Responsible Use of AI

၁။ Responsible Vs Ethical AI

အဖွဲ့အစည်းတစ်ခုမှာ စနစ်ကောင်းတစ်ခုတည်ဆောက်ဖို့ ကျင့်ဝတ်ဆိုင်ရာ လမ်းညွှန်ချက် (Ethical AI) နဲ့ တာ ဝန်ယူမှုရှိတဲ့ လက်တွေ့အကောင်အထည်ဖော်မှု (Responsible AI) အကြား ကွဲပြားမှုကို နားလည်ရပါမယ်။

  • Ethical AI (ကျင့်ဝတ်ဆိုင်ရာ AI): တရားမျှတမှု၊ ညီမျှမှုနဲ့ ပွင့်လင်းမြင်သာမှု စတဲ့ ကောင်းမွန်တဲ့ စံနှုန်းတွေကို သတ်မှတ်ပေးတာ ဖြစ်ပါတယ်။
  • Responsible AI (တာဝန်ယူမှုရှိတဲ့ AI): အဲ့ဒီကျင့်ဝတ်တွေကို နေ့စဉ်ဆုံးဖြတ်ချက်တွေ၊ ပေါ်လစီတွေ၊ လုံခြုံရေးလုပ်ထုံးလုပ်နည်းတွေနဲ့ လက်တွေ့ရလဒ်တွေအဖြစ် ပြောင်းလဲကျင့်သုံးတဲ့ လုပ်ဆောင်ချက် ဖြစ်ပါတယ်။

၂။ Algorithmic Bias (AI ရဲ့ ဘက်လိုက်မှု)

AI စနစ်တွေဟာ လူတွေ စုဆောင်းဖန်တီးထားတဲ့ Data တွေကို အခြေခံပြီး သင်ယူကြတာဖြစ်ပါတယ်။ ဒါကြောင့် AI ကို လေ့ကျင့်ပေးထားတဲ့ Training Data ထဲမှာ ဘက်လိုက်မှု (Bias) တွေ ပါဝင်နေမယ်ဆိုရင် AI က ထုတ်ပေးတဲ့ ရလဒ်တွေနဲ့ ဆုံးဖြတ်ချက်တွေမှာလည်း အဲဒီဘက်လိုက်မှုတွေ ပါလာနိုင်ပါတယ်။

ဥပမာအားဖြင့် လူမှုအသိုင်းအဝိုင်းအတွက် အကူအညီပေးမယ့်သူတွေကို AI နဲ့ ရွေးချယ်တဲ့အခါ အကူအညီ အမှန်တကယ်လိုအပ်နေသူတချို့ကို မှားယွင်းစွာ ခွဲခြားမိတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် အမျိုးသမီးနဲ့ အမျိုးသားတွေကို မတူညီတဲ့ပုံစံနဲ့ အကဲဖြတ်တာ၊ လူမျိုး၊ ဘာသာ၊ အသက်အရွယ် စတဲ့ အချက်တွေအပေါ် အခြေခံပြီး မမျှတတဲ့ရလဒ်တွေ ထွက်လာတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

ဒါကြောင့် AI ကို အသုံးပြုတဲ့အခါ “AI က ထုတ်ပေးတာဆိုတော့ မှန်မှာပဲ” လို့ မယူဆဘဲ အသုံးပြုထားတဲ့ Data တွေက အရည်အသွေးကောင်းမွန်ရဲ့လား၊ သက်ဆိုင်သူအားလုံးကို မျှမျှတတ ကိုယ်စားပြုနိုင်ရဲ့လား (Representativeness) ဆိုတာကို သတိထားစစ်ဆေးဖို့ လိုအပ်ပါတယ်။

၃။ Misinformation နှင့် Hallucination

Generative AI က အဖြေတွေကို မြန်မြန်ဆန်ဆန် ဖန်တီးပေးနိုင်ပေမယ့် သူပေးတဲ့အချက်အလက်တိုင်း မှန်ကန် တယ်လို့တော့ ယူဆလို့မရပါဘူး။ တစ်ခါတလေ AI က မမှန်ကန်တဲ့ အချက်အလက်တစ်ခုကို အမှန်တကယ်ဖြစ်နေသလို ယုံကြည်စရာကောင်းအောင် ရေးသားတင်ပြတာမျိုး ရှိနိုင်ပါတယ်။ ဒါကို AI Hallucination လို့ ခေါ်ပါတယ်။

