
၁. AI နည်းပညာသုံး သတင်းတု၊ သတင်းမှားများကို စိစစ်ဖော်ထုတ်ခြင်း
၁.၁ AI နည်းပညာသုံးသတင်းမှားများကို စိစစ်ဖို့ ဘာကြောင့်အရေးကြီးတာလဲ
ဒီနေ့ခေတ်မှာ AI ကိုသုံးပြီး စက္ကန့်ပိုင်းအတွင်း တကယ့်အစစ်နဲ့တူတဲ့ သတင်းဆောင်းပါးတွေ၊ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ၊ အသံဖိုင်တွေနဲ့ တိုက်ရိုက်စကားပြောဆိုမှုတွေကိုပါ ဖန်တီးနိုင်နေပြီ ဖြစ်ပါတယ်။ ဒီနည်းပညာတွေ ဟာ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေးနဲ့ ပြည်သူ့ဝန်ဆောင်မှု ကဏ္ဍတွေမှာ အလွန်အကျိုးရှိပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာလည်း မသမာသူတွေက အစစ်အမှန်ပုံစံဖန်တီးပြီး သတင်းအချက်အလက်အမှားတွေကို ထုတ်လုပ်ဖို့ အခွင့်အရေး ရသွားကြပါတယ်။
AI နည်းပညာနဲ့ ဖန်တီးထားတဲ့ သတင်းမှားတွေဟာ လူမှုကွန်ရက်စာမျက်နှာတွေ၊ မက်ဆေ့ချ်အက်ပလီကေး ရှင်းတွေ၊ ဘလော့ဂ်တွေနဲ့ သတင်းဝဘ်ဆိုက်တွေပေါ်မှာ အရှိန်အဟုန်နဲ့ ပျံ့နှံ့သွားနိုင်ပါတယ်။ AI နည်းပညာသုံး အကြောင်းအရာအများစုဟာ လူတွေအမှန်တကယ် ဖန်တီးထားတာတွေနဲ့ ဆင်တူလွန်းတာကြောင့် ပြုပြင်ဖန်တီး ထားတဲ့ သတင်းအချက်အလက်မှန်း ရုတ်တရက် ခွဲခြားရခက်ခဲကြပါတယ်။
လူထုအကျိုးပြုခေါင်းဆောင်တွေအနေနဲ့ သတင်းအချက်အလက်တစ်ခုကို အခြားသူတွေထံ မမျှဝေမီ စိစစ်ဖို့ ပျက်ကွက်ခဲ့ရင် အောက်ပါဆိုးကျိုးတွေ ကြုံတွေ့ရနိုင်ပါတယ် –
- ရပ်ရွာအတွင်း ယုံကြည်မှု ပျက်စီးသွားနိုင်ပါတယ်။
- အရေးပေါ်အခြေအနေများတွင် ပြည်သူအများ စိုးရိမ်ထိတ်လန့်မှု မြင့်တက်လာနိုင်ပါတယ်။
- ထိခိုက်နစ်နာစေမည့် ကောလာဟလများ ပိုမိုပျံ့နှံ့သွားနိုင်ပါတယ်။
- မမှန်ကန်သောကျန်းမာရေး သို့မဟုတ် ဘေးအန္တရာယ်ကင်းရှင်းရေး အကြံပြုချက်များကို တိုက်တွန်းမိ သွားနိုင်ပါတယ်။
- မလိုအပ်ဘဲ လူမှုရေးပဋိပက္ခများ ဖြစ်ပေါ်လာနိုင်ပါတယ်။
- လိမ်လည်လှည့်ဖြားမှုများနှင့် မသမာသောလုပ်ရပ်များကို အားပေးကူညီရာ ရောက်သွားနိုင်ပါတယ်။
ဒါကြောင့် သတင်းအချက်အလက်စိစစ်အတည်ပြုခြင်းဟာ သာမန်ရွေးချယ်မှုတစ်ခု မဟုတ်တော့ဘဲ မရှိမဖြစ်လို အပ်တဲ့ ခေါင်းဆောင်မှုတာဝန်တစ်ရပ် ဖြစ်လာပါတယ်။
၁.၂ သတင်းအချက်အလက် ကမောက်ကမဖြစ်မှုကို နားလည်သဘောပေါက်ခြင်း
AI ဖန်တီးထားတဲ့သတင်းမှားတွေကို ဘယ်လိုစိစစ်ရမလဲဆိုတာမလေ့လာမီ သတင်းမှားများနဲ့ပတ်သက်ပြီး မကြာခဏသုံးလေ့ရှိတဲ့ ဝေါဟာရ ၃ ခုကို အရင်နားလည်ထားဖို့ အရေးကြီးပါတယ်။
၁။ စေတနာမဲ့ သတင်းမှား (Misinformation) လှည့်ဖြားလိုသည့် စေတနာမပါဘဲ မှားယွင်းစွာ သို့မဟုတ် မတိကျစွာ မျှဝေမိသော သတင်းအချက်အလက်များကို ဆိုလိုပါတယ်။ သတင်းမျှဝေသူကိုယ်တိုင်က ဒီအချက်အလက်ကို အမှန်ဟု ယုံကြည်နေလေ့ ရှိပါတယ်။
- ဥပမာ – မြို့ခံတစ်ဦးက အခြားသူတွေ ပြင်ဆင်နိုင်အောင် ကူညီချင်တဲ့ စေတနာနဲ့ AI နည်းပညာသုံးပြီး ဖန်တီးထားတဲ့ ရာသီဥတု သတိပေးချက်တစ်ခုကို ရပ်ရွာ Facebook Group ထဲ မျှဝေလိုက်ပါတယ်။ ဒီသတိပေးချက်ဟာ လုံးဝ လုပ်ကြံဖန်တီးထားတာ ဖြစ်ပါတယ်။
၂။ မလိုမုန်းထားသတင်းတု (Disinformation) လူထု၏အယူအဆများကို လှည့်ဖြားရန်၊ ပြုပြင်ပြောင်းလဲရန် သို့မဟုတ် နိုင်ငံရေး၊ ငွေကြေး၊ လူမှုရေးဆိုင်ရာအကျိုးအမြတ်အတွက် ရည်ရွယ် ချက်ရှိရှိ ကြံရွယ်ဖန်တီးမျှဝေသော သတင်းအမှားများကို ဆိုလိုပါတယ်။
