ကိုယ့်ကိုယ်ကို ပြန်လည်မေးခွန်းထုတ်ဖို့ ဘာကြောင့် လိုအပ်သလဲ။
လူတစ်ယောက်အနေနဲ့ ကိုယ့်ဘဝနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်တဲ့အခါ ကိုယ်တကယ်လိုချင်တာ ဘာလဲ၊ ဘယ်အရာတွေကို တန်ဖိုးထားသလဲ၊ ဘယ်လိုဘဝမျိုးကို လိုချင်သလဲဆိုတာကို အမြဲတမ်း ရှင်းရှင်းလင်းလင်း သိနေဖို့ မလွယ်ကူပါဘူး။ တစ်ခါတစ်ရံ မိသားစုရဲ့ မျှော်လင့်ချက်တွေ၊ ပတ်ဝန်းကျင်ရဲ့ သတ်မှတ်ချက်တွေနဲ့ လူမှုအသိုင်းအဝိုင်းရဲ့ အမြင်တွေကြောင့် ကိုယ်တကယ်လိုချင်တာထက် အခြားသူတွေ မျှော်လင့်ထားတဲ့အတိုင်း ရွေးချယ်မိတတ်ကြပါတယ်။
ဒါကြောင့် ကိုယ့်ကိုယ်ကို ပြန်လည်မေးခွန်းထုတ်ခြင်း (Self-reflection) ဟာ ကိုယ့်ရဲ့ အတွေးအခေါ်၊ ယုံကြည်ချက်၊ စိတ်ဝင်စားမှုနဲ့ ဆုံးဖြတ်ချက်တွေကို ပိုမိုနားလည်လာစေဖို့ အရေးကြီးတဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ စကော့တလန်နိုင်ငံ University of Edinburgh ရဲ့ Reflection Toolkit မှာလည်း ကိုယ့်ကိုယ်ကို ပြန်လည်သုံးသပ်ခြင်းဟာ ကိုယ့်ရဲ့ အားသာချက်တွေ၊ တန်ဖိုးထားမှုတွေနဲ့ တိုးတက်လိုတဲ့ အပိုင်းတွေကို ပိုမိုသိရှိလာစေဖို့ အထောက်အကူပြုကြောင်း ဖော်ပြထားပါတယ်။
ဒီသင်ခန်းစာမှာ ကိုယ့်ကိုယ်ကို ပိုမိုနားလည်လာစေဖို့ ရည်ရွယ်ထားတဲ့ မေးခွန်း ၁၅ ခုကို လေ့လာသွားမှာ ဖြစ်ပါတယ်။ ဒီမေးခွန်းတွေဟာ မှန်ကန်တဲ့အဖြေတစ်ခုကို ရှာဖွေဖို့ထက် ကိုယ်တကယ်ယုံကြည်ထားတာ၊ လိုချင်တာနဲ့ တွေးခေါ်ထားတာတွေကို ပိုမိုရှင်းလင်းလာစေဖို့ ရည်ရွယ်ပါတယ်။
ကိုယ့်ကိုယ်ကို ပြန်လည်စဉ်းစားကြည့်ဖို့ မေးခွန်း ၁၅ ခု
၁။ ကိုယ့်ကို ဘယ်လိုလူတစ်ယောက်အဖြစ် မှတ်မိနေစေချင်သလဲ။
ကိုယ့်ဘဝကို ပြန်လည်ကြည့်ရှုတဲ့အခါ အခြားသူတွေက ကိုယ့်ကို ဘယ်လိုလူတစ်ယောက်အဖြစ် မှတ်မိနေစေချင်သလဲဆိုတာ စဉ်းစားကြည့်ဖို့ လိုပါတယ်။ တချို့သူတွေက မိသားစုကို ဂရုစိုက်တတ်သူတစ်ယောက်အဖြစ် မှတ်မိနေစေချင်ကြသလို တချို့ကတော့ လူမှုအသိုင်းအဝိုင်းအတွက် အကျိုးပြုသူတစ်ယောက်အဖြစ် မှတ်မိနေစေချင်ကြပါတယ်။ ဒီမေးခွန်းက ကိုယ့်ဘဝမှာ ဘယ်အရာတွေကို အရေးကြီးဆုံးလို့ သတ်မှတ်ထားသလဲဆိုတာကို ဖော်ထုတ်ပေးနိုင်ပါတယ်။
