
Communication skill ဆိုတာဘာလဲ။
ဆက်သွယ်ရေးစွမ်းရည် (Communication skills) ဆိုတာကတော့ လူတစ်ဦးနဲ့တစ်ဦး သတင်းအချက်အလက်တွေ၊ အကြံဉာဏ်တွေနဲ့ ခံစားချက်တွေကို အပြန်အလှန်ဖလှယ်တဲ့အခါမှာ ထိရောက်မှု ရှိစေရန်နဲ့ ပြောဆို ဆက်ဆံရာမှာသာမကဘဲ တစ်ဖက်လူပြောတာကို နားထောင်ခြင်း၊ ကိုယ်ဟန် အမူအရာတွေနဲ့ ဖော်ပြခြင်းစတာတွေလည်း ပါဝင်ပါတယ်။
ထိရောက်တဲ့ ဆက်သွယ်ရေးစွမ်းရည်မှာ အဓိကအားဖြင့် အပိုင်း (၄) ပိုင်း ပါဝင်ပါတယ်။
၁. စကားပြောဆိုဆက်ဆံခြင်း (Verbal Communication)
ကိုယ်ပြောချင်တဲ့အရာကို ရှင်းရှင်းလင်းလင်း၊ တိတိကျကျနဲ့ လိုရင်းတိုရှင်းဖြစ်အောင် ပြောဆိုနိုင်ပြီး အသံနေအသံထား၊ စကားပြောတဲ့ပုံစံနဲ့ သုံးတဲ့စကားလုံးတွေဟာ ကိုယ်ပေးပို့ချင်တဲ့ သတင်းကို ဘယ်လောက်ထိ ထိရောက် စေသလဲဆိုတာကို အများကြီး သက်ရောက်မှုရှိပါတယ်။
၂. နားထောင်ခြင်း (Listening)
စကားပြောတာတစ်ခုတည်းနဲ့ ဆက်သွယ်ရေး ပြည့်စုံတယ်လို့ မဆိုနိုင်ပါဘူး။ တစ်ဖက်လူပြောတာကို အာရုံစိုက်ပြီး နားထောင်တတ်ဖို့ကလည်း အရေးကြီးပါတယ်။ နားထောင် ရုံသာမကဘဲ သူတို့ရဲ့ ခံစားချက်နဲ့ ရည်ရွယ်ချက်တွေကိုပါ နားလည်အောင် ကြိုးစားတာကို နားလည်လက်ခံပြီး နားထောင်ခြင်း (active listening) လို့ ခေါ်ပါတယ်။
၃. ကိုယ်ဟန်အမူအရာ (Non-verbal Communication)
စကားလုံးတွေအပြင် မျက်နှာအမူအရာ၊ ကိုယ်ဟန်အမူအရာ၊ မျက်လုံးချင်းဆုံ ဆွေးနွေး မှုတွေဟာလည်း ဆက်သွယ်ရေးရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတွေပါပဲ။ ဒီအရာတွေက တစ်ခါတလေမှာ စကားလုံးတွေ ထက်ပိုပြီး အဓိပ္ပါယ် ဖော်ပြနိုင်ပါတယ်။
၄. စာရေးသားဆက်သွယ်ခြင်း (Written Communication)
အီးမေးလ်၊ စာတမ်းနဲ့ အစီရင်ခံစာတွေလိုမျိုး စာနဲ့ရေးသားပြီး ဆက်သွယ်တဲ့အခါမှာလည်း ကိုယ်ရေးချင်တဲ့အရာကို ရှင်းရှင်းလင်းလင်းနဲ့ အကျိုးရှိရှိ ရေးသားနိုင်ဖို့ လိုအပ်ပါတယ်။
စိတ်ဒဏ်ရာကို နားလည် သဘောပေါက်တဲ့ (communication skill including trauma-awareness) ဆက်သွယ်ပြောဆိုခြင်းဆိုတာ ဘာလဲ။
စိတ်ထိခိုက်စရာ ကြုံတွေ့ထားသော လူတစ်ယောက်အပေါ် ပြောဆို ဆက်ဆံရာတွင်၊ ဖြစ်ပွားထားသော အဖြစ်အပျက်တွေက သူတို့ရဲ့ စိတ်နေစိတ်ထားနဲ့ အပြုအမူတွေအပေါ် ဘယ်လို သက်ရောက်မှု ရှိနိုင်သလဲဆိုတာကို နားလည်ပြီး ဆက်သွယ်ပြောဆိုခြင်း နည်းလမ်းပဲဖြစ်ပါတယ်။
