စိတ်ဖိစီးမှုများတဲ့အချိန်မှာ ဆုံးဖြတ်ချက်တွေကို ချဖို့ မေးခွန်း (၃) ခု

လူတိုင်းမှာ စိတ်ဖိစီးမှုများတဲ့အချိန်တွေ ရှိတတ်ပါတယ်။ အလုပ်မှာ အဆင်မပြေတာ၊ ငွေကြေးအခက်အခဲတွေ ကြုံရတာ၊ မိသားစုနဲ့ ပတ်သက်တဲ့ ပြဿနာတွေ ရှိတာ၊ ဒါမှမဟုတ် အခြားသူတွေနဲ့ အငြင်းပွားရတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒီလိုအခြေအနေတွေမှာ စိုးရိမ်တာ၊ ဒေါသထွက်တာ၊ စိတ်ရှုပ်ထွေးတာနဲ့ ဘာလုပ်ရမှန်းမသိ ဖြစ်တာတွေ ကြုံတွေ့ရတတ်ပါတယ်။

တစ်ခါတလေ စိတ်ဖိစီးမှုများနေတဲ့အချိန်မှာ ပြဿနာကို သေချာစဉ်းစားဖို့ ခက်ခဲလာတတ်ပါတယ်။ ကိုယ်ပြောချင်တာကို ချက်ချင်းပြောမိတာ၊ တစ်ဖက်လူရဲ့စကားကို အဆိုးဘက်ကနေ အဓိပ္ပာယ်ကောက်မိတာ၊ ဒါမှမဟုတ် နောင်တရနိုင်တဲ့ ဆုံးဖြတ်ချက်တွေ ချမိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

ဒါကြောင့် စိတ်ဖိစီးမှုများတဲ့အချိန်မှာ အရေးကြီးဆုံးက ပြဿနာကို ချက်ချင်းဖြေရှင်းဖို့ မဟုတ်ပါဘူး။ အရင်ဆုံး ကိုယ့်ရဲ့စိတ်အခြေအနေကို သတိပြုဖို့နဲ့ ဘာကြောင့် ဒီလိုခံစားနေရတာလဲဆိုတာ နားလည်ဖို့ လိုပါတယ်။ စိတ်ခံစားချက်တွေ ပြင်းထန်နေတဲ့အချိန်မှာ ခဏရပ်ပြီး ကိုယ့်ကိုယ်ကို ပြန်လည်သုံးသပ်နိုင်ရင် ပိုပြီးသင့်လျော်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်လာမှာပါ။ ဒီလို စိတ်ဖိစီးမှုတွေကို သုံးသပ်တဲ့အခါမှာ ကိုယ့်ကိုယ်ကို  အလွယ်တကူ မေးလို့ရမယ့် မေးခွန်းလေး (၃) ခုကို လေ့လာကြည့်ရအောင်။

စိတ်ဖိစီးမှုများလာတဲ့အခါ “အရာအားလုံး အဆင်မပြေတော့ဘူး”၊ “ဘာလုပ်ရမှန်း မသိတော့ဘူး” ဆိုတဲ့ အတွေးတွေ ဝင်လာတတ်ပါတယ်။ ဒါပေမဲ့ ကိုယ်တကယ်စိုးရိမ်နေတဲ့အရာက ဘာလဲဆိုတာ သေချာသိပါသလား။ ဥပမာ အလုပ်မှာ အဆင်မပြေတဲ့အခါ အလုပ်ကို မလုပ်နိုင်မှာ စိုးရိမ်တာလား၊ အလုပ်ပြုတ်သွားမှာ စိုးရိမ်တာလား၊ ဒါမှမဟုတ် အလုပ်ပြုတ်သွားရင် မိသားစုကို ထောက်ပံ့နိုင်တော့မှာ မဟုတ်လို့ စိုးရိမ်တာလား။ ဒီအချက်တွေက ဆက်စပ်နေပေမဲ့ တစ်ခုနဲ့တစ်ခု မတူပါဘူး။ ဘာကို အဓိကစိုးရိမ်နေတာလဲဆိုတာ သိမှသာ ဘယ်လိုဖြေရှင်းရမလဲဆိုတာကို စဉ်းစားနိုင်မှာပါ။