၂။ လက်ရှိလုပ်ဆောင်နေတဲ့အရာတွေဟာ ကိုယ်တကယ်လုပ်ချင်တဲ့အရာတွေလား။
လက်ရှိ ကိုယ်လုပ်နေတဲ့ အလုပ်၊ သင်ယူနေတဲ့ ဘာသာရပ် ဒါမှမဟုတ် နေထိုင်နေတဲ့ ဘဝပုံစံဟာ ကိုယ်တကယ်လိုချင်တဲ့အရာနဲ့ ကိုက်ညီမှုရှိသလားဆိုတာ စဉ်းစားကြည့်ဖို့ လိုပါတယ်။ ငယ်ရွယ်စဉ်မှာ မိသားစုနဲ့ ပတ်ဝန်းကျင်ရဲ့ အကြံပြုချက်တွေအပေါ် မူတည်ပြီး ဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့ရတာမျိုး ရှိနိုင်ပါတယ်။ ဒါပေမဲ့ ကိုယ်တိုင် ရွေးချယ်ဆုံးဖြတ်နိုင်တဲ့အရွယ် ရောက်လာတဲ့အခါ လက်ရှိရွေးချယ်ထားတဲ့ လမ်းကြောင်းဟာ ကိုယ့်ရဲ့ စိတ်ဝင်စားမှုနဲ့ ရည်မှန်းချက်တွေနဲ့ ကိုက်ညီမှုရှိမရှိ ပြန်လည်စဉ်းစားဖို့ အရေးကြီးပါတယ်။
၃။ ဘာကြောင့် တချို့အရာတွေကို အခြားအရာတွေထက် ပိုနှစ်သက်ရသလဲ။
ဥပမာအားဖြင့် ဘာကြောင့် အုန်းနို့်ခေါက်ဆွဲထက် မုန့်ဟင်းခါးကို ပိုနှစ်သက်သလဲ၊ ဒါမှမဟုတ် ဘာကြောင့် အွန်လိုင်းဂိမ်းကစားရတာကို လူတွေနဲ့ တိုက်ရိုက်စကားပြောရတာထက် ပိုနှစ်သက်သလဲဆိုတာ စဉ်းစားကြည့်နိုင်ပါတယ်။ ဒီမေးခွန်းရဲ့ အဓိကရည်ရွယ်ချက်က ကိုယ့်ရဲ့ နှစ်သက်မှုတွေရဲ့ နောက်ကွယ်မှာ ဘယ်လိုအကြောင်းရင်းတွေ ရှိနေသလဲဆိုတာ နားလည်လာဖို့ ဖြစ်ပါတယ်။ ကိုယ်နှစ်သက်တဲ့အရာတစ်ခုက ဘယ်လိုခံစားချက်၊ အတွေ့အကြုံ ဒါမှမဟုတ် လိုအပ်ချက်ကို ဖြည့်ဆည်းပေးနေသလဲဆိုတာ သိလာတဲ့အခါ ကိုယ့်အကြောင်းကို ပိုမိုနားလည်လာနိုင်ပါတယ်။
၄။ ကိုယ် ဒီကမ္ဘာမှာ နေထိုင်ခဲ့တဲ့အတွက် ကမ္ဘာကြီးကို ဘယ်လိုပြောင်းလဲမှုတွေ ဖြစ်စေချင်သလဲ။
ဒီမေးခွန်းက ကြီးမားတဲ့ လူမှုအပြောင်းအလဲတွေကို ဖော်ဆောင်နိုင်ဖို့ မေးထားတာလို့ ထင်ရနိုင်ပါတယ်။ ဒါပေမဲ့ ဒါဟာ ကိုယ်နေထိုင်တဲ့ ပတ်ဝန်းကျင်မှာ အပြုသဘောဆောင်တဲ့ အပြောင်းအလဲအသေးစားလေးတွေကို ဖန်တီးခြင်းမျိုးကိုလည်း ဆိုလိုပါတယ်။ ဥပမာ အခြားသူတွေကို ကူညီပေးခြင်း၊ အသိပညာမျှဝေခြင်း၊ မတရားမှုတွေကို လျစ်လျူမရှုခြင်း ဒါမှမဟုတ် ကိုယ့်ရဲ့ လူမှုအသိုင်းအဝိုင်း ပိုမိုကောင်းမွန်လာဖို့ ပါဝင်ကူညီခြင်းတို့ ဖြစ်နိုင်ပါတယ်။ ကိုယ့်ဘဝဟာ အခြားသူတွေအပေါ် ဘယ်လိုအကျိုးသက်ရောက်မှု ရှိစေချင်သလဲဆိုတာကို ဒီမေးခွန်းကနေတစ်ဆင့် ပြန်လည်စဉ်းစားကြည့်လို့ ရစေပါတယ်။