ဆက်သွယ်ပြောဆိုတဲ့ ကျွမ်းကျင်မှုမှာ အဓိကအချက်တွေကတော့-
၁. လုံခြုံမှု (Safety)
ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာပါ လုံခြုံတယ်လို့ ခံစားရစေဖို့ အရေးကြီးပါတယ်။ စကားပြောတဲ့အခါ အသံနေအသံထား နူးညံ့သိမ်မွေ့ဖို့၊ ခြိမ်းခြောက်နေတဲ့ပုံစံမျိုး မဖြစ်ဖို့နဲ့ လေးစားတဲ့ ကိုယ်ဟန်အနေအထားကို ထားရှိဖို့လိုပါတယ်။
၂. ယုံကြည်စိတ်ချရမှု (Trustworthiness)
ပြောတဲ့စကားနဲ့ လုပ်ဆောင်ချက်တွေက ကိုက်ညီဖို့ လိုအပ်ပါတယ်။ ကတိတွေပေးရင် တကယ်တည်အောင် လုပ်ဆောင်ပါ။ တစ်ဖက်လူနဲ့ ပွင့်လင်းမြင်သာစွာ ဆက်သွယ်ပြီး နားလည်အောင် ရှင်းပြပါ။
၃. ရွေးချယ်ခွင့် (Choice)
တစ်ဖက်လူကို သူတို့ဘာကိုလိုချင်တယ်၊ ဘာကို မလိုချင်ဘူးဆိုတဲ့ ရွေးချယ်ခွင့် ပေးပါ။ အမိန့်ပေးတာမျိုး၊ ဇွတ်အတင်းလုပ်ခိုင်းတာမျိုး မလုပ်ပါနဲ့။ သူတို့ရဲ့ ဆုံးဖြတ်ချက်ကို လေးစားကြောင်း ပြသပေးပါ။
၄. ပူးပေါင်းဆောင်ရွက်မှု (Collaboration)
သူတို့အတွက် အကောင်းဆုံးဖြစ်မယ့် အရာတွေကို အတူတကွ ပူးပေါင်းတိုင်ပင်ပြီး ရှာဖွေပါ။ သူတို့ရဲ့ ထင်မြင်ချက်နဲ့ ခံစားချက်တွေကို အလေးထားပြီး ပူးပေါင်းပါဝင်အောင် တိုက်တွန်းပါ။
၅. လုပ်ပိုင်ခွင့်ပေးခြင်း (Empowerment)
သူတို့ရဲ့ အစွမ်းအစ၊ ခွန်အားနဲ့ ရွေးချယ်နိုင်စွမ်းတွေကို အသိအမှတ်ပြုပါ။ သူတို့ကိုယ်တိုင် ပြန်လည်နာလန်ထူလာဖို့အတွက် အကူအညီပေးပါ။
၆. ယဉ်ကျေးမှုဆိုင်ရာ ထည့်သွင်းစဉ်းစားမှု (Cultural Consideration)
သူတို့ရဲ့ ဘာသာစကား၊ ယဉ်ကျေးမှုနဲ့ ဓလေ့ထုံးတမ်းတွေကို လေးစားပါ။ ဒီအချက်တွေက သူတို့ရဲ့ စိတ်ဒဏ်ရာကို ဘယ်လိုသက်ရောက်မှု ရှိနိုင်တယ်ဆိုတာကို နားလည်ပေးပါ။
အားသာချက် နဲ့ အားနည်းချက်
အားသာချက်
၁. လုံခြုံစိတ်ချရသော ပတ်ဝန်းကျင်ကို ဖန်တီးနိုင်ခြင်း
၂. နားလည်မှု ပိုမိုရရှိစေခြင်း
၃. ထပ်မံထိခိုက်မှု မဖြစ်အောင် ကာကွယ်ပေးနိုင်ခြင်း
၄. ထိရောက်တဲ့ ပြဿနာဖြေရှင်းမှု ဖြစ်ပေါ်စေခြင်း
အားနည်းချက်
၁. အချိန်နဲ့ စွမ်းအင်ပိုမိုကုန်ကျနိုင်ခြင်း
၂. အလွန်အကျွံနားလည်ပေးမှုကြောင့် တာဝန်ယူမှု ပျက်ကွက်နိုင်ခြင်း
၃. အမြဲတမ်းအသုံးပြုဖို့ ခက်ခဲခြင်း