ဥပမာအားဖြင့် တကယ်မရှိတဲ့ကိုးကားချက်တွေကို ဖန်တီးပေးတာ၊ ဥပဒေအချက်အလက်တွေကို မှားယွင်း ဖော်ပြတာ၊ တကယ်မရှိတဲ့ သုတေသနစာတမ်းတွေကို ရှိသလို ပြောတာ၊ စာရင်းအင်းအချက်အလက်တွေကို မှားယွင်းဖော်ပြတာမျိုး ဖြစ်နိုင်ပါတယ်။

ဒါကြောင့် AI က ပေးတဲ့အဖြေတွေကို တိုက်ရိုက်ယုံကြည်ပြီး အသုံးမပြုဘဲ ယုံကြည်စိတ်ချရတဲ့မူရင်း ရင်းမြစ် တွေ၊ တရားဝင်ဝက်ဘ်ဆိုက်တွေနဲ့ ပြန်လည်တိုက်ဆိုင်စစ်ဆေးပြီးမှ အသုံးပြုသင့်ပါတယ်။

၄။ Cybersecurity Risks

AI Tools တွေကို အသုံးပြုတဲ့အခါ အချက်အလက်မှန်ကန်မှုနဲ့ Privacy ကိုပဲ သတိထားရတာ မဟုတ်ပါဘူး။ Cybersecurity နဲ့ဆိုင်တဲ့ လုံခြုံရေးအန္တရာယ်တွေကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။

ဥပမာအားဖြင့် AI ကို မသင့်လျော်တဲ့ညွှန်ကြားချက်တွေပေးပြီး လုပ်ဆောင်ချက်ပြောင်းလဲအောင် ကြိုးစားတဲ့ Prompt Injection၊ AI လေ့ကျင့်ရာမှာ အသုံးပြုတဲ့ Data တွေကို ရည်ရွယ်ချက်ရှိရှိ မှားယွင်းအောင် ပြုလုပ်တဲ့ Data Poisoning၊ AI Model ရဲ့လုပ်ဆောင်ပုံကို မသင့်လျော်စွာ ပြောင်းလဲဖို့ ကြိုးစားတဲ့ Model Manipulation နဲ့ ခွင့်ပြုချက်မရှိဘဲ စနစ်ထဲ ဝင်ရောက်အသုံးပြုတဲ့ Unauthorized Access စတဲ့ အန္တရာယ်တွေ ရှိနိုင်ပါတယ်။

ဒါကြောင့် AI Security ဟာ နည်းပညာပိုင်းဆိုင်ရာအဖွဲ့တွေပဲ သိထားရမယ့်အကြောင်းအရာ မဟုတ်ဘဲ AI ကို တာဝန်ယူမှုရှိရှိ အသုံးပြုဖို့အတွက် အရေးကြီးတဲ့ Responsible AI အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။

၅။ ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများ

AI အသုံးပြုမှုတွေ ပိုများလာတာနဲ့အမျှ AI ကို ဘယ်လိုတာဝန်ယူမှုရှိရှိ အသုံးပြုသင့်လဲဆိုတာနဲ့ ပတ်သက်ပြီး နိုင်ငံတကာမှာ ဥပဒေတွေ၊ မူဝါဒတွေနဲ့ လမ်းညွှန်ချက်တွေကို ပိုမိုချမှတ်လာကြပါတယ်။

ဥပမာ European Union ရဲ့ AI Act နဲ့ GDPR တို့လို ဥပဒေတွေရှိသလို UNESCO Recommendation on the Ethics of Artificial Intelligence နဲ့ OECD AI Principles တို့လို နိုင်ငံတကာလမ်းညွှန်မူတွေကလည်း AI ကို လူ့အခွင့်အရေး၊ လုံခြုံရေး၊ တရားမျှတမှုနဲ့ တာဝန်ယူမှုတို့ကို ထည့်သွင်းစဉ်းစားပြီး အသုံးပြုဖို့ အလေးထား ထားပါတယ်။

ဒါကြောင့် လူမှုအခြေပြုအဖွဲ့အစည်းတွေအနေနဲ့ “AI Tool ကို အသုံးပြုလို့ရတယ်” ဆိုတာတစ်ခုတည်းကိုပဲ မကြည့်ဘဲ ကိုယ့်အဖွဲ့အစည်းရဲ့မူဝါဒတွေ၊ သက်ဆိုင်ရာနိုင်ငံရဲ့ Data Protection ဆိုင်ရာဥပဒေနဲ့ စည်းမျဉ်းတွေ ကို လိုက်နာပြီး တာဝန်ယူမှုရှိရှိ အသုံးပြုဖို့ လိုအပ်ပါတယ်။