ဒါကြောင့် စိတ်ဖိစီးမှုများတဲ့အချိန်မှာ “ဘာကို စိုးရိမ်နေတာလဲ” နဲ့ “ဘာကြောင့် ဒီအရာကို စိုးရိမ်နေတာလဲ” ဆိုတာ ကိုယ့်ကိုယ်ကို မေးကြည့်ပါ။ စိုးရိမ်နေတဲ့အရာတွေကို စာရွက်ပေါ်မှာ ရေးချကြည့်တာလည်း ကောင်းတဲ့နည်းလမ်းတစ်ခုပါ။ ဥပမာ –

  • လက်ရှိအလုပ်မှာ အဆင်မပြေမှာကို စိုးရိမ်နေတယ်။
  • ဝင်ငွေမလုံလောက်မှာကို စိုးရိမ်နေတယ်။
  • မိသားစုရဲ့ မျှော်လင့်ချက်တွေကို မဖြည့်ဆည်းပေးနိုင်မှာကို စိုးရိမ်နေတယ်။
  • အနာဂတ်မှာ ဘာဖြစ်လာမလဲဆိုတာ မသေချာလို့ စိုးရိမ်နေတယ်။

ဒီလို ရေးချလိုက်တဲ့အခါ ကိုယ့်ခေါင်းထဲမှာ ရှုပ်ထွေးနေတဲ့ အတွေးတွေကို တစ်ခုချင်းစီ ပြန်မြင်လာနိုင်ပါတယ်။ ဒါ့အပြင် ကိုယ်တကယ်ဖြေရှင်းဖို့ လိုအပ်တဲ့အရာနဲ့ ကိုယ်ခန့်မှန်းပြီး စိုးရိမ်နေတဲ့အရာကိုလည်း ခွဲခြားနိုင်လာပါတယ်။

ဥပမာ “အလုပ်ပြုတ်တော့မယ်” လို့ တွေးနေတယ်ဆိုပါစို့။ အလုပ်မှာ အမှားတစ်ခု လုပ်မိခဲ့တာက အမှန်ဖြစ်နိုင်ပေမဲ့ အဲဒီအတွက် အလုပ်ပြုတ်မယ်ဆိုတာက သေချာတဲ့အချက် မဟုတ်သေးပါဘူး။ ဒါကြောင့် ကိုယ့်အမှားကို ပြင်ဆင်ဖို့၊ သက်ဆိုင်သူနဲ့ ဆွေးနွေးဖို့ ဒါမှမဟုတ် နောက်တစ်ကြိမ် အဲဒီအမှားမျိုး မဖြစ်အောင် ဘယ်လိုလုပ်မလဲဆိုတာ စဉ်းစားနိုင်ပါတယ်။ အရေးကြီးတာက စိုးရိမ်မှုကို လျစ်လျူရှုဖို့ မဟုတ်ပါဘူး။ ကိုယ်ဘာကို စိုးရိမ်နေတယ်ဆိုတာ ရှင်းရှင်းလင်းလင်း သိပြီး လုပ်ဆောင်နိုင်တဲ့အရာတွေကို တစ်ဆင့်ချင်း စတင်ဖို့ ဖြစ်ပါတယ်။