- ဥပမာ – လူထုပူးပေါင်းပါဝင်မှုကို အဟန့်အတားဖြစ်စေဖို့ လူမှုကွန်ရက်အကောင့်တုတစ်ခုက ဒေသတွင်း ကာကွယ်ဆေးထိုးနှံမှု အစီအစဉ် ပယ်ဖျက်လိုက်ပြီဆိုတဲ့ AI ဖန်တီးထားတဲ့ သတင်းတုကို ထုတ်ပြန်လိုက်တာမျိုး ဖြစ်ပါတယ်။
၃။ ထိခိုက်စေလိုသော သတင်းအမှန် (Malinformation) အခြားသူများကို ထိခိုက်နစ်နာစေရန် အချက်အလက်အမှန်ကို လမ်းလွဲရောက်စေမည့် နည်းလမ်းများဖြင့် မသမာကြံစည်ကာ မျှဝေခြင်းကို ဆိုလိုပါတယ်။
- ဥပမာ – လွန်ခဲ့သော နှစ်အတော်ကြာက ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှု ဓာတ်ပုံအမှန်ကို လက်ရှိ ဖြစ်ပွားနေသည့် ဘေးအန္တရာယ်တစ်ခုအဖြစ် ပုံမှားရိုက်ကာ ပြန်လည်လွှင့်တင်ပြီး ဒေသခံများ စိုးရိမ်ထိတ်လန့်အောင် ပြုလုပ်ခြင်းမျိုး ဖြစ်ပါတယ်။
ဒီပုံစံ ၃ မျိုးစလုံးဟာ သုတေသီတွေခေါ်တဲ့ “သတင်းအချက်အလက် ကမောက်ကမဖြစ်မှု” ကို အားပေးနေပေမဲ့ AI နည်းပညာကတော့ ဒါတွေရဲ့ ပျံ့နှံ့မှု ပမာဏနဲ့ ဆန်းပြားမှုအတိုင်းအတာကို သိသိသာသာ မြှင့်တင်ပေးလိုက်ပါတယ်။
၁.၃ Generative AI နည်းပညာက သတင်းတုတွေကို ဘယ်လိုဖန်တီးသလဲ
Generative AI Model တွေဟာ တုပဖန်တီးထားတဲ့ မီဒီယာအမျိုးအစားများစွာကို ထုတ်လုပ်ပေးနိုင် ပါတယ်။
၁။ AI နည်းပညာသုံး စာသားများ (AI-Generated Text) စာသားအခြေပြု AI သုံးစာရေးစနစ်တွေက အောက် ပါအတိုင်း ဖန်တီးနိုင်ပါတယ် –
- သတင်းတု ဆောင်းပါးများ
- လုပ်ကြံဖန်တီးထားသော အင်တာဗျူးများ
- မမှန်ကန်သော အစိုးရ ထုတ်ပြန်ချက်များ
- သတင်းထုတ်ပြန်ချက်အတုများ
- အထင်အမြင် လွဲမှားစေမည့် လူမှုကွန်ရက် ပို့စ်များ
ဒီစာသားတွေဟာ ကျွမ်းကျင်ပိုင်နိုင်တဲ့အရေးအသားပုံစံတွေကို သုံးလေ့ရှိတာကြောင့် တကယ့်ကို ယုံကြည်ချင်စရာကောင်းအောင် ထွက်ပေါ်လာလေ့ ရှိပါတယ်။
- ဥပမာ – AI နဲ့ ဖန်တီးထားတဲ့ ဆောင်းပါးတစ်ခုမှာ အစိုးရရဲ့ ထောက်ပံ့ကြေးသစ်ကို အတည်ပြုလိုက်ပြီလို့ ရေးသားထားပါတယ်။ တရားဝင် ထုတ်ပြန်ချက် မရှိသေးဘူးဆိုတာ မသိမီ မြို့ခံထောင်ပေါင်းများစွာက ဒီဆောင်းပါးကို ပြန်လည်မျှဝေလိုက်ကြပါတယ်။
၂။ AI နည်းပညာသုံး ပုံရိပ်များ (AI-Generated Images) ပုံရိပ်ဖန်တီးမှု Model တွေဟာ လက်တွေ့မှာ လုံးဝမရှိခဲ့ဖူးတဲ့ တကယ့်အစစ်နဲ့တူတဲ့ ဓာတ်ပုံတွေကို ဖန်တီးနိုင်ပါတယ်။ ဒီပုံတွေမှာ အောက်ပါ အခြေအနေတွေကို ဖော်ပြထားနိုင်ပါတယ် –
- သဘာဝဘေးအန္တရာယ် ကျရောက်သည့် မြင်ကွင်းများ
- နိုင်ငံရေးဆိုင်ရာ ဖွင့်ပွဲ/အခမ်းအနားများ
- လူထုဆန္ဒပြပွဲများ
- ရပ်ရွာ အစည်းအဝေးများ
- ကျန်းမာရေး အရေးပေါ် အခြေအနေများ
AI နဲ့ ဖန်တီးထားတဲ့ ပုံတွေမှာ သဘာဝကျတဲ့ အလင်းအမှောင်နဲ့ မျက်နှာအမူအရာတွေ ပါဝင်လေ့ရှိတာကြောင့် ကြည့်ရှုသူအများစုက အစစ်လို့ အလွယ်တကူ ထင်မှတ်သွားကြပါတယ်။
BBC သတင်းဌာနရဲ့ အကြံပြုချက်အရ AI ပုံတွေကို စစ်ဆေးတဲ့အခါ ပုံမမှန်တဲ့ လက်ချောင်းများ၊ မညီညာသော အရိပ်များ၊ သဘာဝမကျသော အလင်းပြန်မှုများ၊ ဝေဝါးနေသော နောက်ခံများ သို့မဟုတ် ရူပဗေဒသဘောတရားအရ မဖြစ်နိုင်သည့် အရာဝတ္ထုများ စသည့် အသေးစိတ် အမြင်ဆိုင်ရာ လက္ခဏာများကို ဂရုစိုက်ကြည့်ရှုသင့်ပါတယ်။ AI ရဲ့ ပုံထွက်အရည်အသွေးတွေ တိုးတက်နေသော်လည်း ဒီလို သိမ်မွေ့တဲ့ လွဲမှားချက်တွေဟာ စိစစ်အတည်ပြုရာမှာ အသုံးဝင်တဲ့ သဲလွန်စတွေအဖြစ် ကျန်ရှိနေဆဲ ဖြစ်ပါတယ်။