၆။ Responsible AI ၏ အဓိကအခြေခံမူများ

၆.၁။ မျှတမှုရှိခြင်း (Fairness)

AI စနစ်တွေကို ကျန်းမာရေးစောင့်ရှောက်မှု၊ ဝန်ထမ်းခေါ်ယူမှုနဲ့ ဘဏ္ဍာရေးဝန်ဆောင်မှု စတဲ့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေမှာ အများဆုံးသုံးလာကြပါတယ်။ ဒါကြောင့် AI ဟာ လူတစ်ဦးချင်းစီ ဒါမှမဟုတ် အဖွဲ့ အစည်းတွေကို တန်းတူရည်တူဆက်ဆံရမှာဖြစ်ပြီး မမျှတတဲ့အခွင့်အရေးပေးတာမျိုး ဒါမှမဟုတ် နစ်နာစေတာ မျိုးတွေကို ရှောင်ကြဉ်ရပါမယ်။

  • လူမျိုးစုအားလုံး မျှမျှတတပါဝင်နိုင်စေဖို့ စုံလင်ကွဲပြားတဲ့ datasets တွေနဲ့ AI ကို လေ့ကျင့်ပေးပါ။
  • Data နဲ့ algorithm တွေမှာ ဖြစ်တတ်တဲ့ဘက်လိုက်မှုတွေကို Fairness နည်းပညာတွေ သုံးပြီး ရှာဖွေလျှော့ချပါ။
  • AI ရဲ့ ဆုံးဖြတ်ချက်တွေဟာ အမြဲတမ်း တသမတ်တည်းရှိပြီး မျှတမှုရှိစေဖို့ ပုံမှန်စောင့်ကြည့် စစ်ဆေးပါ။

၆.၂။ ပွင့်လင်းမြင်သာမှုရှိခြင်း (Transparency)

ပွင့်လင်းမြင်သာမှု ဆိုတာကတော့ AI စနစ်တွေ ဘယ်လိုအလုပ်လုပ်လဲ၊ ဘယ်လိုဆုံးဖြတ်ချက်ချလဲဆိုတာကို လူတွေ နားလည်လွယ်ပြီး ပွင့်လင်းမှုရှိနေတာကို ပြောတာပါ။ AI ရဲ့ လုပ်ဆောင်ပုံကို ရှင်းရှင်းလင်းလင်း မြင်ရတဲ့အခါ လူတွေက ရလဒ်အပေါ် ပိုမိုယုံကြည်လာကြပြီး ဖြစ်လာနိုင်တဲ့ပြဿနာတွေကိုလည်း ကြိုတင် ဖော်ထုတ်နိုင်မှာ ဖြစ်ပါတယ်။

  • ချေးငွေလျှောက်ထားခြင်း၊ ဝန်ထမ်းခေါ်ယူခြင်း သို့မဟုတ် ကျန်းမာရေးစောင့်ရှောက်မှု စတဲ့အရေး ကြီးတဲ့ နယ်ပယ်တွေမှာ AI ရဲ့ ဆုံးဖြတ်ချက်တွေကို ရှင်းလင်းပြတ်သားစွာ ရှင်းပြပေးရပါမယ်။
  • အသုံးပြုသူအားလုံးအတွက် models တွေကို နားလည်ရလွယ်ကူစေပြီး မှတ်တမ်းမှတ်ရာ (Documentation) သေချာထားရှိရပါမယ်။
  • ပွင့်လင်းမြင်သာမှုရှိခြင်းက အမှားအယွင်းတွေ၊ ဘက်လိုက်မှုတွေကို ရှာဖွေရလွယ်ကူစေပြီး AI ကို တာဝန်ယူမှုရှိရှိ အသုံးပြုနိုင်အောင် ကူညီပေးပါတယ်။

၆.၃။ တာဝန်ခံမှုရှိခြင်း (Accountability)

AI မှာ တာဝန်ခံမှုရှိခြင်း ဆိုတာကတော့ AI စနစ်တွေကို ဘယ်လိုပုံစံထုတ်၊ အသုံးချပြီး သုံးစွဲနေလဲဆိုတဲ့အပေါ်မှာ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ developer တွေမှာ တာဝန်ရှိတာကို ဆိုလိုပါတယ်။ AI က ဆုံးဖြတ်ချက်တွေကို အလိုအလျောက်ချပေးနိုင်တယ်ဆိုပေမယ့် ထွက်လာတဲ့ ရလဒ်တွေကို စောင့်ကြည့်ဖို့နဲ့ ပြဿနာတွေကို ဖြေရှင်း ဖို့အတွက် လူသားတွေမှာပဲ တာဝန်ရှိနေဆဲ ဖြစ်ပါတယ်။