ဒီမေးခွန်းက အထူးသဖြင့် အခြားသူတွေနဲ့ အငြင်းပွားတဲ့အခါ၊ နားလည်မှုလွဲတဲ့အခါ ဒါမှမဟုတ် ပဋိပက္ခဖြစ်တဲ့အခါ ကိုယ့်ကိုယ်ကို ပြန်မေးဖို့ အသုံးဝင်တဲ့ မေးခွန်းတစ်ခု ဖြစ်ပါတယ်။ တစ်ခါတလေ အငြင်းပွားမှုတစ်ခု ဖြစ်လာတဲ့အခါ ကိုယ့်ဘက်ကပဲ မှန်တယ်လို့ ယူဆမိတတ်ပါတယ်။ တစ်ဖက်လူက ကိုယ့်ကို နားမလည်ဘူး၊ ကိုယ့်ကို မလေးစားဘူးလို့လည်း ခံစားရနိုင်ပါတယ်။ ဒါပေမဲ့ အခြေအနေတစ်ခုမှာ ကိုယ်မသိလိုက်တဲ့အချက်တွေ၊ မှားယွင်းယူဆထားတဲ့အရာတွေ ဒါမှမဟုတ် နားလည်မှုလွဲခဲ့တာတွေ ရှိနေနိုင်ပါတယ်။ 

ဒါကြောင့် “ဒီအခြေအနေမှာ ကိုယ်ဘယ်နေရာမှာ မှားနေနိုင်သလဲ” လို့ ပြန်မေးကြည့်ဖို့ လိုပါတယ်။ ဥပမာ လုပ်ဖော်ကိုင်ဖက်တစ်ယောက်က ကိုယ့်အကြံပြုချက်ကို သဘောမတူတဲ့အခါ သူက ကိုယ့်ကို မလေးစားဘူးလို့ ချက်ချင်းယူဆမိနိုင်ပါတယ်။ ဒါပေမဲ့ သူ့မှာ ကိုယ်မသိသေးတဲ့ အချက်အလက်တွေ ရှိနေတာလည်း ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် ကိုယ်ပြောလိုက်တဲ့စကားကို သူက တခြားအဓိပ္ပာယ်နဲ့ နားလည်သွားတာလည်း ဖြစ်နိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ အောက်ပါအချက်တွေကို ပြန်စဉ်းစားကြည့်နိုင်ပါတယ်။

  • ကိုယ်သိထားတဲ့အချက်အလက်တွေက ပြည့်စုံရဲ့လား။
  • တစ်ဖက်လူရဲ့ ရည်ရွယ်ချက်ကို ကိုယ်ထင်သလိုပဲ အဓိပ္ပာယ်ကောက်ယူမိတာလား။
  • ကိုယ်ပြောခဲ့တဲ့စကား ဒါမှမဟုတ် လုပ်ခဲ့တဲ့အပြုအမူကြောင့် တစ်ဖက်လူက နားလည်မှုလွဲသွားနိုင်သလား။
  • ဒီအခြေအနေကို တခြားရှုထောင့်ကနေ ကြည့်မယ်ဆိုရင် ဘယ်လိုမြင်နိုင်မလဲ။

သတိပြုရမှာ တစ်ခုကတော့ ဒီလိုပြန်စဉ်းစားခြင်းက ကိုယ့်ကိုယ်ကို အပြစ်တင်ဖို့ မဟုတ်ပါဘူး။ ကိုယ့်အမြင်တစ်ခုတည်းနဲ့ ဆုံးဖြတ်မိတာမျိုး မဖြစ်စေဖို့နဲ့ အခြေအနေကို ပိုပြီးမျှတစွာ နားလည်နိုင်ဖို့ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ကိုယ်မှားခဲ့တဲ့အချက်တစ်ခုခုကို သိလာရင် အဲဒီအချက်ကို လက်ခံပြီး ပြင်ဆင်နိုင်ဖို့လည်း လိုပါတယ်။ ကိုယ့်အမှားကို အသိအမှတ်ပြုနိုင်ခြင်းဟာ အားနည်းခြင်းမဟုတ်ဘဲ ကိုယ်တိုင်တိုးတက်ဖို့ အခွင့်အရေးတစ်ခု ဖြစ်ပါတယ်။

စိတ်ဖိစီးမှုဖြစ်တဲ့အခါ စိတ်ထဲမှာပဲ ခံစားရတာ မဟုတ်ပါဘူး။ ကိုယ့်ခန္ဓာကိုယ်မှာလည်း အပြောင်းအလဲတွေ ဖြစ်လာတတ်ပါတယ်။ ဥပမာ –