၃။ AI နည်းပညာသုံး ဗီဒီယိုများ – Deepfake နည်းပညာဟာ AI ကိုသုံးပြီး ဗီဒီယိုတွေကို လှည့်စားပြင် ဆင်တာကြောင့် လူပုဂ္ဂိုလ်တွေဟာ သူတို့ မပြောခဲ့ဖူး၊ မလုပ်ခဲ့ဖူးတာတွေကို ပြောဆိုပြုလုပ်နေသလို ပေါ်လွင်စေ ပါတယ်။ Deepfake ဗီဒီယိုတွေမှာ အောက်ပါလူပုဂ္ဂိုလ်တွေ ပါဝင်နိုင်ပါတယ် –
- နိုင်ငံရေးသမားများ၏ မိန့်ခွန်းများ
- ထင်ပေါ်ကျော်ကြားသူများ၏ ထောက်ခံချက်များ
- ရပ်ရွာခေါင်းဆောင်များ
- ဘာသာရေး ခေါင်းဆောင်များ
- စီးပွားရေး လုပ်ငန်းရှင်များ
လူအများစုဟာ မြင်တွေ့ရတဲ့ သက်သေကို ပင်ကိုယ်အတိုင်း ယုံကြည်လေ့ရှိတာကြောင့် ဒီဗီဒီယိုတွေဟာ အင်မတန် မြန်မြန်ဆန်ဆန် ပျံ့နှံ့သွားနိုင်ပါတယ်။
၄။ AI နည်းပညာသုံး အသံဖိုင်များ (AI-Generated Audio) အသံတုပစနစ် (Voice cloning) နည်းပညာဟာ စက္ကန့်ပိုင်းမျှရှိတဲ့ အသံဖိုင်တိုလေးကို လေ့လာပြီးနောက် လူတစ်ဦးရဲ့ အသံအတိုင်း ထက်ကြပ်မကွာ တုပနိုင်ပါတယ်။ မသမာသော နည်းလမ်းဖြင့် သုံးစွဲနိုင်သည့် အန္တရာယ်များမှာ –
- အရေးပေါ် အကူအညီတောင်းခံသည့် ဖုန်းခေါ်ဆိုမှုအတုများ
- လိမ်လည်လှည့်ဖြားသည့် ရန်ပုံငွေရှာဖွေပွဲများ
- ငွေကြေးလိမ်လည်သည့် ဖုန်းခေါ်ဆိုမှုများ
- ပြည်သူ့ အသိပေးချက်အတုများ
- အစိုးရတာဝန်ရှိသူများအဖြစ် ဟန်ဆောင်ခြင်း
ရပ်ရွာခေါင်းဆောင်များအနေဖြင့် မမျှော်လင့်ထားသော အသံမက်ဆေ့ချ်များကို လက်ခံရရှိပါက လုပ်ဆောင်မှုမပြုမီ အမြဲတမ်း စိစစ်အတည်ပြုသင့်ပါတယ်။
၁.၄ AI နည်းပညာသုံး အကြောင်းအရာတွေဟာ ဘာကြောင့် ယုံကြည်ချင်စရာ ကောင်းနေရတာလဲ
အကြောင်းရင်း အတော်များများကြောင့် AI ဖန်တီးထားတဲ့ သတင်းမှားတွေကို စိစစ်ဖို့ ခက်ခဲစေတာ ဖြစ်ပါတယ်။
၁။ လူသားဆန်သော အရေးအသား ခေတ်ပေါ် AI စနစ်တွေဟာ သဒ္ဒါမှန်ကန်ပြီး ပြေပြစ်ကာ စည်းရုံးနိုင်စွမ်းရှိတဲ့ အရေးအသားတွေကို ထုတ်လုပ်ပေးပါတယ်။ ရှေးယခင် သတင်းတုတွေနဲ့ မတူတာက AI စာသားတွေမှာ စာလုံးပေါင်း သို့မဟုတ် သဒ္ဒါအမှား နည်းပါးတာကြောင့် ပုံမှန်တွေ့နေကျ သဲလွန်စတွေနဲ့ ခွဲခြားဖို့ မလွယ်ကူတော့ပါဘူး။
၂။ စိတ်လှုပ်ရှားမှုဖြင့် ဆွဲဆောင်ခြင်း AI သတင်းမှားတွေဟာ ကြောက်ရွံ့မှု၊ ဒေါသ၊ သနားဂရုဏာ သို့မဟုတ် စိတ်လှုပ်ရှားမှုကို မြှင့်တင်ပေးနိုင်မယ့် စိတ်လှုပ်ရှားဖွယ် အသုံးအနှုန်းတွေကို မကြာခဏ သုံးလေ့ရှိပါတယ်။ စိတ်လှုပ်ရှားလွန်းပါက အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်စွမ်း လျော့ကျသွားပြီး အချက် အလက်များကို အလျင်စလို မျှဝေမိသွားစေပါတယ်။
၃။ သီးသန့် ပစ်မှတ်ထားဖန်တီးနိုင်ခြင်း မျိုးဆက်သစ် AI က သတင်းအမှားများကို သီးသန့်ပရိသတ်၊ ဘာသာစကား သို့မဟုတ် ဒေသတွင်း အခြေအနေများနှင့် ကိုက်ညီအောင် ဖန်တီးပေးနိုင်ပါတယ်။ မိမိနှင့် ရင်းနှီးပြီးသားနေရာများ၊ ပွဲလမ်းသဘင်များနှင့် အဖွဲ့အစည်းများကို ရည်ညွှန်းထားသည့်အချက်အ လက်များကို ပြည်သူများက ပိုမိုယုံကြည်လေ့ ရှိကြပါတယ်။
၄။ မြန်နှုန်းနှင့် ပမာဏ အမြောက်အမြား ထုတ်လုပ်နိုင်ခြင်း AI နည်းပညာကြောင့် မသမာသူတွေဟာ သတင်းတုပို့စ်များ၊ မှတ်ချက်များ၊ ပုံများနှင့် ဗီဒီယိုထောင်ပေါင်းများစွာကို မိနစ်ပိုင်းအတွင်း ဖန်တီး နိုင်ပါတယ်။ ဒီလို ပမာဏအမြောက်အမြား ထွက်ပေါ်လာမှုဟာ ပုံမှန် အမှန်စစ်ဆေးခြင်း လုပ်ငန်းစဉ် တွေကို ဝါးမျိုသွားနိုင်ပါတယ်။
