တစ်ယောက်ယောက်က “သင်က ဘယ်သူလဲ” လို့ မေးလာတဲ့အခါ ကိုယ့်နာမည်၊ အလုပ်အကိုင်၊ ပညာအရည်အချင်း ဒါမှမဟုတ် ကိုယ်နေထိုင်ရာဒေသကို အရင်ဆုံး ပြောပြမိတတ်ကြပါတယ်။ ဒီအချက်တွေဟာ ကိုယ့်အကြောင်းကို အခြားသူတွေ နားလည်နိုင်ဖို့ အထောက်အကူပြုပေမဲ့ ကိုယ်ဘယ်သူလဲဆိုတာကို အပြည့်အဝ ဖော်ပြနိုင်တာတော့ မဟုတ်ပါဘူး။
လူတစ်ယောက်ရဲ့ ကိုယ်ပိုင်အမှတ်အသား (Identity) မှာ ကိုယ်စိတ်ဝင်စားတဲ့အရာတွေ၊ ယုံကြည်ချက်တွေ၊ တန်ဖိုးထားမှုတွေ၊ အတွေ့အကြုံတွေ၊ အရည်အချင်းတွေနဲ့ အနာဂတ်မျှော်မှန်းချက်တွေ ပါဝင်ပါတယ်။ ဥပမာအားဖြင့် လူတစ်ယောက်ဟာ ကျောင်းသားတစ်ယောက်၊ ဝန်ထမ်းတစ်ယောက်၊ မိဘတစ်ယောက်၊ မိတ်ဆွေတစ်ယောက် ဒါမှမဟုတ် လူမှုအသိုင်းအဝိုင်းအတွက် ပါဝင်ကူညီနေသူတစ်ယောက် ဖြစ်နိုင်ပါတယ်။ ဒီအခန်းကဏ္ဍတစ်ခုစီဟာ ကိုယ့်အကြောင်းကို ဖော်ပြပေးနိုင်ပေမဲ့ အခန်းကဏ္ဍတစ်ခုတည်းနဲ့ ကိုယ့်ရဲ့ ပင်ကိုယ်အမှတ်အသားတစ်ခုလုံးကို သတ်မှတ်လို့ မရပါဘူး။
စိတ်ပညာနယ်ပယ်မှာ ကိုယ်ပိုင်အမြင် (Self-concept) ဆိုတာ ကိုယ့်ကိုယ်ကို ဘယ်လိုမြင်သလဲ၊ ကိုယ့်ရဲ့ အရည်အသွေးတွေ၊ စွမ်းရည်တွေ၊ လက္ခဏာတွေနဲ့ လူမှုအသိုင်းအဝိုင်းအတွင်းမှာ ရှိတဲ့ အခန်းကဏ္ဍတွေကို ဘယ်လိုနားလည်သလဲဆိုတာနဲ့ သက်ဆိုင်ပါတယ်။ ဒီအမြင်တွေဟာ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေ၊ အခြားသူတွေနဲ့ ဆက်ဆံရေးတွေပေါ် မူတည်ပြီး အချိန်ကြာလာတာနဲ့အမျှ ပြောင်းလဲလာနိုင်ပါတယ်။
ဒါကြောင့် ကိုယ့်ကိုယ်ကို နားလည်ခြင်းဆိုတာ တစ်ကြိမ်တည်းနဲ့ အဖြေရှာပြီး အဆုံးသတ်နိုင်တဲ့ လုပ်ငန်းစဉ်တစ်ခု မဟုတ်ပါဘူး။ ဘဝအတွေ့အကြုံအသစ်တွေ ရရှိလာတဲ့အခါ၊ အကြောင်းအရာ အသစ်တွေ သင်ယူလာမိတဲ့အခါနဲ့ တာဝန်အသစ်တွေ ယူလာရတဲ့အခါ ကိုယ့်ရဲ့ စိတ်ဝင်စားမှုနဲ့ ဦးစားပေးမှုတွေ ပြောင်းလဲလာနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဘယ်သူလဲဆိုတာကို နားလည်ဖို့ ကြိုးစားတယ်ဆိုတာဟာ တစ်ခါတည်းနဲ့ ပြီးသွားတဲ့ လုပ်ငန်းစဉ်မျိုး မဟုတ်ဘဲ ဒီနေ့ဒီအချိန်မှာ လက်ရှိဖြစ်တည်နေတဲ့ ကိုယ့်အကြောင်းကို ပိုမိုနားလည်လာနိုင်ဖို့ပဲ ဖြစ်ပါတယ်။
ကိုယ့်ကိုယ်ကို ပိုမိုနားလည်လာခြင်း
