သူတွေပါ။ သူတို့ရဲ့ ထက်သန်မှု၊ ဖန်တီးနိုင်စွမ်းနဲ့ ဆက်သွယ်ရေးကွန်ရက်တွေက လူ့အသိုင်းအဝိုင်း တစ်ခုလုံးအတွက် အဖိုးမဖြတ်နိုင်တဲ့ အရင်းအမြစ်တွေ ဖြစ်ပါတယ်။
၂။ ယုံကြည်မှုတည်ဆောက်ရေးအတွက် အဓိကနည်းလမ်းများ (Key Strategies for Building Trust)
က) ပွင့်လင်းမြင်သာပြီး ရိုးသားစွာ ဆက်သွယ်ပါ (Be Transparent and Honest)
- သတင်းအချက်အလက်ကို ပေးပို့ရာမှာ တိကျပါ
သတင်းမှားတွေ၊ ကောလာဟလတွေကို ရှောင်ရှားပါ။ ကိုယ်တကယ်သိထားတဲ့ အချက်အလက် တွေကိုပဲ ပွင့်လင်းမြင်သာစွာ ဖြန့်ဝေပါ။ မသိသေးတဲ့ အရာတွေအတွက် “ကျွန်တော်တို့ စုံစမ်းနေတုန်းပါ” လို့ ရိုးသားစွာ ဝန်ခံတာက ယုံကြည်မှုကို ပိုမိုခိုင်မာစေပါတယ်။
- ကတိတည်ပါ
မိမိတို့ လုပ်နိုင်တဲ့အရာကိုပဲ ကတိပေးပြီး အဲဒီအတိုင်း တိတိကျကျ လုပ်ဆောင်ပါ။ ဒီလိုလုပ်ဆောင်မှုက ကိုယ့်ရဲ့ ခံယူချက်နဲ့ လုပ်ဆောင်ချက်တွေဟာ ကိုက်ညီမှုရှိကြောင်း ပြသရာရောက်ပါတယ်။
ခ) လူငယ်တွေကို ပါဝင်စေပြီး အခွင့်အရေးပေးပါ (Empower and Involve Youth)
- ဆုံးဖြတ်ချက်တွေမှာ ပါဝင်စေပါ
ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးအစီအစဉ်တွေကို ချမှတ်တဲ့အခါ လူငယ်တွေရဲ့ အကြံဉာဏ်တွေကို ရယူပါ။ လူငယ်တွေရဲ့ အသံကို တန်ဖိုးထားကြောင်း ပြသတာက သူတို့ရဲ့ ကိုယ်ရည်ကိုယ်သွေး၊ စိတ်ခွန်အားကို ပိုမိုဖြစ်ပေါ်စေပါတယ်။
- တာဝန်ယူမှုတွေ ပေးပါ
အမှိုက်တွေရှင်းလင်းခြင်း၊ အကူအညီပစ္စည်းတွေ ဖြန့်ဝေခြင်း၊ သတင်းအချက်အလက်တွေ ဖြန့်ချိခြင်း စတဲ့ တာဝန်တွေကို လူငယ်တွေကို ယုံကြည်စွာ အပ်နှင်းပါ။ ဒါတွေက သူတို့ရဲ့ အရည်အချင်းကို ယုံကြည်ကြောင်း ပြသရာရောက်ပါတယ်။
ဂ) စိတ်ပိုင်းဆိုင်ရာနဲ့ လူမှုရေးအရ ပံ့ပိုးပေးပါ (Provide Psychosocial and Social Support)
- နားလည်စာနာပြီး နားထောင်ပါ
အရေးပေါ်အခြေအနေတိုင်းရဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကို အသိအမှတ်ပြုပါ။ လူငယ်တွေရဲ့ ကြောက်ရွံ့မှုတွေ၊ စိုးရိမ်ပူပန်မှုတွေကို အချိန်ပေးပြီး အာရုံစိုက်နားထောင်ပါ။ ဒါဟာ သူတို့အပေါ် နားလည်စာနာကြောင်း ပြသတာဖြစ်ပါတယ်။
- ရေရှည်ပံ့ပိုးပါ
ကယ်ဆယ်ရေးလုပ်ငန်းတွေ ပြီးသွားရင်တောင်မှ အချိန်ယူပြီး ရေရှည်အတွက် ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေမှာ ပါဝင်နေပါ။ ရုတ်တရက် ပျောက်ကွယ် သွားတာမျိုးက ယုံကြည်မှုကို ပျက်စီးစေနိုင်ပါတယ်။
၃။ ရှောင်ကြဉ်သင့်တဲ့အချက်များ (What to Avoid)
- အပေါ်စီးကနေ ဆက်ဆံခြင်း
လူငယ်တွေကို ကလေးငယ်တွေလို သဘောထားပြီး သူတို့ ဘာမှမတတ်နိုင်ဘူးလို့ မယူဆသင့်ပါဘူး။ သူတို့ရဲ့ အသိဉာဏ်နဲ့ စွမ်းရည်ကို လေးစားပါ။