၅။ အစစ်အမှန်ပုံစံ ပိုမိုရရှိလာခြင်း AI ရဲ့ ရုပ်ပုံ၊ အသံနဲ့ ဗီဒီယို ဖန်တီးမှု နည်းပညာတွေ တိုးတက်လာတာကြောင့် အထူးသဖြင့် လူမှုကွန်ရက်ပေါ်မှာ ခပ်သွက်သွက် ကြည့်ရှုသွားတဲ့အခါ တကယ့်အစစ်အမှန်နဲ့ ခွဲခြားရတာ ပိုမိုခက်ခဲလာပါတယ်။
၁.၅ AI နည်းပညာသုံး သတင်းမှားများတွင် တွေ့ရလေ့ရှိသော သတိပေးလက္ခဏာများ
AI နည်းပညာသုံး အကြောင်းအရာတွေဟာ ပိုမိုဆန်းပြားလာပေမဲ့ သေချာဂရုစိုက်ကြည့်ရင်နဲ့ ဝေဖန်ပိုင်းခြားတွေးခေါ်ရင် အရေးကြီးတဲ့ သဲလွန်စတွေကို တွေ့နိုင်ပါသေးတယ်။
၁။ သတင်းရင်းမြစ်ကို စစ်ဆေးပါ
မိမိကိုယ်ကို အောက်ပါမေးခွန်းများ မေးမြန်းပါ –
- ဒီအချက်အလက်ကို ဘယ်သူဖန်တီးတာလဲ။
- သတင်းရင်းမြစ်ကို ရှင်းရှင်းလင်းလင်း ဖော်ပြထားသလား။
- တရားဝင် အဖွဲ့အစည်းတစ်ခုကနေ ထုတ်ပြန်ထားတာလား။
- ဒီဝဘ်ဆိုက်ဟာ ခိုင်မာတဲ့ အမည်ကောင်း ရှိရဲ့လား။
- ဒီအချက်အလက်ကို စိတ်ချရတဲ့ သတင်းဌာနတွေ ဒါမှမဟုတ် တရားဝင် အစိုးရဝဘ်ဆိုက်တွေမှာပါ တွေ့နိုင်သလား။
အမည်မသိ အကောင့်များ သို့မဟုတ် မရင်းနှီးသော ဝဘ်ဆိုက်များကို အထူးဂရုစိုက် စိစစ်ဖို့ လိုအပ်ပါတယ်။
၂။ စိတ်ခံစားချက်ဖြင့် လှည့်စားမှုကို ရှာဖွေပါ လမ်းလွဲရောက်စေမည့် ပို့စ်အများစုသည် ပြင်းထန်သော စိတ်လှုပ်ရှားမှုများ ဖြစ်ပေါ်စေရန် ကြိုးပမ်းလေ့ ရှိပါတယ်။ ဥပမာ –
- “ဒါကို ချက်ချင်း မျှဝေလိုက်ပါ”
- “အစိုးရက အမှန်တရားကို ဖုံးကွယ်ထားတယ်”
- “မဖျက်ခင် အားလုံး သိထားဖို့ လိုတယ်”
စိတ်လှုပ်ရှားစေရန် လှည့်စားသောအသုံးအနှုန်းများသည် သတင်းမစိစစ်မီ အလျင်စလို မျှဝေမိအောင် တွန်းအားပေးလေ့ ရှိပါတယ်။
၃။ ဓာတ်ပုံများကို အသေးစိတ် စစ်ဆေးပါ
အောက်ပါအချက်များကို သေချာကြည့်ပါ –
- လက်ချောင်းများ ပိုနေခြင်း သို့မဟုတ် လိုနေခြင်း
- သွားများ ပုံမှန်မဟုတ်ခြင်း
- မျက်နှာ အစိတ်အပိုင်းများ ပုံပျက်နေခြင်း
- အလင်းအမှောင် ပုံမမှန်ခြင်း
- နောက်ခံများ ဝေဝါးနေခြင်း
- အရာဝတ္ထုများ တစ်ခုနှင့်တစ်ခု ထပ်နေခြင်း
- ပုံများအတွင်းရှိ စာသားများ သဘာဝမကျခြင်း
ဒီလို လွဲမှားချက်တွေဟာ AI နဲ့ ဖန်တီးထားတဲ့ ပုံတွေဖြစ်ကြောင်း ပြသနေတာ ဖြစ်ပါတယ်။
၄။ ရက်စွဲနှင့် အကြောင်းအရာ ဆက်စပ်မှုကို စိစစ်ပါ အဖြစ်အပျက်သစ်များတွင် အကြောင်းအရာအဟောင်းများကို ပြန်လည်အသုံးပြုလေ့ ရှိပါတယ်။ မေးရမည့် မေးခွန်းများ –
- ဒါကို မူလက ဘယ်တုန်းက ထုတ်ဝေခဲ့တာလဲ။
- ဒီဓာတ်ပုံက အခြားနိုင်ငံက ပုံဖြစ်နေသလား။
- ဒီအဖြစ်အပျက်က လက်ရှိသတင်းတွေနဲ့ ကိုက်ညီရဲ့လား။
ပျံ့နှံ့နေသော ပို့စ်အများစုသည် လွန်ခဲ့သော နှစ်များစွာက ရိုက်ကူးထားသည့် ဓာတ်ပုံအမှန်များကို အသုံးပြုထားသော်လည်း မကြာမီက ဖြစ်ပျက်ခဲ့သကဲ့သို့ မမှန်မကန် လှည့်ဖြားဖော်ပြလေ့ရှိပါတယ်။
၅။ သတင်းရင်းမြစ် အများအပြားကို နှိုင်းယှဉ်ပါ – သတင်းရင်းမြစ် အမှားတစ်ခုတည်းအပေါ် လုံးဝ မမှီခိုပါနဲ့။ ယင်းအစား –
- တရားဝင် အစိုးရဝဘ်ဆိုက်များကို စစ်ဆေးပါ။
- အမည်ရ သတင်းအဖွဲ့အစည်းများနှင့် တိုင်ပင်ပါ။
- လွတ်လပ်သော သတင်းအမှန် စိစစ်ရေးအဖွဲ့အစည်းများတွင် ရှာဖွေပါ။
- သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်များကို ပြန်လည်ကြည့်ရှုပါ။