၅။ ဒီကမ္ဘာမှာ နေထိုင်ရတဲ့အတွက် ကိုယ်ကိုယ်တိုင်ရော ဘယ်လိုတွေ ပြောင်းလဲလာသလဲ။
ကမ္ဘာကြီးမှာ ကိုယ့်ကြောင့် ဘယ်လို အပြောင်းအလဲတွေ ဖြစ်စေချင်သလဲဆိုတာကို စဉ်းစားသလို ကိုယ်တိုင်လည်း ဘယ်လိုလူတစ်ယောက်အဖြစ် တိုးတက်လာချင်သလဲဆိုတာ စဉ်းစားဖို့ လိုပါတယ်။ ကိုယ်နေထိုင်တဲ့ ပတ်ဝန်းကျင်၊ ကြုံတွေ့ရတဲ့ အတွေ့အကြုံတွေနဲ့ သင်ယူမှုတွေဟာ ကိုယ့်ရဲ့ အတွေးအခေါ်နဲ့ အပြုအမူတွေကို ပြောင်းလဲစေနိုင်ပါတယ်။ ဒီမေးခွန်းက ကိုယ့်ရဲ့ အမြင်တွေ၊ အလေ့အကျင့်တွေနဲ့ အရည်အချင်းတွေထဲက ဘယ်အရာတွေကို ဆက်လက်ထိန်းသိမ်းချင်သလဲ၊ ဘယ်အရာတွေကို ပြောင်းလဲတိုးတက်စေချင်သလဲဆိုတာ ပြန်လည်စဉ်းစားစေပါတယ်။
၆။ တချို့လူတွေက အခြားသူတွေထက် ပိုကောင်းတဲ့လူတွေလား။
လူမှုအသိုင်းအဝိုင်းမှာ တချို့အလုပ်အကိုင်တွေ၊ ရုပ်ရည်သွင်ပြင်တွေ၊ နေထိုင်မှုပုံစံတွေနဲ့ လူအုပ်စုတွေကို အခြားသူတွေထက် ပိုတန်ဖိုးရှိတယ်လို့ သတ်မှတ်တတ်ကြပါတယ်။ ဥပမာ ဆရာဝန်တစ်ယောက်က အခြားအလုပ်အကိုင်လုပ်သူထက် ပိုတော်တယ်၊ ဒါမှမဟုတ် ရုပ်ရည်သွင်ပြင်တစ်မျိုးရှိသူ (ဥပမာ – ကြွက်သားတွေအပြည့်နဲ့ အမျိုးသားတွေ၊ အသားဖြူတဲ့ အမျိုးသမီးတွေ) က အခြားသူတွေထက် ပိုလှတယ်လို့ ယူဆမိနိုင်ပါတယ်။
ဒီလို ယူဆချက်တွေဟာ အမှန်တရားလား၊ ဒါမှမဟုတ် လူမှုအသိုင်းအဝိုင်းဆီကနေ သင်ယူလာခဲ့တဲ့ အမြင်တွေလားဆိုတာ ပြန်လည်စဉ်းစားဖို့ လိုပါတယ်။ လူတစ်ယောက်ရဲ့ တန်ဖိုးကို အလုပ်အကိုင်၊ ရုပ်ရည် ဒါမှမဟုတ် လူမှုအဆင့်အတန်းတစ်ခုတည်းနဲ့ ဆုံးဖြတ်လို့ ရပါသလား။ ဒီမေးခွန်းက ကိုယ့်ရဲ့ ယုံကြည်ချက်တွေနဲ့ ဘက်လိုက်မှုတွေကို သတိပြုမိလာစေဖို့ ရည်ရွယ်ပါတယ်။
၇။ ဘယ်အရာတွေက ကိုယ့်ကို ရယ်မောပျော်ရွှင်စေသလဲ။
