၁။ ChatGpt ဆိုတာဘာလဲ
ChatGPT ဆိုတာ လူသားတစ်ယောက်လို စကားစမြည်ပြောဆိုမှုကို ပြုလုပ်နိုင်တဲ့ ဥာဏ်ရည်တု (AI) chatbot တစ်ခုဖြစ်ပြီးတော့ Natural language processing (NLP) လို့ခေါ်တဲ့ လူသားဘာသာစကား ကိုနားလည်နိုင်တဲ့ computer program တစ်ခုကိုအသုံးပြုထားပါတယ်။ ထိုဘာသာစကားပုံစံဟာ မေးခွန်းတွေကို တုံ့ပြန်ပြီးအဖြေပေးနိုင်သလို ဆောင်းပါးတွေ၊ ဆိုရှယ်မီဒီယာပို့စ်တွေ၊ အက်ဆေးတွေ၊ ကုဒ်တွေ နဲ့ အီးမေးလ်တွေအပါအဝင် အမျိုးမျိုးသော အကြောင်းအရာတွေကို ရေးဖွဲ့ပေးနိုင်ပါတယ်။ GPT ဆိုတာ “Generative Pre-trained Transformer” ကို ကိုယ်စားပြုပြီးတော့ ChatGptကလူတွေရဲ့ မေးမြန်းတောင်းဆိုမှုတွေကို ဘယ်လိုတုံ့ပြန်ဖြေရှင်းလဲဆိုတာကို ရည်ညွှန်းပါတယ်။
၂။ ChatGPT ကို ဘယ်သူက ဖန်တီးခဲ့တာလဲ
ChatGPT ကို ဥာဏ်ရည်တု (AI) သုတေသနကုမ္ပဏီဖြစ်တဲ့ Open AI က ဖန်တီးခဲ့ပြီး 2022 ခုနှစ် နိုဝင်ဘာလမှာ စတင်ခဲ့ပါတယ်။ ၎င်းကို Elon Musk နဲ့ Sam Altman အပါအဝင် စွန့်ဦးတီထွင်သူများနဲ့ သုတေသီအဖွဲ့တစ်ဖွဲ့တို့က 2015 ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပါတယ်။ OpenAI ကို ရင်းနှီးမြှုပ်နှံသူအများအပြားက ကျောထောက်နောက်ခံပြုထားပြီး Microsoft က အထင်ရှားဆုံးဖြစ်ပါတယ်။ AI text-to-art generator တစ်ခုဖြစ်တဲ့ Dall-E ကိုလည်း OpenAI ကဖန်တီးခဲ့ပါတယ်။
၃။ ChatGPT ဘယ်လိုအလုပ်လုပ်သလဲ
ChatGPTဟာ ဒေတာ အချက်အလက်တွေကို ရှာဖွေဖို့အတွက် အထူးပြုလုပ်ထားတဲ့ algorithmsတွေကိုအသုံးပြုပြီး ၎င်းရဲ့ Generative Pre-trained Transformer ကတဆင့် အလုပ်လုပ်ပါတယ်။မူလက ChatGPT ဟာ GPT-3ဘာသာစကားမော်ဒယ်၊အာရုံကြောကွန်ယက် ကိုအခြေခံတဲ့အလိုအလျောက်သင်ယူမှုပုံစံနဲ့ Generative Pre-trained Transformer တတိယမျိုးဆက်တို့ကို အသုံးပြုခဲ့ပါတယ်။လက်ရှိမှာတော့ ChatGPTဟာ GPT-3.5 ကို ဝင်ရောက်ခွင့်ပေးထားပြီးတော့ GPT-4o ဘာသာစကား မော်ဒယ်ကိုလည်း အကန့်အသတ် နဲ့ဝင်ရောက်ခွင့် ပေးထားပါတယ်။ ChatGPT Plus ကတော့ GPT-4 နှင့် GPT-4o ကိုအသုံးပြုခွင့် ပေးထားပါတယ်။ GPT-4 မှာဆိုရင် ဓာတ်ပုံတွေဖော်ပြတာ၊ ပုံတွေကိုစာတန်းထိုးပေးတာ အပြင် စကားလုံး 25,000 အထိအသေးစိတ်တုံ့ပြန်ဖြေကြားပေးတာတွေမျိုးလုပ်နိုင်ပြီး GPT-3.5နဲ့ နှိုင်း ယှဉ်မယ်ဆိုရင် ပိုပြီးရှုပ်ထွေးတဲ့လုပ်ဆောင်မှုတွေကို ကိုင်တွယ်ဖြေရှင်းနိုင်တာတွေ့ရပါတယ်။
အခြား search engine တွေကိုအသုံးပြုရတာနဲ့ မတူတာကတော့ ChatGpt က မေးခွန်းတွေကို dialog ပုံစံမျိုးနဲ့ ဆက်တိုက်မေးမြန်းနိုင်ပါတယ်။ ပုံမှန် search engine တွေမှာတော့ များသောအားဖြင့် အဖြေတွေကို သိမ်းဆည်းထားတာမျိုးမရှိဘဲ ရှာထားတဲ့ keyword တွေကိုအခြေခံပြီးတော့ပဲ link တွေပြန်ထုတ်ပေးတာမျိုး လုပ်ဆောင်ပါတယ် (Rospigliosi, 2023)။ ဒါကြောင့်မို့ ပုံမှန်အင်တာနက်ရှာဖွေမှု (search engine) တွေအစား အကြောင်းအရာ ရေးသားဖန်တီးမှုဆိုင်ရာ လုပ်ဆောင်စရာတွေအတွက် ChatGPT ကိုပြောင်းလဲ အသုံးပြုဖို့ လူအများစုက တွေးလာနိုင်ပါတယ်။