မသိရှိသောသတင်းရင်းမြစ်တစ်ခုတည်းကသာ ဆန်းကြယ်သောအချက်အလက်များကို ထုတ်ပြန်ထား ပါက သံသယထားရှိခြင်းသည် သင့်တော်သော လုပ်ဆောင်ချက် ဖြစ်ပါတယ်။
လက်တွေ့ဖြစ်ရပ် ဥပမာ
လူထုအကျိုးပြုခေါင်းဆောင်တစ်ဦးထံ ဒေသတွင်း ကူးစက်ရောဂါဖြစ်ပွားမှုကြောင့် စာသင်ကျောင်းများကို ချက်ချင်းပိတ်လိုက်ပြီဟု ဆိုထားသောပို့စ်တစ်ခု ရောက်ရှိလာသည်ဟု မြင်ယောင်ကြည့်ပါ။ ထိုမက်ဆေ့ချ်တွင် တရားဝင်ထုတ်ပြန်ချက်ပုံစံမျိုးပါဝင်ပြီး နှာခေါင်းစည်းတပ်ဆင်ထားသည့် ကျောင်းသားများ၏ တကယ့်အစစ်နှင့် တူသော ဓာတ်ပုံပါဝင်ပါတယ်။
မက်ဆေ့ချ်ကို အခြားသူများထံ မမျှဝေမီ အဆိုပါခေါင်းဆောင်သည် စိစစ်ရန် ခေတ္တရပ်ဆိုင်း လိုက်ပါတယ်။ ပညာရေးဝန်ကြီးဌာန၏ တရားဝင်ဝဘ်ဆိုက်သို့ သွားရောက်ကြည့်ရှုခြင်း၊ ဒေသတွင်း ကျန်းမာရေးဌာန၏ထုတ်ပြန်ချက်များကို ပြန်လည်စစ်ဆေးခြင်းနှင့် ယုံကြည်စိတ်ချရသော သတင်းရင်း မြစ်များကို ရှာဖွေခြင်းများ ပြုလုပ်လိုက်ပါတယ်။ မည်သည့်နေရာတွင်မျှ ကျောင်းများပိတ်သည်ဟု ဖော်ပြထားခြင်း မရှိပါ။ ဓာတ်ပုံကို Reverse image search ပြုလုပ်ကြည့်သောအခါ အဆိုပါဓာတ်ပုံသည် လွန်ခဲ့သောနှစ်များစွာက အခြားနိုင်ငံတစ်ခုတွင် တုပ်ကွေးရောဂါ ဖြစ်ပွားစဉ်က ရိုက်ကူးခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိရပါတယ်။
အချက်အလက်ကို မိနစ်အနည်းငယ်မျှ စိစစ်လိုက်ခြင်းဖြင့် ခေါင်းဆောင်သည် မိဘများနှင့် ကျောင်းသားများအကြား မလိုအပ်ဘဲ ထိတ်လန့်မှု ဖြစ်ပေါ်စေနိုင်သည့် သတင်းမှား ပျံ့နှံ့မှုကို တားဆီးနိုင်ခဲ့ပါတယ်။
ဒီဥပမာဟာ တာဝန်သိတဲ့ ခေါင်းဆောင်မှုရဲ့ အရေးကြီးတဲ့ မူတစ်ခုကို မီးမောင်းထိုးပြနေပါတယ် –
ပြန်လည်သုံးသပ်လေ့ကျင့်ခြင်း
Facebook, Messenger, WhatsApp, Telegram သို့မဟုတ် အခြားလူမှုကွန်ရက်တစ်ခုခုမှတစ်ဆင့် သင် မကြာသေးမီက လက်ခံရရှိခဲ့သည့် သတင်း၊ ပို့စ် သို့မဟုတ် မက်ဆေ့ချ်တစ်ခုအကြောင်း စဉ်းစားကြည့်ပါ။
အောက်ပါမေးခွန်းများကို ပြန်လည်သုံးသပ်ပါ –
၁။ ဒီအချက်အလက်ကို အမှန်လို့ ယုံကြည်ချင်စရာ ဖြစ်စေခဲ့တာ ဘာကြောင့်လဲ။
၂။ လက်ခံမရှိခင် ဒါမှမဟုတ် မမျှဝေခင် သတင်းရင်းမြစ်ကို စိစစ်ခဲ့သလား။
၃။ သတိထားစရာ သတိပေးလက္ခဏာတွေ ပါဝင်နေသလား။
၄။ ဒီအကြောင်းအရာ ဖန်တီးဖို့ ဒါမှမဟုတ် မျှဝေဖို့ AI ကို ဘယ်လိုသုံးထားနိုင်သလဲ။
၅။ အခုအချိန်မှာ ဒီအချက်အလက်ကို မမျှဝေခင် စိစစ်ဖို့ ဘာအဆင့်တွေ လုပ်ဆောင်မလဲ။
သင့်ပြန်လည်သုံးသပ်ချက်များကို လုပ်ဖော်ကိုင်ဖက် သို့မဟုတ် အဖွဲ့ငယ်များနှင့် ဆွေးနွေးပြီး စိစစ်အတည်ပြုနည်းစနစ်များကို နှိုင်းယှဉ်ကြည့်ပါ။
၂။ AI နည်းပညာသုံး ကိရိယာများကို အသုံးပြု၍ သတင်းမှန်/မှား စိစစ်ခြင်း လုပ်ထုံးလုပ်နည်းများ
၂.၁ သတင်းမှန်/မှား စိစစ်ရာတွင် AI ရဲ့ အခန်းကဏ္ဍ
သာမန်သတင်းစိစစ်ရေးနည်းလမ်းမှာ ဝဘ်ဆိုက်အများအပြားတွင် ရှာဖွေခြင်း၊ အစီရင်ခံစာများ နှိုင်းယှဉ်ခြင်း၊ တရားဝင်ထုတ်ပြန်ချက်များကို ကြည့်ရှုခြင်းနှင့် သက်သေများကို အကဲဖြတ်ခြင်းတို့ လိုအပ်ပါတယ်။ AI နည်းပညာသည် အောက်ပါလုပ်ဆောင်ချက်များတွင် ကူညီပေးနိုင်သဖြင့် ဤလုပ်ငန်းစဉ်ကို ပိုမိုမြန်ဆန်စေပါတယ် –
- သတင်းရင်းမြစ် အများအပြားမှ ရှုပ်ထွေးသော အချက်အလက်များကို အကျဉ်းချုပ်ပေးခြင်း။
- ပြောဆိုချက်များနှင့် ယုံကြည်စိတ်ချရသော သက်သေများအကြား လွဲမှားချက်များကို ဖော်ထုတ်ပေးခြင်း။