နေ့စဉ်ဘဝမှာ ကိုယ့်ကို ပျော်ရွှင်စေတဲ့ အရာတွေကို သတိပြုမိဖို့လည်း အရေးကြီးပါတယ်။ တချို့သူတွေက ဟာသတွေကြောင့် ရယ်မောတတ်ကြသလို တချို့ကတော့ သူငယ်ချင်းတွေနဲ့ စကားပြောရင်း၊ ရုပ်ရှင်ကြည့်ရင်း ဒါမှမဟုတ် နေ့စဉ်ကြုံတွေ့ရတဲ့ ရယ်စရာအဖြစ်အပျက်တွေကြောင့် ရယ်မောပျော်ရွှင်တတ်ကြပါတယ်။ ကိုယ့်ကို ပြုံးမိစေတဲ့အရာတွေကို သိရှိခြင်းက ကိုယ့်ရဲ့ စိတ်ဝင်စားမှုနဲ့ ပျော်ရွှင်မှုရရှိပုံကို ပိုမိုနားလည်လာစေနိုင်ပါတယ်။
၈။ ရွေးချယ်မှုတစ်ခုကြောင့် ဘယ်လိုအတွေ့အကြုံတွေကို လက်လွှတ်လိုက်ရနိုင်သလဲ။
လူအများစုဟာ ဘဝမှာ ဆုံးဖြတ်ချက်ချတဲ့အခါ ရရှိမယ့် အကျိုးကျေးဇူးတွေကိုသာ စဉ်းစားတတ်ကြပါတယ်။ ဥပမာ အလုပ်အကိုင်နှစ်ခုအကြား ရွေးချယ်တဲ့အခါ လစာ၊ ခံစားခွင့်နဲ့ ရာထူးတိုးတက်နိုင်ခြေတွေကို နှိုင်းယှဉ်စဉ်းစားတတ်ကြပါတယ်။ ဒါပေမဲ့ ရွေးချယ်မှုတစ်ခုကြောင့် ရရှိနိုင်မယ့် အတွေ့အကြုံတွေ၊ လူတွေနဲ့ တွေ့ဆုံခွင့်တွေ၊ အမှတ်တရတွေကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။ ဒါ့အပြင် ရွေးချယ်မှုတိုင်းမှာ အခွင့်အလမ်းတချို့ကို ရရှိသလို အခြားအခွင့်အလမ်းတချို့ကိုလည်း လက်လွှတ်ရနိုင်ပါတယ်။ ဒါကြောင့် “ဒီရွေးချယ်မှုကနေ ဘာတွေရမလဲ” ဆိုတာအပြင် “ဒီရွေးချယ်မှုကို မလုပ်ဖြစ်ရင် ဘယ်လိုအတွေ့အကြုံတွေကို လက်လွှတ်လိုက်ရမလဲ” ဆိုတာကိုပါ ထည့်စဉ်းစားဖို့ လိုပါတယ်။
၉။ ကိုယ်ကြုံတွေ့နေရတဲ့ အခက်အခဲကို ကိုယ်တစ်ယောက်တည်း ရင်ဆိုင်နေရတာလား။
အလုပ်ရှာဖွေရခက်ခဲခြင်း၊ ပညာရေးမှာ အခက်အခဲကြုံတွေ့ခြင်း၊ မိသားစုအရေးကိစ္စတွေကြောင့် စိတ်ပင်ပန်းခြင်း ဒါမှမဟုတ် အချစ်ရေး ပြဿနာတွေ ကြုံတွေ့ခြင်းတို့လို ကိစ္စတွေဟာ တစ်ခါတလေမှာ ကိုယ်တစ်ယောက်တည်း ရင်ဆိုင်နေရသလို ခံစားရစေနိုင်ပါတယ်။ ဒါပေမဲ့ အလားတူအခက်အခဲတွေကို အခြားသူတွေလည်း ကြုံတွေ့နေရနိုင်ပါတယ်။ကိုယ့်အခက်အခဲကို နားလည်ပေးနိုင်မယ့်သူတွေနဲ့ ဆွေးနွေးခြင်း၊ အတွေ့အကြုံတွေ မျှဝေခြင်းနဲ့ လိုအပ်တဲ့ အကူအညီကို ရှာဖွေခြင်းတို့က ပြဿနာကို ရင်ဆိုင်ဖြေရှင်းရာမှာ အထောက်အကူပြုနိုင်ပါတယ်။ ကိုယ့်ပြဿနာကို အခြားသူတွေက အစားထိုးဖြေရှင်းပေးနိုင်တာ မဟုတ်ပေမဲ့ အခက်အခဲတွေကို တစ်ယောက်တည်း ရင်ဆိုင်နေစရာမလိုဘူးဆိုတာကို သိရှိဖို့ အရေးကြီးပါတယ်။