ကိုယ့်ကိုယ်ကို နားလည်ဖို့ဆိုရင် ကိုယ့်ဘဝမှာ အရေးပါနေတဲ့ အရာတွေကို သတိပြုမိဖို့ လိုအပ်ပါတယ်။ ကိုယ်ဘာလုပ်နေသလဲ၊ ဘာတွေကို စိတ်ဝင်စားသလဲ၊ ဘယ်အရာတွေကို တန်ဖိုးထားသလဲ၊ ဘယ်အရာတွေမှာ ကျွမ်းကျင်သလဲ၊ အနာဂတ်မှာ ဘာတွေဖြစ်လာဖို့ မျှော်လင့်ထားသလဲဆိုတာတွေဟာ ကိုယ့်အကြောင်းကို ပိုမိုနားလည်လာစေနိုင်မယ့် အချက်တွေ ဖြစ်ပါတယ်။
ဥပမာအားဖြင့် အလုပ်အကိုင်တူညီတဲ့ လူနှစ်ယောက်မှာတောင် စိတ်ဝင်စားမှု၊ တန်ဖိုးထားမှုနဲ့ အနာဂတ်မျှော်မှန်းချက်တွေ မတူညီနိုင်ပါဘူး။ ဆရာတစ်ယောက်ဟာ သင်ထောက်ကူပစ္စည်းတွေ ဖန်တီးရတာကို စိတ်ဝင်စားနိုင်သလို အခြားဆရာတစ်ယောက်ကတော့ လူမှုအသိုင်းအဝိုင်း ဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုစိတ်ဝင်စားနိုင်ပါတယ်။ သူတို့ရဲ့ အလုပ်အကိုင်တွေဟာ တူညီပေမဲ့ ကိုယ်ပိုင်စိတ်ဝင်စားမှုနဲ့ ရည်မှန်းချက်တွေကတော့ ကွဲပြားနေကြပါတယ်။
ဒါ့အပြင် ကိုယ့်အကြောင်းကို ကိုယ် ဘယ်လို နားလည်ထားလဲ ဆိုတာဟာ အခြားသူတွေနဲ့ ကိုယ်နဲ့ကြား ဘယ်လို ဆက်ဆံရေးတွေ တည်ဆောက်ထားလဲနဲ့ သူတို့ဆီက ရရှိတဲ့ အကြံပြုချက်တွေပေါ် မူတည်ပြီးလည်း အပြောင်းအလဲတွေ ရှိနိုင်ပါတယ်။ သို့သော် အခြားသူတွေ ကိုယ့်အပေါ် ဘယ်လိုမြင်သလဲဆိုတာဟာ ကိုယ်ဘယ်သူလဲဆိုတဲ့ အဖြေအပေါ်ကို ၁၀၀ ရာခိုင်နှုန်း သက်ရောက်မှု ရှိတာမျိုးတော့ မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကို နားလည်ဖို့ဆိုရင် အခြားသူတွေရဲ့ အမြင်တွေကိုလည်း ထည့်သွင်းစဉ်းစားရမှာဖြစ်သလို ကိုယ့်ရဲ့ အတွေ့အကြုံနဲ့ ခံယူချက်တွေကိုလည်း ပြန်လည်သုံးသပ်ဖို့ လိုအပ်ပါတယ်။
ဒီလို ကိုယ့်ရဲ့ တာဝန်ဝတ္တရားတွေ၊ အတွေ့အကြုံတွေနဲ့ စိတ်ဝင်စားမှုတွေကို နားလည်လာတဲ့အခါ ကိုယ့်ဘဝကို၊ ကိုယ့်ကိုယ်ကို အလုပ်အကိုင်တစ်ခု ဒါမှမဟုတ် အောင်မြင်မှုတစ်ခုတည်းနဲ့ သတ်မှတ်တာမျိုးကို ရှောင်ရှားနိုင်လာပါတယ်။
လက်ရှိကိုယ့်ကိုယ်ကို လက်ခံခြင်း
ကိုယ့်ကိုယ်ကို နားလည်ခြင်းမှာ လက်ရှိအခြေအနေကို ရိုးသားစွာ အသိအမှတ်ပြုခြင်းလည်း ပါဝင်ပါတယ်။ ဒါဟာ ကိုယ့်ရဲ့ အားသာချက်နဲ့ အောင်မြင်မှုတွေကို သိရှိခြင်းအပြင် အခက်အခဲတွေ၊ အားနည်းချက်တွေနဲ့ တိုးတက်ဖို့ လိုအပ်နေတဲ့ အပိုင်းတွေကိုပါ လက်ခံနိုင်ခြင်း ဖြစ်ပါတယ်။