  • AI ကို ကျင့်ဝတ်နဲ့အညီ တာဝန်ယူမှုရှိရှိသုံးစွဲနိုင်ဖို့ ကဏ္ဍအလိုက် တာဝန်တွေကို သေချာသတ်မှတ်ပါ။
  • အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေမှာ လူသားတွေရဲ့ ကြီးကြပ်ကွပ်ကဲမှုကို ဆက်လက်ထိန်းသိမ်းထားပါ။
  • AI စနစ်တွေအတွက် စောင့်ကြည့်စစ်ဆေးခြင်း၊ မှတ်တမ်းတင်ခြင်းနဲ့ စီမံအုပ်ချုပ်မှုမူဝါဒတွေကို ဖော် ဆောင်ပါ။

၆.၄။ ပုဂ္ဂိုလ်ရေးလုံခြုံမှုနှင့် လုံခြုံရေး (Privacy and Security)

AI စနစ်တွေဟာ အချက်အလက် (Data) တွေအပေါ် အများကြီးအမှီပြုပြီး ပုံစံတွေကို လေ့လာကာ ဆုံးဖြတ်ချက်ချတာ ဖြစ်လို့ မိမိတို့ရဲ့ ကိုယ်ရေးကိုယ်တာနဲ့ အရေးကြီးတဲ့ အချက်အလက်တွေကို ကာကွယ်ဖို့က အလွန်အရေးကြီးပါတယ်။ ပုဂ္ဂိုလ်ရေးလုံခြုံမှုနဲ့ လုံခြုံရေးကဏ္ဍက AI သုံးထားတဲ့ data တွေကို ဘေးကင်းပြီး တာဝန်ယူမှုရှိတဲ့ နည်းလမ်းတွေနဲ့ စုဆောင်း၊ သိမ်းဆည်း၊ စီမံထားကြောင်း သေချာစေပါတယ်။

  • ကိုယ်ရေးကိုယ်တာ data တွေအပေါ် AI ရဲ့အသုံးပြုမှုကို ကန့်သတ်ပြီး ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ကြည့်ရှုတာတွေကို တားဆီးပါ။
  • Data တွေကို ပွင့်လင်းမြင်သာစွာ ကိုင်တွယ်နိုင်ဖို့ Privacy ဆိုင်ရာ ဥပဒေစည်းမျဉ်းတွေကို လိုက်နာပါ။
  • Data တွေနဲ့ AI models တွေကို ကာကွယ်ဖို့ ခိုင်မာတဲ့ လုံခြုံရေးအစီအမံတွေကို အသုံးပြုပါ။

၆.၅။ စိတ်ချရမှုရှိခြင်း (Reliability)

AI မှာ စိတ်ချရမှုရှိခြင်း ဆိုတာကတော့ စနစ်တွေဟာ မျှော်လင့်ထားတဲ့အတိုင်း အမြဲတမ်း တသမတ်တည်း အလုပ်လုပ်ပြီး အခြေအနေအမျိုးမျိုးမှာ တိကျတဲ့ရလဒ်တွေ ထွက်ပေါ်လာတာကို ဆိုလိုပါတယ်။ AI ကို ကျန်းမာရေး၊ ဘဏ္ဍာရေးနဲ့ သယ်ယူပို့ဆောင်ရေး စတဲ့ အရေးကြီးတဲ့ကဏ္ဍတွေမှာ အသုံးပြုတာမို့လို့ ဘေးကင်း စိတ်ချရဖို့ လိုအပ်သလို မမျှော်လင့်ထားတဲ့အခြေအနေတွေကိုလည်း အန္တရာယ်မဖြစ်စေဘဲ ကိုင်တွယ်ဖြေရှင်း နိုင်ရပါမယ်။

  • တိကျပြီး တသမတ်တည်းဖြစ်တဲ့ရလဒ်တွေရဖို့ AI ကို သေချာစမ်းသပ်စစ်ဆေး (Test and validate) ပါ။
  • စနစ်ရဲ့ စွမ်းဆောင်ရည်ကို စောင့်ကြည့်ပြီး ဖြစ်လာနိုင်တဲ့ အမှားအယွင်းတွေကို ရှာဖွေနိုင်ဖို့ Error တွေကို အမြဲခွဲခြမ်းစိတ်ဖြာပါ။
  • AI ကို ဘေးကင်း၊ တည်ငြိမ်ပြီး ကြံ့ကြံ့ခံနိုင်တဲ့ လုပ်ဆောင်ချက်တွေ ဖြစ်စေဖို့ ပုံစံထုတ်ပါ။

၆.၆။ ကျင့်ဝတ်နှင့်ညီသော အသုံးချနိုင်မှု (Ethical Usability)

ဒီအချက်ကတော့ အသုံးပြုရလွယ်ကူပြီး လူတိုင်းအကျုံးဝင်ကာ အကျိုးရှိစေမယ့် AI စနစ်တွေကို ပုံစံထုတ် ဖို့အပေါ် အလေးပေးထားတာပါ။ AI ကို လူ့အခွင့်အရေးတွေကို လေးစားပြီး အသုံးပြုသူတွေရဲ့ လိုအပ် ချက်တွေကို ပံ့ပိုးပေးနိုင်အောင် တည်ဆောက်ရမှာဖြစ်သလို၊ နောက်ခံသမိုင်းကြောင်းနဲ့ နည်းပညာ ဗဟုသုတအ ဆင့်အတန်းမတူညီတဲ့လူတွေအားလုံးအတွက် အထောက်အကူဖြစ်စေပြီး အလွယ်တကူ လက်လှမ်းမီနိုင်စေရ ပါမယ်။

  • AI ကို အဆင့်အတန်းအားလုံးက သုံးရလွယ်ကူပြီး အဆင်ပြေစေမယ့်ပုံစံမျိုး ထုတ်လုပ်ပါ။
  • အသုံးပြုသူတွေအနေနဲ့ AI ရဲ့အဖြေတွေကို နားလည်နိုင်ဖို့ ရှင်းလင်းပြတ်သားတဲ့ ဆက်သွယ်ပြောဆို မှုတွေကို သေချာအောင်လုပ်ပါ။
  • အသုံးပြုသူတွေရဲ့လွတ်လပ်စွာဆုံးဖြတ်ပိုင်ခွင့်ကို လေးစားပြီး လူသားတွေရဲ့ဆုံးဖြတ်ချက်ချမှုကို ပံ့ပိုး ပေးပါ။

၇။ ChatGPT နှင့် တာဝန်ယူမှုရှိသော AI (Understanding Responsible AI with ChatGPT)

ChatGPT ကို သုံးတဲ့အခါ သူဟာ ခိုင်မာတဲ့သတင်းအချက်အလက်အရင်းအမြစ်မဟုတ်ဘဲ အကြမ်းဖျင်းစာမူ ရေးသားရာမှာ ကူညီပေးတဲ့ကိရိယာတစ်ခု ဖြစ်တယ်ဆိုတာ သတိပြုရပါမယ်။ လူထုရဲ့ ကိုယ်ရေးအချက်အလက် (PII)၊ အလှူရှင်တွေရဲ့ငွေကြေးမှတ်တမ်းတွေ ဒါမှမဟုတ် လျှို့ဝှက်စာချုပ်တွေကို အများသုံး AI ထဲ ထည့်သွင်းမိရင် အချက်အလက်ပေါက်ကြားမှုတွေ ဖြစ်နိုင်ပြီး ဥပဒေချိုးဖောက်ရာ ရောက်ပါတယ်။ AI ထံကနေ ကောင်းမွန်တဲ့ ရလဒ်ရဖို့ဆိုရင် ကိုယ်ရေးအချက်အလက်တွေကို ဖယ်ထုတ်ပြီး အဖွဲ့အစည်းရဲ့ ရည်မှန်းချက်၊ လိုချင်တဲ့စာသားပုံစံနဲ့ ကန့်သတ်ချက်တွေကို သတ်မှတ်ပေးရပါမယ်။ AI ပေးတဲ့ ရလဒ်တွေကိုလည်း လူသားကိုယ်တိုင် သေချာစိစစ်ရပါမယ်။

ChatGPT ကို မောင်းနှင်ပေးထားတဲ့ Large Language Models (LLMs) တွေကို လူတွေ အများပြည်သူ လေ့လာနိုင်အောင် ချပြထားတဲ့ စာသားတွေ၊ အချက်အလက် (Data) မြောက်မြားစွာနဲ့ လေ့ကျင့်ပေးထားတာပါ။ ရည်ရွယ်ချက်ကတော့ လူသားတွေ ပြောဆိုရေးသားတဲ့ ဘာသာစကားအတိုင်း အနီးစပ်ဆုံး ခန့်မှန်းပြီး ပြန်လည်ထုတ်လုပ်ပေးနိုင်ဖို့ ဖြစ်ပါတယ်။

