နေ့စဉ်ဘဝမှာ မိမိတို့ဟာ အခြားသူတွေနဲ့ အတူတကွ အလုပ်လုပ်ကိုင်ရတာ၊ သင်ယူလေ့လာရတာနဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ရတာတွေ ရှိတတ်ပါတယ်။ ဒီလို အတူတကွ လုပ်ဆောင်ကြတဲ့အခါ မိမိရဲ့ အပြုအမူ၊ လုပ်ဆောင်ပုံနဲ့ ဆက်ဆံရေးတွေဟာ အခြားသူတွေအပေါ် ဘယ်လိုသက်ရောက်မှုရှိနေသလဲဆိုတာကို သိရှိဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် မိမိလုပ်ဆောင်ချက်တွေထဲမှာ ဘယ်အရာတွေက ကောင်းမွန်နေပြီး ဘယ်အရာတွေကို ပြုပြင်ဖို့ လိုအပ်နေသလဲဆိုတာကိုလည်း သိရှိဖို့ လိုပါတယ်။ ဒီလို မိမိရဲ့ လုပ်ဆောင်ချက်တွေကို ပြန်လည်သုံးသပ်နိုင်ဖို့နဲ့ တိုးတက်အောင် ပြုပြင်နိုင်ဖို့ အထောက်အကူပြုတဲ့ အရာတစ်ခုကတော့ Feedback ပေးခြင်း ဖြစ်ပါတယ်။
Feedback ဆိုတာ အခြားသူတစ်ဦးရဲ့ လုပ်ဆောင်ချက်၊ အပြုအမူ ဒါမှမဟုတ် ဆောင်ရွက်မှုတစ်ခုနဲ့ ပတ်သက်ပြီး မိမိသတိပြုမိတဲ့ အချက်အလက်တွေ၊ အမြင်တွေနဲ့ အဲဒီလုပ်ဆောင်ချက်ကြောင့် ဖြစ်ပေါ်လာတဲ့ သက်ရောက်မှုတွေကို ပြန်လည်မျှဝေပေးခြင်း ဖြစ်ပါတယ်။ Feedback ပေးခြင်းရဲ့ ရည်ရွယ်ချက်ဟာ တစ်ဖက်လူရဲ့ အားနည်းချက်တွေကို ဖော်ထုတ်ဖို့၊ အပြစ်တင်ဖို့ ဒါမှမဟုတ် အရှက်ရစေဖို့ မဟုတ်ပါဘူး။ မိမိရဲ့ အပြုအမူတွေကို ပိုမိုနားလည်လာစေပြီး နောက်တစ်ကြိမ်မှာ ပိုမိုကောင်းမွန်စွာ လုပ်ဆောင်နိုင်ဖို့ အထောက်အကူပြုဖို့သာ ဖြစ်ပါတယ်။
ဘာကြောင့် Feedback ပေးဖို့ တွန့်ဆုတ်တတ်ကြသလဲ
Feedback ဟာ အဖွဲ့အစည်းတစ်ခုမှာ တစ်ယောက်နဲ့ တစ်ယောက်စီက အပြန်အလှန် သင်ယူတိုးတက်ဖို့ အသုံးပြုတဲ့နေရာမှာ အလွန်အရေးကြီးပေမဲ့ လူအများစုအတွက် Feedback ပေးခြင်းဟာ လွယ်ကူတဲ့အရာတော့ မဟုတ်ပါဘူး။ အထူးသဖြင့် တစ်ဖက်လူရဲ့ လုပ်ဆောင်ချက်တစ်ခုကို ပြုပြင်ဖို့ အကြံပြုရတဲ့အခါ စိတ်မသက်မသာ ဖြစ်တတ်ကြပါတယ်။ ပထမဆုံးအနေနဲ့ ကိုယ်ပေးလိုက်တဲ့ Feedback ကြောင့် တစ်ဖက်လူရဲ့ ခံစားချက် ထိခိုက်သွားမှာကို စိုးရိမ်တတ်ကြပါတယ်။ မိမိက အကောင်းဆုံးဖြစ်စေချင်တဲ့ စေတနာနဲ့ ပြောဆိုပေမဲ့ တစ်ဖက်လူက စိတ်ဆိုးသွားမလား၊ ဝမ်းနည်းသွားမလား၊ မိမိတို့ရဲ့ ဆက်ဆံရေး ပျက်စီးသွားမလားဆိုတာကို စိုးရိမ်တတ်ကြပါတယ်။