တစ်ခါတစ်ရံ ကိုယ့်ဘဝတိုးတက်မှုကို အခြားသူတွေနဲ့ နှိုင်းယှဉ်မိတတ်ကြပါတယ်။ ကိုယ်နဲ့ ရွယ်တူတစ်ယောက်က ပိုကောင်းတဲ့ အလုပ်အကိုင်ရရှိနေတယ်၊ ဝင်ငွေပိုများနေတယ် ဒါမှမဟုတ် အနာဂတ်အတွက် ပိုမိုရှင်းလင်းတဲ့ အစီအစဉ်ရှိနေတယ်ဆိုတဲ့အခါ ကိုယ့်အနေနဲ့ နောက်ကျကျန်နေတယ်လို့ ခံစားမိနိုင်ပါတယ်။ ဒါပေမဲ့ လူတစ်ယောက်ချင်းစီရဲ့ ဘဝအတွေ့အကြုံ၊ ရရှိထားတဲ့ အခွင့်အလမ်း၊ တာဝန်ယူရမှုနဲ့ လက်ရှိအခြေအနေတွေဟာ မတူညီကြပါဘူး။ အခြားသူတစ်ယောက်ရဲ့ တိုးတက်မှုဟာ ကိုယ့်ရဲ့ အရည်အချင်းနဲ့ အနာဂတ်အလားအလာကို တိုင်းတာတဲ့ စံနှုန်းတစ်ခု မဟုတ်ပါဘူး။
ကိုယ့်ကိုယ်ကို လက်ခံခြင်း (Self-acceptance) ဆိုတာ ကိုယ့်ရဲ့ အားသာချက်နဲ့ အောင်မြင်မှုတွေကို အသိအမှတ်ပြုသလို ကိုယ့်ဘဝရဲ့ ကန့်သတ်ချက်တွေကိုလည်း လက်ခံနားလည်ခြင်း ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို လက်ခံတယ်ဆိုတာ အရာအားလုံး ပြည့်စုံနေပြီလို့ ယုံကြည်ခြင်း မဟုတ်သလို ပြောင်းလဲတိုးတက်ဖို့ မလိုအပ်တော့ဘူးလို့ ဆိုလိုတာလည်း မဟုတ်ပါဘူး။
ဥပမာအားဖြင့် အလုပ်လက်မဲ့ဖြစ်နေခြင်းဟာ ကိုယ့်မှာ အရည်အချင်း ရှိမနေလို့လို့ သတ်မှတ်လို့ မရပါဘူး။ အလုပ်တစ်ခုမှာ အခက်အခဲကြုံတွေ့ရခြင်းဟာ ကိုယ်ညံ့နေလို့လို့လည်း မဆိုလိုပါဘူး။ အနာဂတ်အတွက် ဘယ်လမ်းကြောင်းကို ရွေးချယ်ရမလဲ မသိသေးတာဟာလည်း မအောင်မြင်သူတစ်ယောက် ဖြစ်နေပြီလို့ အဓိပ္ပာယ် မရပါဘူး။ ဒီအရာတွေဟာ ပြောင်းလဲလာနိုင်တဲ့ လက်ရှိအခြေအနေတွေနဲ့ စိန်ခေါ်မှုတွေ ဖြစ်ကြပါတယ်။
ကိုယ့်ကိုယ်ကို လက်ခံနားလည်လာတဲ့အခါ လက်ရှိကိုယ့်မှာ ရှိနေတဲ့ အားသာချက်တွေကို အသိအမှတ်ပြုနိုင်သလို ဘယ်အပိုင်းတွေမှာ သင်ယူဖို့၊ ပြောင်းလဲဖို့နဲ့ တိုးတက်ဖို့ လိုအပ်သလဲဆိုတာကိုလည်း ပိုမိုရှင်းလင်းစွာ မြင်လာနိုင်ပါတယ်။
ကိုယ့်အကြောင်းကို အခြားသူတွေထံ ဘယ်လိုမိတ်ဆက်မလဲ။
ကိုယ့်ကိုယ်ကို မှန်မှန်ကန်ကန် နားလည်လာတဲ့အခါ ကိုယ့်အကြောင်းကို အခြားသူတွေထံ မျှဝေတဲ့ အခါမှာလည်း ပိုမို တိကျစွာ မျှဝေလာနိုင်မှာ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို မိတ်ဆက်ခြင်း (Self-introduction) ဟာ ကိုယ့်ရဲ့ နောက်ခံအကြောင်းအရာ၊ လက်ရှိလုပ်ဆောင်နေတဲ့ အရာတွေ၊ စိတ်ဝင်စားမှုတွေနဲ့ အနာဂတ်မျှော်မှန်းချက်တွေကို အခြားသူတွေ နားလည်လာစေမယ့် နည်းလမ်းတစ်ခု ဖြစ်ပါတယ်။