Trauma-awareness ဆိုတာဘာလဲ။
စိတ်ဒဏ်ရာကို သတိပြုနားလည်မှု (Trauma-awareness) ဆိုတာကတော့ လူတစ်ဦး ရဲ့ဘဝ အတွေ့အကြုံတွေ၊ အထူးသဖြင့် စိတ်ထိခိုက်စရာ အဖြစ်အပျက်တွေက သူတို့ရဲ့ စိတ်နေစိတ်ထား၊ အမူအကျင့်၊ ဆက်ဆံရေးနဲ့ ဘဝအပေါ် ဘယ်လို သက်ရောက်မှု ရှိနိုင်သလဲဆိုတာကို နားလည်ထားတဲ့ အသိတစ်ခု ဖြစ်ပါတယ်။
စိတ်ဒဏ်ရာကို သတိပြုနားလည်တဲ့ (communication skill including trauma-awareness) ဆက်သွယ်ပြောဆိုခြင်း အတွက် ဘယ်လို ကိရိယာ
(tools )တွေ အသုံးပြုနိုင်လဲ။
၁။ လေ့ကျင့်ရေးသင်တန်းများနှင့် အရင်းအမြစ်များ
- Online Courses
- Books
- Workshops & Training
၂။ ကိုယ်ပိုင်လေ့ကျင့်မှုများ
- Mindfulness (သတိပဋ္ဌာန်)
- Journaling (နေ့စဉ်မှတ်တမ်းရေးသားခြင်း)
- Role-Playing (သရုပ်ဆောင်လေ့ကျင့်ခြင်း)
၃။ နည်းပညာအကူအညီများ
- Meditation Apps
- Voice Recorders (ဗီဒီယိုအသံသွင်းခြင်း)
- Feedback (တုံ့ပြန်မှု)
ဖြစ်ရပ်မှန်လေ့လာမှု
မစု နှင့် အတိုင်ပင်ခံဆရာ
နောက်ခံအခြေအနေ
မစုဟာ အသက် (၃၀) အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး ငယ်စဉ်က မိသားစုအတွင်း အကြမ်းဖက်မှုတွေ ကြုံတွေ့ခဲ့ရဖူးပါတယ်။ အဲဒီအတွေ့အကြုံတွေကြောင့် သူဟာ စိတ်ပိုင်းဆိုင်ရာ ကုသမှုခံယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူက အတိုင်ပင်ခံဆရာနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံတဲ့အခါ အလွယ်တကူ စိတ်ပူပန်တတ်ပြီး၊ စိတ်မလုံမခြုံ ဖြစ်နေပါတယ်။
စိတ်ဒဏ်ရာကို သတိမထားမိဘဲ ဆက်သွယ်ခြင်း (ပုံစံဟောင်း)
ပထမဆုံး ဆရာက မစုနဲ့ တွေ့ဆုံတဲ့အခါ ပုံမှန်အတိုင်းပဲ စကားပြောပါတယ်။
- ဆရာ: “မစု၊ ဘာလို့ ဒီကို လာတာလဲ၊ ပြဿနာကို ပြောပြပေးပါ။”
- မစု: (စိတ်ပူပန်ပြီး တိတ်ဆိတ်သွား) “အင်း… ဟို… ပြောဖို့ ခက်ပါတယ်။”
- ဆရာ: “ရပါတယ်။ အချိန်ကုန်နေပြီဆိုတော့ မြန်မြန်ပြောပေးပါ၊ ကျွန်တော် နောက်လူချိန်းထားသေးတယ်။”
ဆိုးကျိုးများ
- ဆရာရဲ့ စကားပုံစံက မစုကို ဖိအားပေးနေသလို ခံစားရစေပါတယ်။
- “အချိန်ကုန်နေပြီ” လို့ ပြောလိုက်တဲ့အတွက် မစုဟာ သူမရဲ့ ပြဿနာက အရေးမပါဘူးလို့ ထင်သွားပါတယ်။
- လုံခြုံမှု မရှိဘူးလို့ ခံစားရပြီး စကားပြောဖို့ ပိုခက်ခဲသွားပါတယ်။