ဒုတိယအနေနဲ့ မိမိရဲ့ အမြင်ဟာ မှန်ကန်မှုရှိရဲ့လားဆိုတဲ့ သံသယ ဖြစ်တတ်ပါတယ်။ Feedback ဆိုတာ မိမိမြင်တွေ့ခဲ့တာ၊ ကြားသိခဲ့တာနဲ့ နားလည်ထားတာတွေအပေါ် အခြေခံတာဖြစ်တဲ့အတွက် တစ်ခါတစ်ရံ မိမိရဲ့ အမြင်ဟာ အခြေအနေတစ်ခုလုံးကို ကိုယ်စားမပြုနိုင်ပါဘူး။ ဒါ့အပြင် မိမိကိုယ်တိုင်လည်း အားနည်းချက်တွေ ရှိနေတဲ့အတွက် အခြားသူကို ပြုပြင်ဖို့ အကြံပြုသင့်ရဲ့လားဆိုပြီး တွေးတောတတ်ကြပါတယ်။ တကယ်တော့ Feedback ပေးသူဟာ ပြည့်စုံကောင်းမွန်တဲ့သူ ဖြစ်နေဖို့ မလိုအပ်ပါဘူး။ အရေးကြီးတာက မိမိရဲ့ အမြင်ကို အမှန်တရားတစ်ခုလို သတ်မှတ်မထားဘဲ သတိပြုမိတဲ့ အခြေအနေကို ရိုးသားစွာ မျှဝေပြီး တစ်ဖက်လူရဲ့ ရှင်းပြချက်ကိုလည်း နားထောင်ပေးဖို့ ဖြစ်ပါတယ်။
တတိယအနေနဲ့ အချိန်မရှိခြင်းကလည်း Feedback မပေးဖြစ်စေတဲ့ အကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။ အထူးသဖြင့် အဖွဲ့အစည်းတွေနဲ့ လုပ်ငန်းခွင်တွေမှာ နေ့စဉ်လုပ်ငန်းတာဝန်တွေ များပြားနေတဲ့အတွက် အဖွဲ့ဝင်တွေနဲ့ သီးခြားအချိန်ယူပြီး ဆွေးနွေးဖို့ ခက်ခဲတတ်ပါတယ်။ နောက်ထပ် သတိပြုရမယ့် အချက်တစ်ခုကတော့ အသုံးဝင်မှုမရှိတဲ့ Feedback ပေးခြင်း ဖြစ်ပါတယ်။ ဥပမာ “မင်းက နေ့ခင်းတိုင်း အိပ်နေတာပဲ” လို့ ပြောလိုက်ရုံနဲ့ တစ်ဖက်လူအနေနဲ့ ဘာကို ပြုပြင်ရမယ်ဆိုတာ ရှင်းရှင်းလင်းလင်း သိနိုင်မှာ မဟုတ်ပါဘူး။ ဘာကြောင့် ဒီအချက်ကို ပြောရတာလဲ၊ အဲဒီအပြုအမူကြောင့် ဘယ်လိုသက်ရောက်မှုတွေ ရှိလာသလဲ၊ ဘယ်လိုပြုပြင်နိုင်သလဲဆိုတာတွေ မပါဝင်တဲ့အတွက် အဲဒီစကားဟာ အသုံးဝင်တဲ့ Feedback တစ်ခု ဖြစ်မလာနိုင်ပါဘူး။ ဒါကြောင့် Feedback ပေးခြင်းကို ရှောင်ရှားနေမယ့်အစား ဘယ်လိုပေးရင် ပိုမိုအကျိုးရှိမလဲဆိုတာကို နားလည်ထားဖို့ လိုအပ်ပါတယ်။
အကျိုးရှိတဲ့ Feedback ပေးခြင်းနှင့် လက်ခံခြင်း