- တရားဝင် စာရွက်စာတမ်းများနှင့် ယုံကြည်ရသော သတင်းအစီရင်ခံစာများကို ရှာဖွေပေးခြင်း။
- AI ဖန်တီးထားသော ပုံများ သို့မဟုတ် ပြုပြင်ထားသော မီဒီယာများကို ဖော်ထုတ်ပေးခြင်း။
- ဆန်းစစ်လေ့လာရလွယ်ကူစေရန် အချက်အလက်များကို စနစ်တကျ စီစဉ်ပေးခြင်း။
ဒီလို အားသာချက်တွေ ရှိပေမဲ့ AI ဟာ အချက်အလက်တိုင်း မှန်၊ မမှန်ဆိုတာကို သီးခြားခွဲခြား မဆုံးဖြတ်နိုင်ပါဘူး။ အထူးသဖြင့် ပြည်သူ့ကျန်းမာရေး၊ ဘေးအန္တရာယ် ကင်းရှင်းရေး သို့မဟုတ် ရပ်ရွာ၏ ဆုံးဖြတ်ချက်များအပေါ် သက်ရောက်မှုရှိသည့် အချက်အလက်များဖြစ်ပါက လူသားတို့၏ ကြီးကြပ်စစ်ဆေးမှုသည် မရှိမဖြစ် အရေးကြီးပါသေးတယ်။
သတင်းအချက်အလက် စိစစ်အတည်ပြုရန် AI ကိရိယာများ
ရပ်ရွာခေါင်းဆောင်များအနေဖြင့် သတင်းအမှန်စိစစ်ခြင်းကို အထောက်အကူပြုသည့် AI နည်းပညာသုံး ကိရိယာအချို့နှင့် ရင်းနှီးကျွမ်းဝင်ထားသင့်ပါတယ်။
၁။ စာသားအခြေပြု AI စနစ်များ (ChatGPT, Gemini, Claude) – ယင်း AI ကိရိယာများသည် အောက်ပါအတိုင်း ကူညီပေးနိုင်ပါတယ် –
- မရင်းနှီးသော အကြောင်းအရာများကို ရှင်းပြပေးခြင်း။
- ရှည်လျားသော ဆောင်းပါးများကို အကျဉ်းချုပ်ပေးခြင်း။
- ကွဲပြားသော အယူအဆများကို နှိုင်းယှဉ်ပေးခြင်း။
- ဆက်လက်စုံစမ်းရန် ယုံကြည်ရသော ရင်းမြစ်များကို ညွှန်းဆိုပေးခြင်း။
- စိစစ်အတည်ပြုရာတွင် အထောက်အကူပြုမည့် မေးခွန်းများကို ဖန်တီးပေးခြင်း။
ဥပမာ – “ဒီ Facebook ပို့စ်က အမှန်ပဲလား” ဟု မေးမည့်အစား “ဒီပြောဆိုချက်ကို ထောက်ခံတဲ့ သို့မဟုတ် ဆန့်ကျင်တဲ့ သက်သေတွေက ဘာတွေလဲ။ စိစစ်ဖို့ ကူညီနိုင်မယ့် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေကို ဖော်ပြပေးပါ” ဟု မေးမြန်းပါ။ ဒါဟာ အထောက်အထားမရှိတဲ့ ကောက်ချက်ပေးတာထက် AI ကို စုံစမ်းစစ်ဆေးမှုမှာ ကူညီပေးအောင် တွန်းအားပေးတာ ဖြစ်ပါတယ်။
၂။ Google Fact Check Tools – Google သည် ကမ္ဘာတစ်ဝန်းရှိ ကျွမ်းကျင် သတင်းအမှန်စိစစ်ရေး အဖွဲ့အစည်းများမှ စိစစ်ထားသော ထုတ်ပြန်ချက်များကို ရှာဖွေနိုင်သည့် သီးသန့် ကိရိယာများကို ထောက်ပံ့ပေးထားပါတယ်။
ဒီကိရိယာတွေက အောက်ပါအတိုင်း လုပ်ဆောင်ပေးနိုင်ပါတယ် –
- ပြောဆိုချက်တစ်ခုကို အရင်က စုံစမ်းစစ်ဆေးထားခြင်း ရှိမရှိ ရှာဖွေနိုင်ခြင်း။
- အဖွဲ့အစည်းအများအပြား၏ စိစစ်ချက် အစီရင်ခံစာများကို နှိုင်းယှဉ်နိုင်ခြင်း။
- ထောက်ခံထားသည့် သက်သေများကို ပြန်လည်သုံးသပ်နိုင်ခြင်း။
ပျံ့နှံ့နေသော အချက်အလက်များကို မမျှဝေမီ Google Fact Check ကို အသုံးပြုခြင်းဖြင့် အချိန်ကုန်သက်သာစေပြီး သတင်းမှားပျံ့နှံ့မှုကို လျှော့ချနိုင်ပါတယ်။
၃။ Reverse Image Search – ဓာတ်ပုံများကို မကြာခဏပြန်လည်အသုံးပြုပြီး လမ်းလွဲရောက်စေရန် ပြုပြင်လေ့ရှိကြပါတယ်။ Google Images နှင့် Google Lens အပါအဝင် AI tools များသည် အောက်ပါတို့အတွက် ကူညီပေးပါတယ် –
- ဓာတ်ပုံတစ်ပုံ မူလစတင်ပေါ်ပေါက်ခဲ့သည့်နေရာကို ရှာဖွေခြင်း။
- ထိုဓာတ်ပုံ၏ မူလပုံစံအဟောင်းများကို ခွဲခြားဖော်ထုတ်ခြင်း။
- ဓာတ်ပုံကို လွဲမှားသော အကြောင်းအရာဖြင့် အသုံးပြုထားခြင်း ရှိ၊ မရှိ ဆုံးဖြတ်ခြင်း။