- မညီမျှမှုတွေ ဖန်တီးခြင်း
အကူအညီပေးတဲ့အခါ လူမျိုး၊ ဘာသာ၊ မိသားစုအခြေအနေ စတာတွေကို အခြေခံပြီး ခွဲခြား ဆက်ဆံတာမျိုးကို လုံးဝမလုပ်သင့်ပါဘူး။
- ကတိမတည်ခြင်း
မဖြစ်နိုင်တဲ့ ကတိတွေကို မပေးပါနဲ့။ ပေးလိုက်တဲ့ ကတိတစ်ခုက မတည်နိုင်တော့တဲ့အခါ အကြောင်းပြချက်ကို ရှင်းရှင်းလင်းလင်း ပြောပြပြီး ပြဿနာကို တာဝန်ယူဖြေရှင်းပါ။
➷➷➷➷➷➷
ဖြစ်ရပ်လေ့လာမှု
လူမှုကွန်ရက်ကို အသုံးပြုပြီး ရေဘေးအလွန် ယုံကြည်မှုပြန်လည်တည်ဆောက်ခြင်း
နောက်ခံအခြေအနေ:
၂၀၂၄ ခုနှစ်၊ ဇူလိုင်လတွင် ခေတ်မီဖွံ့ဖြိုးစမြို့လေးဖြစ်သည့် စိမ်းလန်းမြို့၌ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သည်။ မြို့နယ်တစ်ခုလုံးနီးပါး ရေမြုပ်ခဲ့ပြီး အစားအသောက်၊ ရေနဲ့ ဆေးဝါးများ လျင်မြန်စွာ ပြတ်တောက်သွားခဲ့သည်။ အစိုးရရဲ့ အကူအညီတွေက ချက်ချင်းမရောက်နိုင်သေးတဲ့အတွက် ဒေသခံတွေဟာ အထီးကျန်မှုနဲ့ စိုးရိမ်ပူပန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒီလိုအခြေအနေမျိုးမှာ လူငယ် အဖွဲ့တစ်ဖွဲ့ကနေ ဦးဆောင်ပြီး အခြေအနေကို စတင်ကိုင်တွယ်ခဲ့ပါတယ်။
ရင်ဆိုင်ရသော စိန်ခေါ်မှုများ:
- သတင်းအချက်အလက် မရှိခြင်း
ရေကြီးမှုအခြေအနေ၊ ကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီး တိကျတဲ့သတင်းအချက်အလက်တွေ မရရှိခဲ့ပါဘူး။
- ဆက်သွယ်ရေးအခက်အခဲ
ဖုန်းလိုင်းတွေ ပုံမှန်အတိုင်း အလုပ်မလုပ်တော့တဲ့အခါ ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ပြည်သူတွေကြားမှာ ဆက်သွယ်ရေးပြတ်တောက်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
- လူမှုရေးကွဲပြားမှုများ
အချို့သော ရပ်ကွက်တွေက ပိုပြီးချမ်းသာတဲ့အတွက် သူတို့ဆီကို အကူအညီတွေ ပိုရောက်နေပြီး ဆင်းရဲတဲ့ရပ်ကွက်တွေမှာ အကူအညီ မရရှိတာမျိုးတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒီလိုမမျှတမှုတွေက ယုံကြည်မှုကို ထိခိုက်စေခဲ့ပါတယ်။
ယုံကြည်မှုတည်ဆောက်ရန် လုပ်ဆောင်ခဲ့သော နည်းလမ်းများ:
ဒေသခံ လူငယ်အဖွဲ့တစ်ခုဖြစ်တဲ့ “စိမ်းလန်း လူငယ်အင်အားစု” ဟာ စိန်ခေါ်မှုတွေကို ရင်ဆိုင် ကျော်လွှားနိုင်ဖို့ အောက်ပါ နည်းလမ်းတွေကို လုပ်ဆောင်ခဲ့ပါတယ်။
- လူမှုကွန်ရက် ကယ်ဆယ်ရေးဗဟိုဌာန ထူထောင်ခြင်း
လူငယ်တွေဟာ အင်တာနက်လိုင်းအနည်းငယ် ရရှိတဲ့နေရာတွေကို ရှာဖွေပြီး Facebook နဲ့ Telegram မှာ “စိမ်းလန်းကယ်ဆယ်ရေး သတင်းဗဟို” လို့ နာမည်ပေးထားတဲ့ Page နဲ့ Group ကို ဖွဲ့စည်းခဲ့ပါတယ်။ ဒီ Page ကနေ ရေဘေးနောက်ဆုံးအခြေအနေ၊ လိုအပ်နေတဲ့သူတွေရဲ့ တောင်းဆိုမှု၊ အကူအညီပေးနိုင်တဲ့သူတွေရဲ့ အချက်အလက်တွေကို စုစည်းပြီး အချိန်နဲ့တစ်ပြေးညီ ဖော်ပြပေးခဲ့ပါတယ်။