  • ပခုံးနဲ့ လည်ပင်းကြွက်သားတွေ တင်းလာခြင်း။
  • သွားကြိတ်ခြင်း၊ မေးရိုးတင်းခြင်း။
  • နှလုံးခုန်မြန်လာခြင်း။
  • ခေါင်းကိုက်ခြင်း။
  • ချွေးထွက်ခြင်း သို့မဟုတ် ကိုယ်ပူလာသလို ခံစားရခြင်း။
  • အသက်ရှူမြန်လာခြင်း။
  • လက်တုန်ခြင်း သို့မဟုတ် ကိုယ်ခန္ဓာတစ်ခုလုံး တင်းကျပ်နေခြင်း။

ဒီလိုလက္ခဏာတွေက စိတ်ဖိစီးမှုများနေတဲ့အခါ ခန္ဓာကိုယ်က တုံ့ပြန်နေတဲ့ပုံစံတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုများနေတဲ့အချိန်မှာ ကိုယ့်ခန္ဓာကိုယ်ရဲ့ အချက်ပြမှုတွေကိုလည်း သတိထားဖို့ လိုပါတယ်။ ဥပမာ အငြင်းပွားနေတဲ့အချိန်မှာ နှလုံးခုန်မြန်လာတယ်၊ မေးရိုးတင်းလာတယ်၊ စကားကို အလျင်စလို ပြောချင်လာတယ်ဆိုရင် ကိုယ့်ခန္ဓာကိုယ်က အနားယူဖို့ လိုအပ်နေပြီဆိုတာ သတိပြုနိုင်ပါတယ်။ ဒီလိုအချိန်မှာ ဘာလုပ်နိုင်မလဲဆိုတာ လေ့လာကြည့်ရအောင်။

ဖြည်းဖြည်း အသက်ရှူကြည့်ပါ။ သက်သောင့်သက်သာ ထိုင်ပြီး အသက်ကို ဖြည်းဖြည်းရှူသွင်း၊ ဖြည်းဖြည်းရှူထုတ်ကြည့်ပါ။ မေးရိုးနဲ့ ပခုံးတွေကိုလည်း ဖြေလျှော့ထားပါ။

ခဏအနားယူပါ။ စိတ်ဖိစီးမှုဖြစ်စေတဲ့ အခြေအနေကနေ ခဏခွာပြီး ကိုယ့်အတွက် အချိန်ပေးပါ။ ချက်ချင်းပြန်တုံ့ပြန်ဖို့ ဒါမှမဟုတ် ပြဿနာကို ချက်ချင်းဖြေရှင်းဖို့ မလိုပါဘူး။

လမ်းလျှောက်ပါ။ ဖြစ်နိုင်ရင် အပြင်ထွက်ပြီး လေကောင်းလေသန့် ရှူရှိုက်တာ၊ ခဏလမ်းလျှောက်တာမျိုး လုပ်ကြည့်နိုင်ပါတယ်။ တစ်ခါတလေ ပတ်ဝန်းကျင်ကို ခဏပြောင်းလိုက်တာက စိတ်ကို ပြန်လည်တည်ငြိမ်စေဖို့ အထောက်အကူပြုပါတယ်။

ပြန်ဆွေးနွေးဖို့ အချိန်ယူပါ။ အခြားသူတစ်ယောက်နဲ့ အငြင်းပွားနေတယ်ဆိုရင် စိတ်တည်ငြိမ်လာတဲ့အထိ ခဏလောက် အဆက်အသွယ် ရပ်ထားနိုင်ပါတယ်။ ဥပမာ “အခု စိတ်လှုပ်ရှားနေလို့ ခဏအနားယူချင်ပါတယ်။ နောက်မှ ဒီအကြောင်းကို ပြန်ဆွေးနွေးကြရအောင်” လို့ ပြောနိုင်ပါတယ်။ ဒီလို ခဏရပ်တန့်ခြင်းဟာ ပြဿနာကို ရှောင်ရှားခြင်း မဟုတ်ပါဘူး။ ပိုမိုတည်ငြိမ်တဲ့အခြေအနေမှာ ပြန်လည်ဆွေးနွေးနိုင်ဖို့ ကိုယ့်ကိုယ်ကို အချိန်ပေးခြင်း ဖြစ်ပါတယ်။