၁၀။ ဘယ်အရာကို လေ့ကျင့်လုပ်ဆောင်ရတာ နှစ်သက်သလဲ။
လူတွေမှာ ကိုယ်နှစ်သက်တဲ့အရာတွေအတွက် အချိန်နဲ့ အားထုတ်မှုတွေ ပေးပြီး တဖြည်းဖြည်း တိုးတက်အောင် လေ့ကျင့်ချင်တဲ့အရာတွေ ရှိတတ်ပါတယ်။ ဥပမာ ဂီတတူရိယာတီးခတ်ခြင်း၊ အားကစားလုပ်ခြင်း၊ စာရေးခြင်း၊ ပန်းချီဆွဲခြင်း ဒါမှမဟုတ် ဘာသာစကားအသစ်တစ်ခု သင်ယူခြင်းတို့ ဖြစ်နိုင်ပါတယ်။ ဒီလိုအရာတွေဟာ ကိုယ့်ရဲ့ နေ့တဓူဝ ကြုံရတဲ့ စိတ်ဖိစီးမှုတွေကနေ လွတ်မြောက်နိုင်ဖို့ အကူအညီပေးနိုင်ပါတယ်။ ဒီနေရာမှာ သတိထားရမှာက မေးခွန်းဟာ ဘာတွေကို လေ့ကျင့်လုပ်ဆောင်ရတာ နှစ်သက်သလဲလို့ မေးထားတာ ဖြစ်ပါတယ်။ စိတ်ဖိစီးမှုက လွတ်မြောက်ဖို့ အလွန်အမင်း အစားတွေ စားတာ၊ အရက်သောက်တာလိုမျိုး ကြိုးစားလုပ်ဆောင်ဖို့မလို၊ လေ့ကျင့်မှုတွေမလိုတဲ့ အရာတွေကို ဆိုလိုတာ မဟုတ်ပါဘူး။ ပုံမှန်လေ့ကျင့်ပြီး တိုးတက်လာစေဖို့ ကြိုးစားလုပ်ဆောင်ရတဲ့ အရာတွေကို ဆိုလိုတာ ဖြစ်ပါတယ်။
၁၁။ ကိုယ့်ကိုယ်ကို အမြဲပဲ ဘေးကင်းလုံခြုံအောင် ထိန်းသိမ်းထားနိုင်သလား။
ဘဝမှာ မသေချာမရေရာမှုတွေ အမြဲရှိနေတဲ့အတွက် ဆုံးဖြတ်ချက်တိုင်းမှာ အန္တရာယ်မရှိအောင် အပြည့်အဝ ထိန်းချုပ်ထားဖို့ မဖြစ်နိုင်ပါဘူး။ အသစ်တစ်ခုကို သင်ယူခြင်း၊ အလုပ်အကိုင်လမ်းကြောင်း ပြောင်းလဲခြင်း ဒါမှမဟုတ် ကိုယ်မရင်းနှီးတဲ့ အတွေ့အကြုံတစ်ခုကို စတင်ခြင်းတွေမှာ မသေချာမှုတွေ ရှိနေနိုင်ပါတယ်။ ဒါပေမဲ့ ဒီအချက်ကြောင့် အခက်အခဲကြုံရနိုင်တဲ့ အရာတွေအားလုံးကို မလုပ်သင့်ဘူး၊ သို့မဟုတ် အခက်အခဲတွေကို လျစ်လျူရှုပြီး ဘာမဆို လုပ်လိုက်သင့်တယ်လို့ မဆိုလိုပါဘူး။ အန္တရာယ်ကို နားလည်သုံးသပ်ပြီး လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားဖို့ အရေးကြီးပါတယ်။ တစ်ချိန်တည်းမှာပဲ မသေချာမှုတွေကို လုံးဝရှောင်ရှားဖို့ ကြိုးစားလွန်းတဲ့အခါ ကိုယ်သင်ယူနိုင်မယ့် အတွေ့အကြုံနဲ့ အခွင့်အလမ်းတွေကို လက်လွှတ်ရနိုင်ပါတယ်။ ဒါကြောင့် စိတ်လုံခြုံပျော်ရွှင်မှုကို ထည့်သွင်းစဉ်းစားရင်း တိုးတက်ဖို့အတွက် လိုအပ်တဲ့ စိန်ခေါ်မှုတွေကိုလည်း ဘယ်လိုရင်ဆိုင်မလဲဆိုတာ တပါတည်း ထည့်စဉ်းစားဖို့ လိုပါတယ်။
၁၂။ ကိုယ်လိုချင်တဲ့အရာအားလုံး ရရှိသွားပြီဆိုရင် နောက်ထပ် ဘာဆက်ဖြစ်လာမလဲ။
ကိုယ်ပိုင်အိမ်တစ်လုံး ရရှိဖို့၊ မိသားစုကို ပျော်ရွှင်အောင်ထားဖို့၊ အလုပ်အကိုင်ကောင်းတစ်ခု ရရှိဖို့၊ ပညာသင်ဆု ရရှိဖို့ ဒါမှမဟုတ် အခြားနိုင်ငံတစ်ခုမှာ အလုပ်လုပ်ဖို့ စတဲ့ ရည်မှန်းချက်တွေ လူအများစုမှာ ရှိတတ်ကြပါတယ်။ ဒါပေမဲ့ ကိုယ်လိုချင်တဲ့အရာကို ရရှိသွားပြီးနောက် ဘယ်လိုဘဝမျိုးကို ဆက်လက်နေထိုင်ချင်သလဲဆိုတာလည်း စဉ်းစားဖို့ လိုပါတယ်။ တစ်ခါတစ်ရံ ကိုယ်တကယ် လိုချင်တဲ့ အရာဟာ နောက်ဆုံးရလဒ်တစ်ခုတည်း မဟုတ်ဘဲ အဲဒီအရာကနေ ရရှိမယ်လို့ မျှော်လင့်ထားတဲ့ ခံစားချက်တစ်ခုလည်း ဖြစ်နိုင်ပါတယ်။ ဥပမာ အလုပ်ကောင်းတစ်ခု ရရှိချင်တာဟာ ဝင်ငွေတိုးတက်ဖို့သာမက လွတ်လပ်မှု၊ ဘဝတည်ငြိမ်မှု ဒါမှမဟုတ် ကိုယ့်ကိုယ်ကို ယုံကြည်မှု ပိုမိုရရှိဖို့လည်း ဖြစ်နိုင်ပါတယ်။ ဒီမေးခွန်းက ကိုယ်တကယ်တန်ဖိုးထားတဲ့အရာနဲ့ အောင်မြင်မှုကို ဘယ်လို ချိတ်ဆက်သတ်မှတ်ထားသလဲဆိုတာကို ပြန်လည်စဉ်းစားစေပါတယ်။
၁၃။ ကိုယ့်ကိုယ်ကို အားလျော့စေတဲ့ အတွေးတွေနဲ့ စကားသံတွေကို ဘယ်လိုတုံ့ပြန်မလဲ။
တစ်ခါတစ်ရံ ကိုယ့်စိတ်ထဲမှာ “ငါမလုပ်နိုင်ဘူး”၊ “ဒီအလုပ်ကိုတော့ ငါ မရနိုင်လောက်ဘူး” ဒါမှမဟုတ် “အရင်တစ်ခါ မအောင်မြင်ခဲ့တော့ ထပ်ကြိုးစားလည်း မထူးပါဘူး” ဆိုတဲ့ အတွေးတွေ ပေါ်လာတတ်ပါတယ်။ ဒီလို အားလျော့စေတဲ့ အတွေးတွေဟာ ကိုယ့်အတွင်းစိတ်ကနေ ဖြစ်ပေါ်လာနိုင်သလို အခြားသူတွေရဲ့ ဝေဖန်မှုတွေကြောင့်လည်း ဖြစ်ပေါ်လာနိုင်ပါတယ်။