Feedback ပေးခြင်းဟာ တစ်ဖက်လူကို ပြောဆိုဝေဖန်ခြင်းသက်သက် မဟုတ်ပါဘူး။ နှစ်ဦးနှစ်ဖက် အပြန်အလှန် နားလည်မှုရှိဖို့နဲ့ တိုးတက်မှုအတွက် ပူးပေါင်းဆောင်ရွက်ဖို့ ဖြစ်ပါတယ်။ ဒါကြောင့် Feedback ပေးတဲ့အခါ လေးစားမှုရှိဖို့၊ မိမိပြောဆိုလိုတဲ့ အကြောင်းအရာဟာ ရှင်းရှင်းလင်းလင်းရှိဖို့နဲ့ တစ်ဖက်လူရဲ့ အမြင်ကိုလည်း နားထောင်ပေးဖို့ လိုအပ်ပါတယ်။ Feedback ပေးသူအနေနဲ့ တစ်ဖက်လူရဲ့ စရိုက်လက္ခဏာကို ဆုံးဖြတ်ဝေဖန်မယ့်အစား မိမိမြင်တွေ့ခဲ့တဲ့ အပြုအမူကိုသာ အခြေခံသင့်ပါတယ်။ ဥပမာ “မီတင်ချိန်တွေဆို မင်း အမြဲ နောက်ကျနေတာပဲ” လို့ ပြောမယ့်အစား “ဒီနေ့ မနက် ၉ နာရီမှာ စမယ့် အစည်းအဝေးကို ၉ နာရီ ၁၅ မိနစ်မှ မင်းရောက်လာတာကို တွေ့လိုက်မိတယ်” လို့ ပြောဆိုနိုင်ပါတယ်။ ဒီလိုပြောဆိုခြင်းအားဖြင့် တစ်ဖက်လူအနေနဲ့ သူ့ရဲ့ လုပ်ဆောင်ချက်ကို ပိုပြီးရှင်းရှင်းလင်းလင်း နားလည်နိုင်ပါတယ်။
ဒါ့အပြင် Feedback ပေးတဲ့အခါ လက်ရှိဆွေးနွေးနေတဲ့ အကြောင်းအရာနဲ့ မသက်ဆိုင်တဲ့ အတိတ်က ဖြစ်ရပ်တွေကို ထည့်သွင်းပြောဆိုတာမျိုးကို ရှောင်ကြဉ်သင့်ပါတယ်။ လတ်တလော ဖြစ်ထားတဲ့ ဖြစ်ရပ်တစ်ခုအပေါ်ပဲ အခြေခံပြီး အဓိကအချက်ကို ရှင်းရှင်းလင်းလင်း ပြောဆိုခြင်းက တစ်ဖက်လူအတွက်လည်း နားလည်ရလွယ်ကူစေပါတယ်။ အရေးကြီးဆုံးကတော့ မိမိရဲ့ ရည်ရွယ်ချက်ကို မိမိကိုယ်တိုင် ပြန်လည်စစ်ဆေးဖို့ပဲ ဖြစ်ပါတယ်။ Feedback ပေးခြင်းဟာ တစ်ဖက်လူကို အပြစ်ပေးဖို့ ဒါမှမဟုတ် မိမိစိတ်ဆိုးနေကြောင်း ပြောပြဖို့ မဟုတ်ပါဘူး။ တစ်ဖက်လူအနေနဲ့ ပိုမိုကောင်းမွန်စွာ လုပ်ဆောင်နိုင်ဖို့ရာ ကူညီပေးဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့သာ Feedback ပေးသင့်ပါတယ်။
တစ်ဖက်မှာလည်း Feedback လက်ခံရရှိတဲ့အခါ မိမိကိုယ်ကို ချက်ချင်းကာကွယ်ပြောဆိုတာထက် အရင်ဆုံး စိတ်အေးအေးထားပြီး နားထောင်ဖို့ ကြိုးစားသင့်ပါတယ်။ မိမိရဲ့ လုပ်ရပ်တွေကို ပြန်လည်သုံးသပ်ပြီး အကြံပြုချက်ထဲမှာ အသုံးဝင်တဲ့အချက်တွေ ပါဝင်သလားဆိုတာ စဉ်းစာကြည့်ရပါတယ်။ တကယ်တော့ Feedback ကို လက်ခံခြင်းဟာ တစ်ဖက်လူပြောသမျှ အားလုံးကို