၄။ ChatGPT မှာ ဘယ်လိုမေးခွန်းမျိုးတွေ မေးနိုင်မလဲ
အသုံးပြုသူတွေအနေနဲ့ ရိုးရှင်းတဲ့မေးခွန်းမျိုး (ဥပမာ – နယူးယော့ခ်က ဘယ်နှစ်မှာ ပြည်နယ်ဖြစ်လာတာလဲ) ကနေစပြီး ပိုမိုရှုပ်ထွေးတဲ့မေးခွန်းမျိုး (ဥပမာ – ဘဝရဲ့အဓိပ္ပါယ်မှာ အဘယ်နည်း) အထိ မေးမြန်းနိုင်ပါတယ်။ ChatGPT ဟာ STEM (science, technology, engineering, and mathematics) ဘာသာရပ်တွေ ကိုလည်းကျွမ်းကျင်ပြီး ပြဿနာတွေရှာဖွေ ဖြေရှင်းတာ ကုဒ်ရေးပေးတာမျိုးတွေအထိ လုပ်ပေးနိုင်ပါတယ်။ ဒါကြောင့်မို့ ChatGPT ကိုမေးခွန်း မေးတဲ့အခါ မေးခွန်းအမျိုးအစား ကန့်သတ်ထားတာမျိုးမရှိပါဘူး။
၅။ ChatGPT ကို လူတွေ ဘာအတွက် အသုံးပြုကြသလဲ
ChatGPT ကို အပြန်အလှန်စကားပြောဆိုဖို့အတွက်တင်မကဘဲ စွယ်စုံအသုံးပြုလို့ရပါတယ်။ လူတွေအနေနဲ့ ChatGPT ကိုသုံးပြီးလုပ်ဆောင်နိုင်တာတွေကတော့ –
- ကွန်ပြူတာပရိုဂရမ်များကို ကုဒ်လုပ်ပြီး ကုဒ်ထဲတွင် ချို့ယွင်းချက် ရှိမရှိ စစ်ဆေးခြင်း
- သီချင်းရေးခြင်း
- အီးမေးလ်များရေးခြင်း
- ဆောင်းပါးများ နဲ့ တင်ပြချက်များကို အကျဉ်းချုပ်ခြင်း
- ဆိုရှယ်မီဒီယာပို့စ်များအတွက် ဇာတ်ညွှန်းရေးခြင်း
- ဆောင်းပါးများအတွက် ခေါင်းစဉ်များ သတ်မှတ်ခြင်း
- သင်္ချာပုစ္ဆာများကိုဖြေရှင်းခြင်း
- search engine optimization အတွက် စကားလုံးများ ရှာဖွေခြင်း
- ဝဘ်ဆိုဒ်များအတွက် ဘလော့ပို့စ်များနှင့်ဉာဏ်စမ်းပဟေဠိများကို ဖန်တီးခြင်း
- ဂိမ်းကစားခြင်း
- အလုပ်လျှောက်ရာတွင် လိုအပ်သည့် CV နှင့် Cover Letter များရေးခြင်း
- ရှုပ်ထွေးသောအကြောင်းအရာများကို ပိုမိုရိုးရှင်းလင်းစွာဖော်ပြခြင်း
- ဗီဒီယို ဇာတ်ညွှန်းများရေးခြင်း
- ထုတ်ကုန်များအတွက် စျေးကွက်ရှာဖွေခြင်း
- အနုပညာများဖန်တီးခြင်း စတာတွေဖြစ်ပါတယ်။
အခြား chatbot တွေနဲ့ မတူတာကတော့ ChatGPT ဟာ မေးခွန်းတွေကိုမှတ်သားထားနိုင်ပြီး အပြန်အလှန်စကားပြောဆိုမှုကို ပိုပြီးအဆင်ပြေချောမွေ့စွာ လုပ်ဆောင်နိုင်တာဖြစ်ပါတယ်။
၆။ ChatGPT ရဲ့ ကန့်သတ်ချက်တွေက ဘာတွေလဲ
ChatGPT ရဲ့တချို့ကန့်သတ်ချက်တွေကတော့ –
- လူ့ဘာသာစကားရဲ့ ရှုပ်ထွေးမှုကို အပြည့်အဝနားမလည်တာ။
- တုံ့ပြန်မှုတွေက စက်တစ်ခုလိုဖြစ်နေပြီး လူတစ်ယောက်လိုမျိုး သဘာဝမကျနိုင်တာ။
- အကြောင်းအရာတွေကိုဖော်ပြနိုင်ပေမယ့်လည်း ကိုးကားချက်တွေမပါဝင်တာ။
- ထေ့ငေါ့ပြောဆိုတဲ့ပုံစံမျိုးဆိုရင် နားမလည်တာ။
- မေးခွန်းရဲ့ လိုရင်းကိုနားမလည်ဘဲ တခြားအပိုင်းကိုပဲဖြေပေးတာ။
- နိုင်ငံရေးမေးခွန်းတွေကို ရှောင်ပြီးဖြေတာ။
စတာတွေဖြစ်ပါတယ်။
ကိုးကားချက် (Reference)
https://www.techtarget.com/whatis/definition/ChatGPT
https://www.frontiersin.org/journals/education/articles/10.3389/feduc.2024.1328769/full