မိတ်ဆက်တဲ့အခါ ဘယ်အချက်တွေကို ပြောပြမလဲဆိုတာဟာ အခြေအနေပေါ် မူတည်ပါတယ်။ အလုပ်နဲ့ပတ်သက်တဲ့ နေရာတစ်ခုမှာ ကိုယ့်ရဲ့ အတွေ့အကြုံ၊ လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှုနဲ့ အနာဂတ်အလုပ်အကိုင် ရည်မှန်းချက်တွေကို အလေးပေးပြောပြနိုင်ပါတယ်။ မိတ်ဆွေအသစ်တွေနဲ့ တွေ့ဆုံတဲ့အခါမှာတော့ ကိုယ့်ရဲ့ ဝါသနာ၊ စိတ်ဝင်စားမှုနဲ့ ကိုယ်ပိုင်အတွေ့အကြုံတွေကို မျှဝေနိုင်ပါတယ်။
တစ်ခါတစ်ရံ မိတ်ဆက်တဲ့အခါ ကိုယ့်နာမည်၊ အလုပ်အကိုင် ဒါမှမဟုတ် ပညာအရည်အချင်းလောက်ကိုသာ ပြောပြမိတတ်ကြပါတယ်။ ဒီအချက်တွေဟာ အရေးကြီးပေမဲ့ ကိုယ့်ရဲ့ အခြားစိတ်ဝင်စားမှုတွေနဲ့ အနာဂတ်မျှော်မှန်းချက်တွေကိုပါ မျှဝေမှသာ အခြားသူတွေအနေနဲ့ ကိုယ့်အကြောင်းကို ပိုမိုပြည့်စုံစွာ နားလည်လာနိုင်မှာ ဖြစ်ပါတယ်။
ဥပမာအားဖြင့် ကိုယ်ဟာ ရုံးဝန်ထမ်းတစ်ယောက်ဖြစ်သလို လူမှုအသိုင်းအဝိုင်းမှာလည်း စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်ကူညီနေတာမျိုး ဖြစ်နေနိုင်ပါတယ်။ ဒါမှမဟုတ် ကျောင်းတက်ရင်း အနုပညာဂီတ တစ်ခုခုကို သင်ယူနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒီလို အကြောင်းအရာမျိုးစုံကို မျှဝေခြင်းက အခြားသူတွေအနေနဲ့ ကိုယ်ဘယ်လိုလူလဲဆိုတာကို ပိုမိုသိရှိလာဖို့ အထောက်အကူဖြစ်စေပြီး တူညီတဲ့ စိတ်ဝင်စားမှုတွေရှိတဲ့ အပေါင်းအသင်းတွေကို ရှာဖွေတွေ့ရှိနိုင်ဖို့လည်း အထောက်အကူပြုပါတယ်။
ကိုယ့်ကိုယ်ကို မိတ်ဆက်ဖို့ ရိုးရှင်းတဲ့ နည်းလမ်းတစ်ခု
ကိုယ့်အကြောင်းကို မိတ်ဆက်တဲ့အခါ အသုံးပြုနိုင်မယ့် ရိုးရှင်းတဲ့ ပုံစံတစ်ခုကို လေ့လာကြည့်ရအောင်။
“ကျွန်တော့်/ကျွန်မနာမည်က [အမည်] ဖြစ်ပြီး [ဒေသ] ကပါ။ လက်ရှိမှာ [A] နဲ့ [B] လုပ်နေပါတယ်။ [C] လုပ်ရတာကို နှစ်သက်ပြီး အနာဂတ်မှာ [D] ဖြစ်လာဖို့ ရည်မှန်းထားပါတယ်။”
ဒီပုံစံမှာ အဓိကအချက်လေးချက် ပါဝင်ပါတယ်။
အမည်နဲ့ နေထိုင်ရာဒေသ က ကိုယ့်အကြောင်းကို အခြေခံမိတ်ဆက်ပေးတဲ့ အချက်တွေ ဖြစ်ပါတယ်။