စိတ်ဒဏ်ရာကို သတိထားနားလည်ပြီး ဆက်သွယ်ခြင်း (ပုံစံသစ်)
နောက်တစ်ကြိမ် တွေ့ဆုံတဲ့အခါ ဆရာက သူ့ရဲ့ ဆက်သွယ် ပြောဆိုပုံကို ပြောင်းလဲလိုက်ပါတယ်။
- ဆရာ: (အေးဆေးတည်ငြိမ်ပြီး အသံကို နူးညံ့စွာ ပြောဆို)
“မစု၊ ဒီနေ့ ဒီကို ရောက်လာလို့ ဝမ်းသာပါတယ်။ ဒီမှာ လုံခြုံတယ်လို့ ခံစားရစေဖို့က အရေးကြီးဆုံးပါ။ ဘာပဲဖြစ်ဖြစ် အဆင်မပြေဘူးဆိုရင် ပြောလို့ရပါတယ်။ စိတ်ကူးရှိရင် စကားပြောလို့ရပါတယ်၊ အဆင်သင့် မဖြစ်သေးရင်လည်း အချိန်ယူလို့ရပါတယ်။”
- မစု: (သက်ပြင်းချပြီး စိတ်အေးသွားပုံရ)
“ဟုတ်… ဒီကို လာဖို့လည်း ကျွန်မ အများကြီး ကြိုးစားခဲ့ရပါတယ်။”
- ဆရာ: (တက်ကြွစွာ နားထောင်ပြီး)
“အများကြီး ကြိုးစား ခဲ့ရတယ်ဆိုတော့ အတော် ခက်ခဲခဲ့မယ် ဆိုတာ ကျနော် နားလည်ပါတယ်။ ခင်ဗျားမှာ ဒီကို လာဖို့ ဆုံးဖြတ်နိုင်တဲ့ ခွန်အားရှိလို့ တကယ်ကို ဝမ်းသာ ဂုဏ်ယူမိပါတယ်။”
- မစု: (တဖြည်းဖြည်းနဲ့ အရင်က ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တချို့ကို စပြောလာပါတယ်)။
ကောင်းကျိုးများ
- လုံခြုံမှု (Safety): ဆရာရဲ့ နူးညံ့တဲ့စကားကြောင့် မစုဟာ လုံခြုံတယ်လို့ ခံစားရပါတယ်။
- ရွေးချယ်ခွင့် (Choice): “အဆင်သင့်မဖြစ်သေးရင်လည်း အချိန်ယူလို့ရပါတယ်” လို့ ပြောလိုက်တဲ့အတွက် မစုဟာ ဖိအားမရှိဘဲ လွတ်လပ်စွာ ဆုံးဖြတ်ခွင့်ရရှိပါတယ်။
- ပူးပေါင်းဆောင်ရွက်မှု (Collaboration): ဆရာက မစုကို သူရဲ့ပြဿနာကို ဖြေရှင်းတဲ့အခါ အတူတူလုပ်ဆောင်မယ့် ပုံစံမျိုးကို ပြသပေးပါတယ်။
- လုပ်ပိုင်ခွင့်ပေးခြင်း (Empowerment): မစုရဲ့ ကြိုးစားမှုကို အသိအမှတ်ပြုပြီး သူ့မှာ အစွမ်းအစရှိတယ်ဆိုတာကို ပြောလိုက်တာက သူ့ရဲ့ ယုံကြည်မှုကို တိုးမြှင့်ပေးပါတယ်။
ဒီဖြစ်ရပ်မှန်လေ့လာမှုကနေ စိတ်ဒဏ်ရာကို နားလည်ပြီး ဆက်သွယ်ခြင်းဟာ ပုံမှန်ဆက်သွယ်ရေးထက် ဘယ်လောက်ထိ ထိရောက်ပြီး အကျိုးရှိသလဲဆိုတာကို ရှင်းရှင်းလင်းလင်း သိနိုင်ပါတယ်။
Materials
- https://jcu.pressbooks.pub/health-communication/chapter/11-4-trauma-and-violence-informed-approach-to-communication/
- https://trauma-news.com/2025/02/5-ways-to-build-communication-skills-for-better-trauma-resuscitations/