ဥပမာအားဖြင့် မကြာမီက ရေကြီးမှုဟု ဆိုထားသော ဓာတ်ပုံတစ်ပုံသည် လွန်ခဲ့သော နှစ်များစွာက အခြားနိုင်ငံတစ်ခုတွင် ဖြစ်ပွားခဲ့သည့် သဘာဝဘေးအန္တရာယ်မှ ပုံဖြစ်နေနိုင်ပါတယ်။
၄။ AI ပုံရိပ် စိစစ်ရေး ကိရိယာများ – AI အထောက်အကူပြု ကိရိယာအချို့သည် AI ဖြင့် ဖန်တီးထားခြင်း သို့မဟုတ် ပြုပြင်ထားခြင်း ရှိ၊မရှိ စစ်ဆေးရန် ဒီဂျစ်တယ်ပုံရိပ်များကို ဆန်းစစ်ပေးပါတယ်။ ဒီကိရိယာတွေက အောက်ပါ အချက်အလက်တွေကို စစ်ဆေးပါတယ် –
- ပုံရိပ်ဆိုင်ရာ နောက်ခံ ဒေတာများ (Metadata)
- Pixel အစက်အပြောက် မညီညာမှုများ
- ပြင်ဆင်ထားသည့် အရာဝတ္ထုများ
- AI ဖြင့် တုပဖန်တီးထားသည့် လက္ခဏာများ
အသုံးများပြီး လက်တွေ့အသုံးဝင်သော ကိရိယာများ
- Google Lens – ပုံကို အင်တာနက်ပေါ်ရှိ ဆင်တူပုံများနှင့် နှိုင်းယှဉ်ရှာဖွေပြီး မူရင်းရင်းမြစ်၊ ယခင်အသုံးပြုခဲ့သည့် အကြောင်းအရာနှင့် ပုံ၏အခြေအနေမှန်ကို စစ်ဆေးနိုင်ပါတယ်။
- Hive AI Detector – ပုံ၊ ဗီဒီယို သို့မဟုတ် အသံသည် AI ဖြင့် ဖန်တီးထားနိုင်ခြေရှိ၊ မရှိကို ဖြစ်နိုင်ခြေရလဒ်အဖြစ် ဖော်ပြပေးပါတယ်။
- FotoForensics – ပုံ၏ Metadata၊ JPEG ဖိသိပ်မှုကွာခြားချက်နှင့် ပြုပြင်ထားနိုင်သည့် နေရာများကို Error Level Analysis (ELA) နည်းဖြင့် စစ်ဆေးနိုင်ပါတယ်။
- Forensically – Metadata စစ်ဆေးခြင်း၊ တစ်နေရာမှတစ်နေရာသို့ ကူးယူထားသော ပုံအစိတ်အပိုင်းများ ရှာဖွေခြင်းနှင့် Pixel မညီညာမှုများ စစ်ဆေးခြင်းတို့အတွက် အသုံးပြုနိုင်ပါတယ်။
- Content Credentials Verify – ပုံနှင့်တွဲဖက်ထားသော Content Credentials ကို စစ်ဆေးပြီး ပုံကို မည်သူ သို့မဟုတ် မည်သည့်ကိရိယာက ဖန်တီးခဲ့သည်၊ မည်သို့ပြုပြင်ခဲ့သည်တို့ကို သိရှိနိုင်ပါတယ်။ သို့သော် ပုံတိုင်းတွင် Content Credentials ပါရှိမည်မဟုတ်ပါ။
လက်တွေ့စိစစ်ရန် အကြံပြုအဆင့်များ
- Google Lens ဖြင့် ပုံ၏မူရင်းနှင့် ဆင်တူပုံများကို အရင်ရှာပါ။
- FotoForensics သို့မဟုတ် Forensically ဖြင့် Metadata နှင့် ပြုပြင်ထားနိုင်သည့် အစိတ်အပိုင်းများကို စစ်ဆေးပါ။
- Hive AI Detector ဖြင့် AI ဖန်တီးထားနိုင်ခြေကို ထပ်မံစစ်ဆေးပါ။
- ရရှိလာသော ရလဒ်များကို ပုံထုတ်ဝေသူ၊ ရက်စွဲ၊ မူရင်းသတင်းရင်းမြစ်နှင့် တိုက်ဆိုင်စစ်ဆေးပါ။
စိစစ်သည့် နည်းပညာများ တိုးတက်နေသော်လည်း မည်သည့်ကိရိယာမှ ရာနှုန်းပြည့် မှန်ကန်မှုကို အာမမခံနိုင်ပါ။ ရလဒ်များကို အခြားစိစစ်ရေး နည်းလမ်းများနှင့်အတူ အမြဲမပြတ် ပူးတွဲသုံးသပ်သင့်ပါတယ်။
၅။ ယုံကြည်စိတ်ချရသော သတင်းနှင့် တရားဝင် စုဆောင်းမှုများ – AI tool များကို အောက်ပါ ယုံကြည်ရသော သတင်းအချက်အလက် ပံ့ပိုးသူများနှင့် အမြဲတမ်း ပူးတွဲအသုံးပြုသင့်ပါတယ် –
- အစိုးရဝဘ်ဆိုက်များ
- ပြည်သူ့ကျန်းမာရေး အေဂျင်စီများ
- နိုင်ငံတကာ အဖွဲ့အစည်းများ
- အမည်ရ သတင်းအဖွဲ့အစည်းများ
- ကျွမ်းကျင် သတင်းအမှန်စိစစ်ရေး အဖွဲ့အစည်းများ
ယုံကြည်ရသော အချက်အလက်များသည် သီးခြားစီဖြစ်သော သတင်းရင်းမြစ် အများအပြားတွင် ညီညွတ်စွာ ပေါ်ထွက်လာလေ့ ရှိပါတယ်။
၂.၂ AI နည်းပညာသုံး သတင်းမှန်/မှား စိစစ်ခြင်းဆိုင်ရာ အကောင်းဆုံးလုပ်ထုံးလုပ်နည်းများ
ရပ်ရွာခေါင်းဆောင်များသည် အွန်လိုင်းအချက်အလက်များကို စိစစ်သည့်အခါတိုင်း အောက်ပါနည်းလမ်းများကို ကျင့်သုံးသင့်ပါတယ်။