- သတင်းစိစစ်ခြင်းနှင့် ရိုးသားစွာပြောဆိုခြင်း
လူငယ်အဖွဲ့ဟာ တင်လာတဲ့သတင်းတိုင်းကို အမှန်တကယ်ဟုတ်မဟုတ် အတည်ပြုစစ်ဆေးခဲ့ပါတယ်။ အတည်မပြုနိုင်သေးတဲ့ သတင်းတွေကို “သတိထားပြီးဖတ်ရှုရန်” ဆိုပြီး ကြေညာပေးခဲ့ပါတယ်။ ဒါ့အပြင် အမှားအယွင်းတစ်ခုခုဖြစ်ခဲ့ရင်လည်း ဘာကြောင့်ဖြစ်ရတယ်ဆိုတာကို ပွင့်ပွင့်လင်းလင်း ရှင်းပြပေးခဲ့ပါတယ်။
- အကူအညီပေးရေးအစီအစဉ်ကို လူထုနဲ့တိုင်ပင်ဆွေးနွေးခြင်း
လူငယ်အဖွဲ့ဟာ မီဒီယာကနေတစ်ဆင့် အသံဖမ်းပြီး ဘယ်နေရာတွေမှာ အကူအညီအများဆုံး လိုအပ်နေတယ်ဆိုတာကို မေးမြန်းခဲ့ပါတယ်။ ရလာတဲ့အဖြေတွေကို အခြေခံပြီး ဘယ်အဖွဲ့က ဘယ်နေရာကို သွားရောက်ကူညီမယ်ဆိုတာကို လူမှုကွန်ရက်ကနေတစ်ဆင့်ပဲ မျှတစွာ ဖြန့်ဝေပေးခဲ့ပါတယ်။
- လူငယ်စေတနာ့ဝန်ထမ်းကွန်ရက်ဖွဲ့စည်းခြင်း
လူငယ်အဖွဲ့ကနေ စေတနာ့ဝန်ထမ်းလူငယ်တွေကို စုစည်းပြီး အစားအသောက်၊ ဆေးဝါးဖြန့်ဝေတာ၊ ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ပါဝင်စေတာ စတဲ့လုပ်ငန်းတွေကို လုပ်ဆောင်ခဲ့ပါတယ်။ ဒီလိုလုပ်ဆောင်တဲ့အခါ လူငယ်တွေကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိအောင် သင်ကြားပေးခဲ့ပါတယ်။
ရရှိသောရလဒ်များ
- လူငယ်တွေရဲ့ ဦးဆောင်မှုကနေ တိကျတဲ့သတင်းတွေ ပေးနိုင်ခဲ့တဲ့အတွက် ကောလာဟလတွေနဲ့ ကြောက်ရွံ့မှုတွေ လျော့နည်းသွားပါတယ်။
- လူမှုကွန်ရက်ကို စနစ်တကျအသုံးပြုပြီး အကူအညီတွေ မျှတစွာဖြန့်ဝေနိုင်ခဲ့တဲ့အတွက် အသိုင်းအဝိုင်းအတွင်းက ယုံကြည်မှုတွေ ပြန်လည်မြင့်တက်လာပါတယ်။
- လူငယ်တွေဟာ ဘေးဒဏ်သင့်သူတွေအတွက် အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နိုင်တယ်ဆိုတာကို ပြသနိုင်ခဲ့ပါတယ်။
- အစိုးရနဲ့ အခြားကယ်ဆယ်ရေးအဖွဲ့တွေ ရောက်လာတဲ့အခါမှာလည်း လူငယ်တွေရဲ့ လုပ်ဆောင်မှုကြောင့် အချက်အလက်တွေက စနစ်တကျ ရှိနေတဲ့အတွက် လုပ်ငန်းတွေ ပိုမိုမြန်ဆန်ခဲ့ပါတယ်။
ဤဖြစ်ရပ်လေ့လာမှုမှတဆင့် လူငယ်တွေဟာ နည်းပညာနဲ့ စိတ်အားထက်သန်မှုကို အသုံးပြုပြီး ခက်ခဲတဲ့ အခြေအနေတွေမှာ ယုံကြည်မှုကို ဘယ်လို တည်ဆောက်နိုင်တယ်ဆိုတာကို ပြသနေပါတယ်။

Materials
- https://www.undp.org/sites/g/files/zskgke326/files/publications/UNDP_Guidance_Note_Disaster%20Recovery_final.pdf
- https://climate-adapt.eea.europa.eu/en/metadata/adaptation-options/crises-and-disaster-management-systems-and-plans
- https://onlinelibrary.wiley.com/doi/10.1111/1468-5973.12531