မှန်ကန်တယ်လို့ သဘောတူလိုက်ခြင်း မဟုတ်ပါဘူး။ တစ်ခါတစ်ရံ Feedback ပေးသူရဲ့ အမြင်ဟာ မပြည့်စုံတာ၊ အခြေအနေတစ်ခုလုံးကို မသိရှိဘဲ Feedback ပေးမိလိုက်တာမျိုး ရှိနိုင်ပါတယ်။ အဲဒီလိုအခါမျိုးမှာလည်း ချက်ချင်းငြင်းဆိုတာထက် မိမိရဲ့ အမြင်နဲ့ အခြေအနေကို အေးအေးဆေးဆေး ရှင်းပြနိုင်ပါတယ်။
Feedback တစ်ခုကို လက်ခံရရှိပြီးတဲ့အခါ လက်တွေ့ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့လည်း လိုအပ်ပါတယ်။ မိမိအတွက် ဘယ်အချက်က အရေးကြီးသလဲ၊ ဘယ်လို ပြောင်းလဲလုပ်ဆောင်မလဲဆိုတာကို စဉ်းစားပြီး လက်တွေ့အသုံးချသင့်ပါတယ်။ ဒီလိုလုပ်ဆောင်ခြင်းအားဖြင့် Feedback ဟာ စကားပြောဆိုမှုတစ်ခုအဖြစ်သာ ရပ်တန့်မနေဘဲ တကယ့်တိုးတက်မှုတစ်ခုအဖြစ် ရုပ်လုံးကြွလာမှာ ဖြစ်ပါတယ်။
အပြန်အလှန် Feedback ပေးနိုင်တဲ့ ပတ်ဝန်းကျင်တစ်ခု ဖန်တီးခြင်း
Feedback ပေးခြင်းဟာ တစ်ဦးချင်းစီရဲ့ တိုးတက်မှုအတွက်သာမကဘဲ အဖွဲ့အစည်းတစ်ခုလုံးရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ယုံကြည်မှုကို တည်ဆောက်ရာမှာလည်း အရေးကြီးပါတယ်။ အဖွဲ့အစည်းတစ်ခုမှာ အမှားတစ်ခုခု ဖြစ်ပေါ်လာတဲ့အခါ အပြစ်တင်ခံရမှာကို ကြောက်ရွံ့နေရမယ်ဆိုရင် အဖွဲ့ဝင်တွေဟာ မိမိတို့ရဲ့ အခက်အခဲတွေကို ဖွင့်ဟပြောဆိုဖို့ တွန့်ဆုတ်လာနိုင်ပါတယ်။ အဲဒီအစား အမှားတွေကို သင်ယူစရာအဖြစ် သဘောထားပြီး အပြန်အလှန် အကြံပြုနိုင်တဲ့ ပတ်ဝန်းကျင်တစ်ခု တည်ဆောက်ထားဖို့ လိုအပ်ပါတယ်။
ဥပမာ အဖွဲ့ဝင်တစ်ဦးက လုပ်ငန်းတာဝန်တစ်ခုကို သတ်မှတ်ထားတဲ့အချိန်အတွင်း မပြီးမြောက်နိုင်ခဲ့ဘူးဆိုပါစို့။ အဲဒီအခါ “ဘာကြောင့် အလုပ်မပြီးတာလဲ၊ သင်က တာဝန်မယူတတ်ဘူးလား” လို့ အပြစ်တင်မယ့်အစား “ဒီလုပ်ငန်းကို အချိန်မီ မပြီးမြောက်နိုင်ခဲ့တဲ့ အကြောင်းရင်းက ဘာလဲ၊ နောက်တစ်ကြိမ်မှာ အချိန်မီပြီးစီးနိုင်ဖို့ ဘယ်လိုပံ့ပိုးပေးရမလဲ” ဆိုပြီး ဆွေးနွေးနိုင်ပါတယ်။ ဒီလိုဆွေးနွေးခြင်းဟာ ပြဿနာရဲ့ အကြောင်းရင်းကို နားလည်ပြီး အဖြေရှာဖို့ ကြိုးစားခြင်း ဖြစ်ပါတယ်။ အဖွဲ့ဝင်တွေက မိမိတို့ရဲ့ အခက်အခဲတွေကို လွတ်လပ်စွာ ပြောဆိုနိုင်ပြီး အမှားတွေကနေ သင်ယူနိုင်တဲ့ ပတ်ဝန်းကျင်တစ်ခု ဖြစ်လာတဲ့အခါ အဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်မှုလည်း ပိုမိုကောင်းမွန်လာနိုင်ပါတယ်။