ဒီအတွေးတွေကို အမှန်တရားအဖြစ် ချက်ချင်းလက်ခံမယ့်အစား ကိုယ့်ကိုယ်ကို အားပေးနိုင်မယ့် အတွေးတစ်ခုနဲ့ ပြန်လည်ချေပပစ်နိုင်ပါတယ်။ ဥပမာ “အခုချိန်မှာ မလုပ်တတ်သေးပေမဲ့ လေ့ကျင့်ရင်း တိုးတက်လာနိုင်တာပဲ”၊ “ရတာ မရတာ နောက်ကိစ္စ၊ အကောင်းဆုံး ကြိုးစားလိုက်ဖို့က ငါ့ကိစ္စ” လို့ ကိုယ့်ကိုယ်ကို သတိပေးနိုင်ပါတယ်။ ဒီလို အားပေးစကားတွေဟာ အခက်အခဲတွေကို ချက်ချင်းပျောက်ကွယ်သွားစေမှာ မဟုတ်ပေမဲ့ အခြေအနေကို ပိုမိုအပြုသဘောဆောင်တဲ့ ရှုထောင့်ကနေ ကြည့်နိုင်ဖို့ အထောက်အကူပြုနိုင်ပါတယ်။
၁၄။ လက်ရှိလုပ်ဆောင်နေတဲ့အရာတွေဟာ ကိုယ်တကယ်လုပ်ချင်တဲ့အရာတွေလား။
ဒီမေးခွန်းဟာ မေးခွန်းနံပါတ် (၂) နဲ့ ဆင်တူသယောင်ရှိပေမဲ့ အခြားသော မေးခွန်းတွေကို ပြန်လည်စဉ်းစား အဖြေထုတ်ပြီးနောက်မှာမှ ကိုယ့်ရဲ့ လက်ရှိရွေးချယ်မှုတွေကို ထပ်မံသုံးသပ်ဖို့ ရည်ရွယ်ပြီး မေးထားတဲ့ မေးခွန်းဖြစ်ပါတယ်။ ကိုယ့်ရဲ့ တန်ဖိုးထားမှုတွေ၊ အနာဂတ်မျှော်မှန်းချက်တွေနဲ့ ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေကို ပြန်လည်စဉ်းစားပြီးတဲ့နောက် လက်ရှိလမ်းကြောင်းဟာ ကိုယ့်အတွက် သင့်တော်နေသေးသလားဆိုတာ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်နိုင်ပါတယ်။
အဖြေက “ဟုတ်တယ်” ဆိုရင် ကိုယ်ရွေးချယ်ထားတဲ့ လမ်းကြောင်းကို ဘယ်လိုဆက်လက်တိုးတက်အောင် လုပ်ဆောင်မလဲဆိုတာ စဉ်းစားနိုင်ပါတယ်။ “မဟုတ်ဘူး” ဆိုရင်လည်း ချက်ချင်း အရာအားလုံးကို ပြောင်းလဲပစ်ဖို့ မလိုအပ်ပါဘူး။ ကိုယ်တကယ်လိုချင်တာက ဘာလဲဆိုတာကို ပိုမိုနားလည်လာဖို့နဲ့ ဖြစ်နိုင်တဲ့ ရွေးချယ်စရာတွေကို တစ်ဆင့်ချင်း စဉ်းစားဖို့ ဖြစ်ပါတယ်။
၁၅။ ကိုယ်ဘယ်သူ့ကို ယုံကြည်သလဲ။
လူတစ်ယောက်ရဲ့ ဘဝမှာ မိသားစုဝင်တွေ၊ မိတ်ဆွေတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အခြားဆက်ဆံရေးတွေ အများကြီး ရှိနိုင်ပါတယ်။ ဒါပေမဲ့ လူတိုင်းကို တူညီတဲ့အတိုင်းအတာနဲ့ ယုံကြည်လို့ မရနိုင်ပါဘူး။ အခက်အခဲကြုံတွေ့တဲ့အခါ ကိုယ့်စကားကို နားထောင်ပေးနိုင်သူ၊ ကိုယ့်အခြေအနေကို နားလည်ပေးနိုင်သူနဲ့ ရိုးသားတဲ့ အကြံဉာဏ်ပေးနိုင်သူတွေ ရှိနေဖို့ အရေးကြီးပါတယ်။