အထက်မှာ ပြောခဲ့တဲ့ မေးခွန်း (၃) ခုကို မိမိကိုယ်ကို မေးမြန်းရင်း စိတ်ဖိစီးမှုတွေကို သုံးသပ်ဖြေရှင်းနိုင်ပါတယ်။ ဒီမေးခွန်းတွေကို ဖြေဆိုပြီးတဲ့နောက် စိတ်တည်ငြိမ်လာတဲ့အခါ ဆုံးဖြတ်ချက်တွေကို ဘယ်လိုချလို့ရမလဲဆိုတာ ဆက်လေ့လာလိုက်ရအောင်။

စိတ်ဖိစီးမှုကို အနည်းငယ်လျှော့ချနိုင်ပြီးနောက် ပြဿနာကို ပြန်လည်စဉ်းစားကြည့်ပါ။ ဒီအချိန်မှာ ချက်ချင်းဆုံးဖြတ်ဖို့ထက် ရွေးချယ်စရာတွေကို သေချာစဉ်းစားဖို့ လိုပါတယ်။

ဥပမာ အလုပ်ပြောင်းသင့်၊ မပြောင်းသင့် စဉ်းစားနေတယ်ဆိုပါစို့။ စိတ်ဖိစီးနေတဲ့အချိန်မှာ “ဒီအလုပ်ကို ဆက်မလုပ်တော့ဘူး” လို့ ချက်ချင်းဆုံးဖြတ်မိနိုင်ပါတယ်။ ဒါပေမဲ့ စိတ်တည်ငြိမ်လာတဲ့အခါ အလုပ်ပြောင်းချင်ရတဲ့အကြောင်းရင်း၊ လက်ရှိအလုပ်မှာ ပိုမိုအဆင်ပြေလာအောင် ပြင်ဆင်နိုင်တဲ့အရာ၊ အခြားအလုပ်အကိုင်အခွင့်အလမ်းနဲ့ ငွေကြေးအခြေအနေတွေကို ပြန်စဉ်းစားနိုင်ပါတယ်။ ဆုံးဖြတ်ချက်တစ်ခုချမယ်ဆိုရင် အောက်ပါအဆင့်တွေကို အသုံးပြုကြည့်နိုင်ပါတယ်။

ပထမအဆင့် – ပြဿနာကို သေချာသတ်မှတ်ပါ။ ကိုယ်တကယ်ဆုံးဖြတ်ဖို့ လိုအပ်နေတဲ့အရာက ဘာလဲ။

ဒုတိယအဆင့် – အချက်အလက်တွေကို စစ်ဆေးပါ။ ကိုယ်သိထားတာနဲ့ ကိုယ်ထင်မှတ်ထားတာကို ကွဲကွဲပြားပြား သိအောင် သုံးသပ်ခွဲခြားပါ။ မသိသေးတဲ့အချက်တွေရှိရင် ထပ်မံမေးမြန်းရှာဖွေပါ။

တတိယအဆင့် – ရွေးချယ်စရာတွေကို စဉ်းစားပါ။ လုပ်နိုင်တဲ့နည်းလမ်းတစ်ခုတည်း ရှိတယ်လို့ မယူဆဘဲ အခြားဖြစ်နိုင်ခြေတွေကိုလည်း စဉ်းစားပါ။