ဒီလို စွမ်းဆောင်နိုင်မှုကြောင့်ပဲ ChatGPT ဟာ စာမူကြမ်းရေးတာ၊ စာချုပ်စာတမ်းတွေ အနှစ်ချုပ်တာ၊ စိတ်ကူးသစ်တွေ ထုတ်ဖော်တာ (Brainstorming) နဲ့ မေးခွန်းတွေကို အဖြေရှာပေးတာ စတဲ့ အလုပ်တွေကို ကူညီပေးနိုင်ပြီး လူတွေရဲ့လုပ်ငန်းစွမ်းဆောင်ရည်နဲ့ ဖန်တီးနိုင်စွမ်းကို ပိုမိုမြှင့်တင်ပေးနိုင်တာ ဖြစ်ပါတယ်။

ဒီနည်းပညာက တဖြည်းဖြည်းနဲ့ ပိုမိုတိုးတက်ပြောင်းလဲလာတာမို့လို့ AI ကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိရှိ အသုံးပြုဖို့က အလွန်အရေးကြီးပါတယ်။ ဒီ Models တွေဟာ တစ်ခါတရံ pattern တွေအပေါ် မူတည်ပြီး တွက်ချက်တာမို့ သေချာဂရုမစိုက်ဘဲ အသုံးပြုရင် မှားယွင်းတဲ့ အချက်အလက်တွေ ထွက်လာတာမျိုး ဒါမှမဟုတ် လွဲမှားစွာ အသုံးပြုမိတာမျိုး ဖြစ်နိုင်ပါတယ်။ အခုဖော်ပြပေးမယ့် အချက်တွေကတော့ ChatGPT ကို အသုံးပြုတဲ့အခါ အကောင်းဆုံးနဲ့ အထိရောက်ဆုံး ဖြစ်စေဖို့ လိုက်နာရမယ့် လမ်းညွှန်ချက်တွေပဲ ဖြစ်ပါတယ်။

လိုက်နာရမယ့် အကောင်းဆုံး လုပ်ဆောင်ချက်များ (Best Practices)

၁။ အရေးကြီးသော အလုပ်များတွင် လူသားကိုယ်တိုင် ပါဝင်စစ်ဆေးပါ (Human in the loop)

ChatGPT က ပေးတဲ့အဖြေတွေဟာ တိကျမှုမရှိတာ ဒါမှမဟုတ် ခေတ်နောက်ကျနေတာမျိုး ဖြစ်နိုင် ပါတယ်။ ဘာလို့လဲဆိုတော့ သူဟာ လေ့ကျင့်ပေးထားတဲ့ အချက်အလက်တွေထဲက ပုံစံ (Patterns) တွေအပေါ် မူတည်ပြီး အဖြေထုတ်ပေးတာ ဖြစ်လို့ လက်ရှိ နောက်ဆုံးရ သတင်းအချက်အလက်တွေကို ထင်ဟပ်ရုံမျှမကဘဲ အမှားအယွင်းတွေ ပါဝင်နေတတ်ပါတယ်။ ဒါကြောင့် အရေးကြီးတဲ့ အချက်အလက်တွေကို ယုံကြည်စိတ်ချရတဲ့ ရင်းမြစ်တွေနဲ့ အမြဲတမ်း ထပ်ဆင့်စစ်ဆေးပါ။ အဖြေတစ်ခုခု မှားယွင်းနေရင်လည်း Thumbs-down ခလုတ်ကို နှိပ်ပြီး အမှားကို အကြောင်းကြားပေးနိုင်ပါတယ်။

၂။ ဘက်လိုက်မှုနှင့် အမြင်စောင်းမှုများကို သတိပြုပါ

AI Models တွေဟာ ဘက်လိုက်မှု (Bias) တွေကနေ ရာနှုန်းပြည့် ကင်းလွတ်နေမှာ မဟုတ်ပါဘူး။ ဒါကြောင့် AI က ထုတ်ပေးတဲ့ အဖြေတွေကို သေချာဖတ်ရှုပြီး လိုအပ်ရင် ဝေဖန်ပိုင်းခြားစိတ်နဲ့ သုံးသပ်ဖို့ လိုပါတယ်။

၃။ ဥပဒေ၊ ဆေးပညာနှင့် ဘဏ္ဍာရေးဆိုင်ရာ အကြံဉာဏ်များအတွက် ကျွမ်းကျင်သူများနှင့် တိုင်ပင်ပါ