ယုံကြည်ရတဲ့သူတစ်ယောက် ရှိခြင်းက ကိုယ့်ရဲ့ ဆုံးဖြတ်ချက်တွေကို သူတို့က ချမှတ်ပေးနိုင်ရလိမ့်မယ်လို့ မဆိုလိုပါဘူး။ သူတို့ရဲ့ အမြင်တွေကို နားထောင်ပြီး ကိုယ့်အတွက် သင့်တော်တဲ့ ဆုံးဖြတ်ချက်ကို ကိုယ်တိုင် ချမှတ်နိုင်ဖို့ အထောက်အကူပြုဖို့သာ ဖြစ်ပါတယ်။ ကိုယ်ဘယ်သူ့ကို ယုံကြည်သလဲ၊ ဘာကြောင့် ယုံကြည်သလဲဆိုတာ နားလည်လာခြင်းကလည်း ကိုယ့်ရဲ့ ဆက်ဆံရေးတွေနဲ့ အကူအညီရယူပုံကို ပိုမိုသိရှိနားလည်လာစေဖို့ အထောက်အကူဖြစ်နိုင်ပါတယ်။
ဒီမေးခွန်း ၁၅ ခုကို ဖြေကြည့်တဲ့အခါ ကိုယ့်ရဲ့ ရည်ရွယ်ချက်ဟာ မေးခွန်းတိုင်းအတွက် မှန်ကန်တဲ့အဖြေကို ရှာဖွေဖို့ မဖြစ်သင့်ပါဘူး။ ကိုယ့်ရဲ့ တန်ဖိုးထားမှုတွေ၊ စိတ်ဝင်စားမှုတွေ၊ ယုံကြည်ချက်တွေ၊ အခက်အခဲတွေနဲ့ အနာဂတ်မျှော်မှန်းချက်တွေကို ပိုမိုနားလည်လာစေဖို့ ရည်ရွယ်ချက်နဲ့ မေးခွန်းတွေကို ဖြေဆိုကြည့်သင့်ပါတယ်။
မေးခွန်းတစ်ခုချင်းစီအတွက် အဖြေဟာ အချိန်နဲ့အမျှ ပြောင်းလဲလာနိုင်ပါတယ်။ အခုချိန်မှာ ကိုယ်လိုချင်တဲ့အရာဟာ နောင်တစ်ချိန်မှာ ကိုယ်လိုချင်တဲ့ အရာမဟုတ်နိုင်တော့သလို အရင်က မစဉ်းစားဖူးတဲ့ အခွင့်အလမ်းအသစ်တွေကိုလည်း နောက်ပိုင်းမှာ ရှာဖွေတွေ့ရှိလာနိုင်ပါတယ်။ အရေးကြီးတာက ကိုယ့်ရဲ့ အဖြေတွေကို အပြီးသတ် သတ်မှတ်ချက်တွေအဖြစ် မယူဆဘဲ ကိုယ့်ကိုယ်ကို ပိုမိုနားလည်လာဖို့ အထောက်အကူပြုတဲ့ အတွေးအခေါ်တွေ အဖြစ် ရှုမြင်ဖို့ပဲ ဖြစ်ပါတယ်။
ကိုယ့်ကိုယ်ကို ရိုးသားစွာ မေးခွန်းထုတ်နိုင်ခြင်းက ကိုယ်တကယ်လိုချင်တဲ့ဘဝနဲ့ ကိုယ်လက်ရှိနေထိုင်နေတဲ့ဘဝတို့ကြားက ကွာဟချက်ကို ပိုမိုမြင်လာစေပြီး နောက်ထပ် ဘယ်လိုရွေးချယ်မှုတွေ ပြုလုပ်သင့်သလဲဆိုတာ စဉ်းစားနိုင်ဖို့ အစပြုရာ နေရာတစ်ခု ဖြစ်ပါတယ်။
ကိုးကားဖတ်ရှုရန်
- University of Edinburgh. (n.d.). Reflecting for self-awareness. Reflection Toolkit
- Stanford University. (n.d.). Fostering self-reflection. Bridge to Learning
- University of Edinburgh. (n.d.). Goals, objectives and reflective habits. Reflection Toolkit