- လက်ရှိလုပ်ဆောင်နေတဲ့ အရာနှစ်ခု ဖြစ်တဲ့ [A] နဲ့ [B] က ကိုယ့်ဘဝရဲ့ လက်ရှိအခန်းကဏ္ဍတွေကို ဖော်ပြပေးပါတယ်။ ဥပမာ ကျောင်းတက်နေခြင်း၊ အလုပ်လုပ်နေခြင်း၊ စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်ခြင်း ဒါမှမဟုတ် ကျွမ်းကျင်မှုအသစ်တစ်ခု သင်ယူနေခြင်းတို့ ဖြစ်နိုင်ပါတယ်။ လက်ရှိလုပ်ဆောင်နေတဲ့ အရာနှစ်ခုကို မျှဝေခြင်းက ကိုယ့်ရဲ့ အလုပ်က ရာထူးတစ်ခုကို ပြောပြတာထက် ပိုမိုကျယ်ပြန့်တဲ့ အကြောင်းအရာတွေကို မိတ်ဆက်ပေးတဲ့နေရာမှာ အထာက်အကူပြုပါတယ်။
- ကိုယ်နှစ်သက်တဲ့ အရာ [C] က ကိုယ့်ရဲ့ စိတ်ဝင်စားမှုနဲ့ ဝါသနာကို ဖော်ပြပေးပါတယ်။ စာဖတ်ခြင်း၊ ဟင်းချက်ခြင်း၊ အပင်စိုက်ခြင်း၊ အားကစားလုပ်ခြင်း၊ ခရီးသွားခြင်း ဒါမှမဟုတ် ဖန်တီးမှုဆိုင်ရာ လုပ်ငန်းတွေဖြစ်တဲ့ YouTube Videos တွေ ဖန်တီးခြင်းတို့ ဖြစ်နိုင်ပါတယ်။ ဝါသနာတစ်ခုဟာ ဝင်ငွေရရှိစေဖို့ ဒါမှမဟုတ် အလုပ်အကိုင်နဲ့ သက်ဆိုင်နေဖို့ မလိုအပ်ပါဘူး။ ကိုယ် တကယ်နှစ်သက်ပြီး စိတ်ပျော်ရွှင်မှုကို ရရှိစေနိုင်တဲ့ အရာတစ်ခု ဖြစ်ဖို့ပဲ လိုအပ်ပါတယ်။
- အနာဂတ်မျှော်မှန်းချက် [D] က အနာဂတ်မှာ ကိုယ်ဘာတွေ ဖြစ်လာချင်သလဲ၊ ဘယ်လို အောင်မြင်ချင်တွေ လိုချင်သလဲဆိုတာကို ဖော်ပြပေးပါတယ်။ လုပ်ငန်းပိုင်းဆိုင်ရာ တိုးတက်လာဖို့၊ ကိုယ်ပိုင်လုပ်ငန်းတစ်ခု စတင်ဖို့၊ ဘာသာစကား အသစ်တစ်ခု သင်ယူဖို့၊ မိသားစုကို ပိုမိုထောက်ပံ့ပေးနိုင်ဖို့ ဒါမှမဟုတ် ကိုယ့်ရဲ့ လူမှုအသိုင်းအဝိုင်းအတွက် အကျိုးပြုနိုင်ဖို့ စတဲ့ ရည်မှန်းချက်တွေ ဖြစ်နိုင်ပါတယ်။
ဥပမာအားဖြင့် Tika ဆိုတဲ့ သင်တန်းဆရာမတစ်ဦးရဲ့ မိတ်ဆက်ပုံကို အောက်မှာ လေ့လာကြည့်ရအောင်။

“ကျွန်မနာမည်က Tika ဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံကပါ။ ကျွန်မက သင်တန်းပို့ချသူတစ်ယောက်ဖြစ်သလို Podcast အစီအစဉ်တွေကိုလည်း ဖန်တီးပါတယ်။ စာဖတ်ရတာကို နှစ်သက်ပြီး အနာဂတ်မှာ အရှေ့တောင်အာရှဒေသအတွင်း အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နိုင်မယ့် စင်တာတစ်ခု တည်ထောင်ဖို့ အိပ်မက်ရှိပါတယ်။”
ဒီမိတ်ဆက်ပုံမှာ Tika ဟာ သူ့ရဲ့ အလုပ်အကိုင်အကြောင်းကိုသာ ပြောပြထားတာ မဟုတ်ပါဘူး။ သူနှစ်သက်တဲ့ အရာနဲ့ အနာဂတ်မျှော်မှန်းချက်ကိုပါ မျှဝေထားတဲ့အတွက် အချိန်တိုအတွင်းမှာ အခြားသူတွေအနေနဲ့ သူ့အကြောင်းကို ပိုမိုသိရှိနိုင်သလို စကားစမပြတ်သွားစေဘဲ ဆက်လက်ဆွေးနွေးဖို့လည်း အကြောင်းအရာတွေ ရရှိလာနိုင်ပါတယ်။