ChatGPT ဟာ လိုင်စင်ရ ကျွမ်းကျင်ပညာရှင် မဟုတ်ပါဘူး။ သူက အချက်အလက်တွေထဲက ပုံစံတွေကို ကြည့်ပြီး နှိုင်းယှဉ်အဖြေပေးတဲ့ Conversational AI တစ်ခုသာ ဖြစ်လို့ ကျွမ်းကျင်ပညာရှင်တွေရဲ့ လမ်းညွှန်မှုကို အစားမထိုးနိုင်ပါဘူး။ ဆိုလိုတာက ChatGPT ရဲ့ အကြံပြုချက်ဟာ သင့်ရဲ့ လက်ရှိအခြေအနေနဲ့ အမြဲတမ်း ကိုက်ညီနေမှာ မဟုတ်ပါဘူး။ ကျန်းမာရေး၊ ဥပဒေ ဒါမှမဟုတ် ငွေကြေးဆိုင်ရာ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချတော့မယ်ဆိုရင် အသုံးမပြုခင် သက်ဆိုင်ရာ ကျွမ်းကျင်သူ အကြံပေးတွေနဲ့ အမြဲတမ်း တိုင်ပင်ဆွေးနွေးပါ သို့မဟုတ် မိမိအဖွဲ့အစည်းရဲ့ မူဝါဒအတိုင်းသာ ဆောင်ရွက်ပါ။

၄။ တခြားသူ၏ အသံ သို့မဟုတ် အချက်အလက်များကို မမျှဝေမီ ခွင့်ပြုချက်တောင်းပါ

Record mode နဲ့ အလားတူ လုပ်ဆောင်ချက်တွေဟာ တစ်ကိုယ်ရေ အချက်အလက် (Personal Information) တွေကို မှတ်တမ်းတင်ယူသွားနိုင်ပါတယ်။ ဒါကြောင့် ဒီလို အသံသွင်းတာ၊ မှတ်တမ်းတင်တာတွေ မလုပ်ခင် ပါဝင်သူအားလုံးရဲ့ သဘောတူညီချက်ကို ရယူပါ၊ လုပ်ငန်းခွင်ရဲ့ မူဝါဒတွေကိုလည်း လိုက်နာပါ။

၅။ အကြံပြုချက်ပေးခြင်းနှင့် မူဝါဒချိုးဖောက်မှုများကို တိုင်ကြားခြင်း

ဘေးကင်းလုံခြုံမှုမရှိတဲ့ အဖြေတွေ ဒါမှမဟုတ် မှားယွင်းတဲ့ အဖြေတွေကို တွေ့ရင် Thumbs-down ခလုတ် သို့မဟုတ် Report flow ကို သုံးပြီး အကြောင်းကြားပေးပါ။ သင်ပေးတဲ့ အကြံပြုချက်တွေက လူတိုင်းအတွက် AI ကို ပိုမိုဘေးကင်းလာအောင် ကူညီပေးရာ ရောက်ပါတယ်။

နောက်ဆုံးရ အချက်အလက်များအတွက် နည်းလမ်းကောင်းများ

နောက်ဆုံးရ အဖြေများကို ရရှိရန် Search သို့မဟုတ် Deep Research ကို အသုံးပြုပါ လတ်တလော အခြေအနေတွေ၊ နောက်ဆုံးရသတင်းတွေ သိဖို့ လိုအပ်တဲ့အခါ Search သို့မဟုတ် Deep Research စနစ်ကို ဖွင့်ပြီး အသုံးပြုပါ။ ဒါမှ ChatGPT က လက်ရှိ အင်တာနက်ပေါ်က ရင်းမြစ်တွေဆီကနေ အချက်အလက်တွေကို ရှာဖွေပေးနိုင်မှာ ဖြစ်ပါတယ်။ AI ရဲ့ အဖြေကို အပြည့်အဝ မယုံကြည်ခင်မှာ သူပေးထားတဲ့ ကိုးကားချက် (Citations) တွေကို စစ်ဆေးတာ၊ Links တွေကို နှိပ်ပြီး ဖတ်ရှုတာနဲ့ အသေးစိတ် အချက်အလက်တွေကို ကိုယ်တိုင် ထပ်ဆင့်စစ်ဆေးတာမျိုးကို အမြဲလုပ်ဆောင်ပါ။