စတုတ္ထအဆင့် – ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေကို စဉ်းစားပါ။ ရွေးချယ်မှုတစ်ခုစီက ကိုယ့်ရဲ့အချိန်၊ ငွေကြေး၊ ကျန်းမာရေး၊ ဆက်ဆံရေးနဲ့ အနာဂတ်အစီအစဉ်တွေအပေါ် ဘယ်လိုသက်ရောက်နိုင်သလဲ။

ပဉ္စမအဆင့် – လုပ်ဆောင်နိုင်တဲ့ သေးငယ်တဲ့ အဆင့်တစ်ခုကို ရွေးပါ။ ပြဿနာတစ်ခုလုံးကို ချက်ချင်းဖြေရှင်းဖို့ မလိုပါဘူး။ အခုလုပ်နိုင်တဲ့ အဆင့်တစ်ခုကနေ စတင်နိုင်ပါတယ်။

ဆုံးဖြတ်ချက်တိုင်းမှာ အဖြေမှန်တစ်ခုတည်း ရှိနေတာ မဟုတ်ပါဘူး။ အရေးကြီးတာက အခြေအနေကို နားလည်ပြီး မိမိအတွက် သင့်လျော်တဲ့ ရွေးချယ်မှုကို တတ်နိုင်သမျှ သေချာစဉ်းစားပြီး ချမှတ်နိုင်ဖို့ ဖြစ်ပါတယ်။

အကျဉ်းချုပ်ရရင် စိတ်ဖိစီးမှုများတဲ့အချိန်မှာ ကိုယ့်ကိုယ်ကို အရင်ဆုံး နားလည်ဖို့ လိုပါတယ်။ ဘာကို စိုးရိမ်နေတာလဲ၊ ကိုယ့်အမြင်မှာ ဘယ်နေရာတွေ မှားနေနိုင်သလဲ၊ ကိုယ့်ခန္ဓာကိုယ်က ဘာအချက်ပြနေသလဲဆိုတာ ပြန်လည်သုံးသပ်ကြည့်ပါ။ တစ်ခါတလေ ချက်ချင်းတုံ့ပြန်တာထက် ခဏရပ်တန့်ပြီး စဉ်းစားတာက ပိုကောင်းတဲ့ ဆုံးဖြတ်ချက်တစ်ခု ဖြစ်လာစေနိုင်ပါတယ်။ ဒါ့အပြင် စိတ်ခံစားချက်တွေကို ချက်ချင်းကြီး လုံးဝဖယ်ရှားဖို့ မလိုအပ်ပါဘူး။ ကိုယ့်ခံစားချက်တွေကို သတိပြုမိပြီး ဘယ်လိုတုံ့ပြန်မလဲဆိုတာ ကိုယ်တိုင်ရွေးချယ်နိုင်ဖို့က ပိုအရေးကြီးပါတယ်။ စိတ်ဖိစီးမှုက အချိန်ကြာမြင့်စွာ ဆက်လက်ဖြစ်ပေါ်နေပြီး နေ့စဉ်ဘဝကို ထိခိုက်လာပါက ယုံကြည်ရသူများထံမှ အကူအညီရယူခြင်း သို့မဟုတ် သက်ဆိုင်ရာ ကျန်းမာရေးပညာရှင်နှင့် တိုင်ပင်ခြင်းကိုလည်း စဉ်းစားနိုင်ပါတယ်။

References

American Psychological Association. (2023). Stress effects on the body. https://www.apa.org/topics/stress/body

American Psychological Association. (2024, October 22). Healthy ways to handle life’s stressors. https://www.apa.org/topics/stress/tips

Harvard University, Stress & Development Lab. (n.d.). Cognitive reappraisal. https://sdlab.fas.harvard.edu/cognitive-reappraisal

National Center for Complementary and Integrative Health. (n.d.). 5 things to know about relaxation techniques for stress. https://www.nccih.nih.gov/health/tips/things-to-know-about-relaxation-techniques-for-stress

NHS. (n.d.). Stress. https://www.nhs.uk/mental-health/feelings-symptoms-behaviours/feelings-and-symptoms/stress/