Feedback ပေးခြင်းကို အထက်အောက် ရာထူးအလိုက်သာ လုပ်ဆောင်ရတဲ့ အရာတစ်ခုလို့ မသတ်မှတ်သင့်ပါဘူး။ ခေါင်းဆောင်က အဖွဲ့ဝင်တွေကို Feedback ပေးနိုင်သလို အဖွဲ့ဝင်တွေကလည်း ခေါင်းဆောင်ကို အကြံပြုချက်တွေ ပြန်လည်ပေးနိုင်ဖို့ လိုအပ်ပါတယ်။ အဖွဲ့ဝင်အချင်းချင်းလည်း အပြန်အလှန် အကြံပြုနိုင်ဖို့ လိုအပ်ပါတယ်။ နိဂုံးချုပ်ရရင် Feedback ပေးခြင်းရဲ့ အဓိကရည်ရွယ်ချက်ကို ပြန်လည်သတိပြုဖို့ လိုပါတယ်။ Feedback ဆိုတာ တစ်ဖက်လူကို အမှားပြင်ခိုင်းဖို့သာ မဟုတ်ပါဘူး။ မိမိတို့ရဲ့ လုပ်ဆောင်ချက်တွေကို ပိုမိုနားလည်လာစေဖို့၊ အားသာချက်တွေကို ဆက်လက်တိုးတက်စေဖို့နဲ့ ပြုပြင်ဖို့လိုအပ်တဲ့ အချက်တွေကို သတိပြုမိလာစေဖို့ ဖြစ်ပါတယ်။ အခြားသူကို Feedback ပေးတဲ့အခါ လေးစားမှုရှိဖို့၊ မိမိကိုယ်တိုင် Feedback လက်ခံရရှိတဲ့အခါ ပွင့်လင်းစွာ နားထောင်ဖို့နဲ့ နှစ်ဦးနှစ်ဖက် အပြန်အလှန် သင်ယူတတ်ဖို့ ကြိုးစားခြင်းဟာ ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုကို တည်ဆောက်ပေးနိုင်ပါတယ်။
References
1. Hattie, J., & Timperley, H. (2007). The power of feedback. Review of Educational Research, 77(1), 81–112. Read the research article.
2. Center for Creative Leadership. (n.d.). Situation–Behavior–Impact (SBI) feedback model. Read the SBI model.
3. Prochazka, J., Ovcari, M., & Durinik, M. (2020). Sandwich feedback: The empirical evidence of its effectiveness. Learning and Motivation, 71, 101649. Read the research article.
4. Guidelines: The do’s, don’ts and don’t knows of feedback for clinical education. (2016). Read the article.