၈။ Gemini ကို အသုံးပြု၍ တစ်ဖက်သတ်ဘက်လိုက်မှုများကို ရှာဖွေခြင်း (Identifying Bias in AI Responses Using Gemini)

AI စနစ်တွေမှာ တွေ့ရတဲ့ဘက်လိုက်မှု (Bias) တွေဟာ သူတို့ကို လေ့ကျင့်ပေးထားတဲ့စာအုပ်တွေ၊ ဝဘ်ဆိုက် တွေကနေ ပါလာတဲ့ လူမှုရေး မညီမျှမှုတွေ ဖြစ်ပါတယ်။ အဓိကတွေ့ရတဲ့ ဘက်လိုက်မှု ပုံစံတွေကတော့ –

  • ဘာသာစကားနှင့် ယဉ်ကျေးမှုဆိုင်ရာဘက်လိုက်မှု: အနောက်နိုင်ငံအမြင်တွေကိုပဲ အလေးသာပြီး အခြား ကွဲပြားတဲ့ ယဉ်ကျေးမှုတွေကို လျစ်လျူရှုမိတတ်တာ။
  • လူဦးရေဆိုင်ရာ ဘက်လိုက်မှု: လူမျိုး၊ ကျား/မ ခွဲခြားမှုတွေ ပါဝင်လာတာ (ဥပမာ – ဆရာဝန်ဆိုရင် အမျိုးသား၊ သူနာပြုဆိုရင် အမျိုးသမီးလို့ AI က ပုံသေ မှတ်ယူတတ်တာမျိုး)။
  • အလိုက်သင့်ပြောဆိုမှု (Confirmation Bias): AI ဟာ အသုံးပြုသူ သဘောကျမယ့် လေသံအတိုင်း လိုက်ပြောတတ်တာကြောင့် အဖွဲ့အစည်းရဲ့ မှားယွင်းတဲ့ယူဆချက်တွေကို ပိုပြီး ခိုင်မာသွားစေတတ် ပါတယ်။

Google Gemini ဟာ ဒီလိုဘက်လိုက်မှုတွေကို လျှော့ချဖို့ လုံခြုံရေးစနစ်တွေကို အပြင်းအထန် အဆင့်မြှင့် ထားပါတယ်။ လေ့လာချက်တွေအရ Gemini 2.0 ဟာ အမျိုးသမီးတွေနဲ့ ဆက်စပ်တဲ့ စာသားတွေအပေါ် ခွဲခြားမှုကို ChatGPT ထက် သိသိသာသာ လျှော့ချပေးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာလည်း လုံခြုံရေး စစ်ထုတ်မှုတွေ လျော့ရဲသွားတဲ့အတွက် အကြမ်းဖက်မှုဆိုင်ရာ စာသားတွေကို ပိုပြီး လက်ခံပေးမိသွားတာမျိုး ရှိပါတယ်။ ဒါ့အပြင် AI အချင်းချင်း နှိုင်းယှဉ်ရင် ChatGPT နဲ့ Claude တို့က လစ်ဘရယ် (Liberal) အမြင်ဘက် နည်းနည်းယိမ်းပြီး Gemini ကတော့ အလယ်အလတ် သို့မဟုတ် လွတ်လပ်ခွင့်အလေးပေးတဲ့ (Centrist/Libertarian) အမြင်မျိုး ရှိတတ်ပါတယ်။

ဒါပေမယ့် ဝန်ထမ်းခေါ်ယူဖို့ ကိုယ်ရေးရာဇဝင်တွေကို စိစစ်တဲ့အခါ AI မော်ဒယ်အားလုံး (Claude, GPT, Gemini, Llama) မှာ အသက်၊ လူမျိုး၊ ကျား/မ အပေါ် မသိမသာဘက်လိုက်မှုတွေ ရှိနေတုန်းပါပဲ။ ဒီပြဿနာကို ဖြေရှင်းဖို့ အကောင်းဆုံးနည်းလမ်းကတော့ AI ထဲကို အချက်အလက်တွေမထည့်ခင် နာမည်တွေ၊ အသက်တွေ၊ လူမျိုး တွေကို ဖယ်ထုတ်ထားတဲ့ Anonymization (အမည်ဝှက်ခြင်း) နည်းလမ်းကို သုံးခြင်းဖြင့် ဘက်လိုက်မှုတွေကို အများကြီး လျှော့ချနိုင်ပါတယ်။

References

  1. https://www.unesco.org/en/artificial-intelligence/recommendation-ethics
  2. https://openai.com/safety
  3. https://support.google.com/gemini#topic=15280100