နည်းလမ်း ၁ – မမျှဝေမီ စိစစ်ပါ ရင်းနှီးသော မိတ်ဆွေများ သို့မဟုတ် အဖွဲ့ဝင်များထံမှ လာသော မက်ဆေ့ချ်များဖြစ်စေကာမူ အခြားသူများထံ မမျှဝေမီ ခေတ္တရပ်ဆိုင်းပါ။ မေးရမည့် မေးခွန်းများ –
- ဒါကို ဘယ်သူ ထုတ်ဝေတာလဲ။
- ဒါ ဘယ်ကနေ စတင်ဖြစ်ပေါ်လာတာလဲ။
- ဒါကို အခြားသူတစ်ဦးဦးက သီးခြား စိစစ်ပြီးပြီလား။
နည်းလမ်း ၂ – သတင်းရင်းမြစ် အများအပြားကို တိုက်ဆိုင်စစ်ဆေးပါ ဝဘ်ဆိုက်တစ်ခုတည်း သို့မဟုတ် AI ၏ အကြောင်းပြန်ချက်တစ်ခုတည်းအပေါ် လုံးဝ မမှီခိုပါနဲ့။ အောက်ပါတို့ကို နှိုင်းယှဉ်ပါ –
- တရားဝင် ထုတ်ပြန်ချက်များ
- အမည်ရ သတင်းအစီရင်ခံစာများ
- လွတ်လပ်သော သတင်းစိစစ်ချက်များ
- AI ဖြင့် အကျဉ်းချုပ်ထားချက်များ
စိတ်ချရသော သတင်းရင်းမြစ်အများအပြား၏ သဘောတူညီချက်များသည် အချက်အလက်များအပေါ် ယုံကြည်မှုကို မြှင့်တင်ပေးပါတယ်။
နည်းလမ်း ၃ – လူကြိုက်များမှုကို မကြည့်ဘဲ အထောက်အထားကို အကဲဖြတ်ပါ မျှဝေသူ သို့မဟုတ် သဘော ကျသူ ထောင်ပေါင်းများစွာရှိနေခြင်းသည် မှန်ကန်မှုကို အာမမခံနိုင်ပါ။ ယင်းအစား အောက်ပါတို့ကို အကဲဖြတ်ပါ
- မူရင်း အထောက်အထားများ
- ယုံကြည်ရသော ကိုးကားချက်များ
- ကျွမ်းကျင်သူများ၏ အယူအဆများ
- တရားဝင် စာရွက်စာတမ်းများ
နည်းလမ်း ၄ – အကြောင်းအရာ ဆက်စပ်မှုကို ထည့်သွင်းစဉ်းစားပါ အချက်အလက် အမှန်ဖြစ်လင့်ကစား အကြောင်းအရာ အဓိပ္ပာယ်မပါဘဲ ဖော်ပြပါက လမ်းလွဲရောက်သွားနိုင်ပါတယ်။ မေးရမည့် မေးခွန်းများ –
- ဒါကို ဘယ်တုန်းက ထုတ်ဝေခဲ့တာလဲ။
- ဒါ ဘယ်မှာ ဖြစ်ပျက်ခဲ့တာလဲ။
- အခြေအနေတွေ ပြောင်းလဲသွားပြီလား။
- အရေးကြီးတဲ့ အချက်အလက်တွေ ပျောက်ဆုံးနေသလား။
နည်းလမ်း ၅ – AI ကို တာဝန်သိစွာ သုံးစွဲပါ AI သည် ဝေဖန်ပိုင်းခြားတွေးခေါ်မှုကို အထောက်အကူ ပြုရမည်ဖြစ်ပြီး အစားထိုးခြင်း မဟုတ်ပါ။ ရပ်ရွာခေါင်းဆောင်များ မှတ်သားရန် –
- AI သည် မှားယွင်းသော အဖြေများကို ထုတ်ပေးနိုင်ပါတယ်
- AI ၏ အကြောင်းပြန်ချက်များသည် သုံးစွဲသူ မေးမြန်းသည့်မေးခွန်း၏ အရည်အသွေးအပေါ် မူတည်ပါတယ်။
- လက်ရှိ သတင်းရင်းမြစ်များနှင့် ချိတ်ဆက်မထားပါက AI သည် နောက်ဆုံးရ ဖြစ်ပေါ်တိုးတက်မှုများကို ရရှိနိုင်မည် မဟုတ်ပါ။
အရေးကြီးသော ဆုံးဖြတ်ချက်များကို စိတ်ချရသော အထောက်အထားများဖြင့် အမြဲမပြတ် ထောက်ပံ့ထားရပါမည်။
References
- BBC. (2024). How to spot AI images on social media. https://www.bbc.com
- Built In. (2024). How to fight AI-generated fake news—with AI. https://builtin.com
- Coursera. (2024). Fake news detection with machine learning. https://www.coursera.org
- Founderz. (2024). Detecting fake news with AI. https://founderz.com
- Google. (n.d.). Google Fact Check Tools. https://toolbox.google.com/factcheck
- Jiawei Zhou. (2024). Synthetic lies: Understanding AI-generated misinformation and evaluating algorithmic and human solutions. arXiv.
- Meta. (2024). Here’s how we’re using AI to help detect misinformation. https://about.fb.com
- MIT Media Lab. (2024). Detect DeepFakes: How to counteract misinformation created by AI. https://www.media.mit.edu