ဒီလို မိတ်ဆက်တဲ့ ပုံစံဟာ မဖြစ်မနေ လိုက်လုပ်ရမယ့် စည်းမျဉ်းတစ်ခုတော့ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ အခြေအနေနဲ့ မိတ်ဆက်ရမယ့် နေရာပေါ်မူတည်ပြီး လိုအပ်သလို ပြောင်းလဲအသုံးပြုနိုင်ပါတယ်။ အရေးကြီးတာက အခြားသူတွေ အထင်ကြီးလာဖို့အတွက် မရှိတဲ့ အောင်မြင်မှုတွေကို ဖော်ပြဖို့ မဟုတ်ဘဲ ကိုယ့်အကြောင်းကို ရိုးသားစွာနဲ့ သဘာဝကျကျ မျှဝေဖို့ပဲ ဖြစ်ပါတယ်။
ကိုယ့်ရဲ့ အနာဂတ်မျှော်မှန်းချက်တွေကို မျှဝေခြင်းအားဖြင့် ကိုယ်ဘယ်လမ်းကြောင်းကို လျှောက်လှမ်းချင်သလဲဆိုတာကိုလည်း အခြားသူတွေ နားလည်လာနိုင်ပါတယ်။ အဲဒီကနေတစ်ဆင့် တူညီတဲ့ စိတ်ဝင်စားမှုတွေကို ရှာဖွေတွေ့ရှိနိုင်သလို အကြံဉာဏ်တွေ၊ အခွင့်အလမ်းတွေနဲ့ အထောက်အပံ့တွေ ရရှိလာနိုင်ပါတယ်။ ဒါပေမဲ့ ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာအကြောင်းအရာအားလုံးကို အခြားသူတွေထံ မျှဝေဖို့တော့ မလိုအပ်ပါဘူး။ ဘယ်အရာတွေကို မျှဝေမလဲဆိုတာ ကိုယ်တိုင် ရွေးချယ်နိုင်ပါတယ်။
အချုပ်အားဖြင့်ဆိုရရင်တော့ ကိုယ့်ကိုယ်ကို နားလည်တယ်ဆိုတာဟာ ကိုယ့်ရဲ့ အနာဂတ်နဲ့ပတ်သက်တဲ့ အရာအားလုံးအတွက် အဖြေရှိနေတာမျိုးကို ဆိုလိုတာ မဟုတ်ပါဘူး။ လက်ရှိလုပ်ဆောင်နေတဲ့ အရာတွေ၊ စိတ်ဝင်စားမှုတွေနဲ့ ဘဝအခြေအနေတွေဟာ ကိုယ့်အကြောင်းကို ဖော်ပြပေးတဲ့ အစိတ်အပိုင်းတွေ ဖြစ်ပေမဲ့ အဲဒီအရာတွေဟာ အမြဲတမ်း ဒီအတိုင်းပဲ ရှိနေရမယ်လို့ မဆိုလိုပါဘူး။ ကိုယ့်ကိုယ်ကို နားလည်ခြင်းဟာ လက်ရှိကိုယ့်အခြေအနေကို အသိအမှတ်ပြုခြင်း၊ ကိုယ့်ရဲ့ အခြေအနေကို လက်ခံခြင်းနဲ့ သင်ယူတိုးတက်ဖို့ အခွင့်အလမ်းတွေကို ဆက်လက်ဖွင့်ထားခြင်းကနေ စတင်ပါတယ်။
ကိုးကားဖတ်ရှုရန်
- American Psychological Association. (n.d.). Self-concept. APA Dictionary of Psychology. https://dictionary.apa.org/self-concept
- University of Minnesota, College of Education and Human Development. (n.d.). Career Services. https://www.cehd.umn.edu/current-students/career-services/making-connections
